နတ်ဘုရားအသံကောင်းကင်အတတ် အဆင့်တက်ပြီ
Vol. 98 Ch. 1359
ရုတ်ခြည်း အသတ်ခံလိုက်ရခြင်း...
အနောက်မှ နတ်ဘုရားဘုရင် ဆယ့်တစ်ယောက်စလုံးသည် တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့ အလွန်တုန်လှုပ်သွားကြသည်။ ကျန်းရှောင်နူက အစောကတည်းမှ စွမ်းအားကြီးနေခဲ့လျှင် သူတို့ ထိုမျှ အံ့အားသင့်သွားကြမည် မဟုတ်ပေ။ သို့သော် သူမ၏ သာမန်နတ်ဘုရားလေးအဖြစ်မှနေ၍ စွမ်းအားကြီးသက်ရှိတစ်ယောက်အဖြစ် ရုတ်တရက် ပုံစံပြောင်းလဲမှုက မည်သူကိုမဆို အံ့အားသင့်သွားစေမည်ဖြစ်သည်။
ထိုအခိုက်တွင် အားလုံး မှင်တက်နေကြပေသည်။ ကျန်းရှောင်နူက အခြားနတ်ဘုရားဘုရင်ဆီသို့ ထက်ရှသော ဓားတစ်ချောင်းအလား ပျံသန်းသွားသည်။ နောက်ဆုံးတွင် ထိုနတ်ဘုရားဘုရင်က ပြန်တုံ့ပြန်လိုက်သည်။ သူသည် စည်းမျဉ်းဆန်းကြယ်စွမ်းရည်တစ်ခုကို အချိန်မီ မထုတ်လွှတ်နိုင်လိုက်သော်လည်း ကျန်းရှောင်နူကို သူ၏ အလယ်အလတ်အဆင့် နတ်ဘုရားဓားနှင့် ပိုင်းချလိုက်လေသည်။
ထန်း...ထန်း...
သတ္တုအချင်းချင်း ထိခတ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာ၏။ အလယ်အလတ်အဆင့် နတ်ဘုရားဓားက ကျန်းရှောင်နူ၏ လက်သည်းများကြောင့် ရွှံ့ဓားတစ်ချောင်းအလား အပိုင်းပိုင်းအပြတ်ပြတ် ကျိုးသွားသည်။
ရွှက်...ရွှက်...
ကျန်းရှောင်နူ၏ လက်သည်းများက ဆက်၍ လှုပ်ရှားသွားပြီး ထိုနတ်ဘုရားဘုရင်၏ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဖောက်ကာ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
“ပြန်ဆုတ်ကြ...”
ကျန်နေသော နတ်ဘုရားဘုရင်များက ယခုအထိ မတုံ့ပြန်နိုင်သေးလျှင် သူတို့ နတ်ဘုရားဘုရင်အဆင့်ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရမှုများက အလကားဖြစ်သွားပေလိမ့်မည်။ ကျန်းရှောင်နူက အဆင့်မြင့် နတ်ဘုရားဘုရင် နှစ်ယောက်ကို ဆက်တိုက် သတ်ပစ်ခဲ့သည်။ ထိုစွမ်းအားက သူတို့ကို အလွန်အမင်း ကြောက်ရွံ့သွားစေသည်။ သူတို့ ယခု ပြန်မဆုတ်ပါက စက္ကန့်ပိုင်းအတွင်း အသားစင်းကော ဖြစ်သွားပေလိမ့်မည်။
ဟူး...ဟူး...
ကျန်းရှောင်နူသည် အသက်ရှူထုတ်လိုက်ပြီး အားလုံးကို နားမလည်နိုင်ဖြစ်သွားစေသည့် အရာတစ်ခုကို ပြုလုပ်လိုက်၏။ သူမသည် အသာစီးရနေသော်လည်း ကျန်နေသေးသော နတ်ဘုရားဘုရင်များနောက်သို့ ဆက်မလိုက်ဘဲ ကျန်းရီအနားသို့ လျင်မြန်စွာ ပြန်ဆုတ်သွား၍ ရပ်နေလေသည်။ ထို့နောက် သူမက နတ်ဘုရားဘုရင်များကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“အားလုံး ထွက်သွားကြ။ မဟုတ်ရင် ကျွန်မ ရှင်တို့အကုန်လုံးကို သတ်ပစ်လိုက်မယ်”
“အာ...”
ကျန်နေသေးသော နတ်ဘုရားဘုရင် ဆယ်ယောက် အံ့အားသင့်သွားကြ၏။ အစောတွင်ပင် သူတို့ထဲ၌ အဆင့်မြင့် နတ်ဘုရားဘုရင် သုံးယောက်သာ ရှိခဲ့သည်။ ယခု နှစ်ယောက်က အသတ်ခံလိုက်ရပြီဖြစ်သောအခါ တစ်ယောက်သာ ကျန်တော့သည်။ သို့သော် ထိုကောင်မလေးက ဆက်မတိုက်တော့ဘဲ သူတို့ကို ထွက်သွားရန် ပြောနေသည်လော။ သူမက သူတို့မည်သူဖြစ်ကြောင်းကို မသိခြင်းလော။
“သွားကြမယ်...”
လော့ဖူက ရောက်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ ဂူထဲ၌ ပုန်းအောင်းနေလျှင် ပိုအန္တရာယ်ရှိပေလိမ့်မည်။ ကျန်နေသေးသော အဆင့်မြင့် နတ်ဘုရားဘုရင်သည် ကျန်းရှောင်နူကို တစ်ချက်ကြည့်လိုက်ပြီး ကျန်နတ်ဘုရားဘုရင်များကို ခေါ်၍ တစ္ဆေညည်းသံလိုဏ်ဂူထဲမှထွက်ကာ လွင်တီးခေါင်အပြင်သို့ ပျံသန်းသွားလိုက်သည်။ သူတို့သည် သေသွားခဲ့သော အဆင့်မြင့် နတ်ဘုရားဘုရင် နှစ်ယောက်၏ သိုလှောင်လက်စွပ်များကိုပင် ယူမသွားခဲ့ပေ။
“ဟူး...”
အားလုံး ထွက်သွားပြီးနောက်မှ ကျန်းရှောင်နူ၏ အေးစက်စက် မျက်နှာထားက ပျောက်ကွယ်သွားပြီး နာကျင်နေသော မျက်နှာထားက အစားထိုး နေရာယူသွားသည်။ သူမသည် မျက်လုံးမှိတ်၍ အသက်ပြင်းပြင်းရှူကာ တုန်ယင်နေသော ခန္ဓာကိုယ်ကို လဲကျမသွားအောင် ထိန်းထားသည်။ သူမက ထိုနတ်ဘုရားဘုရင်များကို မသတ်လိုခဲ့ခြင်း မဟုတ်ပေ။ မသတ်နိုင်ခဲ့ခြင်းသာ။
ကျန်းရှောင်နူက အလွန်အားနည်းနေသေးခြင်း သို့မဟုတ် မင်ရည်တောင်ပံကျင့်စဉ်ကို လုံလုံလောက်လောက် မသိမြင်နားမလည်သေးခြင်း ဖြစ်မည်။ ထို့ကြောင့် သူမအတွက် နှစ်ကြိမ်ပုံစံပြောင်းရန်မှ ခက်ခဲနေသေးသည်။ နတ်ဘုရားဘုရင် နှစ်ယောက်ကို သတ်ပြီးနောက်တွင် ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးလာကြောင်း သူမ သိခဲ့သည်။ ဦးချိုစိမ်းနှစ်ချောင်းကလည်း သူမ၏ခေါင်းထဲသို့ တဖြည်းဖြည်း ပြန်ဝင်လာခဲ့သည်။ သူမတစ်ကိုယ်လုံးကလည်း အားနည်းကာ နာကျင်လာသည်။ ထို့ကြောင့် သူမ ပြန်ဆုတ်ခဲ့ခြင်းပင်။ မဟုတ်လျှင် သူမ အသတ်ခံရနိုင်ပေသည်။
‘သူတို့က ကြောက်ပြီး ထွက်ပြေးကုန်ကြတာလား။ ကောင်းတယ်၊ သခင်လေး... သခင်လေး အဆင်ပြေသွားမှာပါ’
ကျန်းရှောင်နူသည် အကောင်းဆုံး ကြိုးစား၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး ထိုနတ်ဘုရားဘုရင်အုပ်စုက ကီလိုမီတာငါးဆယ်ကျော်အထိ ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူမ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်အေးသွားဟန်ဖြင့် ကျန်းရီကိုကြည့်ကာ ပြုံးလိုက်၏။
သို့သော်...
ကျန်းရှောင်နူ၏ အပြုံးက စက္ကန့်အနည်းငယ်သာ ခံလိုက်၏။ ထို့နောက် သူမ၏ မျက်နှာထားက ထပ်မံ ပြောင်းလဲသွားသည်။ သူမ အာရုံခံမိခဲ့သော စွမ်းအားကြီး အရှိန်အဝါဆယ်ခုက ပြန်၍ နီးကပ်လာပေပြီ။ ထွက်သွားသူ ဆယ်ယောက်က ပြန်လှည့်လာပြီဖြစ်သည်။
ကျန်းရှောင်နူသည် ထိုနတ်ဘုရားဘုရင်အုပ်စု၏ တွေးခေါ်နိုင်စွမ်းကို လျှော့တွက်မိခဲ့၏။ သူတို့က ခေတ္တတော့ ကြောက်ရွံ့သွားခဲ့သော်လည်း မကြာခင်တွင် အခြေအနေတစ်ခုလုံးက သံသယဝင်စရာကောင်းကြောင်း တွေးမိသွားကြသည်။ ကျန်းရှောင်နူက အလွန်ပြတ်သားစွာ သတ်ဖြတ်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း လူနှစ်ယောက်ကိုပင် သတ်ပြီးသွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် သူမက ဆက်မသတ်ရသနည်း။ ယင်းမှာ အကြီးမားဆုံး သံသယဝင်ဖွယ်အချက်ပင်။
ထို့ကြောင့် အဆင့်မြင့် နတ်ဘုရားဘုရင်သည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ စူးစမ်းခဲ့သည်။ ကျန်းရှောင်နူက သူမ၏ မူလပုံစံပြန်ပြောင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် အခြားနတ်ဘုရားဘုရင်များကို ခေါ်၍ ကျန်းရှောင်နူကို သတ်ရန် ပြန်လှည့်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုနတ်ဘုရားဘုရင်များက သူမ၏ မြင်ကွင်းတွင် ပေါ်လာသောအခါ ကျန်းရှောင်နူ မျှော်လင့်ချက်မဲ့သွားလေသည်။
အဆင့်မြင့် နတ်ဘုရားဘုရင်သည် ကျန်းရှောင်နူ၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများကို မြင်သွား၏။ ထို့ကြောင့် သူသည် လေးရှည်တစ်လက်ကို ထုတ်၍ တုံ့ဆိုင်းမှုမရှိဘဲ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုမြားက အလွန်စွမ်းအားကြီးပြီး လေထဲတွင် မြားဆယ်စင်းအဖြစ် ခွဲထွက်သွားကာ ကျန်းရှောင်နူထံ ပျံဝင်သွားသည်။ ကျန်းရှောင်နူသည် သူမ ထွက်ပြေးလျှင်လည်း မြားမှန်ခံရမည်ဖြစ်ကြောင်း သိလိုက်သည်။
“သခင်လေး... ကျွန်မ အရင်သွားနှင့်ပါမယ်။ နောက်ဘဝကျရင်လည်း ကျွန်မ သခင်လေးရဲ့ အစေခံပဲ ဖြစ်ချင်ပါတယ်”
ကျန်းရှောင်နူသည် ဆက်၍ ရုန်းကန်မနေတော့ပေ။ သူမသည် ကျန်းရီကို ချစ်ခင်စွာ ကြည့်လိုက်ပြီး ထရပ်လိုက်သည်။ ပျံဝင်လာသော မြားများရန်မှနေ၍ ကျန်းရီကို ကာကွယ်ပေးရန် သူမ အဆင်သင့်ဖြစ်နေပေပြီ။
“ရှောင်နူ... ငါ မင်းကို နောက်ဘဝမှာ မလိုချင်ဘူး။ မလှုပ်နဲ့၊ မခုခံနဲ့.. ငါ့ကို ယုံလိုက်ပါ”
ထိုအခိုက်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရှောင်နူသည် ချက်ချင်း နောက်လှည့်၍ ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီ၏ မျက်ဝန်းများထဲရှိ ယုံကြည်မှုရှိသော အကြည့်ကို မြင်လိုက်သောအခါ ကျန်းရှောင်နူ ဝမ်းသာသွားပြီး မခုခံတော့ဘဲ နေလိုက်လေသည်။ ထို့နောက် ကျန်းရီ၏ လက်ထဲရှိ ဟွင့်သွမ့်ချီပုလဲက လင်းလက်လာပြီး ကျန်းရှောင်နူက နေရာမှ ပျောက်ကွယ်သွားသည်။
“ဒါက...”
ကောင်းကင်စွမ်းအားမှ ဖြစ်တည်လာသော မြားဆယ်စင်းသည် ကျန်းရှောင်နူကို ပစ်မှတ်ထားခဲ့သည်။ သို့သော် သူမက လေဟာနယ်အသုံးအဆောင်ထဲသို့ စုပ်ယူခံလိုက်ရသောအခါ ၎င်းမြားများသည် ပစ်မှတ်ပျောက်ကာ လေထဲတွင် ရပ်တန့်သွားကြသည်။ အဝေးမှ အဆင့်မြင့် နတ်ဘုရားဘုရင်သည် တုံ့ဆိုင်းသွားပြီး ထိုမြားများကို ထိန်းချုပ်ကာ ကျန်းရီအား မတိုက်ခိုက်ဝံ့တော့ပေ။ သူက ကျန်းရီအား သတ်မိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
“ဟင်းဟင်း...”
ကျန်းရီသည် လေထဲတွင် ပျောက်ကွယ်သွားသော မြားများနှင့် အဆင့်မြင့် နတ်ဘုရားဘုရင်၏ မျက်ဝန်းများထဲရှိ အကြည့်ကို မြင်လိုက်သောအခါ ခနဲ့တဲ့တဲ့ ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားတို့က လော့မျိုးနွယ်ကလား။ လော့ဖူက ဒီမှာ ရောက်နေပြီလား”
“အာ...”
လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် မည်သို့ ပြန်ပြောလိုက်ရမည်ကို မသိကြပေ။ လော့ဖူက ငါးမိနစ်အတွင်း ရောက်လာလောက်သည်။ ထို့ပြင် သူက ကျန်းရီကို အရှင်လိုချင်သည်။ သို့ဖြစ်၍ နတ်ဘုရားဘုရင် ဆယ်ယောက်သည် ကျန်းရီကို အရှင်ဖမ်းရမည်ဖြစ်သည်။ အရှင်ဖမ်းရန် မဖြစ်နိုင်လျှင် အချိန်ဆွဲကာ ကျန်းရီ သူ့ကိုယ်သူ သတ်မသေနိုင်အောင် တားရပေမည်။
အဆင့်မြင့် နတ်ဘုရားဘုရင်သည် အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
“ငါတို့က လော့မျိုးနွယ်က ဆိုရင်ရော ဘာဖြစ်လဲ။ လော့မျိုးနွယ်က မဟုတ်ဘူးဆိုရင်ရော ဘာဖြစ်လဲ”
ကျန်းရီက ပခုံးတွန့်ကာ ပြန်ပြောသည်။
“တကယ်လို့ ခင်ဗျားတို့က လော့မျိုးနွယ်ကဆိုရင် လောမျိုးနွယ်ကို ကိုင်တွယ်ဖို့ ကျွန်တော် ခင်ဗျားတို့နဲ့ ပူးပေါင်းနိုင်တယ်။ လောရှန်းက သိမ်းငှက်ပြာတောင်ကနေ နတ်ဘုရားဘုရင် အယောက်တစ်ရာလောက်ကိုခေါ်ပြီး ဒီကိုလာနေလောက်ပြီ။ ခင်ဗျားတို့က လော့မျိုးနွယ်က မဟုတ်ဘူးဆိုရင်တော့ ဆက်ဆွေးနွေးစရာ မရှိတော့ဘူးပေါ့...”
“လောရှန်းလား”
နတ်ဘုရားဘုရင် ဆယ်ယောက် မျက်မှောင်ကြုတ်သွားပြီး ကျန်းရီ၏ စကားက မည်မျှယုံနိုင်စရာရှိသနည်းဟု တွေးတောလိုက်ကြသည်။ ထိုအခိုက်တွင် ကျန်းရီ လှုပ်ရှားလိုက်သည်။ သူ၏လက်တစ်ဘက်က ညင်သာစွာ လှုပ်ရှားသွားပြီး သဏ္ဌာန်မဲ့လှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် သူ အမြစ်ဆေးလုံးကို သောက်လိုက်၏။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်က သန်မာသွားသည်။ ထို့နောက် သူသည် ဧရာမသားရဲတစ်ကောင်အလား နတ်ဘုရားဘုရင်အုပ်စုဆီသို့ ခုန်ဝင်သွားလိုက်လေသည်။
“လူခွဲကြ.. သူ့ကို မသတ်နဲ့”
အဆင့်မြင့် နတ်ဘုရားဘုရင်က အော်ပြောလိုက်၏။ သူ့လက်ထဲရှိ အနက်ရောင်လေးရှည်ကလည်း လင်းလက်လာသည်။ သူသည် ကျန်းရီကို ဒဏ်ရာရသွားအောင် လုပ်ရန် မြားတစ်စင်း၊ နှစ်စင်း ပစ်လွှတ်လိုက်ရန် ဟန်ပြင်လိုက်၏။ ကျန်လူများက ရုတ်ခြည်း အရပ်မျက်နှာအနှံ့သို့ လူခွဲလိုက်ကြသည်။ သို့သော် အရှေ့သို့ ပျံ့နှံ့လာသည့် သဏ္ဌာန်မဲ့လှိုင်းနှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုတို့က အားလုံးကို စတင်တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုက နတ်ဘုရားဘုရင်များပင် ကြိုသိနိုင်သော တိုက်ခိုက်မှုမဟုတ်ပေ။ သူတို့၏ စိတ်ဝိညာဉ်က အပြင်းအထန် နာကျင်လာမှသာ သူတို့ တိုက်ခိုက်ခံလိုက်ပြီဖြစ်ကြောင်း သိလိုက်ကြသည်။ နာကျင်မှုက အချိန်နှင့်အမျှ ပိုပြင်းထန်လာပေသည်။
“အား...”
အဆင့်နိမ့် နတ်ဘုရားဘုရင် ငါးယောက်က သူတို့၏ ခေါင်းများကို ဆုပ်ကိုင်၍ မြေပြင်ပေါ်တွင် လူးလွန့်ကုန်၏။ အလယ်အလတ်အဆင့် နတ်ဘုရားဘုရင် လေးယောက်ကလည်း ခေါင်းများကို ဆုပ်ကိုင်ကာ နာကျင်တကြီး အော်ဟစ်နေကြသည်။ အဆင့်မြင့် နတ်ဘုရားဘုရင်သည်သာ တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့သည်။ သို့သော် သူ ထုတ်လွှတ်ရန် ပြင်ဆင်ထားသော တိုက်ခိုက်မှုများကမူ ရုတ်ခြည်း ပျောက်ကွယ်သွားပေသည်။
‘ငါ့ရဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းနေသေးတာ ဆိုးတာပဲ...’
ကျန်းရီသည် သူနှင့် နတ်ဘုရားဘုရင်များကြားတွင် ပေတစ်ထောင် ခြားနိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက် သူ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထိုသဏ္ဌာန်မဲ့လှိုင်းမှာ နတ်ဘုရားအသံကောင်းကင်အတတ်၏ နောက်တစ်ဆင့်ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးမားပေသည်။
သို့သော် ကျန်းရီ၏ စိတ်ဝိညာဉ်က အားနည်းလွန်းနေသေးသဖြင့် သူ အမြစ်မဲ့ရေစင်ကို သောက်မထားလျှင် သူ့နတ်ဘုရားအသံကောင်းကင်အတတ်က အလယ်အလတ်အဆင့် နတ်ဘုရားဘုရင်များအပေါ်ပင် သက်ရောက်နိုင်လောက်မည် မဟုတ်ချေ။
‘အဲ့လောက်ဆို လုံလောက်ပါတယ်။ ငါ အဲ့ဆယ်ယောက်ကို သတ်နိုင်ရင်ကို လုံလောက်နေပါပြီ’
ကျန်းရီသည် ခေါင်းထဲမှ အဆိုးအမြင်များကို ထုတ်ပစ်လိုက်သည်။ ရုတ်ခြည်းပင် သူ၏လက်နှစ်ဘက်က လင်းလက်လာသည်။ ထို့နောက် သုံးရောင်ခြယ် မီးတောက်လုံးနှစ်လုံး ထွက်ပေါ်လာ၏။ ကျန်းရီသည် ထိုမီးတောက်လုံးနှစ်လုံးကို နတ်ဘုရားဘုရင်များထံ ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။
နတ်ဘုရားအသံကောင်းကင်အတတ်က ထိုနတ်ဘုရားဘုရင်အုပ်စိုကု ထွက်မပြေးနိုင်အောင်၊ ပြန်မတိုက်ခိုက်နိုင်အောင် လုပ်ထားသည်။ သို့ဖြင်ရာ ပေါင်းစည်းမီးတောက်များက သူတို့အနား ရောက်သွားသည်နှင့် အဆင့်နိမ့် နတ်ဘုရားဘုရင်များက သေချာပေါက် သေသွားမည်ဖြစ်ပြီး အလယ်အလတ်အဆင့် နတ်ဘုရားဘုရင်များက အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ ထိုအခါကျလျှင် သူတို့ကို သတ်ပစ်ရန်မှာ ကလေးကစားသလို လွယ်နေမည်ဖြစ်သည်။
***