← Chapters

ကျန်းရီကို ဖမ်းခြင်း

Vol. 98 Ch. 1360

ကျန်းရီကို ဖမ်းခြင်း

Vol. 98 Ch. 1360

ကျန်းရီသည် အဆင့်မြင့် နတ်ဘုရားဘုရင်၏ တိုက်ခိုက်စွမ်းအားကို လျှော့တွက်မိခဲ့၏။

အဆင့်နိမ့် နတ်ဘုရားဘုရင် ငါးယောက်က မျှော်လင့်ထားသလိုပင် အရှင်လတ်လတ် မီးလောင်သေဆုံးသွား၏။ အလယ်အလတ်အဆင့် နတ်ဘုရားဘုရင် လေးယောက်ကလည်း အပြင်းအထန် မီးလောင်ကျွမ်းခံလိုက်ရသည်။ ယင်းမှာလည်း ကျန်းရီ၏ ခန့်မှန်းမှုအတွင်းမှာပင် ရှိသေးသည်။ သို့သော် အဆင့်မြင့် နတ်ဘုရားဘုရင်၏ စိတ်ဝိညာဉ်က ထင်ထားသည်ထက် ပိုသန်မာခဲ့သည်။ နတ်ဘုရားအသံကောင်းကင်အတတ်က သူ့အပေါ်တွင် တစ်ခဏမျှသာ သက်ရောက်နိုင်ခဲ့သည်။ အဆင့်မြင့် နတ်ဘုရားဘုရင်သည် သုံးရောင်ခြယ် မီးတောက်လုံးနှစ်လုံးက သူတို့ထံသို့ ပျံဝင်လာသည်ကို တွေ့လိုက်ရပြီး အားကောင်းသော အပူချိန်ကို ခံစားလိုက်ရသောအခါ ရုတ်ခြည်းပင် ကြောက်ရွံ့တကြီး ပျံပြေးသွားခဲ့သည်။ တဒင်္ဂအတွင်းမှာပင် သူက မြင်ကွင်းမှနေ၍ ပျောက်ကွယ်သွားလေသည်။

ဟုန်း...ဟုန်း...

အပူချိန် မြင့်တက်လာသောအခါ ကီလိုမီတာငါးဆယ် အဝန်းအဝိုင်းအတွင်းရှိ အပင်အားလုံး မီးဟုန်းဟုန်းတောက်သွားသည်။ မြူခိုးများလည်း အငွေ့ပျံသွားသည်။ ကောင်းကင်ထက်တွင်လည်း မီးခိုလုံးများ ပြည့်နှက်နေသည်။ မီးခိုးလုံးများ စုစည်းသွားသောအခါ ဧရာမနဂါးနက်ကြီးတစ်ကောင်က မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်နေသလိုပင် ထင်ရပေသည်။ ယခုလောက်ဆို ပတ်ဝန်းကျင်မှ စွမ်းအားကြီး သိုင်းသမားအားလုံးက ထိုထူးခြားမှုများကို သတိပြုမိပြီးနေလောက်ပေပြီ။

“အား...အား...”

အဆင့်နိမ့် နတ်ဘုရားဘုရင် ငါးယောက်က သေသွားပြီဖြစ်ပြီး အလယ်အလတ်ဆင့် နတ်ဘုရားဘုရင် လေးယောက်က မြေပြင်ပေါ်တွင် လူးလွန့်ကာ နာကျင်တစ်ကြီး အော်ဟစ်နေကြသည်။ ကျန်းရီသည် မီးတောက်များ လွင့်ပြယ်သွားကာ ပတ်ဝန်းကျင်အပူချိန် ပြန်လျော့ကျလာသည့် အချိန်အထိ စောင့်ပြီးမှ ဟွင့်သွမ့်ချီပုလဲကို ပွတ်သပ်ကာ လောချင်းယန်ကို အပြင်သို့ ထုတ်လိုက်သည်။ ပေါင်းစည်းမီးတောက်များမှလွဲ၍ ကျန်းရီ၏ အခြားတိုက်ခိုက်မှုများက အလွန်အားနည်းနေသည်။ ထို့ကြောင့် အလယ်အလတ်အဆင့် နတ်ဘုရားဘုရင် ‌လေးယောက်ကို သတ်ပစ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် သူက ပေါင်းစည်းမီးတောက်လုံးငါးလုံးကို သုံးပြီးခဲ့ပြီဖြစ်၍ ၎င်းတို့ကို ထပ်ဖြုန်း၍ မရတော့ပေ။ ထို့ကြောင့် သူသည် ထိုလေးယောက်ကို သတ်ရန် လောချင်းယန်၏ အကူအညီကို ယူလိုခြင်းဖြစ်ပေသည်။

‌လော့မျိုးနွယ် နတ်ဘုရားဘုရင်များက ဤနေရာတွင် ထွက်ပေါ်လာခဲ့ခြင်းကို ကြည့်လျှင် လော့ဖူတို့က မြူထူတောအုပ်ထဲ ဝင်လာခဲ့ပြီဖြစ်ကြောင်း သိနိုင်သည်။ ယခုတွင် သူတို့က ဤနေရာသို့ လာနေလောက်ပေပြီ။ ထို့ကြောင့် ကျန်းရီသည် ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်၍ ထွက်ပြေးရမည်ဖြစ်သည်။

လောချင်းယန်သည် အပြင်သို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ရုတ်ခြည်းပင် ကျန်းရီက သူမကို မည်သည့်အရာ လုပ်ခိုင်းလိုခြင်းဖြစ်ကြောင်းကို သိသွားသည်။ သူမကိုယ်ပေါ်တွင် အပြာရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာပြီး သူမလက်ထဲတွင် အစိမ်းရောင်ဓားလေးတစ်ချောင်း ထွက်ပေါ်လာသည်။ သူမက ဓားဖြင့် အရှေ့ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သောအခါ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာပြီး လေဓာတ်စွမ်းအင်က မရေးမတွက်နိုင်သော လေဓားများအဖြစ် စုစည်းသွားလေသည်။

‘အဲ့ဒါက လေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်ရဲ့ စွမ်းအားပဲ။ ဒါနဲ့ယှဉ်မယ်ဆိုရင် ဝူနီရဲ့ လေဓာတ်တာအိုပုံသဏ္ဌာန်က ပမွှားလေးပဲ’

ကျန်းရီ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ မရေမတွက်နိုင်သော လေဓားများက အလယ်အလတ်အဆင့် နတ်ဘုရားဘုရင် လေးယောက်ထံ ပျံဝင်သွားကာ သူတို့ကို သတ်ပစ်လိုက်လေသည်။ သို့သော် ကျန်းရီက သူတို့၏ သွေးကြောများကို မီးရှို့ပစ်ပြီး သူတို့ ကောင်းကင်စွမ်းအား မလည်ပတ်နိုင်အောင် လုပ်မထားလျှင်မူ လောချင်းယန်က ထိုလေးယောက်ကို သတ်ပစ်နိုင်မည် မဟုတ်ပေ။

ဝှစ်...

ကျန်းရီသည် အရှေ့သို့သွားလိုက်ပြီး လေထဲတွင် မျောလွင့်နေသော သိုလှောင်လက်စွပ်များနှင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကို သိမ်းယူလိုက်သည်။ ထို့နောက် သူ တစ္ဆေညည်းသံလိုဏ်ဂူထံ သွားကာ ကျန်းရှောင်နူ သတ်ခဲ့သည် အဆင့်မြင့် နတ်ဘုရားဘုရင် နှစ်ယောက်၏ သိုလှောင်လက်စွပ်များကို ယူလိုက်သည်။ ပြီးမှ သူ လောချင်းယန်ဆီ ပြန်ပြေးသွားကာ အော်ပြောလိုက်လေသည်။

“မြန်မြန်သွားကြစို့။ လော့ဖူတို့ ရောက်လာတော့မယ်”

“မင်း ထွက်သွားနိုင်ဦးမလား”

ကျယ်လောင်သော အသံတစ်သံက လေကိုခွင်း၍ ရောက်ရှိလာ၏။ ကောင်းကင်စိတ်အာရုံ လေးခုကလည်း ကျန်းရီနှင့် လောချင်းယန်တို့အပေါ် ကျဆင်းလာသည်။ သူတို့နှစ်ယောက်သည် တုန်ယင်သွားပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် နှစ်ယောက်နှင့် အဆင့်မြင့် နတ်ဘုရားဘုရင် နှစ်ယောက် ရောက်ရှိလာပေပြီ။ အစောတွင် ထွက်ပြေးသွားခဲ့သော အဆင့်မြင့် နတ်ဘုရားဘုရင်ကလည်း ပြန်ရောက်လာသည်။

နောက်ဆုံးတွင် လော့ဖူ ရောက်လာပြီဖြစ်သည်။

လောချင်းယန်၏ မျက်ဝန်းများထဲတွင် အလျှော့ပေးလိုသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ အသက်ကြီးလာလေလေ အတွေ့အကြုံပိုများလာလေလေဖြစ်သည်။ လောချင်းယန်က အတော်လေး ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သော်လည်း လော့ဖူ၏ဦးလေးနှစ် လော့ချီနှင့်တော့ မယှဉ်နိုင်သေးပေ။ လော့ဖူတို့သည် သူမတို့ကို အခြားနေရာများ၌ လိုက်မရှာခဲ့ဘဲ မြူထူတောအုပ်ထဲ တိုက်ရိုက်ဝင်လာခဲ့သည်။ ထို့ပြင် သူမတို့ သွားနိုင်လောက်သည့် နေရာများဆီသို့လည်း လူများစေလွှတ်၍ အလစ်တိုက်ခိုက်နိုင်ရန် ကြိုစောင့်နေစေခဲ့သည်။

“လော့ဖူ... ခင်ဗျား ကျုပ်ရဲ့ သခင်မလေးကို သတ်ချင်ရင် ကျုပ်ရဲ့ခွင့်ပြုချက်ကို အရင်တောင်းဖို့လိုတယ်”

ထိုစဉ် ကျယ်လောင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားလိုက်ရသောအခါ ကျန်းရီနှင့် လောချင်းယန်တို့ ချက်ချင်း ဝမ်းသာသွားကြသည်။ လောမျိုးနွယ်၏ အကြီးအကဲခြောက် ရောက်ရှိလာပေပြီ။ ထို့ကြောင့် သူတို့တွင် မျှော်လင့်ချက် ရှိသေးသည်။ လောချင်းယန်သည် တောက်ပသော မျက်ဝန်းများဖြင့် အသံပို့လွှတ်လိုက်သည်။

“သခင်... ကျွန်မကို ဓားစာခံလုပ်ပြီး ဂူထဲကို ဆွဲခေါ်သွားလိုက်ပါ။ ပြီးရင်... ‌လော့ဖူတို့ကို အချိန်ဆွဲထားနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားပါ။ အဘိုးခြောက်တို့ ရောက်လာတာနဲ့ ကျွန်မတို့ ထွက်ပြေးနိုင်မယ့် အခွင့်အရေး ရပါလိမ့်မယ်”

‘ဉာဏ်ကောင်းတယ်’

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ လောချင်းယန်က အမှန်ပင် ဉာဏ်ကောင်းပေသည်။ လောမျိုးနွယ်၏ အကြီးအကဲခြောက် ရောက်လာခြင်းက သေချာပေါက် လော့ဖူကို အခက်တွေ့စေသွားမည်ဖြစ်သည်။ လော့ဖူက အကြီးအကဲခြောက်နှင့် ကျန်လူအားလုံးကို သတ်မပစ်နိုင်ပါက အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။ အကယ်၍ ကစဉ့်ကလျား ဖြစ်နေစဉ်အတွင်း အကြီးအကဲ‌ခြောက်တို့က ကျန်းရီကို သတ်ပစ်လိုက်လျှင် လောမျိုးနွယ်က အသာစီးရသွားမည်ဖြစ်သည်။

ကျန်းရီသည် ချက်ချင်းပင် လောချင်းယန်၏ လည်ပင်းကို ညှစ်လိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် မီးနဂါးဓား ထုတ်လိုက်သည်။ ထို့နောက် သူ တစ္ဆေညည်းသံလိုဏ်ဂူထဲသို့ ပြေးဝင်သွားလိုက်သည်။ ယခုတွင် သူက တစ္ဆေညည်းသံ၏ သဘောတရားကို နားလည်သွားပြီဖြစ်၍ ထိုအသံများက သူ့အပေါ် မသက်ရောက်နိုင်တော့ပေ။ သို့သော် ‌လောချင်းယန်ကမူ ထိုအသံများကြောင့် နာကျင်နေရပုံပေါ်သည်။ သူမသည် ကျန်းရီ၏ ဆွဲခေါ်မှုကြောင့် ဂူထဲရောက်သွားသောအခါ သဏ္ဌာန်မဲ့ တစ္ဆေညည်းသံများ၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံရလေသည်။ ထို့ကြောင့် ရှုံ့မဲ့သော မျက်နှာထားဖြင့် နာကျင်စွာ အော်ဟစ်နေရသည်။

“ကျန်းရီ... အတင့်ရဲလိုက်တာ”

အဝေးမှ အကြီးအကဲခြောက်သည် လောချင်းယန်၏ အော်သံများကို ကြားလိုက်သောအခါ ဒေါသတကြီး အော်ပြောလိုက်၏။ သို့သော် သူက ကီလိုမီတာ ငါးသောင်းလောက် အဝေးတွင် ရှိနေသေးကြောင်း ထင်ရှားပေသည်။ ဤဘက်တွင်မူ လော့ဖူတို့၏ စွမ်းအားကြီးအရှိန်အဝါများက ကျန်းရီနှင့် လောချင်းယန်တို့ကို လွှမ်းခြုံထားပြီဖြစ်သည်။

“ကျွန်‌တော်က ဘာလို့ အတင့်မရဲရမှာလဲ။ ဘယ်သူ အနားကပ်လာရဲလဲ။ ခင်ဗျားတို့ အနားကပ်လာတာနဲ့ ကျွန်တော် လောချင်းယန်ကို ချက်ချင်း သတ်ပစ်လိုက်မယ်”

ကျန်းရီက ဂူဝတွင် ရပ်ကာ အေးစက်ခက်ထန်သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

“ခင်ဗျားတို့ လောမျိုးနွယ်က လူတွေက လော့ထင်ကို သတ်ဖို့ ကျွန်တော့်ကို အသုံးချခဲ့တာ။ အခု လော့ထင် သေသွားပြီး ကျွန်တော်က အသုံးမဝင်တော့ဘူးဆိုတော့ ခင်ဗျားတို့က ကျွန်တော့်ကို သတ်ပစ်ချင်နေပြီပေါ့လေ။ ဒီကိစ္စတွေအကုန်လုံးက ခင်ဗျားတို့ ဖိအားပေးလို့ ဖြစ်လာရတာပဲ။ အခု ကျွန်တော်က တန်ဖိုးမရှိတော့ဘူးဆိုတော့ ဒီနေ့ ခင်ဗျားတို့ရဲ့ သခင်မလေးကို ကျွန်တော်နဲ့အတူ သေရွာကို ခေါ်သွားနိုင်ရင်ကို ကျွန်တော် ကျေနပ်ပါပြီ”

ကျန်းရီ၏ သရုပ်ဆောင်စွမ်းရည်က အံ့မခန်းပင်။ သူသည် ချောင်ပိတ်ခံထားရသော သင်းကွဲဝံပုလွေတစ်ကောင်ကဲ့သို့ သရုပ်ဆောင်နေသည်။ သို့သော် လောချင်းယန် မျက်နှာပျက်သွားသည်။ ကျန်းရီက လော့ဖူတို့ကို အချိန်ဆွဲရန် လော့ထင်အကြောင်းကို ထုတ်ပြောနေခြင်းလော။ ယင်းမှာ အတန်ငယ် တရားလွန်ပေသည်။

ဝှစ်...

လော့ဖူတို့က မြေပြင်ပေါ်သို့ ဆင်းသက်လာကြ၏။ လော့ဖူ၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်တစ်ခု ရှိနေသည်။ သူက လော့ချီနှင့် လော့ထျဲတို့ကို ကြည့်လိုက်ပြီး အသံပို့လွှတ်ကာ ပြောဆိုလိုက်သည်။ ရုတ်တရက် လော့ထျဲက အသံလှမ်းပို့သည်။

“ကောင်လေး.. ငါက လော့မျိုးနွယ်ရဲ့ မဟာအကြီးအကဲပဲ။ လော့ထင် သေသွားတဲ့ကိစ္စမှာ မင်းက လောမျိုးနွယ် အသုံးချတာကို ခံခဲ့ရတာဆိုတော့ ငါတို့ မင်းကို အပြစ်မတင်ပါဘူး။ အခု လောမျိုးနွယ်က မင်းကို နှုတ်ပိတ်ဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီးပဲ။ မင်း ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် မင်း မသေစေရဘူးလို့ ငါအာမခံတယ်။ မင်းက မသေတဲ့အပြင် ချမ်းသာကြွယ်ဝတဲ့ ဘဝမှာလည်း နေရမယ်။ ဘယ်လိုလဲ”

လော့ထျဲသည် သူ၏စိတ်ဝိညာဉ်ကို ကျင့်ကြံထားသော အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ဖြစ်သည်။ သူ၏ အသံပို့လွှတ်မှုထဲတွင် အားကောင်းသော ဆွဲဆောင်မှုတစ်ခု ပါနေသည်။ ထိုအခိုက်တွင် ကျန်းရီသည် လော့ထျဲ၏ စကားများကို ယုံမိမလိုပင်ဖြစ်သွားပြီး သူသာ လော့ထျဲနှင့် ပူးပေါင်းလိုက်ပါက မသေသည့်အပြင် ချမ်းချမ်းသာသာ နေရလိမ့်မည်ဟု တွေးမိသွားသည်။

“သခင် သတိထားပါ”

လောချင်းယန်သည် ကျန်းရီက တွေဝေသွားသည်ကို တွေ့လိုက်၍ ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ထိုမှ ကျန်းရီ ပြန်အသိကပ်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အရင်ဆုံး ခင်ဗျားတို့က လောမျိုးနွယ်က လူတွေကို တားပေးပါ။ ကျန်တဲ့ကိစ္စတွေကို နောက်မှ ဆွေးနွေးနိုင်ပါတယ်”

လော့ဖူနှင့် လော့ထျဲတို့၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုတစ်ခု ထွက်ပေါ်လာသည်။ သူတို့သည် လောမျိုးနွယ်မှ လူများကို ရင်ဆိုင်ရန် ဝန်မလေးပေ။ သို့သော် ကစဉ့်ကလျားဖြစ်နေစဉ်အတွင်း ကျန်းရီက ထွက်ပြေးသွားလျှင် မည်သို့လုပ်မည်နည်း။ ထိုအခိုက်တွင် လော့ချီသည် လောချင်းယန်နှင့် ကျန်းရီတို့ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်သည်။ သူသည် ရုတ်ခြည်း မျက်နှာထားပြောင်းသွားပြီး အော်ပြောလိုက်သည်။

“တစ်ခုခု မှားနေပြီ။ လောချင်းယန်ရဲ့ ဝိညာဉ်မျိုးစေ့ကို ဟိုကောင်လေးက ယူထားတယ်။ သူတို့နှစ်ယောက်က သရုပ်ဆောင်နေကြတာပဲ။ လော့ထျဲ... မင်းရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံးပြီး ကျန်းရီကို တိုက်ခိုက်လိုက်ပါ။ သူတို့က အချိန်ဆွဲနေတာပဲ။ လော့ဖူ.. မင်းလည်း တိုက်ခိုက်...”

လော့ဖူနှင့် လော့ထျဲတို့သည် လော့ချီ၏ စကားများကို အကြွင်းမဲ့ ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ လော့ဖူက သူ၏ ‘ဗုဒ္ဓလက်ဝါး’ကို ထုတ်လွှတ်လိုက်၏။ ဧရာမလက်ဝါးရာကြီးက အရှေ့သို့ ပျံထွက်သွားပြီး တစ္ဆေညည်းသံလိုဏ်ဂူ၏ အမိုးကို ဖျက်ဆီးသွားသည်။ ထို့နောက် လက်ဝါးရာကြီးသည် ကျန်းရီနှင့် လောချင်းယန်တို့ကို ဖမ်းဆုပ်လိုက်သည်။ သူတို့နှစ်ယောက် မလှုပ်နိုင်ကြတော့ပေ။ လော့ထျဲကလည်း စတင် လှုပ်ရှားလိုက်သည်။ သူ၏ မျက်လုံးများထဲမှနေ၍ အဖြူရောင်အလင်း ပျံထွက်သွားပြီး ကျန်းရီ၏ ခေါင်းထဲသို့ ဝင်သွားသည်။

ဗုဒ္ဓလက်ဝါးက ကျန်းရီကို ဖမ်းထားပြီး လော့ထျဲ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ကျန်းရီ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည်။ ထိုအခိုက်တွင် ကျန်းရီ သူ့ကိုယ်သူ သတ်သေလိုလျှင်ပင် သတ်မသေနိုင်တော့ပေ။ လော့ဖူနှင့် လော့ထျဲတို့သည် ကျန်းရီနှင့် လောချင်းယန်တို့ကို ဖမ်းမိသွားပြီဖြစ်၍ သူတို့ကို ခိုင်မာသော သက်သေနှင့် ဓားစာခံအဖြစ် လုပ်၍ရပြီဖြစ်ကြောင်း တွေးလိုက်ကြသည်။ ကစားပွဲက ပြီးဆုံးသွားပေပြီ။

***

All Chapters