ဝိညာဉ်ထိန်းချုပ်အတတ်
Vol. 98 Ch. 1362
ဟူး...
လေခွင်းသံနှင့်အတူ လူနှစ်ယောက်သည် သိမ်းငှက်များအလား မြင်ကွင်းထဲသို့ ဝင်လာသည်။ သူတို့က ကီလိုမီတာငါးရာ ဝေးသေးသော်လည်း အလွန်စွမ်းအားကြီးသော အရှိန်အဝါတစ်ခုက လော့ဖူနှင့် ကျန်လူများအားလုံးကို လွှမ်းခြုံသွားသည်။ လော့ဖူတို့သည် မလှုပ်ဝံ့တော့ပေ။ ထိုအရှိန်အဝါက တိထျန်းအဆင့် သိုင်းသမား ရှောင်တိထံမှ ထွက်လာခြင်းဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သိမ်းငှက်ပြာစီရင်စုနယ်တစ်ခွင်လုံးတွင် ဒုတိယပင်။ သူက ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီဖြစ်၍ ဆက်တိုက်ခိုက်ဝံ့သူတိုင်း ချက်ချင်း အသတ်ခံရပေလိမ့်မည်။
‘အခု ဘာဆက်လုပ်ကြမလဲ’
လော့ဖူနှင့် လော့ထျဲတို့က လော့ချီကို လှမ်းကြည့်လိုက်ကြ၏။ လောရှန်းက ရှောင်တိကို ခေါ်၍ ဤနေရာသို့ ရောက်လာပေပြီ။ ထို့ပြင် သူတို့က လောမျိုးနွယ်ဝင်များကို သတ်ဖြတ်နေသည်ကို ရှောင်တိ မြင်သွားသည်။ ယင်းမှာ တိရှအရှင်၏ ဆန္ဒနှင့် ဆန့်ကျင်သည်။ အကယ်၍ သူတို့သာ ဤကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ပါက လော့မျိုးနွယ် ဒုက္ခလှလှ တွေ့သွားနိုင်သည်။
“ငြင်းပါ”
လော့ချီတွင်လည်း အကြံကောင်းများ မရှိတော့ပေ။ ထို့ကြောင့် သူသည် လော့ဖူကို ထိုစကားသာ ပြောလိုက်ရသည်။ လော့ဖူက ခေါင်းညိတ်လိုက်ပြီး လော့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် ရှေးဆုံးမှနေ၍ တလေးတစား ရပ်ကာ ပြောလိုက်သည်။
“အရှင်ရှောင်တိကို နှုတ်ခွန်းဆက်ပါတယ်”
လူတစ်ယောက်သည် မိမိခိုင်းသည့်အတိုင်း လုပ်နေသူကို တိုက်ခိုက်မည် မဟုတ်ပေ။ လော့ဖူက နာခံနေ၍ ရှောင်တိတွင် လော့ဖူနှင့် သူ့လူများကို ချက်ချင်းသတ်ပစ်ရန် အကြောင်းပြချက် မရှိတော့ပေ။ တိရှအရှင်တွင် စည်းမျဉ်းများရှိသလို သိမ်းငှက်ပြာစီရင်စုနယ်တွင်လည်း ကိုယ်ပိုင်စည်းမျဉ်းများ ရှိပေသည်။
ရှောင်တိက ရှောင်ဟုန် မဟုတ်သဖြင့် မိမိစိတ်တိုင်းကျ မလုပ်နိုင်ပေ။ ထို့ပြင် လော့ဖူတို့က စစ်နတ်ဘုရားစံအိမ်မှဖြစ်ကြသည်။
မျှော်လင့်ထားသလိုပင်...
ရှောင်တိက လေထဲမှာပင် ရပ်နေပြီး မည်သို့မှ မလုပ်ပေ။ လောရှန်းမှာမူ မြေပြင်တွင် ပြည့်နှက်နေသော အလောင်းများကို မြင်လိုက်သောအခါ သတ်ဖြတ်အရှိန်အဝါဖြင့် အောက်သို့ ဆက်ပျံဆင်းသွားသည်။ သူသည် အလွန်ဒေါသထွက်နေသဖြင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ရှောင်တိက အေးစက်စက် အော်ပြောလိုက်သည်။
“လောရှန်း ရပ်လိုက်”
“အရှင်ရှောင်တိ...”
လောရှန်း၏ မျက်ဝန်းများက နီရဲနေ၏။ သူ၏ အဖိုးတန်းသမီးလေးက အဖမ်းခံထားရပြီး သတိလစ်နေသည်။ ထို့ပြင် သူ့မျိုးနွယ်မှ နတ်ဘုရားဘုရင်များကလည်း အယောက်နှစ်ဆယ်မပြည့်တော့ပေ။ ထို့ကြောင့် သူ ဖော်ပြ၍မရနိုင်လောက်အောင် ဒေါသထွက်နေပေသည်။ သူသည် ရှောင်တိ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အသုံးချ၍ လော့ဖူကို သတ်လိုခဲ့သည်။ သို့သော် ယခုတွင်မူ သူ ဒေါသတကြီး အံကြိတ်၍သာ ပြောလိုက်ရသည်။
“အရှင်.. ကျုပ် လက်စားချေနိုင်အောင် ကူညီပေးပါ။ စစ်နတ်ဘုရားစံအိမ်က တရားလွန်လွန်းပါတယ်။ သူတို့က ကျုပ်ရဲ့ သမီးကို ပြန်ပေးဆွဲရုံတင်မကဘူး တိရှစံအိမ်ရဲ့ တပ်မှူးဆယ်ယောက်ကျော်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ သူတို့က စီရင်စုနယ်အရှင်ကိုရော၊ သူ့ရဲ့စည်းမျဉ်းတွေကိုပါ အရေးမစိုက်ဘူးဆိုတာ ထင်ရှားပါတယ်”
လောရှန်းက စကားလုံးများကို သေချာရွေးချယ်၍ ပြောလိုက်ခြင်းပင်။ သူသည် လောမျိုးနွယ်နှင့် လော့မျိုးနွယ်တို့အကြောင်းကို မပြောဘဲ တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်ဟု ပြောခဲ့သည်။ ထို့ပြင် စီရင်စုနယ်အရှင်ကိုပါ ဆွဲထည့်လိုက်သေးသည်။ ထိုစကားများမှာ ရှောင်တိကို တိုက်ခိုက်ရန် အကြောင်းပြချက်ကောင်းများ ပေးရန်ဖြစ်သည်။ တိရှအရှင်နှင့် စီရင်စုနယ်အရှင်တို့က မဆင်မခြင်သတ်ဖြတ်မှုများ မလုပ်ရန် စည်းမျဉ်း ထုတ်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းအကြောင်းပြချက်နှင့်ဆိုလျှင် ရှောင်တိက လော့ဖူတို့အား သတ်လိုက်လျှင်ပင် စစ်နတ်ဘုရားစံအိမ်သည် ထိုကိစ္စကို အတွန့်တက်နိုင်မည် မဟုတ်ချေ။
“အာ...”
ရှောင်တိ အတန်ငယ် ချီတုံချတုံ ဖြစ်သွားသည်။ သူသည် လောရှန်း၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သည်။ ဤတစ်ကြိမ်တွင် သူ လောမျိုးနွယ်ကို ကူညီလိုက်ပါက လောမျိုးနွယ်သည် သေချာပေါက် သူ့အပေါ် အကြွေးတင်သွားမည်ဖြစ်ပြီး ယခုမှစ၍ သူ့ဘက်တွင် နေတော့မည်ဖြစ်သည်။ သို့သော် ရန်သူမှာ စစ်နတ်ဘုရားစံအိမ်မှ ဖြစ်နေသည်။ သူ ထိုလူများကို သတ်လိုက်လျှင် ပြဿနာဖြစ်လာနိုင်သည်။ ထို့ပြင် ၎င်းကိစ္စက တိရှအရှင်၏ ရွှေနားတော်ထိပင် ရောက်သွားနိုင်သည်။
လက်ရှိအခိုက်တွင် မိုလင်းချိုးနှင့် အရေးကြီးပုဂ္ဂိုလ်များက သိမ်းငှက်ပြာတောင်ပေါ်၌ ရှိနေသည်။ အကယ်၍ မိုလင်းချိုး ဒေါသထွက်သွားလျှင် အကျိုးဆက်က ဆိုးရွားသွားပေလိမ့်မည်။
“ဟားဟားဟား...”
လော့ဖူသည် လော့ရှန်း၏စကားများအား မည်သို့ ပြန်ချေပရမည်ကို မသိ၍ မျက်နှာမည်းသွား၏။ ထိုအခြင်းအရာကို လောချီမြင်လိုက်သည်။ ထို့နောက် လောချီသည် ကျယ်လောင်စွာရယ်၍ ပြောလိုက်လေသည်။
“လော့ရှန်း... ခင်ဗျားက မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောတဲ့နေရာမှာတော့ တကယ် တော်တာပဲ။ ကျုပ်တို့က ခင်ဗျားရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တာ မဟုတ်ဘူး။ ဘာဖြစ်ခဲ့တာလဲဆိုတာကို ခင်ဗျားရော၊ ကျုပ်ရော၊ နတ်သိမ်းငှက်မြို့က တခြားလူတွေအများကြီးရော ရှင်းရှင်းလင်းလင်း သိတယ်။ ပြီးတော့ ကျုပ်တို့မှာ ခိုင်မာတဲ့ မျက်မြင်သက်သေတစ်ယောက် ရှိတယ်။ အဲ့ကောင်လေးက ဒီမှာပဲ။ ကျုပ်တို့က ဒီကိစ္စအကြောင်းကို စစ်နတ်ဘုရားစံအိမ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီ တင်ပြပြီးပြီ။ ဒီကိစ္စမှာ ဘယ်သူကမှန်တယ်၊ ဘယ်သူကမှားတယ်ဆိုတာကို ကျုပ်တို့ရဲ့ အထက်လူကြီးတွေက ဆုံးဖြတ်ပေးလိမ့်မယ်”
လော့ချီသည် ရှောင်တိက သူတို့ကို ချက်ချင်း သတ်ပစ်လိုက်မည်ကို စိုးရိမ်နေခဲ့သည်။ သို့ဆိုလျှင် နောက်တွင် စစ်နတ်ဘုရားစံအိမ်က ဤကိစ္စကို စုံစမ်းလိုလျှင်ပင် အမှန်တရားက လောမျိုးနွယ်ပြောသည့် စကားသာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူသည် အခွင့်အရေးရခိုက်တွင် စစ်နတ်ဘုရားစံအိမ်၏ အုပ်ချုပ်ရေးအဖွဲ့ကို သုံး၍ ရှောင်တိအား ဖိအားပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူ မျှော်လင့်မထားခဲ့သည်မှာ...
ရှောင်တိသည် လော့ချီ၏ စကားများကို ကြားလိုက်သောအခါ ချက်ချင်း ဒေါသထွက်သွားသည်။ ထိုစကားများက လော့ဖူထံမှဆိုလျှင် သူ စိုးရိမ်ကာ သတိထား၍ ပြုမူပေလိမ့်ဦးမည်။ သို့သော် လော့ချီမှာ အဆင့်မြင့် နတ်ဘုရားဘုရင်လေးသာ။ သူ့အတွက် လော့ချီက ပမွှားလေးသာဖြစ်သည်။ သို့တစေ လော့ချီက သူ့အား ခြိမ်းခြောက်ရဲသည်လော။
“ဟွန်း...”
ရှောင်တိသည် အေးစက်သော မျက်နှာထားဖြင့် နှာမှုတ်လိုက်၏။ သူက မလှုပ်ရှားသေးသော်လည်း သူ့အကြည့်တစ်ချက်က လော့ချီကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားသွားရစေ၏။ ထို့နောက် လော့ချီသည် တစ်ကိုယ်လုံး တုန်ယင်လာကာ မြေပြင်ပေါ် လဲကျသွားသည်။ သူ၏ဒွါရခုနစ်ပေါက်မှနေ၍လည်း သွေးများ စီးကျလာသည်။ လော့ချီသည် ရှောင်တိ၏ အကြည့်တစ်ချက်အောက်တွင် အမှန်ပင် သေဆုံးသွားပေပြီ။
“မိုးကြိုးအမျက်ဟိန်းသံလား...”
လော့ဖူ၊ လော့ထျဲနှင့် အခြားသူများ မျက်နှာပျက်သွားကြ၏။ သူတို့သည် လော့ချီက သူတို့မျက်စိရှေ့မှာပင် ရုတ်ခြည်းအသတ်ခံလိုက်ရကြောင်း တွေ့လိုက်ရ၍ ဒေါသထွက်သွားကြသည်။ သူတို့၏ မျက်ဝန်းများကလည်း နီရဲလာသည်။ ရှောင်တိသည် စကားတစ်ခွန်းမှ မပြောဘဲနှင့် လူတစ်ယောက်ကို သတ်ပစ်လိုက်သည်လော။ လော့ချီမှာ လော့ဖူ၏ ဦးလေးနှစ်ဖြစ်သည်။ သူက လော့မျိုးနွယ်ထဲတွင် အလွန်လေးစားခံရသူတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် အားလုံး ဒေါသထွက်သွားခြင်းမှာ သဘာဝကျပေသည်။
“အရှင်ရှောင်တိ...”
လော့ဖူသည် ရှောင်တိကို မော့ကြည့်၍ အံကြိတ်ကာ ပြောလိုက်၏။
“ခင်ဗျားက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို စစ်ဆေးမှုတောင် မလုပ်ဘဲနဲ့ လူတစ်ယောက်ကို သတ်ပစ်လိုက်တယ်။ အဲ့ဒါက နည်းနည်း တရားမလွန်ဘူးလား။ ဒီနေ့ ခင်ဗျား ကျုပ်တို့အကုန်လုံးကို မသတ်ပစ်ရင် ကျုပ် ဒီကိစ္စကို တိရှအရှင်အထိ တက်တိုင်ပြီး တရားမျှတမှုရှာမယ်”
ရွှီး...
လော့ဖူ၏စကား ဆုံးသွားသောအခါ သူ့လက်ထဲ၌ ရုပ်တုလေးတစ်ခု ထွက်ပေါ်လာ၏။ ထိုရုပ်တုက ကျောက်စိမ်းဖြူ ရုပ်တုဖြစ်ပြီး အလွန်ဩဇာအာဏာကြီး၍ ခံ့ညားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏ပုံစံဖြစ်သည်။ ကောင်းကင်စွမ်းအားက လော့ဖူ၏ လက်ကို လွှမ်းခြုံသွားသောအခါ ကျောက်စိမ်းဖြူ ရုပ်တုလေးက တောက်ပစွာ လင်းလက်လာ၏။ ထိုအလင်းက ကောင်းကင်ထက်သို့ပင် ထိုးတက်သွားသည်။ အာကာပြင်ထက်မှနေ၍ သဏ္ဌာန်မဲ့စွမ်းအင်တစ်ခု ဆင်းသက်လာပြီး ထိုနေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားလေသည်။
“စစ်နတ်ဘုရားချိပ်စည်း...”
ထိုအခိုက်တွင် မျက်နှာပျက်သွားသူများမှာ ရှောင်တိ၊ လောရှန်းနှင့် လောမျိုးနွယ်ဝင်များ ဖြစ်သည်။ ထိုစစ်နတ်ဘုရားချိပ်စည်းမှာ စစ်နတ်ဘုရားစံအိမ်၏ အထူးချိပ်စည်းတစ်ခုပင်။ ၎င်းကို နှိုးလိုက်သည်နှင့် တိရှဘုံထဲရှိ စစ်နတ်ဘုရားစံအိမ်အရှင်နှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရလျှင် တိရှဘုံ၏ စစ်နတ်ဘုရားစံအိမ်အရှင်က လက်ရှိအခြေအနေကို အာရုံခံနိုင်ပြီး သူ၏ပုံရိပ်ကို ထိုနေရာတွင် ထွက်ပေါ်လာစေနိုင်သည်။ အကယ်၍ ရှောင်တိက လော့ဖူကို သတ်လိုက်လျှင် ထိုကိစ္စမှာ အမှန်ပင် ကြီးကျယ်သွားပေလိမ့်မည်။
ထိုကိစ္စက ဆက်၍ ကြီးကျယ်လာမည်ဆိုလျှင် စစ်နတ်ဘုရားစံအိမ်အရှင်နှင့် တိရှအရှင်တို့၏ နားထဲသို့ ရောက်သွားမည်ဖြစ်သည်။ ယနေ့တွင် ထိုကိစ္စကို ဂရုတစိုက် မကိုင်တွယ်ပါက တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့ကြားမှ ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်သည်။ တိရှအရှင်သာ ထိုကိစ္စကို စစ်ဆေးလျှင် ရှောင်တိတစ်ယောက် ပြဿနာတက်ပေလိမ့်မည်။
ရှောင်တိသည် ဒေါသထွက်နေသော်လည်း ယခုတွင် ရူးရူးမိုက်မိုက် မလုပ်ဝံ့တော့ပေ။ သူ အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။
“လော့ဖူ... ခင်ဗျားက စစ်နတ်ဘုရားချိပ်စည်းကို နှိုးလိုက်ပြီဆိုတော့ စစ်နတ်ဘုရားစံအိမ်အရှင်ကို ဖြစ်ခဲ့တဲ့ကိစ္စတွေအကြောင်း အမှန်အတိုင်း ပြောပြလိုက်ပါ။ ခင်ဗျားတို့က လောမျိုးနွယ်ခေါင်းဆောင် လောရှန်းရဲ့ သမီးကို ပြန်ပေးဆွဲသွားခဲ့တယ်ဆိုတာ အမှန်ပဲလား။ ခင်ဗျားတို့ လောမျိုးနွယ်က သိုင်းသမားတွေကို သတ်ပစ်လိုက်တယ်ဆိုတာကရော အမှန်လား။ သူတို့က သူတို့ဘာသာ သတ်သေသွားတာလို့တော့ ကျုပ်ကို မပြောနဲ့...”
“အမှန်တရားလား...”
လော့ဖူသည် အေးစက်စက်ရယ်၍ လော့ချီ၏အလောင်းဘေးရှိ သတိလစ်နေသော ကျန်းရီနှင့် လောချင်းယန်တို့ကို လှမ်းကြည့်လိုက်၏။
“အဲ့ကောင်လေးက ကိစ္စအကုန်လုံးကို ရှင်းသွားအောင် လုပ်ပေးနိုင်မှာပါ။ အရှင်ရှောင်တိ... ခင်ဗျား ခင်ဗျားရဲ့ ဝိညာဉ်ထိန်းချုပ်အတတ်ကိုသုံးပြီး အဲ့ကောင်လေးကို ဖြစ်ခဲ့တာတွေ အကုန်လုံး ပြန်ပြောပြခိုင်းနိုင်ပါတယ်။ ဖြစ်ခဲ့တာတွေက စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ရဲ့ အမှားဆိုရင် ကျုပ် ကျုပ်ရဲ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေပါမယ်”
ဝှစ်...ဝှစ်...ဝှစ်...
အားလုံးက ကျန်းရီကို လှည့်ကြည့်လိုက်ကြသည်။ လောမျိုးနွယ်မှ အကြီးအကဲခြောက်နှင့် အခြားလူများ၏ မျက်နှာထားများက တည်သွားကြ၏။ အကယ်၍ ကျန်းရီက အမှန်အတိုင်း ပြောလိုက်လျှင် လောမျိုးနွယ်က ရှုံးနိမ့်ရပေလိမ့်မည်။ ယခုလောက်ဆို စစ်နတ်ဘုရားစံအိမ်အရှင်က အခြေနေကို စောင့်ကြည့်နေလောက်ပေပြီ။ သို့ဖြစ်ရာ ရှောင်တိက အဘယ်သို့ လော့ဖူကို ထိဝံ့တော့မည်နည်း။ အခြေအနေက လောမျိုးနွယ်ဘက်တွင် မရှိတော့ပေ။
လောရှန်းသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သည်။ သူ ကျန်းရီကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“အရှင်ရှောင်တိ... အဲ့ကောင်လေးက မိစ္ဆာသတ်ဖြတ်စံအိမ်ကပါ။ အရှင် သူ့အပေါ်မှာ ဝိညာဉ်ထိန်းချုပ်အတတ် သုံးလိုက်ရင် သူက သေချာပေါက် သေသွားပါလိမ့်မယ်။ အဲ့ကျရင် မိစ္ဆာသတ်ဖြတ်စံအိမ်က မကျေမနပ် ဖြစ်သွားလောက်ပါတယ်။ ဘာလို့... ကျုပ်တို့ အကုန်လုံးကို သိမ်းငှက်ပြာတောင်ဆီ ခေါ်သွားပြီး ဒီကိစ္စအတွက် စီရင်စုနယ်အရှင်ကို ဆုံးဖြတ်ခိုင်းမယ်ဆိုရင် မကောင်းပါဘူးလား”
စီရင်စုနယ်အရှင်မှာ တိရှစံအိမ်မှဖြစ်သည်။ အမှန်တရားက မည်သို့ဖြစ်စေ သူက တိရှစံအိမ်ဘက်မှ ရပ်တည်ပေလိမ့်မည်။ ထို့ပြင် သူတို့ ထိုနေရာမှ ထွက်သွားလိုက်သည်နှင့် စစ်နတ်ဘုရားစံအိမ်၏ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က သူတို့ကို စောင့်ကြည့်နေနိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ထပ်မံ၍ ရှောင်တိ၏ စကားကသာ အရာအရောက်ဆုံး ဖြစ်သွားမည် မဟုတ်ပါလား။
ရှောင်တိသည် လောရှန်း၏ အကြံကို နားလည်၏။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အမှန်ပဲ... ဒီကိစ္စမှာ မိစ္ဆာသတ်ဖြတ်စံအိမ်ပါ ပါနေတော့ ကျုပ်တို့ အရင်ဆုံး သိမ်းငှက်ပြာတောင်ကို သွားကြတာပေါ့။ အဲ့ကိုရောက်မှ သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ စစ်နတ်ဘုရားစံအိမ်အရှင်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်ကို ဖိတ်ခေါ်လို့ရတယ်။ အားလုံးစုံတော့မှ ဒီကိစ္စကို တရားဝင် စစ်ဆေးဆုံးဖြတ်တာ ကောင်းတယ်...”
‘ချီးကို တရားဝင် စစ်ဆေးဆုံးဖြတ်ပါလား’
လော့ဖူ စိတ်ထဲမှ ဆဲလိုက်သည်။ သူတို့ သိမ်းငှက်ပြာတောင်ပေါ်သို့ ရောက်သွားသည်နှင့် ရှောင်ဟုန်၏စကားကသာ အရာအားလုံးကို အဆုံးအဖြတ်ပေးမည် မဟုတ်လော။ သိမ်းငှက်ပြာစီရင်စုနယ်၏ စစ်နတ်ဘုရားစံအိမ်အရှင်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်တို့ကလည်း စီရင်စုနယ်အရှင်ကို မည်သို့ မျက်နှာသာမပေးဘဲ နေနိုင်မည်နည်း။
ရွှီး...
ထိုအခိုက်တွင် အာကာပြင်ထက်မှနေ၍ အလင်းတန်းတစ်တန်း ကျဆင်းလာ၏။ အာကာပြင်က တုန်ခါသွားပြီး ဧရာမ မျက်လုံးကြီးတစ်စုံ ထွက်ပေါ်လာသည်။ ထို့နောက် ရှောင်တိအပါအဝင် အားလုံးကို တုန်လှုပ်သွားစေသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
“လော့ဖူက စစ်နတ်ဘုရားချိပ်စည်းကို နှိုးလိုက်ပြီ၊ ငါလည်း လောလောဆယ် အရေးကြီးလုပ်စရာ ရှိမနေဘူးဆိုတော့ အခုပဲ ဒီကိစ္စကို ရှင်းလိုက်တာပေါ့။ ရှောင်တိ... မင်းရဲ့ ဝိညာဉ်ထိန်းချုပ်အတတ်ကို ထုတ်လိုက်။ တကယ်လို့ မိစ္ဆာသတ်ဖြတ်စံအိမ်က အဲ့ကိစ္စကို မကျေနပ်ဘူးဆိုရင်လည်း ငါ အပြည့်အဝ တာဝန်ခံမယ်”
“စစ်နတ်ဘုရားစံအိမ်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်”
လော့ဖူတို့သည် စိတ်လှုပ်ရှားလွန်း၍ ငိုပင်ငိုကြ၏။ သူတို့သည် ဒူးနှစ်ဘက်စလုံးထောက်ကာ နှုတ်ခွန်းဆက်လိုက်ကြသည်။ တိရှဘုံရှိ စစ်နတ်ဘုရားစံအိမ်အရှင်က သူ၏ နတ်ဘုရားဝိညာဉ်တန်းတစ်တန်းကို ပို့လွှတ်လိုက်ပြီဖြစ်၍ ယခုတွင် အရာအားလုံး အဆင်ပြေသွားပေတော့မည်။
***