မင်းက ငါနဲ့ ညှိနှိုင်းဖို့ အခွင့်အရေးမရှိဘူး
Vol. 98 Ch. 1363
မည်မျှ ရှိန်ဖွယ်ကောင်းသော မျက်ဝန်းတစ်စုံနည်း။
အဆင့်နိမ့် နတ်ဘုရားဘုရင်များသည် ထိုမျက်ဝန်းများကို တစ်ချက်ကြည့်မိသောအခါ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။ တိရှဘုံ၏ စစ်နတ်ဘုရားစံအိမ်အရှင်သည် တိရှဘုံထဲရှိ စွမ်းအားအကြီးဆုံး သိုင်းသမားများထဲမှ တစ်ယောက်ဖြစ်သည်။ ဤနေရာရှိ မည်သူကမှ သူ၏ကျင့်ကြံခြင်းအဆင့်က မည်မျှမြင့်ကြောင်း မသိကြပေ။ ရှောင်တိမှလွဲ၍ ဤနေရာရှိ ကျန်လူအားလုံးသည် ထိုကဲ့သို့သော လူတစ်ယောက်နှင့် တွေ့ဆုံပါက အကြည့်တစ်ချက်ဖြင့်ပင် အသတ်ခံရနိုင်ပေသည်။
ထိုမျက်ဝန်းတစ်စုံက မျက်ဝန်းများကဲ့သို့ မခံစားရပေ။ ၎င်းတို့က လောကတစ်ခုကဲ့သို့ပင်။ ၎င်းမျက်ဝန်းများထဲတွင် ကိုယ်ပိုင်လောကတစ်ခုနှင့် ထိုလောက၏စွမ်းအားများ ရှိသည်ဟု ခံစားရသည်။ ယင်းမှာ အကြွင်းမဲ့ စွမ်းအားကြီးသော သိုင်းသမားတစ်ယောက်၊ ဖြစ်တည်မှုအားလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သူတစ်ယောက်၏ အရှိန်အဝါပင်။ ဤနေရာရှိ မည်သူကမှ အသက်ပင်ကျယ်ကျယ် မရှူဝံ့ကြပေ။ သူတို့၏ သွေးများကလည်း အဆက်မပြတ် ဆူပွက်နေပေသည်။
“အရှင်ကျိုးထျန်းဝူ...”
ရှောင်တိသည် မဆင်မခြင် မပြုမူဝံ့တော့သဖြင့် လေးလေးစားစား ဦးညွှတ်လိုက်၏။ လောရှန်းနှင့် အခြားသူများကလည်း ခပ်သွက်သွက် အရိုအသေပေးလိုက်ကြသည်။
“အရှင့်ကို နှုတ်ခွန်းဆက်ပါတယ်”
မျက်ဝန်းများ၏ ပိုင်ရှင်က မည်သို့မှ ပြန်မပြောပေ။ မျက်ဝန်းနှစ်ခုက အောက်ဘက်သို့သာ စိုက်ကြည့်နေသည်။ ရှောင်တိတွင် ရွေးချယ်စရာ မရှိတော့ချေ. ထို့ကြောင့် သူ အံကြိတ်၍သာ ပြောလိုက်ရသည်။
“လောရှန်း... ချင်းယန်လေးနဲ့ အဲ့ကောင်လေးကို ဒီကို ခေါ်လာခဲ့လိုက်ပါ။ အခုပဲ တရားဝင် စစ်ဆေးဆုံးဖြတ်ကြတာပေါ့”
တိရှဘုံ၏ စစ်နတ်ဘုရားစံအိမ်အရှင် ကျိုးထျန်းဝူက ဤနေရာသို့ သူ၏နတ်ဘုရားဝိညာဉ်တန်း တစ်တန်းကို စေလွှတ်လိုက်ပြီဖြစ်ရာ ရှောင်တိ မဆိုထားနှင့် ရှောင်ဟုန်သည်ပင် ဆန့်ကျင်ဝံ့တော့မည် မဟုတ်ချေ။ တိရှအရှင်သည်ပင် ကျိုးထျန်းဝူကို လေးစားမှု ပြရပေသည်။ လောရှန်းက ပျံသန်းသွားလိုက်ပြီး လောချင်းယန်နှင့် ကျန်းရီတို့ကို ပြန်ခေါ်လာခဲ့သည်။ သူသည် ကျန်းရီကို ရှောင်တိအောက်သို့ ပစ်ချပေးလိုက်၏။ ထိုအခါ ရှောင်တိက ကျန်းရီထံသို့ ပျံဆင်းသွားပြီး သူ၏ ဝိညာဉ်ထိန်းချုပ်အတတ်ကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သည်။
ဝိညာဉ်ထိန်းချုပ်အတတ်မှာ ရှောင်တိသာတတ်သော အတတ်တစ်ခု မဟုတ်ပေ။ ယင်းမှာ အလွန်အတွေ့ရများသော ဆန်းကြယ်စွမ်းရည်တစ်ခုပင်။ သို့သော် အလွန်စွမ်းအားကြီးသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူများကသာ ၎င်းအတတ်ကို သုံးနိုင်ပေသည်။ ရှောင်တိ၏ စိတ်ဝိညာဉ်က ၎င်းအတတ်ကို သုံးနိုင်လောက်အောင် သန်မာသည်။ ထို့ပြင် သူသည် ၎င်းအတတ်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော အခြားစိတ်ဝိညာဉ်ဆန်းကြယ်စွမ်းရည်များစွာကိုလည်း ပိုင်ဆိုင်ထားသေးပေသည်။
ဝိညာဉ်ထိန်းချုပ်အတတ်က အခြားသူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ ထိုသူကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားစေသည်။ သို့သော် ထိုသို့လုပ်ခြင်းက အလုပ်ခံရသူ၏ စိတ်ဝိညာဉ်ကို အလွန်ထိခိုက်စေသည်။ ကျန်းရီကဲ့သို့ သာမန်နတ်ဘုရားလေးသည် ငါးမိနစ် ထိန်းချုပ်ခံရပြီးနောက်တွင် စိတ်ဝိညာဉ်ပေါက်ကွဲထွက်သွားနိုင်ပေသည်။
မိစ္ဆာသတ်ဖြတ်စံအိမ်မှ ပမွှားနတ်ဘုရားလေးက ရှောင်တိအတွက် အရေးမပါပေ။ ထို့ပြင် ကျိုးထျန်းဝူသည် သူက အရာအားလုံးကို အပြည့်အဝတာဝန်ခံမည်ဟု ပြောခဲ့ပြီးပေပြီ။ ထို့ကြောင့် ရှောင်တိသည် တုံ့ဆိုင်းမနေတော့ဘဲ လက်တစ်ဘက် ရှေ့ဆန့်ကာ အစိမ်းရင့်ရောင် လေတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ကျန်းရီ၏ ဦးနှောက်ကို လွှမ်းခြုံသွားပြီး သူ့စိတ်ဝိညာဉ်ထဲသို့ စတင် ဝင်ရောက်သွားလေသည်။
ရှူး...ရှူး...
လောရှန်းနှင့် အကြီးအကဲခြောက်တို့၏ အသက်ရှူသံက ပုံမှန်ထက် ပိုမြန်နေသည်။ ကျန်းရီက အလွန်အရေးကြီးလာပေပြီ။ သူက အလုံအလောက် သိထားပြီး လောမျိုးနွယ်က လော့ထင်ကိုသတ်ရန် အကွက်ဆင်ခဲ့ကြောင်း ပြောပြလိုက်လျှင် ဤတရားစီရင်မှုတွင် လောမျိုးနွယ်ဘက်မှ အရေးနိမ့်သွားမည်ဖြစ်သည်။ လောမျိုးနွယ်ဝင်များကလည်း အလကားသက်သက် သေခဲ့ရသလို ဖြစ်သွားပြီး ရှောင်တိလည်း မျက်နှာပျက်ရပေလိမ့်မည်။ အကယ်၍ ရှောင်တိက ဒေါသထွက်သွားပြီး လောချင်းယန်နှင့် သူ၏မြေးတို့ စေ့စပ်ထားမှုကို ဖျက်လိုက်လျှင် လောမျိုးနွယ်သည် ရှောင်မျိုးနွယ်ကဲ့သို့ အင်အားကြီးထောက်တိုင်တစ်ခုကို ဆုံးရှုံးလိုက်ရပေမည်။ ထိုအခါ သူတို့ ဆိုးဆိုးဝါးဝါး ဒုက္ခခံစားရပေလိမ့်မည်။
ယခုတွင် ကျိုးထျန်းဝူက သူ၏ နတ်ဘုရားဝိညာဉ်တန်း တစ်တန်းကို ပို့လိုက်ပြီဖြစ်သည်။ ထို့ကြောင့် နောက်ပြန်ဆုတ်နိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။ လောရှန်းနှင့် အကြီးအကဲခြောက်တို့သည် တိတ်တဆိတ်သာ စောင့်ဆိုင်းနေနိုင်ပေသည်။
ရွှီး...
ကျန်းရီ၏ ဦးနှောက်ထဲတွင် အစိမ်းရင့်ရောင် လေလှိုင်းတစ်ခုက အတန်ငယ် လင်းလက်လာ၏။ ယင်းမှာ ရှောင်တိ၏ ဝိညာဉ်ထိန်းချုပ်အတတ်က အလုပ်ဖြစ်ခဲ့ပြီး စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တော့မည်ဆိုသော အဓိပ္ပာယ်ပင်။ ရှောင်တိသည် သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်၏။ ဝိညာဉ်ထိန်းချုပ်မှုက အောင်မြင်တော့မည့်ပုံပင်။
ထိုအခိုက်တွင် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထဲမှနေ၍ တံဆိပ်စာလုံးများ အလိုလို ပျံထွက်လာကြသည်။ ထို့နောက် ၎င်းတံဆိပ်စာလုံးများက တောက်ပလာပြီး ရှောင်တိ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို တွန်းလှန်လိုက်ကြသည်။ ယင်းအပြင် ၎င်းတို့သည် ကျန်းရီ၏ ခေါင်းထဲမှ ပျံထွက်ကာ ခေါင်းပတ်ပတ်လည်တွင် လှည့်ပတ်လိုက်ကြသည်။ ၎င်းတို့က ကျန်းရီကို ကာကွယ်ပေးနေကြပေသည်။
“အာ...”
ရှောင်တိ အံ့အားသင့်သွား၏။ သူ ထိုတံဆိပ်စာလုံးများကို အံ့ဩတကြီး ကြည့်လိုက်သည်။ လောရှန်း၊ လော့ဖူနှင့် အခြားသူများအားလုံးလည်း အံ့အားသင့်သွားကြသည်။ မြင့်မားသော ကောင်းကင်ထက်ရှိ မျက်ဝန်းများထဲတွင်ပင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု လက်သွားသည်။
ရှောင်တိ၏ စိတ်ဝိညာဉ်က မည်မျှသန်မာသနည်း။ သူသည် စိတ်ဝိညာဉ်တိုက်ခိုက်ရေးအပိုင်းတွင် သိမ်းငှက်ပြာစီရင်စုနယ်၌ ဒုတိယဖြစ်သည်။ ယခုတွင် သူက ပမွှားနတ်ဘုရားလေး၏ စိတ်ဝိညာဉ်ကိုပင် မထိန်းချုပ်နိုင်သည်လော။ သို့ဆိုလျှင် သူသည် တစ်လောကလုံး၏ ဟားစရာ ဖြစ်သွားပေတော့မည်။ ကျန်းရီက စွမ်အားကြီး သိုင်းသမားတစ်ယောက်ဆိုလျှင်မူ ထိုကဲ့သို့သော အဖြစ်က သာမန်သာ ဖြစ်ပေမည်။ သို့သော် သူက သာမန်နတ်ဘုရားလေးသာ ဖြစ်ပြီး ရှောင်တိနှင့် ယှဉ်လျှင် အလွန်အားနည်းပေသည်။ ထို့ကြောင့် လူများသည် သူတို့၏မျက်လုံးများကိုပင် မယုံနိုင် ဖြစ်နေကြလေသည်။
‘အဲ့စာလုံးတွေ...’
ရှောင်တိ၏ မျက်လုံးများ လင်းလက်လာ၏။ သူ၏အာရုံက ကျန်းရီအပေါ်တွင် မဟုတ်ဘဲ ဆန်းကြယ်သော စာလုံးများအပေါ်တွင် ဖြစ်သည်။ ကျိုးထျန်းဝူ၏ အကြည့်ကလည်း ၎င်းစာလုံးများအပေါ်တွင်သာ ရှိနေသည်။ သူတို့နှစ်ယောက်သာ ထိုစာလုံးများက မည်မျှဆန်းကြယ်ကြောင်း သိပေသည်။
ထိုအခိုက်တွင် ရှောင်တိသည် ကျန်းရီကို ထိန်းချုပ်ရန် ဆက်မကြိုးစားဝံ့တော့ပေ။ သူက ၎င်းစာလုံးများကိုသာ လိုချင်နေသည်။ ၎င်းစာလုံးများက သူ့အား အလွန်ဆန်းကြယ်၍ ထူးခြားသော အငွေ့အသက်ကို ပေးနေပေသည်။
ကျိုးထျန်းဝူ၏ မျက်ဝန်းများကလည်း လင်းလက်သွားသည်။ ထို့နောက် အရေးမစိုက်သော အကြည့် ပြန်ပေါ်လာသည်။ သူသည် ထိုစာလုံးများကို စိတ်ဝင်စားသော်လည်း ဤနေရာတွင် သူ၏ နတ်ဘုရားဝိညာဉ်တန်း တစ်တန်းသာ ရှိရာ အရှိန်အဝါအနည်းငယ်နှင့် အင်အားအနည်းငယ်ကိုသာ ထုတ်၍ရသည်။ သို့ဖြစ်ရာ သူက ရှောင်တိကို သတ်ပစ်နိုင်မည် မဟုတ်ချေ။ ယခုတွင် ရှောင်တိက ထိုစာလုံးများကို မျက်စိကျနေ၍ သူ ရှောင်တိကိုသာ အခွင့်အရေးပေးလိုက်တော့မည် ဖြစ်သည်။ ထို့ပြင် ကျိုးထျန်းဝူထံ၌ ဆန်းကြယ်စွမ်းရည်များစွာ ရှိသည်။ ထို့ကြောင့် ၎င်းစာလုံးများကို လက်လျှော့လိုက်ရန် သူ ဝန်မလေးပါပေ။
မျှော်လင့်ထားသလိုပင်...
ရှောင်တိသည် အတော်ကြာ လေ့လာပြီးနောက် ကျန်းရီ၏ လက်ထဲရှိ ပုလဲလုံးတစ်လုံးကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် သရော်ဟန်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူ ရုတ်တရက် လက်ဆန့်တန်းကာ ကျန်းရီအနီးရှိ လေထုကို တုန်ခါသွားစေလိုက်သည်။ ဟွင့်သွမ့်ချီပုလဲလုံးက အပြင်းအထန်စတင် တုန်ခါလာကာ ပုလဲလုံးထဲမှနေ၍ လူနှစ်ယောက် ထွက်လာလေသည်။
“သခင်လေး...”
ကျန်းရှောင်နူနှင့် အနက်ရောင်နတ်ဘုရားတို့သည် အပြင်ကို ရောက်လျှင်ရောက်ချင်း သတိလစ်နေသော ကျန်းရီကို တွေ့လိုက်ရ၍ မျက်နှာပျက်သွားကြ၏။ ကျန်းရှောင်နူသည် မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ ကျန်းရီထံသို့ ပြေးသွား၏။ သို့သော် ရှောင်တိက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကျန်းရှောင်နူ၏ လည်ပင်းကို ညှစ်လိုက်သည်။ အနက်ရောင်နတ်ဘုရားမှာမူ ရှောင်တိ၏ စွမ်းအားကြီးအရှိန်အဝါ၏ ဖိနှိပ်မှုကို ခံထားရသဖြင့် လှုပ်ပင် မလှုပ်နိုင်ချေ။
“အား...”
ကျန်းရှောင်နူသည် နှစ်ကြိမ် ပုံစံပြောင်းခဲ့ပြီးနောက် အလွန်အားနည်းနေခဲ့သည်။ ယခုတွင် သူမက သံမဏိနှင့် ပြုလုပ်ထားသည်ဟု ထင်ရသော လက်တစ်ဘက်၏ လည်ပင်းညှစ်ထားမှုကို ခံနေရရာ အလွန်နာကျင်နေပေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အလင်း လင်းလက်လာသည်။ သူမသည် ကြိုးစား၍ ပုံစံပြောင်းကာ ရှောင်တိကို တိုက်ခိုက်လိုက်၏။ သို့သော် ရှောင်တိ၏ လက်က အပြာရောင်ကောင်းကင်စွမ်းအားဖြင့် တောက်ပလာရာ ကျန်းရှောင်နူ နာကျင်တကြီး အော်လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ကလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာသည်။
ရှောင်တိသည် ကျန်းရှောင်နူကို တစ်ချက်ပင် မကြည့်ဘဲ ကျန်းရီကိုသာ ကြည့်၍ စွမ်းအင်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ကျန်းရီက မူးဝေစွာဖြင့် သတိလည်လာ၏။ သူသည် ခေါင်းခါ၍ နာကျင်စွာ ညည်းတွားလိုက်သည်။ သူ့စိတ်ဝိညာဉ်ထဲမှ နာကျင်မှုက လျော့ကျသွားသောအခါမှ သူ ပတ်တန်းကျင်ကို လှည့်ပတ်ကြည့်သည်။ တံဆိပ်စာလုံးများက သူ့ခေါင်းကို လှည့်ပတ်၍ သူ့ဦးနှောက်ကို ကာကွယ်ပေးနေကြောင်း မြင်လိုက်ရသောအခါ သူ ၎င်းတို့ကို လျင်မြန်စွာ ပြန်သိမ်းလိုက်သည်။
“ရှောင်နူ...”
ကျန်းရီသည် ရှောင်တိ၏ လက်ထဲရှိ ကျန်းရှောင်နူကို တွေ့သောအခါ ချက်ချင်း အော်လိုက်ပြီး လက်မြှောက်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ရှောင်တိက အေးစက်စက် နှာမှုတ်လိုက်ရာ ကျန်းရီသည် သူ့ခေါင်းကို ဆုပ်ကိုင်၍ မြေပြင်ပေါ်တွင် လူးလွန့်သွားသည်။ ရှောင်တိက သူ၏ စိတ်ဝိညာဉ်အတတ် ‘မိုးကြိုးအမျက်ဟိန်းသံ’ကို ထုတ်သုံးလိုက်ခြင်းပင်။ ထိုအခိုက်တွင် သူ ကျန်းရီကို မသတ်လိုသေးသည်မှာ ကျန်းရီအတွက် ကံကောင်းခြင်းဖြစ်သည်။ မဟုတ်ပါက ကျန်းရီတစ်ယောက် ပို၍နာကျင်ခံစားရပေလိမ့်မည်။
“ကောင်လေး... မင်းရဲ့အဖော်ကို မသေစေချင်ဘူးဆိုရင် ငါ ပြောတဲ့အတိုင်း လိုက်လုပ်။ ငါ့ရဲ့ အင်အားအရဆိုရင် မင်းရဲ့မိတ်ဆွေကို ပုရွက်ဆိတ်သတ်သလို သတ်ပစ်လို့ရတယ်။ မင်း နားလည်လား”
ရှောင်တိက ကျန်းရီကို အေးစက်စက်ကြည့်လိုက်သည်။ ကျန်းရီက အခြေအနေကို နားလည်ကြောင်း အတည်ပြုပြီးမှ ရှောင်တိ မေးလိုက်သည်။
“မင်းရဲ့ စိတ်ဝိညာဉ်ထဲက အဲ့စာလုံးတွေက ဘာတွေလဲ။ ပြီးတော့.... မင်း လောမျိုးနွယ်နဲ့ လော့မျိုးနွယ်ကြားက ကိစ္စတွေကို ဘာတွေသိထားလဲ။ မှန်မှန်ပြောမယ်ဆိုရင် ငါ မင်းတို့ကို အသက်ရှင်ခွင့် ပေးချင်ပေးနိုင်တယ်။ မဟုတ်ရင်တော့... ဟွန်း...”
ကျန်းရီတစ်ယောက် ထပ်မံ၍ အကြိမ်အနည်းငယ် လူးလွန့်သွား၏။ သူ အတန်ငယ် သက်သာလာမှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး အခြေအနေကို နားလည်သွားလေသည်။ ရှောင်တိ၊ လောရှန်း၊ အကြီးအကဲခြောက်နှင့် အခြားသူများက အတူရပ်နေကြသည်။ ကြည့်ရသည်မှာ လောမျိုးနွယ်၏ စစ်ကူများ ရောက်လာခဲ့ပုံပင်။ သူသည် ကျန်းရှောင်နူကို ဖမ်းထားသော သိုင်းသမားက မည်သည့်အဆင့်တွင်ရှိကြောင်း မသိသော်လည်း ထိုလူက သေချာပေါက် အနိမ့်ဆုံး တိထျန်းအဆင့် သို့မဟုတ် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်တွင် ရှိရမည်ဖြစ်ကြောင်းကိုတော့ သေချာပေသည်။ ထို့ပြင် ကောင်းကင်ထက်မှ မျက်ဝန်းတစ်စုံကလည်း ကျန်းရီကို ကြောက်ရွံ့နေစေသည်။ ကျန်းရီ စိတ်ဓာတ်ကျသွားပေပြီ။ သူ မြင်ရသည်များအရ ယနေ့တွင် သူ မရှင်သန်နိုင်လောက်တော့ပေ။
“ခင်ဗျားက အဲ့စာလုံးတွေကို လိုချင်လို့လား”
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် စိတ်ပြန်တည်ငြိမ်လာအောင် လုပ်နိုင်လိုက်သည်။ ထို့နောက် သူ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော် အဲ့စာလုံးတွေကို ခင်ဗျားကို ပေးလို့ရပါတယ်။ ခင်ဗျားတောင်းဆိုတာတွေကိုလည်း သဘောတူနိုင်ပါတယ်။ အဲ.. ခင်ဗျားက သူတို့နှစ်ယောက်ကို အသက်ချမ်းသာပေးမယ်လို့ ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုမယ်ဆိုရင်ပေါ့”
ကျန်းရီသည် သူက ယနေ့ကိုကျော်၍ ရှင်သန်နိုင်တော့မည် မဟုတ်ကြောင်း သိသဖြင့် ကျန်းရှောင်နူနှင့် အနက်ရောင်နတ်ဘုရားတို့၏ အသက်အတွက် တိုက်ခိုက်ရပေမည်။
“ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာလား”
ရှောင်တိက ခပ်လှောင်လှောင် ရယ်ကာ ပြောလိုက်၏။
“မင်းမှာ ငါ့နဲ့ညှိုနှိုင်းနိုင်ဖို့ အခွင့်အရေးမရှိဘူး။ မင်း ပြောမှာလား မပြောဘူးလား။ မင်း မပြောရင် ငါ သူတို့ထဲကတစ်ယောက်ကို အခုပဲ သတ်ပစ်လိုက်မယ်”
ဝုန်း...
ရှောင်တိသည် မြေပြင်ပေါ်တွင် ခွေနေသော အနက်ရောင်နတ်ဘုရားကို ခြေထောက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်၏။ အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ဝက်က မြေကြီးထဲ နစ်ဝင်သွား၏။ ထို့နောက် ရှောင်တိ၏ ခြေထောက်က လင်းလက်လာသည်။ အကယ်၍ ကျန်းရီက ခိုင်းသည့်အတိုင်း မလုပ်သေးလျှင် ရှောင်တိသည် အနက်ရောင်နတ်ဘုရားကို သတ်ပစ်တော့မည်ဖြစ်သည်။
***