ပုံစံပြောင်းကာ သတ်ဖြတ်ခြင်း
Vol. 98 Ch. 1364
“ဟင့်အင်း.. မဖြစ်ဘူး...”
ကျန်းရှောင်နူသည် ကျန်းရီက သေခြင်းတရားကို လက်ခံလိုက်ပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ အားကုန်သုံး၍ အော်လိုက်သည်။ သူမ၏မျက်ဝန်းထဲမှနေ၍ မျက်ရည်များလည်း စီးကျလာသည်။ သူမသည် ကျန်းရီကို အလေးအနက်ကြည့်၍ ပြောလိုက်သည်။
“သခင်လေး.. သခင်လေး ကျွန်မကို ကတိပေးထားတယ်လေ... သေရမယ်ဆိုရင်တောင် အတူတူ သေကြမယ်လို့...၊ သခင်လေးက ဒီမှာ သေသွားရင် ကျွန်မလည်း ဆက်အသက်မရှင်ချင်တော့ဘူး”
“ဟွန်း...”
ရှောင်တိက နှာမှုတ်လိုက်ရာ ကျန်းရှောင်နူ၏ စိတ်ဝိညာဉ်က ထိုးဖောက်ခံလိုက်ရသကဲ့သို့ နာကျင်သွား၏။ သာမန်စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ကျန်းရှောင်နူအပေါ် မသက်ရောက်နိုင်ပေ။ သို့သော် ရှောင်တိ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အလွန်စွမ်းအားကြီးပေသည်။ သူမ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး သူမ၏ဒွါရခုနစ်ပေါက်မှနေ၍ သွေများ စီးကျလာသည်။ သူမ၏မျက်နှာကလည်း နာကျင်မှုကြောင့် ရှုံ့တွနေသည်။ သို့သော် သူမ၏ အကြည့်က ကျန်းရီထံမှ တစ်ချက်ပင် မခွာခဲ့ချေ။ သူမက ပြတ်သားစွာ ဆုံးဖြတ်ပြီးပုံပင်။
ဟူး...
ကျန်းရီသည် ခါးသီးစွာ သက်ပြင်းချ၍ မျက်လုံးများ မှိတ်လိုက်၏။ ကျန်းရှောင်နူက အလွန်ခေါင်းမာပေသည်။ အကယ်၍ သူ သေသွားလျှင် သူမက သေချာပေါက် လိုက်သေပေလိမ့်မည်။ သူသည် ကျန်းရှောင်နူ၏ ထိုကဲ့သို့ အခြေအနေကို မကြည့်ရက်သဖြင့် မျက်လုံးသာ မှိတ်လိုက်ရသည်။ ထို့နောက် သူသည် သူ၏အာရုံကို မီးဝိညာဉ်ပုလဲထဲရှိ မီးနဂါးဓားဆီသို့ ပို့၍ ဆန်းကြယ်သော အဘိုးအို၏ ဝိညာဉ်အပိုင်းအစကို ဆင့်ခေါ်ရန် ကြိုးစားလိုက်၏။ ထိုအဘိုးအို ထွက်ပေါ်လာလျှင် သူတို့ ရှင်သန်နိုင်မည့် အခွင့်အရေး ရှိလောက်သေးသည်။
သို့သော်...
မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုက ပြီးခဲ့သော တစ်ခေါက်တွင် အပြင်းအထန် ဒဏ်ရာရခဲ့၍ ယခု အိပ်မောကျနေပေသည်။ အကြိမ်များစွာ နှိုးပြီးနောက်တွင်ပင် မည်သို့မှ မတုံ့ပြန်သေးချေ။ ထိုစဉ် ရှောင်တိက ထပ်မံ၍ အေးစက်စက် အော်ပြောလိုက်သည်။
“နောက်ဆုံးအခွင့်အရေးပဲ”
ရှောင်တိသည် ကောင်းကင်စွမ်းအားဖြင့် တောက်ပနေသော သူ့ခြေထောက်ကို မြှောက်လိုက်၏။ ထိုခြေနင်းချက်ကို ခံလိုက်ရလျှင် အနက်ရောင်နတ်ဘုရားဘုက သေသွားလောက်ပေသည်။ ကျန်းရီသည် မျက်လုံးပြန်ဖွင့်၍ သတိလစ်နေသော အနက်ရောင်နတ်ဘုရားနှင့် သွေးရွှဲနေသော ကျန်းရှောင်နူကို ကြည့်လိုက်၏။ ရုတ်တရက် သူ ပြုံးကာ ပြောလိုက်သည်။
“အဲ့လိုဆိုတော့လည်း သေကြတာပေါ့။ အတူတူ သေကြတာပေါ့။ ရှောင်နူ... တမလွန်ဘုံကို အတူတူသွားကြမယ်”
ကျန်းရီသည် ထိုသို့ပြောပြီးနောက် အတွင်းအား လှည့်ပတ်လိုက်ကာ သူ၏ မူလစိတ်ဝိညာဉ်ထဲရှိ လောချင်းယန်၏ ဝိညာဉ်မျိုးစေ့ကို ဖျက်ဆီးပစ်ရန် လုပ်လိုက်သည်။ ယနေ့ ဖြစ်ခဲ့သော ကိစ္စအားလုံးမှာ လောချင်းယန်ကြောင့်ဖြစ်သည်။ သူ သေရမည်ဆိုလျှင်ပင် သူမကိုပါ အပါခေါ်သွားရပေမည်။
“ဟွန်း...”
ကျန်းရီ၏ ခေါင်းထဲတွင် မိုးကြိုးတန်းပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။ မိုးကြိုးအမျက်ဟိန်းသံက အလွန်စွမ်းအားကြီးသော စိတ်ဝိညာဉ်ဆန်းကြယ်စွမ်းရည်တစ်ခုပင်။ ၎င်း၏ တိုက်ခိုက်နှုန်းက အလွန်လျင်မြန်သည်။ ကျန်းရီသည် ခုခံရန် အသင့်ပြင်ထားခဲ့သော်လည်း သူ့စိတ်ဝိညာဉ်က စူးရှသော နာကျင်မှုကို ခံစားလိုက်ရသေးသည်။ သူသည် လောချင်းယန်၏ ဝိညာဉ်မျိုးစေ့ကို ဖျက်ဆီးပစ်ရန်ပင် အခွင့်အရေး မရလိုက်ပေ။ မိုးကြိုးအမျက်ဟိန်းသံနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခံရပြီးနောက်တွင် သူ၏စိတ်ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်လာလေသည်။
“လှည့်ကွက်တွေ သုံးချင်နေတုန်းပဲလား။ အဲ့လိုဆိုလည်း ဒီနှစ်ယောက် သေတာကို ကြည့်လိုက်ပေတော့”
ရှောင်တိက ဒေါသတကြီး အော်ပြောလိုက်သည်။
“ကောင်လေး... မင်းမှာ အဲ့စာလုံးတွေ ရှိတာနဲ့ ငါက မင်းကို မကိုင်တွယ်နိုင်တော့ဘူးလို့ မထင်နဲ့။ မင်းရဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်ဖို့ ခက်ပေမဲ့ ငါ့မှာ အဲ့လိုလုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်”
ရှောင်တိသည် သူ့ခြေထောက်ကို အောက်ဘက်သို့ အားကုန်ဖိနင်းလိုက်သည်။ သူ့လက်ကလည်း တောက်ပလာပြီး ကျန်းရှောင်နူ၏ လည်ပင်းရိုးကို ချိုးပစ်ရန် လုပ်လိုက်သည်။ ကျန်းရှောင်နူသည် ရှောင်တိ၏ သတ်ဖြတ်အရှိန်အဝါကို ခံစားလိုက်ရသောအခါ လှပစွာ ပြုံး၍ ပြောလိုက်သည်။
“သခင်လေး.. ကျွန်မ တမလွန်ဘုံကို အရင်သွားပြီး သခင်လေးကို စောင့်နေ...”
“ရပ်လိုက်...”
ကျန်းရှောင်နူ၏စကား မဆုံးသေးခင်မှာပင် ကောင်းကင်ထက်မှနေ၍ မိန်းမသံတစ်သံ ထွက်ပေါ်လာသည်။ ရှောင်တိသည် ထိုအသံကို ရင်းနှီးနေသလို ဖြစ်နေ၍ အလိုလို တုံ့ဆိုင်းသွားမိ၏။ ထို့နောက်တွင် ပို၍ပင် ဖိအားကြီးသော နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၍ ရှောင်တိ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
“ရှောင်တိ ရပ်လိုက်.. မင်း ဆက်တိုက်ခိုက်ရဲရင် ငါ ရှောင်မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်မယ်”
“ရှောင်တိ ချက်ချင်း ရပ်လိုက်”
ကျယ်လောင်သောအသံ နောက်တစ်သံ ထွက်ပေါ်လာ၏။ ဤတစ်ခေါက်တွင် ရှောင်တိရော လောရှန်းပါ ထိုအသံကို သိကြပေသည်။ ထို့ကြောင့် သူတို့ အလွန်အံ့အားသင့်သွားကြသည်။ နောက်ဆုံးအသံမှာ ရှောင်ဟုန်၏အသံပင်။ သူတို့သည် ဒုတိယအသံကိုလည်း မှတ်မိသွားကြသည်။ ထိုအသံမှာ တိရှစံအိမ်၏ လက်ထောက်စံအိမ်အရှင် မိုလင်းချိုး၏အသံဖြစ်ပေသည်။
အဘယ်ကြောင့် မိုလင်းချိုးနှင့် ရှောင်ဟုန်တို့ ရောက်လာရသနည်း။
ရှောင်တိနှင့် လောရှန်းတို့သည် နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကိစ္စများက ပို၍ရှုပ်ထွေးလာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီဟုလည်း သူတို့ ခံစားလိုက်ကြရသည်။ နောက်ဆုံးတွင် ရှောင်တိသည် ပထမအသံပိုင်းရှင်ကို မှတ်မိသွား၏။ ထိုအသံမှာ အရေးကြီးပုဂ္ဂိုလ်တစ်စု၏ ခေါင်းဆောင်၏အသံပင်။
အစ်မမူဟုခေါ်သော အမျိုးသမီး...
“အန်...”
ကောင်းကင်ထက်ရှိ မျက်ဝန်းတစ်စုံကလည်း အနောက်ဘက်သို့ စိတ်ဝင်တစား လှမ်းကြည့်လိုက်၏။ လူဆယ်ယောက်က ဤနေရာသို့ လျင်မြန်စွာ ပျံသန်းလာနေကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများက အဝေးမှနေ၍ ဤနေရာသို့ ရောက်နေသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံအားလုံးက ရှောင်တိ၏ လက်ထဲရှိ ကျန်းရှောင်နူအပေါ်သို့ ကျရောက်နေကြသည်။ အစ်မမူက အုပ်စုကို ဦးဆောင်လာပြီး ကီလိုမီတာငါးဆယ်အကွာမှာပင် စိတ်လှုပ်တရှားဖြင့် အော်ပြောလိုက်သည်။
“ဟုတ်တယ်...ဟုတ်တယ်... အဲ့ကောင်မလေးက ကျွန်မတို့ မျိုးနွယ်ကပဲ။ သူပဲ... တကယ်ကို သူပဲ...”
အစ်မမူနောက်မှ အစိမ်းရောင် စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အစိမ်းရောင်ပုလဲလုံးတစ်လုံးကို ထုတ်၍ ပတ်ဝန်းကျင်ကို လျင်မြန်စွာ စူးစမ်းထောက်လှမ်းလိုက်၏။ သူတို့အုပ်စုက ကျန်းရီတို့ထံသို့ မရောက်သေးခင်မှာပင် သူ ဝမ်းသာအားရ အော်ပြောလိုက်သည်။
“အရှင်မ... အရှင်မ မှန်ပါတယ်။ သူ.. သူက သခင်မလေးပါပဲ။ သူ့ရဲ့ သွေးကြောတွေထဲမှာ ကျွန်တော်တို့မျိုးနွယ်ရဲ့ တော်ဝင်သွေးတွေ စီးဆင်းနေပါတယ်”
“သခင်မလေး...”
အစ်မမူသည် အဝေးမှနေ၍ ကျန်းရှောင်နူကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်ပူများ လျှံတက်လာသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်မှလည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာလေသည်။ ထို့နောက် သူမ ဒေါသတကြီး အော်ပြောလိုက်သည်။
“ပုံစံပြောင်းပြီး သတ်ကြ...”
အစ်မမူသည် အော်ပြောပြီးနောက် ပုံစံပြောင်းလိုက်၏။ သူမ၏ခန္ဓာကိုယ်က အစိမ်းရောင်အလင်း လင်းလက်သွားပြီး သူမ၏ ချပ်ဝတ်နောက်ကျောက ပေါက်သွားကာ ဧရာမအတောင်ပံနှစ်ချောင်း ထွက်လာလေသည်။ သူမ၏ လက်များကလည်း ထက်ရှသော လက်သည်းချွန်များ ဖြစ်သွားသည်။ သူမနောက်မှ စွမ်းအားကြီး သိုင်းသမားငါးယောက်ကလည်း သူမကဲ့သို့ ပုံစံပြောင်းလိုက်ကြသည်။ သူမတို့ခြောက်ယောက်သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရှောင်တိထံသို့ ပျံသန်းသွားကြ၏။ သူမတို့၏ အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်အရှိန်အဝါများကလည်း ရှောင်တိကို လုံးဝလွှမ်းခြုံသွားသည်။
“အရှင်မို၊ မျိုးနွယ်ခေါင်းဆောင် ကျုပ်ကို ကယ်ပါဦး”
ရှောင်တိ မျက်မှောင်ကြုတ်လိုက်၏။ အစ်မမူ၏ အမြန်နှုန်းက အစောတွင်ပင် အလွန်လျင်မြန်နေခဲ့ပြီဖြစ်သည်။ ယခု သူမက ပုံစံပြောင်းလိုက်သောအခါ ပို၍ပင် လျင်မြန်လာသည်။ သူမ၏ ထက်ရှသော လက်သည်းများက သူ၏ ဦးနှောက်ကို ဖောက်ထုတ်ပစ်ပေတော့မည်။ သူသည် စိတ်ဝိညာဉ်တိုက်ခိုက်မှု ထုတ်လွှတ်၍ သူ့ကိုယ်သူ ကာကွယ်လို၏။ သို့သော် သူ မည်သည့်တိုက်ခိုက်မှုမှ မထုတ်လွှတ်နိုင်သေးခင်၊ နောက်ပင် မဆုတ်လိုက်နိုင်သေးခင်မှာပင် အစ်မမူ၏ ဦးခေါင်းထက်ရှိ အစိမ်းရောင်ဦးချိုလေးများက လင်းလက်လာပြီး သူမ၏အမြန်နှုန်းက ပိုမြန်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူမ၏ လက်သည်းများက သူ့ခေါင်းကို ကုတ်ဖြဲလိုက်လေတော့သည်။
“အရှင်မ...”
ရှောင်ဟုန်တစ်ယောက် ရုတ်ခြည်း မျက်နှာပျက်သွား၏။ သို့သော် သူသည် မည်သို့မှ မလုပ်ဘဲ မိုလင်းချိုးကိုသာ ကြည့်လိုက်၏။ မိုလင်းချိုးက ခေါင်းခါ၍ အသံပို့လွှတ်လိုက်သည်။
“ခင်ဗျား ဘာမှမလုပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ရှောင်မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးပစ်ခံရလိမ့်မယ်။ ရှောင်တိက အဲ့သခင်မလေးကို မသတ်ရသေးတာ ကံကောင်းတယ်လို့ပဲတွေး။ မဟုတ်လို့ကတော့ တိရှအရှင်တောင် ခင်ဗျားတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ တိရှဘုံမှာ ဘယ်သူကမှ သိမ်းငှက်စိမ်းဘုရင်ကို အပြစ်မပြုရဲဘူး”
ဝုန်း...
မိုလင်းချိုး၏ အသံပို့လွှတ်မှု ဆုံးသွားချိန်တွင် ရှောင်တိ၏ ဦးခေါင်းက အစ်မမူ၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားသည်။ ရှောင်တိတွင် အလွန်စွမ်းအားကြီးသော နတ်ဘုရားချပ်ဝတ်ရှိခဲ့သည်။ သို့သော် အစ်မမူ၏ လက်သည်းများနှင့် ယှဉ်ရသောအခါ ထိုချပ်ဝတ်က စက္ကူစလေးတစ်စကဲ့သို့ ဖြစ်သွားပြီး တစ်ချက်ပင် မခုခံနိုင်ခဲ့ပေ။
“အဲ့ဒါက...”
ကျန်းရှောင်နူနှင့် ကျန်းရီတို့ အံ့အားသင့်သွားကြ၏။ ယနေ့တွင် အခြေအနေများက တစ်မျိုးပြီးတစ်မျိုး လျင်မြန်စွာ ပြောင်းလဲနေသည်။ ယခုအခြေအနေမှာမူ သူတို့ တွေးပင်တွေးမကြည့်ဖူးသော အခြေအနေဖြစ်သည်။ ယနေ့တွင် စွမ်းအားကြီး သိုင်းသမားများစွာ ထွက်ပေါ်လာခဲ့သည်။ ထိုထဲတွင် အထူးခြားဆုံးမှာ အစ်မမူနှင့် သူမ၏နောက်လိုက်ငါးယောက်ဖြစ်သည်။ ထိုလူခြောက်ယောက်က ကျန်းရှောင်နူကဲ့သို့ ပုံစံပြောင်းခဲ့ကြသည်။ သူမတို့၏ တစ်ခုတည်းသော ကွာခြားမှုမှာ သူမတို့ခေါင်းပေါ်ရှိ ဦးချိုများပင်ဖြစ်သည်။
ဆက်၍ ဖြစ်လာသော အဖြစ်အပျက်က ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို ပို၍ပင် အံ့အားသင့်သွားစေသည်။ ထိုခြောက်ယောက်သည် ကျန်းရှောင်နူဘေးသို့ ဆင်းသက်လိုက်ကြပြီး ဒူးထောက်လိုက်ကြသည်။ ထို့နောက် အစ်မမူက ခံစားချက်များ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။
“မူဟုန်ချာ သခင်မလေးကို အရိုအသေပေးပါတယ်။ ကျွန်မတို့ လာကယ်တာ နောက်ကျခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ သခင်မလေး... သခင်မလေးကို တခြားဘယ်သူတွေက အနိုင်ကျင့်ပါသေးလဲ။ သခင်မလေးကို အနိုင်ကျင့်ခဲ့သူတိုင်း ဒီနေ့မှာ သေရပါမယ်”
‘မင်ရည်တောင်ပံမျိုးနွယ်’
ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ ထိုခြောက်ယောက်က ကျန်းရှောင်နူကဲ့သို့ ပုံစံပြောင်းလဲနိုင်ပြီး ကျန်းရှောင်နူကိုလည်း သခင်မလေးဟု ခေါ်ကြသည်။ ထိုလူများက သေချာပေါက် မင်ရည်တောင်ပံမျိုးနွယ်မှ ဖြစ်ပေလိမ့်မည်။ ထို့ပြင် မင်ရည်တောင်ပံမျိုးနွယ်တွင် ကျန်းရှောင်နူ၏ အဆင့်အတန်းက အတော်လေးမြင့်ပုံပင်။
ကျန်းရှောင်နူသည်လည်း ထိုမျှတော့ ခန့်မှန်းပြီးသွားပေပြီ။ ကျန်းရီက သူမ၏ ဦးချိုနှစ်ချောင်းအကြောင်းကို မသိသေးသော်လည်း သူမကမူ ရှင်းရှင်းလင်းလင်း သိပေသည်။ သူမ ဒုတိယအကြိမ် ပုံစံပြောင်းလိုက်လျှင် သူမ၏ဦးခေါင်းပေါ်၌ ဦးချိုလေးနှစ်ချောင်း ထွက်လာပေသည်။ ထိုလူခြောက်ယောက်က သူမကဲ့သို့ တစ်ပုံစံတည်း ပုံစံပြောင်းခဲ့သည်။ ထို့ကြောင့် သူတို့က သေချာပေါက် မင်ရည်တောင်ပံမျိုးနွယ်မှ ဖြစ်ရပေမည်။
သို့သော် ကျန်းရှောင်နူသည် ပျော်ပုံမပေါ်ပေ။ ထိုအစား အတန်ငယ်ပင် ကြောက်ရွံ့ကာ စိတ်လှုပ်ရှားနေသည်။ သူမသည် နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်ပစ်လိုက်ပြီး ကျန်းရီထံသို့ လျှောက်သွားလိုက်သည်။ ကျန်းရီနားသို့ ရောက်သောအခါ ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အစ်မမူတို့ကို လှည့်ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ကျွန်မက ရှင်တို့ရဲ့ သခင်မလေး မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ပြန်သွားကြပါ.. ကျွန်မ ရှင်တို့ကို မသိပါဘူး။ သခင်လေး သွားကြစို့...”
***