ကျွန်မ ရှင့်မျက်နှာကို ထောက်မှာမဟုတ်ဘူး
Vol. 98 Ch. 1365
“အာ...”
မူဟုန်ချာတို့ အံ့ဩသွားကြ၏။ မူဟုန်ချာသည် ကျန်းရှောင်နူ၏ ကြောက်ရွံ့နေဟန်ကို ကြည့်၍ ကျန်းရှောင်နူက အတော်လေးကြောက်ရွံ့ခဲ့ခြင်း ဖြစ်ရမည်ဟု တွေးလိုက်၏။ ထို့နောက် ကျန်းရှောင်နူ၏ သွေးရွှဲနေသော ခန္ဓာကိုယ်ကို ဆက်ကြည့်လိုက်သည်။ သူမ သူမ၏ သတ်ဖြတ်အရှိန်အဝါကို ဆက်မထိန်းထားနိုင်တော့ပေ။ သူမသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ကောင်းကင်ထက်ရှိ မျက်ဝန်းတစ်စုံကိုလည်း ကြည့်လိုက်၏။ ပြီးမှ အေးစက်စက် မေးလိုက်သည်။
“သခင်မလေး... ဘာဖြစ်ခဲ့တာပါလဲ။ ဘယ်သူက သခင်မလေးကို ထိခိုက်အောင် လုပ်ချင်ခဲ့တာပါလဲ။ ထုတ်ပြောဖို့ မကြောက်ပါနဲ့။ သခင်မလေးကို ထိခိုက်အောင် လုပ်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သေရမယ်”
ဝှစ်...ဝှစ်...ဝှစ်...
လောရှန်းတို့သည် ရှောင်တိ အသတ်ခံလိုက်ရသည်ကို တွေ့ပြီးနောက် အလွန်ကြောက်ရွံ့နေကြပြီဖြစ်သည်။ ယခုတွင် မူဟုန်ချာ၏ စကားကို ကြားလိုက်သောအခါ သူတို့သည် ပို၍ပင် ကြောက်ရွံ့သွားကြပြီး ကျန်းရှောင်နူကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြသည်။ ကျန်းရှောင်နူက မည်သို့မှ မပြောဘဲ ကျန်းရီကိုသာ ကြည့်လိုက်၏။ သူမက မည်သို့လုပ်ရမည်မသိ ဖြစ်နေပုံပင်။
ကျန်းရီသည် ကျန်းရှောင်နူ၏ ခံစားချက်များကို အပြည့်အဝ နားလည်၏။ သူမသည် မင်ရည်တောင်ပံမျိုးနွယ်စုကို လိုက်ရှာရန် အမြဲတုံ့ဆိုင်းနေခဲ့သည်။ ယခင်တွင် ကျန်းရီသည် သူမအတွက် သူမ၏မျိုးနွယ်ကို လိုက်ရှာပေးလိုခဲ့သည်။ သို့သော် သူမက ထိုကိစ္စကို သိပ်သဘောကျပုံမရချေ။ သူမက အလွန်အပြစ်ကင်းသော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမသည် ကျန်းရီနောက်ကိုသာ ဆက်လိုက်လိုသည်။ ယခုတွင် မင်ရည်တောင်ပံမျိုးနွယ်ဝင် ခြောက်ယောက်က ရုတ်တရက် ပေါ်လာပြီး အလွန်လည်းစွမ်းအားကြီးနေသဖြင့် သူတို့က သူမကို ကျန်းရီနှင့် အတင်းခွဲမည်ကို သူမ စိုးရိမ်နေခြင်းပင်။ ထို့ကြောင့် သူမသည် ထိုခြောက်ယောက်ကို အသိအမှတ်မပြုလို၊ သူတို့၏ အကူအညီကို မယူလိုခြင်းဖြစ်သည်။
‘ထွက်သွားရမှာလား...’
‘ဒီအခြေအနေတောင် ရောက်နေမှတော့ ထွက်သွားနိုင်ပါဦးမလား...’
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ ကျန်းရှောင်နူသည် ထိုလူစုက မည်မျှစွမ်းအားကြီးကြောင်း မြင်နိုင်ရာ သူက မည်သို့မမြင်နိုင်ဘဲ နေမည်နည်း။ သူတို့က ကျန်းရှောင်နူအတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ သူ၏ လက်ရှိစွမ်းရည်လေးဖြင့် ကျန်းရှောင်နူကိုခေါ်ကာ ထွက်သွားနိုင်ပါမည်လော။ ကျန်းရီသည် သူတို့ကို တားရန်လည်း မတွေးမိခဲ့ပေ။ သူသည် ကျန်းရှောင်နူနှင့် မခွဲလိုသော်လည်း ကျန်းရှောင်နူကို သူမ၏မျိုးနွယ်နှင့် ပြန်စုံစည်းစေလိုသည်။ သူမကို သူမ၏မိဘများ၊ သူမ၏မျိုးနွယ်ဝင်များနှင် ပြန်ပေါင်းစုံစေလိုပေသည်။
ထို့ကြောင့် ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို ဆေးလုံးတစ်လုံး ပေးပြီးနောက် ဟွင့်သွမ့်ချီပုလဲလုံးထဲ ပြန်ထည့်လိုက်၏။ ထို့နောက် ကျန်းရှောင်နူကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“ရှောင်နူ... မကြောက်ပါနဲ့”
ကျန်းရီသည် ရှောင်နူကို နှစ်သိမ့်ပြီးနောက် လောရှန်းနှင့် လော့ဖူတို့ကို သတ်ဖြတ်လိုဟန်ဖြင့် လှည့်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“အားလုံးပဲ... ခင်ဗျားတို့သာ နည်းနည်းလောက် နောက်ကျပြီးမှ ရောက်လာရင် ကျွန်တော်တို့က သူတို့သတ်တာကို ခံလိုက်ရလောက်ပါပြီ။ ပြီးတော့.. ကျွန်တော်တို့ရဲ့ ကံကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ အကြိမ်အများကြီး သေပြီးနေလောက်ပါပြီ”
ဝုန်း...
လောရှန်းတို့သည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ကြရ၏။ လော့ဖူတို့သည်လည်း မျက်နှာတွင် သွေးမရှိတော့ပေ။ လောရှန်းသည် ရှောင်ဟုန်ကို အကူအညီလှမ်းတောင်းရန်ပင် မကြိုးစားတော့ချေ။ ရှောင်တိပင် အသတ်ခံလိုက်ရရာ သူတို့လို ပို၍တန်ဖိုးနည်းသူများအတွက် မည်သည့်မျှော်လင့်ချက် ရှိပါဦးမည်နည်း။
သို့သော် လော့ဖူက ကောင်းကင်ထက်ရှိ မျက်ဝန်းတစ်စုံကို မော့ကြည့်ကာ ကြောက်ရွံ့တကြီး အော်ပြောလိုက်သည်။
“အရှင်ကျိုးထျန်း.. ကျွန်တော်တို့ကို ကယ်ပါဦး”
ဝှစ်...ဝှစ်...
လော့ဖူက အော်နေစဉ်တွင် မူဟုန်ချာတို့က လှုပ်ရှားလိုက်ပေပြီ။ တစ်စက္ကန့်အတွင်းမှာပင် သူမတို့သည် လောမျိုးနွယ်ဝင်များဆီသို့ ရောက်သွားကြသည်။ အစိမ်းရောင်အလင်းတန်း ငါးတန်း လင်းလက်လသွားပြီး လောရှန်း၊ လောချင်းယန်နှင့် အခြားလောမျိုးနွယ်ဝင်များအားလုံး အပိုင်းပိုင်းအပြတ်ပြတ် စုတ်ဖြဲခံလိုက်ရသည်။ သူတို့အားလုံးက စက္ကန့်ပိုင်းအတွင်းမှာပင် အသတ်ခံလိုက်ရပေပြီ။
ဝှစ်...
ထို့နောက် မင်ရည်တောင်ပံမျိုးနွယ်ဝင်ငါးယောက်က လော့ဖူတို့ထံ ဆက်ပျံသန်းသွားလိုက်ကြသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ထက်ရှိ မျက်ဝန်းတစ်စုံက အေးစက်သွား၏။ ယင်းနောက် အသံတစ်သံကို ကြားလိုက်ရသည်။
“မင်ရည်တောင်ပံမျိုးနွယ်ဝင်တွေ... ခင်ဗျားတို့ ကျုပ်မျက်နှာကို နည်းနည်းလောက် ထောက်ထားပေးလို့ရမလား”
“ဟင်းဟင်း...”
အစ်မမူက ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။
“ရှင်က ကျိုးထျန်းဝူမလား။ တောင်းပန်ပါတယ်... ဒီနေ့ ကျွန်မ ရှင့်မျက်နှာကို ထောက်မှာမဟုတ်ဘူး။ သတ်ကြ...”
ဝှစ်...ဝှစ်...
မင်ရည်တောင်ပံမျိုးနွယ်ဝင် ငါးယောက်သည် လော့ဖူတို့ထံ ဆက်ပျံသန်းသွား၏။ အစိမ်းရောင်အလင်းတန်းများ လင်းလက်သွားပြီးနောက်တွင် အသက်ရှင်ကျန်နေသော လော့မျိုးနွယ်ဝင် မရှိတော့ပေ။ သူတို့အားလုံး အသတ်ခံလိုက်ရပေပြီ။ ပြီးနောက် ထိုငါးယောက်သည် မူဟုန်ချာ၏ဘေးသို့ ပြန်သွားလိုက်ကြသည်။
ကျိုးထျန်းဝူ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူ၏ အေးစက်စက်အသံ ထပ်မံထွက်ပေါ်လာသည်။
“ဟွန်း... သိမ်းငှက်စိမ်းဘုရင်ရဲ့ လက်အောက်ငယ်သားတွေက တကယ့်ကို စိတ်ကြီးဝင်နေကြတာပဲ။ နောက်ကျ ကျုပ် သိမ်းငှက်စိမ်းဘုရင်နဲ့ တွေ့တဲ့အခါ တရားမျှတမှုကို တောင်းရမှာပဲ”
စကားသံဆုံးသွားသောအခါ ကောင်းကင်ထက်ရှိ မျက်ဝန်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကျိုးထျန်းဝူသည် စကားတစ်ခွန်းသာ ပြောခဲ့ပြီး မည်သို့မှ မလုပ်ခဲ့ချေ။
ကျန်းရီ တုန်လှုပ်သွားသည်။ မင်ရည်တောင်ပံမျိုးနွယ်က တိရှဘုံ၏ စစ်နတ်ဘုရားစံအိမ်အရှင်၏ မျက်နှာကိုပင် မထောက်ထားခဲ့သည်လော။ ထို့ပြင် သူတို့က သူ့အရှေ့တွင် စစ်နတ်ဘုရားစံအိမ်ဝင်များကို သတ်ပစ်ခဲ့သည်လော။ သူတို့ သတ်ပစ်ခဲ့သူများထဲတွင် မြို့ငယ်တစ်မြို့၏ စစ်နတ်ဘုရားစံအိမ်အရှင်လည်း ပါပေသည်။ ထိုမင်ရည်တောင်ပံမျိုးနွယ်က မည်မျှအင်အားကြီးပါသနည်း။
“ဟူး...”
မိုလင်းချိုးက သက်ပြင်းသဲ့သဲ့ချလိုက်၏။ သို့သော် အံ့အားသင့်ပုံတော့ မပေါ်ပေ။ ရှောင်ဟုန်သည်လည်း လောရှန်းတို့၏ အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ယနေ့တွင် လောမျိုးနွယ်နှင့် လော့မျိုးနွယ်တို့က သေချာပေါက် ပျက်သုဉ်းရတော့မည် ဖြစ်ကြောင်းကို သူတို့ သိပေသည်။ မင်ရည်တောင်ပံမျိုးနွယ်စုမှာ တိရှဘုံရှိ အမောက်မာဆုံး မျိုးနွယ်တစ်ခုဖြစ်သည်။ သူတို့က သိုသိုသိပ်သိပ်နေကြ၍ သာမန်လူများက သူတို့အကြောင်းကို မသိလောက်သော်လည်း တိရှဘုံရှိ စွမ်းအားကြီး သိုင်းသမားအားလုံးကတော့ သိမ်းငှက်စိမ်းဘုရင်ကို လုံးဝ အပြစ်ပြုမိ၍ မရကြောင်း သိကြပေသည်။ သိမ်းငှက်စိမ်းဘုရင်က တိရှဘုံတွင် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ အကျင့်စရိုက်ကလည်း အလွန်ဆိုးသွမ်းသည်။
အစ်မမူသည် ထိုလူအားလုံးကို သတ်ဖြတ်ပြီးနောက် ကျန်းရှောင်နူကို လှည့်ကြည့်ကာ ခပ်ရေးရေးပြုံး၍ ပြောလိုက်သည်။
“သခင်မလေး... သခင်မလေးရဲ့ ခန္ဓာကိုယ်ထဲမှာ မင်ရည်တောင်ပံမျိုးနွယ်ရဲ့ တော်ဝင်သွေးတွေ စီးဆင်းနေပါတယ်။ ကျွန်မတို့ရဲ့ အာရုံက မမှားနိုင်ပါဘူး။ ပြီးတော့ မျိုးနွယ်ဘုရင်ကလည်း မကြာသေးခင်ကမှ သခင်မလေးရဲ့ အရှိန်အဝါ တိရှဘုံထဲမှာ ထွက်ပေါ်လာတာကို အာရုံခံမိခဲ့ပါတယ်။ အဲ့ဒါကြောင့် သူက ကျွန်မတို့ကို သခင်မလေးကို လာခေါ်ခိုင်းခဲ့တာပါ။ အခု ကျွန်မတို့နဲ့ မြန်မြန် ပြန်လိုက်ခဲ့ပါ...”
“မျိုးနွယ်ဘုရင်နဲ့ သိမ်းငှက်ဧကရီ... အို့.. ဟုတ်သား.. သူတို့က သခင်မလေးရဲ့ အဖေနဲ့အမေပါ။ သူတို့က သခင်မလေးကို အရမ်းလွမ်းနေကြပါတယ်။ ပြီးတော့ သခင်မလေး အိမ်ပြန်ရောက်ပြီး ကောင်းကင်ရေကန်မှာ သန့်စင်လိုက်ရင် ပိုပြီးသန်မာလာမှာပါ”
“အာ...”
ကျန်းရီသည် မင်ရည်တောင်ပံမျိုးနွယ်ဝင် ကျန်းရှောင်နူ၏ အဆင့်အတန်းက မနိမ့်လောက်ဟု ခန့်မှန်းခဲ့သည်။ သို့သော် သူမက မင်ရည်တောင်ပံမျိုးနွယ်ဘုရင်၏ သမီးတော်ဖြစ်နေလိမ့်မည်ဟုတော့ မထင်ခဲ့ချေ။ ယခုတွင် ကျန်းရီ စတင်၍ ခေါင်းရှုပ်လာသည်။ ကျန်းရှောင်နူက မင်ရည်တောင်ပံမျိုးနွယ်၏ မင်းသမီးဆိုလျှင် အဘယ်သို့ ရီဖျောင်ဖျောင် သူမကို အနိမ့်ဘုံသို့ ခေါ်လာနိုင်ခဲ့ခြင်းနည်း။
အစောတွင် ဖြစ်ပျက်ခဲ့သည်များအရ မင်ရည်တောင်ပံမျိုးနွယ်က ရီဖျောင်ဖျောင်၏မျိုးနွယ်ထက် အင်အားမနည်းလောက်ကြောင်း ကျန်းရီ ခန့်မှန်းမိသည်။ ရီဖျောင်ဖျောင်၏မျိုးနွယ်ထင်ပင် အင်အားပိုကြီးလျှင်ပင် ကြီးလိမ့်ဦးမည်။
“ဟင့်အင်း... ကျွန်မ ရှင်တို့နဲ့ ပြန်လိုက်မှာ မဟုတ်ဘူး။ ကျွန်မက သခင်လေးနဲ့ပဲ ရှိနေချင်တယ်”
ကျန်းရှောင်နူ၏ အသံက ကျန်းရီ၏ အတွေးစကို ပြတ်သွားစေ၏။ မူဟန်ချာက ကျန်းရီကို လှမ်းကြည့်လိုက်၏။ သူမ၏ လှပသောမျက်ဝန်းများက အလွန်နက်ရှိုင်းနေသည်။ ထိုမျက်ဝန်းများက ကျန်းရီနှင့် တစ်ချက်အကြည့်ဆုံလိုက်ရုံဖြင့် ကျန်းရီ၏ လျှို့ဝှက်ချက်အားလုံးကို ဖောက်မြင်နိုင်သကဲ့သို့ပင်။ ကျန်းရီ စိတ်လှုပ်ရှားသွားပြီး အလွန်မသက်မသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် တံဆိပ်စာလုံးများကို ထိန်းချုပ်၍ သူ့စိတ်ဝိညာဉ်ကို ကာကွယ်ထားလိုက်သည်။
“ဟွန်း...”
အစ်မမူ၏ မျက်ဝန်းများက အေးစက်လာ၏။ သူမ၏ သတ်ဖြတ်အရှိန်အဝါကလည်း ကျန်းရီအပေါ် ကျရောက်သွားသည်။ ထို့နောက် သူမ အေးစက်စက် ပြောလိုက်သည်။
“သခင်မလေးက ဒီလောက်အကြာပြီး ပျောက်နေခဲ့တာ မထူးဆန်းတော့ပါဘူး။ မင်းရဲ့ အမေက သူ့ကို အနိမ့်ဘုံဆီ ခေါ်သွားခဲ့တာပဲ။ သူက သခင်မလေးကိုတောင် ဖမ်းခေါ်သွားရဲတယ်ပေါ့လေ။ မင်းရော မင်းရဲ့အမေရော သေရလိမ့်မယ်”
ဝှစ်...
မူဟုန်ချာ လှုပ်ရှားလိုက်၏။ သူမ၏ အစိမ်းရောင်လက်သည်းများက ကျန်းရီ၏ ဦးခေါင်းကို စုတ်ဖြဲလိုက်ပေတော့မည်။ သူမ လှုပ်ရှားလိုက်ချိန်တွင် အလွန်အားကောင်းသော ဖိအားအရှိန်အဝါတစ်ခုက ကျန်းရီကို ဖိနှိပ်သွား၍ ကျန်းရီသည် သူ့အရို့အားလုံးက အစိတ်စိတ်အမွှာမွှာ ကျိုးလာပြီး သူ့စိတ်ဝိညာဉ်က အချိန်မရွေး ပျက်စီးပျောက်ကွယ်သွားတော့မည်ဟုပင် ခံစားလိုက်ရသည်။
“မကောင်းတစ်ခု ဖြစ်လာတော့မယ်...”
ကျန်းရီက နာကျင်တကြီး အော်ပြောလိုက်သည်။ အစ်မမူက အမှန်ပင် သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် စစ်ဆေးလိုက်ပြီး ကျန်းရှောင်နူ၏အကြောင်းများကို သိသွားခဲ့သည်။ ကျန်းရီသည် ရှင်းပြလိုခဲ့၏။ သို့သော် ပြဿနာမှာ စကားပြောရန် အခွင့်အရေးပင် မရခဲ့ခြင်းပင်။
အစိမ်းရောင်လက်သည်းများက ကြီးထွားလာပြီး ကျန်းရီထံသို့ အလွန်လျင်မြန်စွာ ချဉ်းကပ်လာသည်။ ကျန်းရီသည် သူအသတ်ခံရတော့မည်ကို ကြည့်၍သာနေနိုင်ပေသည်။ သူ့တွင် နောင်တများစွာ မရှိပေ။ အနည်းဆုံးတော့ ကျန်းရှောင်နူက သူမ၏မျိုးနွယ်ဝင်များနှင့် ပြန်ဆုံသွားပြီဖြစ်၍ အသတ်ခံရတော့မည် မဟုတ်ချေ။
“ရှင် သူ့ကို သတ်ရဲလား။ အခု ကျွန်မကိုယ်ကျွန်မ သတ်သေပစ်မယ်ဆိုတာကို ရှင်ယုံလား”
ကျန်းရီအနောက်မှနေ၍ ရေခဲတမျှအေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အလွန်အားပါသည်။ ယင်းမှာ တစ်စုံတစ်ယောက်က အင်အားကုန်သုံး၍ အော်ပြောလိုက်သောအသံဖြစ်ကြောင်း ထင်ရှားပေသည်။
ကျန်းရှောင်နူက ပြောလိုက်သောအခါ ထက်ရှသော လက်သည်းစိမ်းများက ရုတ်ခြည်း ရပ်တန့်သွားသည်။ ၎င်းတို့က ကျန်းရီ၏ မျက်လုံးရှေ့သို့ပင် ရောက်နေပြီဖြစ်သည်။ ထို့နောက် အေးစက်စက်လှိုင်းတစ်လှိုင်းက ကျန်းရီ၏ ဦးခေါင်းထဲဝင်သွားပြီး ကျန်းရီကို ရေခဲရေထဲ နစ်မြုပ်သွားသကဲ့သို့ ခံစားရစေလိုက်၏။ အအေးဓာတ်က အလွန်ပြင်းပေသည်။
“သခင်မလေး...”
မူဟုန်ချာသည် သူမ၏ လက်သည်းများကို ပြန်ရုတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
“သိမ်းငှက်ဧကရီက သခင်မလေးကို မွေးခဲ့တဲ့နှစ်မှာ မတော်တဆမှုလေးတစ်ခု ရှိခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့အမေက သခင်မလေးက ဘယ်သူဆိုတာကို သိလို့ သခင်မလေးကို အနိမ့်ဘုံဆီ ခေါ်သွားခဲ့တာပါ။ အဲ့ဒါကြောင့် သခင်မလေးနဲ့ သိမ်းငှက်ဧကရီတို့က နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရတာပါ။ ပြီးတော့ သခင်မလေးလည်း အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကို ခွင့်လွှတ်မပေးနိုင်ပါဘူး...”
“မျိုးနွယ်ဘုရင်သာ ဒီအကြောင်းကို သိသွားရင် သူ့ရဲ့ အကျင့်စရိုက်အရ သူက သူတော်စင်ဝိညာဉ်ဘုံကို ချက်ချင်းသွားပြီး သူ့အမေကို သတ်ပစ်မှာပါ။ မင်ရည်တောင်ပံမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းခံလို့ မရပါဘူး။ ကျွန်မတို့မျိုးနွယ်နဲ့ လာရှုပ်တဲ့သူတိုင်းကို ခြွင်းချက်မရှိ သတ်ပစ်ရမှာပါ”
“ဘာ...”
ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ကျန်းရှောင်နူ၏ အဖေက အမှန်ပင် ရီဖျောင်ဖျောင်ကို သွားသတ်နိုင်သလော။ အခြေအနေက အလွန်လျင်မြန်စွာပင် ကြီးကျယ်လာပေသည်။ ထို့ပြင် ကျန်းရှောင်နူ၏ အဖေနှင့် မင်ရည်တောင်ပံမျိုးနွယ်က အတော်လေး ကြမ်းတမ်းရက်စက်ကာ စိတ်ကြီးဝင်လွန်းနေသည်မဟုတ်လော။
ကျန်းရှောင်နူက အလွန်ပြတ်သားသည်။ သူမသည် ကျန်းရီ၏ခါးကို လက်နှစ်ဘက်ဖြင့် တင်းကြပ်စွာ ဖက်ထားပြီး အံကြိတ်၍ ထပ်မံပြောလိုက်သည်။
“ရှင်တို့ရဲ့ မျိုးနွယ်ဘုရင်နဲ့ သိမ်းငှက်ဧကရီကို ကျွန်မ ဂရုမစိုက်ဘူး။ ရှင်တို့ သခင်လေးကို သတ်လိုက်ရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေမှာပဲ။ ကျွန်မမှာ အဖေရော၊ အမေရော မရှိဘူး။ ကျွန်မဘဝမှာ ဆွေမျိုးတစ်ယောက်ပဲ ရှိတယ်။ အဲ့ဆွေမျိုးက သခင်လေးပဲ”
***