← Chapters

ရှောင်နူ... သွားကြစို့

Vol. 98 Ch. 1366

ရှောင်နူ... သွားကြစို့

Vol. 98 Ch. 1366

ကျန်း‌ရှောင်နူအတွက် မိဘများဆိုသည်မှာ မရင်းနှီးသော အကြောင်းအရာတစ်ခု ဖြစ်သည်။ သူမသည် ငယ်ငယ်ကတည်းက သူမကိုယ်သူမ မိဘမဲ့တစ်ယောက်အဖြစ် တွေးခဲ့ပြီး သူမတွင် မိဘများ ရှိသေးသည်ဟု တစ်ခါမှ စိတ်မကူးခဲ့ပေ။ သူမက အလွန်ရိုးသားပွင့်လင်းသည်။ ကျန်းရီက သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။ ကျန်းယွင်ဟိုင်ကိုပင် သူမ၏ဆွေမျိုးဟု မသတ်မှတ်နိုင်ပေ။ ကျန်းယွင်ဟိုင်က နှစ်ပေါင်းများစွာ ပျောက်နေခဲ့ပြီး သူမနှင့် ကျန်းရီတို့ကတော့ တစ်ယောက်အပေါ်တစ်ယောက် မှီခိုကာ ကြီးပြင်းခဲ့ရသည်။

ကျန်းရှောင်နူသည် သူမက အမှန်ပင် မင်ရည်တောင်ပံမျိုးနွယ်မှဖြစ်ကြောင်း သိသည်။ သူမကို ရီဖျောင်ဖျောင်က အနိမ့်ဘုံသို့ ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိသည်။ မင်ရည်တောင်ပံမျိုးနွယ်စုနှင့် သူမ၏မိဘများက တစ်နေရာရာတွင် ရှိနေနိုင်သေးကြောင်းကိုလည်း သိခဲ့သည်။ သို့သော် သူမသည် သူမ၏မိဘများအပေါ်တွင် မျှော်လင့်ချက်များစွာ မထားခဲ့ပေ။ ဆိုရလျှင် သူတို့ကို အတန်ငယ်ပင် စက်ဆုပ်ပေသည်။ အခြေအနေများက မည်သို့ပင်ဖြစ်ခဲ့စေ သူတို့က သူမကို စွန့်ပစ်ခဲ့ပြီဖြစ်၍ သူမက သူတို့နှင့် မသက်ဆိုင်တော့ဘဲ ကျန်းရီတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည်ဟု သူမ ခံစားရသည်။

မူဟုန်ချာနှင့် အခြားမင်ရည်တောင်ပံမျိုးနွယ်ဝင်များသည် မည်သို့လုပ်ရမည်မသိ ဖြစ်သွားကြ၏။ သူမတို့သည် ကျန်းရှောင်နူကို ရှာတွေ့သည်နှင့် ကျန်းရှောင်နူက အလွန်ဝမ်းမြောက်ကာ သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဧကရီတို့ကို သွားတွေ့ရန် မစောင့်နိုင်တော့အောင် ဖြစ်နေလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူမက ပြန်မလိုက်လိုရုံသာမက သူမကို ဖမ်းခေါ်သွားသူ၏ သားကိုပင် ကာကွယ်ပေးနေပေသည်။

မူဟုန်ချာသည် ခေတ္တမျှ တွေးတောကာ မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။

“သခင်မလေး... သခင်မလေးက ငယ်ပါသေးတယ်။ သူတို့ရဲ့ အလိမ်အညာတွေကို မယုံပါနဲ့။ သူတို့ကြောင့်သာ မဟုတ်ရင် သခင်မလေးက ဘယ်လိုလုပ် အနိမ့်ဘုံကို ရောက်သွားခဲ့မှာလဲ၊ ဘယ်လိုလုပ် ဒုက္ခတွေ၊ အန္တရာယ်တွေ အများကြီးကို ဖြတ်ကျော်ခဲ့ရမှာလဲ။ သူတို့ကြောင့်သာ မဟုတ်ရင် သခင်မလေးက သိမ်းငှက်ဧကရီ၊ မျိုးနွယ်ဘုရင်နဲ့ အခြားမျိုးနွယ်ဝင်တွေနဲ့ ဘယ်လိုလုပ် ကွဲကွာခဲ့ရမှာလဲ၊ ဘယ်လိုလုပ် အခုလောက်ပဲ သန်မာဦးမှာလဲ။ သူက သခင်မလေးအပေါ် ကောင်းခဲ့တယ်ဆိုပေမဲ့ မျိုးနွယ်ဘုရင်သာ ဒီအကြောင်းတွေကို သိသွားရင် သူက သေချာပေါက် အသတ်ခံရမှာပဲ။ မျိုးနွယ်ဘုရင်ရဲ့ အကျင့်စရိုက်က အဆိုးဆုံးစရိုက်တွေထဲက တစ်ခုပဲ...”

“အာ...”

ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ အဆိုးဆုံးအခြေအနေက မလာသေးပေ။ သူတို့က မင်ရည်တောင်ပံမျိုးနွယ်ကို ရှာတွေ့ခဲ့သော်လည်း ထိုမျိုးနွယ်က သူတို့ကို မကူညီရုံသာမက သူနှင့် သူ့အမေပါ အသက်အန္တရာယ်ရှိလာပုံပင်။ ထိုမျိုးနွယ်က အတော်လေး မောက်မာလွန်းသည်။ ကျန်းရှောင်နူ၏ အဖေကလည်း တိရှဘုံရှိ စွမ်းအားအကြီးဆုံးသူ ဖြစ်ပုံ‌ပေါ်သည်။ ထို့ပြင် သူ၏ အကျင့်စရိုက်က မည်သူကမှ မထိန်းနိုင်လောက်အောင် ဆိုးပုံရပေသည်။

ကျန်းရှောင်နူလည်း အတော်လေး စိတ်လှုပ်ရှားလာသည်။ သို့သော် သူမသည် ကိစ္စများကို လျင်မြန်စွာ တွေးတော၍ ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်မ ဂရုမစိုက်ဘူး။ သခင်လေး သေမယ်ဆိုရင် ကျွန်မလည်း အသက်မရှင်ချင်တော့ဘူး။ သူ့ကို သတ်ချင်ရင် ကျွန်မကို အရင်သတ်မှရမယ်။ သခင်လေးရဲ့ အမေအတွက်လည်း အတူတူပဲ။ သူတို့နှစ်ယောက်ကို ထိရင် ကျွန်မရဲ့အလောင်းကို ကောက်ဖို့ ပြင်ထားပေတော့”

မူဟုန်ချာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူမတို့ ကျဉ်းထဲကျပ်ထဲ ရောက်နေပေပြီ။ ထိုသခင်မလေးက သူမ၏အဖေကဲ့သို့ ပြောမရဆိုမရ ခေါင်းမာပေသည်။ ထိုအခိုက်တွင် မူဟုန်ချာသည် ကျန်းရီကို မသတ်ဝံ့တော့ပေ။ အကယ်၍ ကျန်းရှောင်နူက အမှန်တကယ် သတ်သေသွားလျှင် သိမ်းငှက်စိမ်းဘုရင်က သူမကို တစ်ချက်တည်းနှင့် သတ်ပစ်မည်ဖြစ်သည်။

မူဟုန်ချာသည် ခေတ္တမျှ တွေးတော၍ ပြန်ပြောလိုက်၏။

“သခင်မလေး... အရင်ဆုံး ကျွန်မတို့နဲ့ ပြန်လိုက်ခဲ့ပါ။ ကျွန်မ အဲ့ကောင်လေးကို မသတ်ဘူးလို့ ကတိပေးပါတယ်။ မျိုးနွယ်ဘုရင်ကိုလည်း အဲ့ကိစ္စကို မေ့ပစ်လိုက်ဖို့ ဖျောင်းဖျပေးပါမယ်။ မြန်မြန် ကျွန်မတို့နဲ့ လိုက်ခဲ့ပါ။ သိမ်းငှက်ဧကရီက သခင်မလေးကို အရမ်းသတိရနေပါတယ်။ သူက သခင်မလေးအတွက် အမြဲတိတ်တခိုးငိုကြွေးနေခဲ့ရတာပါ”

“ကျွန်မ ပြန်မလိုက်ဘူး”

ကျန်းရှောင်နူက အလွန်ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်မက သခင်လေးသွားတဲ့နောက်ကိုပဲ လိုက်မှာ”

မူဟုန်ချာ စိတ်ပျက်သွားပြီး သူမ၏ အဖော်တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သို့သော် ကျန်းရှောင်နူက တစ်စုံတစ်ခုကို သတိပြုမိသွားပုံနှင့် ဆက်ပြောလိုက်သည်။

“ရှင်တို့ ကျွန်မကို အတင်းခေါ်သွားဖို့ မတွေးတာ ကောင်းလိမ့်မယ်။ ကျွန်မက သခင်လေးနဲ့ ကွဲသွားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှာပဲ။ ရှင်တို့ ကျွန်မကို တစ်ကိုယ်လုံးကြိုးတုပ်ပြီး ဖမ်းထားလို့ မရဘူးမလား”

“...”

မူဟုန်ချာ ဆွံ့အသွားသည်။ သို့သော် သိမ်းငှက်စိမ်းဘုရင်၏ သမီးတော်မှာ ထိုသို့သာ ပြုမူပေလိမ့်မည်ဟု သူမ တွေးလိုက်သည်။ ကျန်း‌ရှောင်နူ၏ အကျင့်စရိုက်က သူမ၏အဖေနှင့် တစ်ပုံစံတည်းတူသည်။ သူမက အလွန်ခေါင်းမာပေသည်။ သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသည်နှင့် မည်သူကမှ သူမ၏စိတ်ကို ပြောင်းနိုင်တော့မည် မဟုတ်ပေ။

“ငါတို့ အဲ့ကောင်လေးကိုပါ ခေါ်သွားရမလား”

မူဟုန်ချာသည် သူမဘာသာ ရေရွတ်ကာ ခေါင်းခါလိုက်၏။ သိမ်းငှက်စိမ်းဘုရင်၏ အကျင့်စရိုက်ကို သူမ ကောင်းစွာနားလည်ပေသည်။ အကယ်၍ သူ ဒေါသထွက်လာလျှင် ကျန်းရီကို ချက်ချင်း သတ်ပစ်ပေလိမ့်မည်။ ထိုအခါ ကျန်းရှောင်နူကလည်း သူမကိုယ်သူမ သတ်သေမည်ဖြစ်သည်။ မူဟုန်ချာသည် သိမ်းငှက်စိမ်းဘုရင်ကို ဖျောင်းဖျရန် အကောင်းဆုံး ကြိုးစားပေးမည်ဟု ပြောခဲ့သည်။ သို့သော် သိမ်းငှက်စိမ်းဘုရင်က ရီဖျောင်ဖျောင်နှင့် ကျန်းရီကို အလွတ်ပေးမည်၊ မပေးမည်ကို မည်သူကမှ အတပ်မပြောနိုင်ပါပေ။

နောက်ဆုံးတွင် မူဟုန်ချာသည် ကျန်းရီကို လှမ်းကြည့်လိုက်သည်။ ကျန်းရှောင်နူက ထိုအနိမ့်ဘုံမှ တောသား၏စကားကို နားထောင်ပုံရသည် မဟုတ်လော။ ကျန်းရှောင်နူကို ဖျောင်းဖျပေးရန် သူ့အား စည်းရုံးမည်ဆိုလျှင် အသို့နည်း။

မူဟုန်ချာသည် အတန်ငယ် တွေးတောပြီးနောက် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“မင်းနာမည်က ကျန်းရီမလား။ ငါ မင်းကို ဖုံးကွယ်နေမှာ မဟုတ်ပါဘူး။ သခင်မလေးရဲ့အဖေ သိမ်းငှက်စိမ်းဘုရင်က တိရှဘုံမှာ နံပါတ်(၁)ပဲ။ ကောင်းကင်ဘုံမှာဆိုရင်တောင် သိမ်းငှက်စိမ်းဘုရင်က အရေးပါတဲ့သူတစ်ယောက်ပဲ။ အင်အားအရဆိုရင် မင်ရည်တောင်ပံမျိုးနွယ်ကလည်း တိရှဘုံမှာ နံပါတ်(၁)ပဲ။ သခင်မလေးရဲ့ သွေးက ငါတို့မျိုးနွယ်ရဲ့ တော်ဝင်သွေး။ သူ အိမ်ပြန်ရောက်လာပြီး ‌ကောင်းကင်ရေကန်မှာ သန့်စင်လိုက်ရင် သူရဲ့အင်အားက ဆတိုး တိုးလာမှာ။ သူက တိရှတစ်ဘုံလုံးက လေးစားရတဲ့ အဆင့်အတန်းမြင့် မင်းသမီးတစ်ယောက်ပဲ။ မင်းကတော့... ဘာမှမဟုတ်ဘူး။ အဲ့တော့ သူ့ရဲ့ သခင်လေး ဆက်ဖြစ်နေဖို့ စိတ်တောင်မကူးနဲ့။ မင်းက သူနဲ့ မိတ်ဆွေဖြစ်ဖို့တောင် မထိုက်တန်ဘူး။ မင်း နားလည်လား”

“ဟင်းဟင်း...”

ကျန်းရီက ခပ်ရေးရေးပြုံးလိုက်၏။ သူ့မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့ မျက်နှာထားလည်း ထွက်ပေါ်လာသည်။ မူဟုန်ချာ၏ စကားများက အလွန်နာကျင်စေသည်။ သူမ၏ ဆိုလိုရင်းက ရှင်းသည်။ ကျန်းရှောင်နူက အထက်ဘုံမှ နတ်မိမယ်လေးဖြစ်ပြီး သူကတော့ အနိမ့်ဘုံမှ တောသားတစ်ယောက်ဖြစ်သည်။ သူတို့၏ အဆင့်အတန်းက မိုးနှင့်မြေလို ကွာခြားသည်။ သူက သူမ၏ဖိနပ်ကိုပင် ကိုင်ခွင့်မရှိပေ။

ကျန်းရီ ပြန်မပြောလိုက်ချေ။ ပြန်ပြောလိုလျှင်ပင် အထက်ဘုံ၌ သူ အသံပို့လွှတ်၍ မရပေ။ မူဟုန်ချာ၏ စကားသံက သူ့ခေါင်းထဲသို့ ဆက်၍ ရောက်ရှိလာသည်။

“အတိတ်တုန်းက မျိုးနွယ်ဘုရင်နဲ့ သိမ်းငှက်ဧကရီတို့က ရှုခင်းကြည့် သွားခဲ့ကြတာ။ လမ်းမှာ သူတို့ စွမ်းအားကြီး တမလွန်ဘုံဘုရင်နဲ့ ကြုံခဲ့ရတယ်။ မျိုးနွယ်ဘုရင်နဲ့ တမလွန်ဘုံဘုရင်တို့က တိုက်ခိုက်ခဲ့ကြပြီး နှစ်ယောက်စလုံး အနန္တမိစ္ဆာဒေသထဲကို ကျသွားခဲ့တယ်။ သိမ်းငှက်ဧကရီကလည်း အပြင်းအထန် ဒဏ်ရာရသွားပြီး စောစောမီးဖွားခဲ့ရတယ်။ အဲ့မှာ နောက်ကလိုက်လာခဲ့တဲ့ တမလွန်ဘုံစစ်သူကြီးတွေ ရှိခဲ့လို့ သိမ်းငှက်ဧကရီက သခင်မလေးကို ဂူတစ်ခုထဲမှာ ဖွက်ခဲ့ရတယ်...”

“နောက်ဆုံးကျတော့ သခင်မလေး ပျောက်သွားခဲ့တာပဲ။ ငါတို့မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံး တိရှဘုံတစ်ခုလုံးကို မြေလှန်ရှာကြတယ်။ ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး။ သိမ်းငှက်ဧကရီက တစ်ချိန်လုံး ဘယ်လို ခံစားနေခဲ့ရမလဲဆိုတာကို မင်း တွေးကြည့်နိုင်မှာပါ။ တကယ်လို့ မျိုးနွယ်ဘုရင်သာ မင်းအမေက သခင်မလေးကို ခိုးသွားခဲ့တာဆိုတာကို သိသွားရင် သူ ဘာတွေ လုပ်ပစ်နိုင်တယ်ဆိုတာကို မင်း တွေးကြည့်နိုင်လား...”

“ကောင်လေး... အခု ငါ မင်းကို ‌ရွေးချယ်စရာနှစ်ခု ပေးမယ်။ ပထမတစ်ခုက.. မင်း၊ မင်းအမေနဲ့ အနိမ့်ဘုံတစ်ခုလုံး ရှင်းပစ်ခံရမယ်။ ဒုတိယက.. မင်း သခင်မလေးကို မျိုးနွယ်ဆီ ပြန်လိုက်သွားဖို့ ဖျောင်းဖျပေးရမယ်။ အဲ့လိုဆိုရင် ဒီကိစ္စကို ဘယ်သူကမှ ဆက်ပြောတော့မှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်။ မင်းတို့တွေလည်း အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရလိမ့်မယ်”

‘ခိုးသွားတာတဲ့လား...’

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းရီ၏ မျက်ဝန်းများ ရုတ်ခြည်း အေးစက်သွားသည်။ မူဟုန်ချာ၏ ပြောပုံအရဆိုလျှင် ရီဖျောင်ဖျောင်က သွားရင်းလာရင်းဖြင့် လမ်းတွင် ကလေးမလေးတစ်ယောက်ကို တွေ့သဖြင့် သနားကာ ခေါ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရမည်။ သို့သော် မူဟုန်ချာက ယင်းကို ခိုးယူခြင်း၊ ပြန်ပေးဆွဲခြင်းဟု ပြောနေသည်လော။

ကျန်းရီသည် မွေးကတည်းက မည်သည့်အရာကိုမှ မကြောက်ခဲ့ပေ။ သူ သောင်းကျန်းသည့်အခါတွင် မည်သူကမှ သူ့ကို မထိန်းနိုင်ခဲ့ချေ။ ယခုလည်း သူ အေးစက်စက် ရယ်ကာ ပြောလိုက်သည်။

“ရှောင်နူ.. သွားကြစို့။ သူတို့က ဒီလောက်မောက်မာနေပြီး ပြောဆိုမရမှတော့ မင်ရည်တောင်ပံမျိုးနွယ်ကို မပြန်လည်း ဘာအရှုံးမှ မရှိပါဘူး။ အလွန်ဆုံးမှ... ငါ မင်းနဲ့အတူ တမလွန်ဘုံကို သွားရုံပေါ့”

“ဟုတ်ကဲ့...”

ကျန်းရှောင်နူက ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ သူမသည် မင်ရည်တောင်ပံမျိုးနွယ်အပေါ် ခင်တွယ်မှု လုံးဝမရှိပေ။ သူမ၏ မိဘများကိုလည်း တစ်ခါမှ မတွေ့ဖူးရာ သူတို့အပေါ်တွင်လည်း မည်သို့မှ မခံစားရချေ။ သူမသည် ကျန်းရီ၏စကားကိုသာ နားထောင်သည်။ သူမ မူဟုန်ချာတို့ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ဘယ်သူမှ လိုက်မလာနဲ့နော်... မဟုတ်ရင် ကျွန်မ သခင်လေးနဲ့အတူ သေပစ်လိုက်မှာ။ ကျွန်မ အတည်ပြောတာ”

ကျန်းရှောင်နူ၏ ပုံစံက အလွန်ပြတ်သားနေပုံပေါ်သည်။ ထိုအခိုက်တွင် မူဟုန်ချာတို့သည် သိမ်းငှက်စိမ်းဘုရင်ကို သူမတို့ကို ပြောနေသကဲ့သို့ ခံစားလိုက်ကြရသည်။ ထို့ကြောင့် မည်သူမှ မနာခံဘဲ မနေဝံ့ကြပေ။

ကျန်းရီသည် ကျန်းရှောင်နူကို ခေါ်၍ အဝေးသို့ ပြေးသွား၏။ သူက ဒဏ်ရာရထားပြီး သူ၏စိတ်ဝိညာဉ်ကလည်း အလွန်အားနည်းနေသဖြင့် သူ့အမြန်နှုန်းက အလွန်နှေးနေသည်။ သို့သော် သူ၏ ခြေလှမ်းများက မြဲမြံပြီး သူ၏နောက်ကျောက ဓားတစ်ချောင်းကဲ့သို့ ဖြောင့်စင်းပေသည်။

“...”

မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သို့ ဆက်လုပ်ရမည်မသိ ဖြစ်ကုန်ကြသည်။ မူဟုန်ချာသည် အံကြိတ်၍ အားလုံးကို နောက်မှ လိုက်သွားရန် လက်ဟန်ပြလိုက်သည်။ သို့သော် သူမတို့ လှုပ်ရှားတော့မည့် အခိုက်တွင် ကျန်းရှောင်နူက ရုတ်ခြည်း လှမ်းကြည့်လိုက်၍ မည်သူမှ မလှုပ်ရှားဝံ့တော့ပေ။ သို့ဖြင့် မူဟုန်ချာသည် ကျန်းရီက ကျန်းရှောင်နူကို အဝေးသို့ ခေါ်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်၍သာ နေရလေတော့သည်။

“အဲ့ဒါက...”

မင်ရည်တောင်ပံမျိုးနွယ်ဝင်များ စိတ်လှုပ်ရှားလာကြသည်။ မူဟုန်ချာက အားလုံးကို အလျင်စလို မပြုမူရန် လက်ဟန်ပြလိုက်သည်။ သူမ၏ ကောင်းကင်စိတ်အာရုံက ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို မသိမသာ အာရုံခံနေပေသည်။ သူတို့၏ အမြန်နှုန်းအရ သူမ၏ ကောင်းကင်စိတ်အာရုံ အာရုံခံနိုင်သည့် အကွာအဝေးကို ကျော်သွားရန် အချိန်တစ်ခုတော့ လိုပေလိမ့်ဦးမည်။

“အာ...”

ထိုအခိုက်တွင် မိုလင်းချိုးရော ရှောင်ဟုန်ပါ ဆွံ့အနေကြသည်။ ယ‌နေ့ ကိစ္စများက အလွန်ထူးဆန်းပေသည်။ သူတို့ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရခြင်း မဟုတ်ပါက ကျန်းရှောင်နူမှာ သိမ်းငှက်စိမ်းဘုရင်၏ သမီးတော်ဖြစ်ကြောင်း ယုံနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူမက အိမ်ပြန်ရန် ငြင်းဆန်ကာ အနိမ့်ဘုံမှ နတ်ဘုရားလေးနောက်သို့ လိုက်သွားခဲ့သည်ကိုလည်း မယုံနိုင်လောက်ချေ။

“အရှင်မ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ”

ကျန်းရီနှင့် ကျန်းရှောင်နူတို့ အဝေးသို့ ရောက်သွားသောအခါ လူတစ်ယောက်သည် ဆက်မထိန်းထားနိုင်တော့၍ မေးလိုက်၏။ မူဟုန်ချာသည် အတော်ကြာ နှုတ်ဆိတ်နေပြီးမှ စိတ်ပျက်စွာ ပြောလိုက်သည်။

“ငါတို့မှာ နောက်ကလိုက်သွားရုံကလွဲပြီး ရွေးချယ်စရာ မရှိ‌တော့ဘူး။ မူလူ... သိမ်းငှက်ဧကရီဆီ သတင်းပို့လိုက်ပါ။ သူကိုယ်တိုင် လိုက်လာခဲ့ဖို့ တောင်းဆိုလိုက်ပါ။ မျိုးနွယ်ဘုရင်ဆီတော့ ဘာသတင်းမှ မပို့နဲ့။ သူ့ရဲ့ အကျင့်စရိုက်အရဆို အဲ့ကောင်လေးက အမေးအမြန်းမရှိ သတ်ပစ်ခံရလိမ့်မယ်။ အဲ့ကျ သခင်မလေးရဲ့ ခေါင်းမာပုံနဲ့ဆိုရင် သူက သူ့ကိုယ်သူ သတ်သေလိမ့်မယ်...”

***

All Chapters