← Chapters

သူ့ကို ထပ်မတွေ့နဲ့တော့

Vol. 98 Ch. 1367

သူ့ကို ထပ်မတွေ့နဲ့တော့

Vol. 98 Ch. 1367

ခြင်္သေ့ပြာမြို့က မိုးဖွဲတောင်တန်းနှင့် သိပ်မဝေးပေ။ နတ်ဘုရားလှေစီး၍ သွားမည်ဆိုလျှင် ခရီးက အနိမ့်ဘုံအချိန် သုံးရက်သာ လိုပေလိမ့်မည်။ ပြဿနာမှာ ကျန်းရီထံတွင် နတ်ဘုရားလှေ မရှိခြင်းပင်။ အမြစ်ဆေလုံးကို သောက်လိုက်မည်ဆိုလျှင် သူ၏အမြန်နှုန်းက မဆိုးပေ။ သို့သော် အမြစ်ဆေးလုံး၏ အာနိသင် ကုန်သွားသည်နှင့် နတ်ဘုရားလှေက သူ့ထက် အနည်းဆုံး အဆတစ်ရာ ပိုမြန်ပေလိမ့်မည်။

တော်သေးသည်မှာ နာရီများစွာ အနားယူပြီးနောက် ကျန်းရှောင်နူ၏ စိတ်ဝိညာဉ်က ပြန်အားပြည့်လာခြင်းပင်။ အမြစ်ဆေးလုံး၏ အာနိသင် ကုန်သွားလျှင် ကျန်းရှောင်နူက ကျန်းရီကို သယ်၍ ပျံသန်းသွားနိုင်သည်။ ပုံစံပြောင်းပြီးနောက်တွင် ကျန်းရှောင်နူ၏ အမြန်နှုန်းက နတ်ဘုရားစစ်သူကြီးများနှင့်ပင် ယှဉ်နိုင်ပေသည်။ ထို့ပြင် သူမက ပုံစံပြောင်းထားသော အခြေအနေတွင် လအနည်းငယ် နေမည်ဆိုလျှင်ပင် အားနည်းလာမည် မဟုတ်ချေ။ သူမက ပုံမှန်အမြန်နှုန်းကို ထိန်း၍ ပျံသန်းမည်ဆိုလျှင် ခြင်္သေ့ပြာမြို့သို့ ရောက်ရန် ရှစ်ရက်၊ ကိုးရက်လောက်သာ လိုပေလိမ့်မည်။

ရက်အတော်ကြာ သွားပြီးနောက်တွင် ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ပြဿနာတစ်ခုကို သတိပြုမိလိုက်ကြသည်။ လမ်းခရီးတစ်ခုလုံးက ချောမွေ့နေခဲ့ပြီး မည်သည့် အန္တရာယ်မှ မရှိခဲ့ချေ။ သူတို့သည် မည်သည့်ဟွင့်သွမ့်သားရဲ၊ မည်သည့်သိုင်းသမားနှင့်မှလည်း မဆုံးခဲ့ပေ။ ခရီးက အလွန်အန္တရာယ်ကင်းနေသဖြင့် ကြောက်စရာပင် ကောင်းလာသည်။

ကျန်းရှောင်နူက ထိုအကြောင်းကို များစွာမတွေးသော်လည်း ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ မူဟုန်ချာတို့က အနီးနားတွင် ရှိရပေမည်။ သူမတို့၏ စိတ်ဝိညာဉ်က အလွန်သန်မာသဖြင့် သူမတို့ နောက်မှ လိုက်လာမည်ဆိုလျှင်ပင် ကျန်းရီတို့က မည်သို့မှ အာရုံခံနိုင်မည် မဟုတ်ချေ။ သူတို့ ခြင်္သေ့ပြာမြို့သို့ ရောက်ချိန်တွင် ကျန်းရှောင်နူ၏ မိဘများက ကြိုစောင့်နေလောက်ပေပြီ။

သို့သော် ကျန်းရီတို့ မည်သည့်နေရာသို့ သွားနိုင်ပါသေးသနည်း။ သူတို့၏ အမြန်နှုန်းနှင့်ဆိုလျှင် မူဟုန်ချာတို့လက်မှ လွတ်အောင် ပြေးနိုင်မည် မဟုတ်ချေ။ ကျန်းရှောင်နူ၏ မိဘများကလည်း သူမကို အချိန်မရွေး လာရှာနိုင်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ကျန်းရီသည် ခြင်္သေ့ပြာမြို့သို့ သွားရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရှောင်လွှဲ၍ မရနိုင်သော ပြဿနာကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက ကောင်းပေသည်။

“ရှောင်နူ”

ယခုတွင် ကျန်းရီသည် အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်နေပေပြီ။ သို့သော် သူ၏ အမြန်နှုန်းက အလွန်နှေးနေသေးသည်။ ထို့ကြောင့် ကျန်းရှောင်နူက သူ့ကို သယ်၍သာ သွားနေသည်။ သူ ညင်သာစွာ ခေါ်လိုက်သောအခါ ကျန်းရှောင်နူက ချိုသာစွာပြုံး၍ ပြန်ပြောသည်။

“သခင်လေး... ဘာဖြစ်လို့လဲ”

“ရှောင်နူ... မိုဟုန်ချာက ငါ့ဆီ အသံပို့လွှတ်ပြီး ကိစ္စတချို့ ပြောခဲ့တယ်”

ကျန်းရီ၏ မျက်နှာထားက တည်သွားသည်။

“သူပြောတာက အတိတ်တုန်းက မင်းရဲ့အမေက တမလွန်ဘုံစစ်သူကြီးတွေ လိုက်တာကို ခံခဲ့ရလို့ ရွေးချယ်စရာ မရှိတော့ဘဲ မင်းကို ဂူတစ်လုံးထဲမှာ ဖွက်ထားခဲ့ရတာတဲ့။ တိုက်ပွဲပြီးဆုံးသွားလို့ မင်းကို ပြန်လာခေါ်တဲ့အခါကျ မင်းက ပျောက်သွားပြီ။ ငါတွေးနေတာက... ငါ့အမေက အဲ့ဂူနားက ဖြတ်သွားရင်း မင်းက စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်လို့ တွေးမိပြီး မင်းကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ ခေါ်ခဲ့တာ ဖြစ်ရမယ်။ အဲ့အတွက် မင်း ငါ့အမေကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ သူက မင်းကို ထိခိုက်စေချင်ခဲ့မယ်လို့ ငါ မထင်ဘူး”

“အွန်း...”

ကျန်းရှောင်နူက ခေါင်းညိတ်လိုက်သည်။

“ကျွန်မ မှတ်မိတဲ့အရွယ်ရောက်တော့ သခင်မနဲ့ တစ်ခါမှ မတွေ့ခဲ့ဖူးပေမဲ့ သခင်လေးက လူကောင်းတစ်ယောက်ဆိုတော့ သခင်မကလည်း အရမ်းကောင်းတဲ့လူတစ်ယောက် ဖြစ်မှာပါပဲ။ ကျွန်မ သခင်မကို အပြစ်မတင်ပါဘူး.. အဲ့အစား ကျေးဇူးတောင် တင်သေးတယ်။ သူ မရှိရင် ကျွန်မက သခင်လေးနဲ့ ဆုံခဲ့မှာ မဟုတ်ဘူး။ အွန်း.. သခင်လေး... အဲ့အကြောင်းတွေကို မပြောဘဲ နေကြတာပေါ့။ ကျွန်မ အဲ့အကြောင်းတွေ မကြားချင်တော့ဘူး”

“အင်းပါ... အင်းပါ.. ငါ မပြောတော့ပါဘူး”

ကျန်းရီက ခါးသက်သက်ပြုံး၍ ကျန်းရှောင်နူ၏ ခေါင်းကို ညင်သာစွာ ပုတ်‌ပေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါက အမြဲ မင်းရဲ့ အရင်းနှီးဆုံးဆွေမျိုး ဖြစ်နေမှာပါ.. ဒီဘဝ၊ နောင်ဘဝ၊ ထာဝရပဲ...”

“အွန်း...အွန်း...”

ကျန်းရှောင်နူက ပျော်ရွှင်စွာ ပြုံးလိုက်၏။

“သခင်လေးနဲ့သာ ထာဝရအတူနေရမယ်ဆိုရင် ကျွန်မရဲ့ဘဝက ပြီးပြည့်စုံသွားပါပြီ။ အခု ကျွန်မသေရမယ်ဆိုရင်တောင် ဘာနောင်တမှ ရမှာမဟုတ်ဘူး”

ဝှစ်...

နှစ်ယောက်သား စကားစဖြတ်လိုက်ကြ၏။ ကျန်းရှောင်နူက ကျန်းရီကိုသယ်၍ ကောင်းကင်ကိုသာ ဖြတ်သန်းကာ ခြင်္သေ့ပြာမြို့ဆီသို့ ဆက်ပျံသန်းသွားလေသည်။

ကျန်းရီတို့ပတ်ပတ်လည်တွင် လူများ လိုက်လာပေသည်။ ကျန်းရီက မှန်ခဲ့၏။ မူဟုန်ချာတို့သည် သူတို့နောက်သို့ လိုက်လာရုံသာမက သူတို့အနားသို့ ဟွင့်သွမ့်သားရဲများနှင့် သိုင်းသမားများမဆိုထားနှင့် သာမန်တောရိုင်းတိရစ္ဆာန်တစ်ကောင်ကိုမှ ကပ်ခွင့်မပေးခဲ့ပေ။

***

ခြောက်ရက်ကြာပြီးနောက် ကျန်းရီတို့သည် ခြင်္သေ့ပြာမြို့ကို အဝေးမှ လှမ်းမြင်လာရပေပြီ။ ကျန်းရီ၏ မျက်နှာထားက ပို၍ ပို၍ တည်လာသည်။ ထိုမြို့သို့ ရောက်သည်နှင့် သူနှင့် ကျန်းရှောင်နူတို့၏ ဘဝက ထာဝရ ပြောင်းလဲသွားပေတော့မည်။ အဆုံးသတ်က ဆိုးရွားမည်လောကိုမူ ကျန်းရီ မသိပေ။ သူတတ်နိုင်သည်မှာ အံကြိတ်၍ ကျန်းရှောင်နူနှင့်အတူ ခြင်္သေ့ပြာမြို့သို့ သွားရန်ပင်။

ခြင်္သေ့ပြာမျိုးနွယ်စုက အလွန်တည်ငြိမ်နေသည်။ ၎င်းအထက်ရှိ မြို့ကလည်း အလွန်ငြိမ်သက်နေသည်။ မြို့ဂိတ်တံခါးများကို ပိတ်ထားသည်။ အရာအားလုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပေသည်။

ကျန်းရီနှင့် ကျန်းရှောင်နူတို့က မျိုးနွယ်စုအရှေ့ဘက် ဂိတ်တံခါးမှနေ၍ မျိုးနွယ်စုထဲသို့ အရင်ဝင်လိုက်ကြ၏။ လမ်းမကြီးသို့ ရောက်သောအခါ လမ်းသွားလမ်းလာများစွာကို မြင်ရသည်။ သို့သော် အရေအတွက်က ယခင်ကထက် နည်းကြောင်း ထင်ရှားသည်။ ထို့ပြင် သူတို့အားလုံး၏ ပုံစံက အတန်ငယ် စိတ်မသက်မသာ ဖြစ်နေကြပုံ‌ပေါ်သည်။

“သွားကြစို့...”

ကျန်းရှောင်နူက ကျန်းရီ၏လက်ကို ဆွဲ၍ မျိုးနွယ်စုရင်ပြင်ဆီသို့ တန်းလျှောက်သွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူတို့ ပြဿနာတစ်ခုကို သတိပြုမိခဲ့သည်။ ယခု မျိုးနွယ်စုထဲတွင် လျှို့ဝှက်အစောင့်များစွာ ရှိနေသည်။ သူတို့က တိရှစစ်တပ်မှဖြစ်ပြီး နေရာအနှံ့တွင် ရှိနေကြသည်။ ကျန်းရီသည် မျိုးနွယ်စုရင်ပြင်သို့ ရောက်သည်နှင့် ထိုနေရာရှိ လျှို့ဝှက်အစောင့်များက အခြားနေရာများကထက် ဆယ်ဆပိုများကြောင်း သိလိုက်သည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် ဆယ်ယောက်က အစောင့်တစ်ဖွဲ့လုံးကို ဦးဆောင်နေပေသည်။

ထိုအစောင့်များက ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို အထူးတလည် အာရုံစိုက်မနေကြသော်လည်း သူတို့က ရှောင်နူအတွက် စောင့်ကြပ်နေကြခြင်းဖြစ်ကြောင်း ကျန်းရီသိသည်။ သို့သော် ကျန်းရီသည် စွမ်းအားကြီး သိုင်းသမားများ၏ အရှိန်အဝါကိုတော့ မခံစားမိသေးပေ။ သူသည် အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် ရှောင်နူကိုခေါ်ကာ မျိုးနွယ်စုရင်ပြင်အနီးရှိ အခမ်းနားဆုံး တည်းခိုခန်းသို့ သွားလိုက်၏။ ထိုတည်းခိုခန်းတွင် သီးသန့်အဆောင်တစ်ခု ငှားကာ သူတို့ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ကြသည်။

ကျန်းရှောင်နူကလည်း တစ်စုံတစ်ခုကို သဘောပေါက်ထားပုံရသည်။ သူမ၏ မျက်နှာထားက မသက်မသာ ဖြစ်နေပေသည်။ ကျန်းရီသည် သူမကို ဧည့်ခန်းထဲတွင် ထိုင်ခိုင်းလိုက်ပြီး သူမ၏လက်မောင်းကို ညင်သာစွာ နှိပ်ပေးကာ ပြုံး၍ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... ဘာပဲဖြစ်လာဖြစ်လာ မင်းမှာ ငါရှိပါတယ်”

မကြာခင်မှာပင် အဆောင်ပတ်ပတ်လည်မှ အကာအရံများက လင်းလက်လာ၏။ ထို့နောက် ကျန်းရီ၏ ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာသည်။

“ကောင်းသောနေ့ပါ... ငါက စုနင်အာပါ.. သူ့အမေပေါ့။ ငါ အထဲကို ဝင်လာလို့ရမလား”

အသံက အလွန်ချိုသာကာ ယဉ်ကျေးသည်။ ကျန်းရီ ခါးသီးစွာ ပြုံးလိုက်၏။ သို့သော် သူ အတော်လေးတော့ စိတ်အေးသွားပေသည်။ အကယ်၍ ထိုလူများက မူဟုန်ချာတို့ကဲ့သို့ ခက်ထန်မည်ဆိုလျှင် သူ သူတို့ကို အထဲအဝင်ခံမည် မဟုတ်ပေ။

တစ်ဘက်က ပျော့ပြောင်းနေလျှင် မိမိဘက်က တင်းမာနေစရာအကြောင်း မရှိပေ။ ထို့ကြောင့် ကျန်းရီ ထရပ်ကာ အကာအရံများကို ပိတ်ပေးလိုက်သည်။ ထို့နောက် ညင်သာသော လေသံဖြင့် ပြောလိုက်သည်။

“ဝင်လာခဲ့ပါ”

ကျန်းရှောင်နူက မည်သည့်ကိစ္စ ဖြစ်ခဲ့ကြောင်း မသိပေ။ သို့သော် ထိုအခိုက်တွင် သူမ လန့်သွားပေသည်။ သူမ၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်လာပြီး သူမ ချက်ချင်း ထရပ်ကာ အခန်းထဲသို့ ပြေးဝင်၍ အခန်းအကာအရံများကို နှိုးလိုက်လေသည်။

ဟူး...

ကျန်းရီသည် သက်ပြင်းချ၍ အပြင်သို့ ကြည့်လိုက်သည်။ အစိမ်းရောင်လူရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်ဝင်လာ၏။ ကျန်းရီ၏ မျက်ဝန်းများ အရောင်တောက်သွားသည်။ ထိုအမျိုးသမီးက အမှန်ပင် ထိပ်တန်းအလှပ‌ဂေးတစ်ယောက်ပင်။

လူတစ်ယောက်သာ ဝင်လာခဲ့သည်။ သူမနှင့်အတူ မည်သည့်ကိုယ်ရံတော်၊ မည်သည့်တပ်သားမှ လိုက်မလာခဲ့ပေ။ ထိုအမျိုးသမီးက ငယ်ရွယ်ပုံပေါ်ပြီး ကျန်းရှောင်နူ၏ အမေဟုပင် မထင်ရချေ။ အလွန်ဆုံးမှ ကျန်းရှောင်နူ၏ အစ်မဟုပင် ထင်ရပေသည်။ သူမက အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး မည်သည့်လက်ဝတ်ရတနာကိုမှ ဝတ်ဆင်မထားပေ။ သူမ၏ အသွင်အပြင်က ရိုးရှင်းကာ ရှင်းလင်းနေသည်။ သူမ၏ အရှိန်အဝါကမူ ကျန်းရှောင်နူ၏ အရှိန်အဝါနှင့် ဆင်တူ၏။ သန့်စင်သည်။ သူမ၏ ညင်သာမှုက လူများကို သူမ၏ရင်ခွင်ထဲ ခေါင်းခွေ့၍ အကာအကွယ်တောင်းခံလိုစိတ် ပေါ်လာစေပေသည်။

ထိုအမျိုးသမီးသည် သန့်စင်သည့်အပြင် အလွန်လည်း လှပကြော့ရှင်းသည်။ လူများသည် သူမကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံဝံ့လောက်ပေ။ ကျန်းရီသည် သူမက မြင့်မြတ်သော တောင်တစ်လုံးပေါ်မှ ကြာပန်းလေးတစ်ပွင့်ဟုပင် ခံစားလိုက်ရသည်။ လူတစ်ယောက်သည် ထိုကြာပွင့်ကို မခူးဆွတ်ရက်ဘဲ အဝေးမှသာ ရှုစားပေလိမ့်မည်။

ထိုအမျိုးသမီးက ကျန်းရီကို ပေးသော အငွေ့အသက်မှာ သူမက မိန်းမတစ်ယောက်သာဟူ၍ပင်။ သူမ၏ ပုလဲလုံးကဲ့သို့သော မျက်ဝန်းများက အမှန်နှင့်အမှားကို အလွယ်တကူ ခွဲခြားနိုင်လောက်သည်။ ထိုမျက်ဝန်းများက နက်ရှိုင်းသော ဇာတ်လမ်းတစ်ခုကို သယ်ဆောင်ထားပုံ ပေါ်ပြီး ၎င်းတို့ကို စိုက်ကြည့်မည်ဆိုလျှင် ဇာတ်လမ်းအကြောင်းကို ပိုသိလာနိုင်မည့်ပုံပင်။ ကျန်းရီ၏ အတွေးထဲတွင် စာကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုစာကြောင်းက ထိုအမျိုးသမီး၏ အသွင်အပြင်နှင့် အရှိန်အဝါကို အကောင်းဆုံး ဖော်ပြနိုင်သည်ဟု ကျန်းရီ ခံစားရပေသည်။ နုပျိုကာ အတုမဲ့ခြင်း။

စုနင်အာသည် ကျန်းရီအရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ပြုံးလိုက်၏။

“မင်းက ကျန်းရီလား”

ကျန်းရီက ခေါင်းညိတ်၍ ယဉ်ကျေးစွာ ပြန်ပြောသည်။

“နှုတ်ခွန်ဆက်ပါတယ် အရှင်မ... ထိုင်ပါဦး”

စုနင်အာက ကျန်းရှောင်နူ၏အမေဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျန်းရီက သူမကို ‘ဒေါ်လေး’ဟု ခေါ်သင့်သည်။ သို့သော် သူက တမင်ပင် ‘အရှင်မ’ဟု ခေါ်လိုက်ခြင်းဖြစ်သည်။ ယင်းမှာ သူသည် မင်ရည်တောင်ပံမျိုးနွယ်စုနှင့်ရော စုနင်အာနှင့်ပါ ပတ်သတ်ဆက်နွယ်မှု မရှိလို၍ ဖြစ်သည်။ ထိုအမျိုးသမီးက ကျန်းရှောင်နူကို သူ့ထံမှ အတင်းခေါ်သွားမည်ကို သူ စိုးရိမ်သည်။ သို့သော် ထိုအခြေအနေကို ပြောင်းနိုင်မည့် နည်းလမ်းလည်း မရှိကြောင်း သူသိပေသည်။

စုနင်အာသည် ‘အရှင်မ’ဟူသော စကားလုံးကို ကြားသောအခါ မျက်နှာထားတစ်မျိုး ဖြစ်သွားသည်။ သူမက ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ ထို့နောက် အထဲသို့ ဆက်လျှောက်သွားကာ ကျန်းရှောင်နူပုန်းအောင်းနေသော အခန်းကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် အားနာမနေတော့ဘဲ အိမ်ရှင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမတွင် ထိုခုံ၌ထိုင်နိုင်ရန် အခွင့်အာဏာရှိသကဲ့သို့ပင်။

ကျန်းရီကလည်း ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သောအခါ စုနင်အာသည် ဝေ့ဝိုက်မနေတော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။

“ကျန်းရီ... ဒီနှစ်တွေအတွင်းမှာ မင်း ငါ့သမီးကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်။ အဲ့တော့ ငါ့သမီးကို အဝေးခေါ်သွားခဲ့တဲ့ မင်းအမေကို ငါ ရန်ရှာမှာ မဟုတ်တော့ပါဘူး။ အခု ငါ ငါ့သမီးကို အိမ်ပြန်ခေါ်သွားမယ်။ အခုကစပြီး မင်းတို့နှစ်ယောက်က ဘာမှ မပတ်သတ်တော့ဘူး။ ပြီးတော့ မင်း သူ့ကို မေ့ပစ်လိမ့်မယ်လို့လည်း ငါ မျှော်လင့်ပါတယ်။ မင်း သူ့ကို နောက်ထပ် ထပ်မတွေ့ပါနဲ့တော့”

***

All Chapters