သိမ်းငှက်ဧကရီ
Vol. 98 Ch. 1368
စုနင်အာမှာ သိမ်းငှက်ဧကရီလည်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ လေသံက မခက်ထန်သော်လည်း ဩဇာအာဏာပါသည်။ ကျန်းရီသည် သူမ၏ စကားကို ကြားရသောအခါ အထက်လူကြီးတစ်ယောက်၏ အမိန့်ကို နာခံနေရသော လက်အောက်ငယ်သားတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ သူမက ကျန်းရီနှင့် ကျန်းရှောင်နူကို အဆက်မသွယ် မရှိစေချင်သည်လော။ ကျန်းရီက ကျန်းရှောင်နူကို ထပ်တွေ့ခွင့် မရှိတော့ပြီလော။
သိမ်းငှက်ဧကရီ၏ အမြင်မှဆိုလျှင် ထိုတောင်းဆိုမှုက မမှားဟု မြင်ပုံရသည်။ သူမသည် အင်အားကြီးမျိုးနွယ်တစ်ခု၏ မျိုးနွယ်ဧကရီဖြစ်ရာ သူမ၏သမီးတော်ကို အနိမ့်ဘုံမှ တောသားတစ်ယောက်နှင့် ပတ်သတ်စေလိုမည် မဟုတ်ချေ။ သူမ၏ မျက်လုံးထဲတွင် ကျန်းရီနှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးက ပုရွက်ဆိတ်များကဲ့သို့ တန်ဖိုးမဲ့ပြီး သူမ၏သမီးတော်က ဖီးနစ်တစ်ကောင်ကဲ့သို့ ဂုဏ်သရေကြီးပုံပင်။ ဖီးနစ်တစ်ကောင်က အဘယ်သို့ ပုရွက်ဆိတ်တစ်ကောင်နှင့် မိတ်ဆွေဖြစ်နိုင်ပါမည်နည်း။
ကျန်းရှောင်နူက မင်းသမီးတစ်ပါး ဖြစ်လာရန် ကံကြမ္မာပါသူဖြစ်သည်။ သူမသည် မျိုးနွယ်သို့ ပြန်ရောက်သည်နှင့် တိရှဘုံတစ်ခွင်လုံးနှင့် ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားသွားမည်ဖြစ်သည်။ သူမက သွေးပြာတော်ဝင်မင်းသမီးလည်း ဖြစ်လာပေမည်။ မရေမတွက်နိုင်သော သခင်လေးများက သူမကို လက်ထပ်ခွင့် လာတောင်းကြပေလိမ့်မည်။ အကယ်၍ သူမက ကျန်းရီနှင့် ဆက်ပတ်သတ်နေလျှင် သူမ၏ဂုဏ်သိက္ခာ ထိခိုက်နိုင်ပေသည်။ ထို့ပြင် ကျန်းရီ၏ ဖြစ်တည်မှုက ကျန်းရှောင်နူ၏ အတိတ်၏ ပြယုဂ်ဖြစ်နေသည်။ သိမ်းငှက်ဧကရီသည် ကျန်းရှောင်နူအား အတိတ်ကို မေ့ပစ်၍ ဘဝအသစ် စစေလိုသည်။
သိမ်းငှက်ဧကရီအတွက် ကျန်းရီနှင့် ရီဖျောင်ဖျောင်တို့ကို မသတ်ခြင်းကပင် ကရုဏာထားခြင်း ဖြစ်နေပေပြီ။ သူမသည် ကျန်းရှောင်နူကို ဝမ်းမနည်းစေလိုပေ။ သို့သော် သူမကို ကျန်းရီနှင့်လည်း ဆက်၍ ဆက်သွယ်ခွင့်ပြုမည် မဟုတ်ချေ။
ကျန်းရီ နှုတ်ဆိတ်သွားသည်။ ယခုတွင် အခြေအနေက သိပ်မဆိုးသေးပေ။ ယနေ့တွင် သိမ်းငှက်စိမ်းဘုရင် မဟုတ်ဘဲ သိမ်းငှက်ဧကရီသာ ရောက်လာခဲ့သည်။ သို့သော် ကျန်းရီသည် ထိုအဆုံးသတ်ကိုလည်း လက်မခံနိုင်ပေ။ ကျန်းရှောင်နူက သူ၏ တန်ပြန်အကြေးခွံဖြစ်သည်။ သူ၏ ညီမလေးဖြစ်သည်။ သူ့ကို ရင်အနာစေဆုံးသူမှာ ကျန်းရှောင်နူဖြစ်သည်။ ထို့ကြောင့် သူမကို ထပ်မတွေ့ရမည့် ဘဝကို သူ တွေးပင် မကြည့်နိုင်ပေ။ ထိုဘဝက မခံမရပ်နိုင်လောက်အောင် ဝမ်းနည်းနာကျင်ရလောက်သည်။
သို့သော် သိမ်းငှက်ဧကရီ၏ တောင်းဆိုမှုက မလွန်လှပေ။ သူမအမြင်မှ ကြည့်လျှင် သူ့ကို ထိုသို့တောင်းဆိုခြင်းက မမှားချေ။ မိဘများက သူတို့၏ သားသမီးများအတွက် အကောင်းဆုံးကိုသာ လိုချင်ကြသည် မဟုတ်လော။
ကျန်းရီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချ၍ အားတင်းကာ ပြုံးလိုက်၏။
“အရှင်မ... ကျွန်တော့်ရဲ့ အစွမ်းအစတစ်ခုတည်းနဲ့ ကျွန်တော် တိရှဘုံက ထွက်သွားနိုင်ပါသလား။ အရှင်မ စိုးရိမ်နေဖို့ မလိုပါဘူး။ အရှင်မက ကျန်းရှောင်နူကို အိမ်ပြန်ခေါ်သွားမှာကို ကျွန်တော် ဘာမှဝင်မပြောချင်ပါဘူး။ အနာဂတ်မှာ ရှောင်နူရဲ့ ဘဝက လှပဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူက အရှင်မနောက်ကို လိုက်ချင်လား၊ မလိုက်ချင်ဘူးလားဆိုတော့ အရှင်မ မေးရမယ်မလား။ တကယ်လို့ သူက လိုက်ချင်တယ်ဆိုရင် အကုန်လုံး အလွယ်တကူ ပြီးဆုံးသွားမှာပေါ့။ သူက မလိုက်ချင်ဘူးဆိုရင်တော့ အရှင်မ သူ့ကို ဖိအားမပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ သူက အရမ်းခေါင်းမာပါတယ်... သူ တစ်ခုခု ဖြစ်သွားမှာကို ကျွန်တော် မလိုလားပါဘူး”
ကျန်းရီက ကတိမပေးလိုက်ပေ။ သိမ်းငှက်ဧကရီက သူ့အား ကျန်းရှောင်နူကို မေ့ပစ်စေလိုခြင်းလော။ မဖြစ်နိုင်ချေ။
ကျန်းရှောင်နူကို နောက်ထပ် မတွေ့ပါဟု ကျန်းရီ ကတိမပေးနိုင်ပေ။ ယင်းက သေချာပေါက် ကျန်းရှောင်နူကို ရင်ကွဲစေပေလိမ့်မည်။ ထို့ပြင် သူသည် ကျန်းရှောင်နူ၏ ဆန္ဒကိုလား အလေးထားလိုနေသည်။ မိဘနှင့်သားသမီးကြားမှ ကိစ္စကို သူ့တွင် ဝင်ပါခွင့်မရှိသော်လည်း သူ ကြိုးစားကြည့်လိုသေးသည်။
သိမ်းငှက်ဧကရီက ကျန်းရီကို ကြည့်၍ အလေးအနက် တွေးတောလိုက်၏။ ထို့နောက် မည်သို့မှ ဆက်မပြောတော့ဘဲ ထရပ်ကာ ကျန်းရှောင်နူရှိနေသော အခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် အခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်၏။ အကာအရံများက လင်းလက်သွားပြီး တံခါးက အလိုလို ပွင့်သွားသည်။ သို့သော် သူမသည် အထဲသို့ မိမိသဘောအတိုင်း ဝင်မသွားဘဲ အခန်းဝတွင် ရပ်ကာ အခန်းထဲရှိ ကြောက်ရွံ့နေသော ကျန်းရှောင်နူကို ညင်သာစွာပြုံး၍ ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် လိပ်ပြာမလုံမှု၊ ချစ်ခင်မှုတို့နှင့် ပြည့်နှက်နေပေသည်။
“အာ...”
သိမ်းငှက်ဧကရီက သူမကို အဓိပ္ပာယ်ပါပါ ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ကျန်းရှောင်နူ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူမသည် သိမ်းငှက်ဧကရီကို ထပ်မကြည့်ရဲတော့ဘဲ ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူမ၏ အဝတ်များကို လက်နှစ်ဘက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမ၏ရင်ထဲတွင် လွန်ဆွဲနေကြောင်း ထင်ရှားပေသည်။
မည်သည့်ကလေးက သူတို့၏ မိဘများကို မတွေ့ချင်ဘဲ ရှိမည်နည်း။ မတွေ့လိုဟုပြောလျှင် လိမ်နေခြင်းသာ ဖြစ်ပေမည်။
ကျန်းရှောင်နူသည် သိမ်းငှက်စိမ်းဘုရင်နှင့်ရော သိမ်းငှက်ဧကရီနှင့်ပါ မရင်းနှီးသော်လည်း သူတို့၏ သွေးများက သူမ၏သွေးကြောများထဲတွင် စီးဆင်းနေသည်။ သိမ်းငှက်ဧကရီ၏ အကြည့်တစ်ချက်က ထိုအမျိုးသမီးမှာ သူမ၏ အမေဖြစ်ကြောင်း သူမကို သိသွားစေသည်။ ထိုအခိုက်တွင် သူမတို့နှစ်ယောက်စလုံးက သွေးဆက်နွယ်မှုကို ခံစားလိုက်ကြရသည်။ မည်သူကမှ ထိုအမှန်တရားကို မငြင်းနိုင်ပေ။
ဖျောက်...ဖျောက်...
သိမ်းငှက်ဧကရီ၏ မျက်ဝန်းမှ မျက်ရည်စများက ပါးပြင်ပေါ်တွင် လိမ့်ဆင်းကာ ကြမ်းပြင်ပေါ်သို့ ကျသွားကြသည်။ သို့သော် သူမက မလှုပ်ရှားသေးသလို မည်သည့်စကားမှလည်း မဆိုသေးပေ။ သူမ၏ မျက်နှာပေါ်တွင်လည်း မည်သည့် ပြင်းထန်သောခံစားချက်မှ ရှိမနေချေ။ သူမ၏အဆင့်အတန်းနှင့် ကြီးပြင်းလာရသော ဘဝက သူမကို မည်သည့်အားနည်းချက်မှ မပြမိအောင် သင်ကြားပေးထားသည်။ သို့သော် သူမ၏အကြည့်များကို ကြည့်၍ သူမက သူမ၏သမီးကို မည်မျှချစ်ကြောင်း၊ မည်မျှလွမ်းဆွတ်နေခဲ့ကြောင်း သိနိုင်ပေသည်။
သိမ်းငှက်ဧကရီ၏ အကြည့်များကို မြင်သောအခါ ကျန်းရီ ရင်ထဲထိသွားသည်။ သူသည် ကျန်းရှောင်နူကို သူမနှင့်အတူ အိမ်ပြန်လိုက်သွားရန်ပင် ဖျောင်းဖျမိလိုဖြစ်သွားသည်။ လောကထဲတွင် အကြီးမြတ်ဆုံးအချစ်မှာ မိဘများက သူတို့၏သားသမီးများအပေါ်တွင် ထားသော ချစ်ခြင်းမေတ္တာဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်း သိမ်းငှက်ဧကရီတစ်ယောက် မည်မျှ သူမကိုယ်သူမ အပြစ်တင်နေခဲ့မည်ကို ကျန်းရီ တွေးကြည့်နိုင်သည်။ သူမ အချစ်ရဆုံး သမီးက အပြင်ဘက်တွင် လှည့်လည်သွားလာကာ အသက်ကို ရင်းထားခဲ့ရသည်။ သိမ်းငှက်ဧကရီနေရာတွင် အားနည်းသော သာမန်အမျိုးသမီးတစ်ယောက်ဆိုပါက ယခုလောက်ဆို ကျိုးပဲ့သွားသော ကျောက်စိမ်း သို့မဟုတ် ညှိုးခြောက်သွားသော ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေလောက်ပေပြီ။
ကျန်းရီသည် အတော်ကြာ ကြည့်ပြီးနောက် မျက်လုံးများ မှိတ်လိုက်၏။ သူ့အတွေးထဲတွင် ရီဖျောင်ဖျောင်၏ ပုံရိပ်များနှင့် ပြည့်နှက်လာသည်။ သိမ်းငှက်ဧကရီ၏ မျက်နှာထားက သူ့အား ရီဖျောင်ဖျောင်ကို အမှတ်ရသွားစေသည်။ သူသည် နှလုံးသားကို ဓားနှင့်ထိုးနေသည်ကို ခံနေရသကဲ့သို့ ရင်နာလာ၏။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်အတွင်း၌ ရီဖျောင်ဖျောင်သည်လည်း သိမ်းငှက်ဧကရီ ခံစားနေခဲ့ရသလို ခံစားနေခဲ့ရပေလိမ့်မည်။ ပိုဆိုးသည်မှာ ရီဖျောင်ဖျောင်က သူမ၏သားက မည်သည့်နေရာတွင် ရှိနေကြောင်း သိရသော်လည်း သွားရှာခွင့်၊ သွားတွေ့ခွင့် မရှိခြင်းပင်။
သိမ်းငှက်ဧကရီက အခန်းရှေ့တွင် ငါးမိနစ်ကြာ ရပ်နေခဲ့သည်။ ကျန်းရှောင်နူကလည်း တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတွင် သိမ်းငှက်ဧကရီသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်၍ ညင်သာသော လေသံဖြင့် ပြောလိုက်လေသည်။
“သမီး... မယ်တော်က သမီးရဲ့အမေပါ။ မယ်တော့်နာမည်က စုနင်အာပါ။ အပြင်လူတွေကတော့ မယ်တော့်ကို သိမ်းငှက်ဧကရီလို့ ခေါ်ကြတယ်။ သမီးကို အပြင်မှာ အကြာကြီး ထားခဲ့မိတဲ့အတွက် မယ်တော့်ကို ခွင့်လွှတ်ပေးပါ။ သမီး အများကြီး ဒုက္ခခံခဲ့ရပြီ။ မယ်တော်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ။ မယ်တော် သမီးကို ထပ်ပြီး ဒုက္ခခံခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ သမီးရဲ့ မယ်တော်နဲ့ ခမည်းတော်က သမီးကို အကောင်းဆုံး ပြန်ပေးဆပ်မှာပါ”
သိမ်းငှက်ဧကရီသည် ပြောပြောဆိုဆိုဖြင့် ကျန်းရှောင်နူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူမ၏ လက်နှစ်ဘက်စလုံးက တုန်ယင်နေသည်။ သူမသည် ကျန်းရှောင်နူကို ချက်ချင်းကြီး မဖက်မိအောင် မနည်းစိတ်အားတင်းထားရပေသည်။ သူမသည် သူမ နေ့နေ့ညည အိပ်မက်မက်ခဲ့ရသော သူမ၏သမီးကို အလွန်ဖက်လိုနေပေသည်။ ထိုဆန္ဒက သူမ၏ အရိုးများထဲအထိ စွဲထင်နေသည်။
ဝှစ်...
သိမ်းငှက်ဧကရီက ကျန်းရှောင်နူကို ထိတော့မည့်အခိုက်တွင် ကျန်းရှောင်နူက အမြီးတက်နင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ထခုန်လိုက်သည်။ ထို့နောက် သူမသည် အခန်းအပြင်သို့ ပြေးထွက်ကာ ကျန်းရီ၏အနောက်တွင်း ပုန်းနေလိုက်လေသည်။
ကျန်းရှောင်နူသည် သိမ်းငှက်ဧကရီကို မကြည့်ဝံ့သေးဘဲ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
“ကျွန်မက ရှင့်ရဲ့သမီး မဟုတ်ဘူး။ ကျွန်မ ရှင်နဲ့ ပြန်မလိုက်ခဲ့ဘူး။ ကျွန်မက သခင်လေးနောက်ကိုပဲ လိုက်မယ်။ ထွက်သွားပါ။ ကျွန်မ ရှင့်ကို မမြင်ချင်ဘူး။ အခု ထွက်သွား... ထွက်သွား...”
ကျန်းရှောင်နူ၏ အသံက တဖြည်းဖြည်း ပိုကျယ်လာပြီး ခံစားချက်များ ပြည့်နှက်လာသည်။ ထိုအသံကြောင့် ကျန်းရီပင် အံ့ဩသွားသည်။ သူ သူမကို ခပ်သွက်သွက် ဖက်လိုက်ပြီး ရင်နာစွာ ပြောလိုက်သည်။
“ရှောင်နူ... မကြောက်နဲ့.. မကြောက်ပါနဲ့။ သခင်လေး ရှိပါတယ်”
သိမ်းငှက်ဧကရီသည် ကြောက်ရွံ့နေသော ကျန်းရှောင်နူနှင့် သူမ၏သမီးကို ဖက်ထားသော ကျန်းရီတို့ကို ကြည့်လိုက်၏။ ရုတ်တရက် သူမ၏ မျက်နှာထားက အေးစက်သွားသည်။ သူမသည် သတ်ဖြတ်အရှိန်အဝါကို ဆက်ထိန်းမထားနိုင်တော့ပေ။ ရီဖျောင်ဖျောင်ကြောင့်သာ မဟုတ်လျှင် သူမက သူမ၏သမီးနှင့် ကွဲကွာခဲ့ရပါမည်လော။ ကျန်းရှောင်နူကရော ယခုကဲ့သို့ သူမကို ကြောက်ရွံ့တကြီး ကြည့်နေပြီး အမေအဖြစ်ပင် အသိအမှတ်မပြုဘဲ နေမည်လော။
သိမ်းငှက်ဧကရီသည် ထပ်မံ၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။ ထို့နောက် ညင်သာ၍ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“သမီး... မကြောက်ပါနဲ့။ မယ်တော်နဲ့ ခမည်းတော်တို့က သမီးရဲ့ မိဘတွေပါ။ မယ်တော်တို့က သမီးကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး။ အင်း.. မြန်မြန် မယ်တော်နဲ့ ပြန်လိုက်ခဲ့ပါ။ မဟုတ်လို့ သမီးရဲ့ ခမည်းတော် ရောက်လာရင် ကျန်းရီအတွက် အသက်အန္တရာယ်ရှိသွားလိမ့်မယ်။ သမီးရဲ့ ခမည်းတော်က စိတ်မြန်လက်မြန်ရှိတယ်။ မယ်တော်က သူ့ကို တားနိုင်မှာ မဟုတ်ဘူး”
သိမ်းငှက်ဧကရီသည် သိမ်းငှက်စိမ်းဘုရင် မသိအောင် လျှို့ဝှက်၍ လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကိစ္စကို သိမ်းငှက်စိမ်းဘုရင်ထံမှ ကြာရှည် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ သိမ်းငှက်ဧကရီက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သော်လည်း ထိုစကားများက ကျန်းရှောင်နူကို နက်နက်ရှိုင်းရှိုင်း နာကျင်စေပေသည်။ ကျန်းရှောင်နူသည် ရုတ်တရက် ခေါင်းမော့ကာ သိမ်းငှက်ဧကရီကို အေးစက်သော မျက်နှာထားဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် စကားကို တစ်လုံးချင်း ပြောလိုက်လေသည်။
“သခင်လေးကို ထိခိုက်အောင် လုပ်တဲ့သူတိုင်းကို ကျွန်မ တိုက်ခိုက်မယ်။ အဲ့လူက ဘယ်သူပဲဖြစ်နေပါစေ အရေးမပါဘူး။ တကယ်လို့ သခင်လေး သေသွားရင်... ကျွန်မလည်း လိုက်သေမယ်”
သိမ်းငှက်ဧကရီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ကျန်းရှောင်နူ၏ အကြည့်က သူမ၏ နှလုံးသားထဲ ထိုးစိုက်သွားသည်။ ကျန်းရှောင်နူက သိမ်းငှက်စိမ်းဘုရင်နှင့် တူလွန်းပေသည်။ ဆုံးဖြတ်ချက်ပြတ်သားကာ ခက်ထန်သည်။ မည်သူကမှ ထိုအကျင့်စရိုက်ကို မပြောင်းလဲပေးနိုင်ပေ။ သို့သော် သူမတို့၏ သမီးအရင်းက အနိမ့်ဘုံမှ ပုရွက်ဆိတ်တစ်ကောင်အတွက် သူမတို့နှင့် တိုက်ခိုက်မည်လော။
***