← Chapters

ပျော့ကွက်

Vol. 98 Ch. 1369

ပျော့ကွက်

Vol. 98 Ch. 1369

သိမ်းငှက်ဧကရီ နှုတ်ဆိတ်သွား၏။ သူမသည် နောက်ထပ်ငါးမိနစ်ကြာအောင် တိတ်တဆိတ် ဆက်ရပ်နေပြီးနောက် မည်သည့်စကားမှ မပြောတော့ဘဲ ထွက်သွားလေသည်။ ယခုတွင် ကျန်းရှောင်နူ၏ စိတ်အခြေအနေက မတည်ငြိမ်ပေ။ ထို့ကြောင့် သူမသည် ကျန်းရှောင်နူကို အတင်းဖိအားမပေးလိုချေ။ ထို့ပြင် သူမကိုယ်တိုင်လည်း ခံစားချက်များကို မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်သည်။ အကယ်၍ သူမက ကျန်းရီကို မတော်တဆ သတ်မိလိုက်လျှင် ကျန်းရှောင်နူလည်း လိုက်သေပေလိမ့်မည်။

သိမ်းငှက်ဧကရီသည် သူ့သမီးအပေါ် အလွန်လိပ်ပြာမလုံ ဖြစ်နေ၏။ ထို့ကြောင့် သူမသည် ကျန်းရှောင်နူ ထိခိုက်မည်ကို မလိုလားပေ။ သူမ နောက်ပြန်ဆုတ်၍ နောက်ထပ်ခြေတစ်လှမ်းအတွက် တိုင်ပင်ဆွေးနွေးရပေမည်။ သို့မှသာ အကောင်းဆုံးရလဒ် ထွက်လာမည်ဖြစ်သည်။

သိမ်းငှက်ဧကရီ တည်းခိုခန်းထဲမှ ထွက်လာချိန်တွင် မိုလင်းချိုး၊ ရှောင်ဟုန်နှင့် မူဟုန်ချာတို့က အပြင်ဘက်တွင် စောင့်နေပေပြီ။ ကျန်လူများကမူ အနားသို့ ကပ်မလာဝံ့ကြပေ။ သိမ်းငှက်ဧကရီက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“အရင်ဆုံး ခြင်္သေ့ပြာမြို့ထဲကို သွားကြတာပေါ့”

ဝှစ်...

သိမ်းငှက်ဧကရီတို့ အုပ်စုသည် ကောင်းကင်ထက်ရှိ ခြင်္သေ့ပြာမြို့ထဲသို့ ပျံဝင်သွားလိုက်ကြ၏။ ထို့နောက် သူမတို့သည် ခြင်္သေ့ပြာမြို့အရှင်အိမ်တော် အနောက်ခြံဝန်းထဲရှိ ရဲတိုက်တစ်ခုသို့ လျင်မြန်စွာ သွားလိုက်ကြသည်။ ခြင်္သေ့ပြာမြို့၏ မြို့အရှင်က ထိုရဲတိုက်ထဲတွင် နေထိုင်သည်။ သို့သော် ယခုတွင် သူသည် ထိုရဲတိုက်ထဲသို့ ဝင်ခွင့်မရှိတော့ပေ။

ရဲတိုက်ထဲသို့ ရောက်သည်အထိ သိမ်းငှက်ဧကရီက စကားတစ်ခွန်းမှ မပြောပေ။ သူမက တိတ်တဆိတ်သာ ထိုင်နေသည်။ ထို့ကြောင့် မိုလင်းချိုးတို့သည် ထိုင်ပင် မထိုင်ဝံ့ကြချေ။ အဆင့်အတန်းအရ ကြည့်မည်ဆိုလျှင် သိမ်းငှက်ဧကရီကို တိရှအရှင်ကိုယ်တိုင်ပင် လာရောက်ဧည့်ခံသင့်သည် မဟုတ်ပါလား။ သို့သော် ဤတစ်ခေါက်တွင် သိမ်းငှက်ဧကရီက လျှို့ဝှက်၍ လာခဲ့ခြင်းဖြစ်သဖြင့် သူမနှင့်အတူ လူများစွာ ခေါ်မလာခဲ့ပေ။ သူမသည် တိရှအရှင်ကိုလည်း အကြောင်းမကြားခဲ့ချေ။ ထို့ကြောင့် တိရှအရှင် ပေါ်မလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် မိုလင်းချိုးထံ သတင်းပို့၍ သိမ်းငှက်ဧကရီကို ကောင်းကောင်းဧည့်ခံရန် ပြောထားပေသည်။

သိမ်းငှက်ဧကရီက တစ်နာရီကြာအောင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ ထို့နောက်မှ ရုတ်တရက် လက်ဟန်ပြကာ ပြောလိုက်သည်။

“အားလုံးပဲ ထိုင်ကြပါ”

ထိုမှ မိုလင်းချိုး ထိုင်လိုက်သည်။ သို့သော် ရှောင်ဟုန်နှင့် မူဟုန်ချာတို့ကတော့ မထိုင်ဝံ့ကြပေ။ မူဟုန်ချာက သတင်းအသစ်တစ်ခုကို ခပ်တိုးတိုး တင်ပြသည်။

“သိမ်းငှက်ဧကရီ... မျိုးနွယ်ဘုရင်က လမ်းမှာရောက်နေပြီလို့ သတင်းရပါတယ်”

သိမ်းငှက်ဧကရီ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျက်နှာထားလည်း တင်းမာသွားသည်။ ထို့နောက် သက်ပြင်းချကာ ပြောလိုက်သည်။

“အဲ့ကောင်မလေးရဲ့ အကျင့်စရိုက်က သူ့အဖေနဲ့ တစ်ပုံစံတည်းပဲ။ သူက အိမ်ကို ပြန်မလိုက်ချင်ဘဲ ဟိုကောင်လေးနဲ့ပဲ နေချင်နေတယ်။ ပြီးတော့ ငါတို့ အဲ့ကောင်လေးကို သွားထိရင် သူက သူ့ကိုယ်သူ သတ်သေလိမ့်မယ်။ မင်းပြောစမ်း.. ဘာဖြေရှင်းနည်း ရှိသေးလဲ”

မူဟုန်ချာ နှုတ်ဆိတ်သွား၏။ သူမတွင်လည်း မည်သည့်အကြံဉာဏ်မှ မရှိပေ။ အကယ်၍ သူမတို့က ကျန်းရှောင်နူကို အတင်းခေါ်သွားလိုက်၍ တစ်စုံတစ်ခု ဖြစ်လာလျှင် သူမ တာဝန်မခံနိုင်ချေ။

ထိုကဲ့သို့သော အခြေအနေတွင် ရှောင်ဟုန်လည်း ဝင်မပြောဝံ့ပေ။ သို့သော် မိုလင်းချိုးကမူ ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

“ကျွန်တော် အခြေအနေကို နည်းနည်းတော့ နားလည်ပါတယ်။ မင်းသမီးကို ဧကရီတို့နဲ့ လိုလိုချင်ချင် ပြန်လိုက်လာစေချင်ရင် အဲ့ကောင်လေးရဲ့ ပျော့ကွက်ကို ရှာရလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ မင်းသမီးက အဲ့ကောင်လေးရဲ့ စကားကို နားထောင်ပုံရတယ်မလား။ တကယ်လို့ အဲ့ကောင်လေးကသာ မင်းသမီးကို အိမ်ပြန်ဖို့ ဖျောင်းဖျပေးမယ်ဆိုရင် ဒီကိစ္စအတွက် ပြဿနာရှိတော့မယ်လို့ မထင်ပါဘူး...”

“ဒါပေမဲ့...”

မိုလင်းချိုးသည် စကားစရပ်၍ တွေးတောပြီးမှ ဆက်ပြောသည်။

“သိမ်းငှက်ဧကရီ... ဧကရီတို့အနေနဲ့ အပျော့ဆွဲနည်းကို သုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖိအားပေးရင် အဲ့ကောင်လေးက အညံ့ခံမှာ မဟုတ်ပါဘူး။ သူ့ကို အတင်းဖိအားပေးလိုက်လို့ သူက မင်းသမီးကို တစ်ခုခု လုပ်လိုက်ရင် သိမ်းငှက်စိမ်းဘုရင် ရောက်လာတာနဲ့ အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်”

“ဟုတ်ပါတယ်...”

မူဟုန်ချာသည် ကျန်းရီက ကျန်းရှောင်နူကို မြူထူတောအုပ်ထဲမှ ခေါ်ထုတ်သွားခဲ့ပုံကို ပြန်တွေးကာ ခပ်သွက်သွက် ပြောလိုက်သည်။

“သိမ်းငှက်ဧကရီ... အဲ့ကောင်လေးက သတ္တိကောင်းပါတယ်။ သူက သေရမှာကိုတောင် မကြောက်ပါဘူး။ ကျွန်မတို့ သူ့ကို ဖိအားပေးမယ်ဆိုရင် အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး။ ကျွန်မတို့ သူ့ရဲ့ဝိညာဉ်ကို ထိန်းချုပ်လိုက်မယ်ဆိုရင်ရော ဘယ်လိုပါလဲ။ အဲ့ဒါဆို သခင်မလေးကို ဖျောင်းဖျပေးဖို့ သူ့ကို ခိုင်းလို့ရမယ်။ အဲ့လိုမှမဟုတ်လည်း သခင်မလေးရဲ့ အတိတ်မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်မယ်ဆိုရင်ရော”

“သူ့ ဝိညာဉ်ကို ရမယ် ဒါမှမဟုတ် ငါ့သမီးရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ရမယ်”

သိမ်းငှက်ဧကရီ၏ မျက်ဝန်းများက ခေတ္တမျှ တောက်ပသွား၏။ ကျန်းရီ၏ ဝိညာဉ်ကို ထိန်းချုပ်ရန် လွယ်လောက်သည်။ မင်ရည်တောင်ပံမျိုးနွယ်၏ စိတ်ဝိညာဉ်က သဘာဝအတိုင်း သန်မာသည် မဟုတ်လော။ ကျန်းရီ၏ အားနည်း‌သော စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။ ကျန်းရှောင်နူ၏ မှတ်ဉာဏ်များကို ဖျက်ပစ်ရန်မှာလည်း ဖြစ်နိုင်သည်။ အကယ်၍ ကျန်းရှောင်နူက အတိတ်အကြောင်းများကို မေ့သွားလျှင် ထပ်မံ၍ ဘဝအသစ်စနိုင်ပေသည်။

“မဖြစ်သေးဘူး...”

သိမ်းငှက်ဧကရီက ခေါင်းခါလိုက်၏။

“ငါတို့ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်မယ်ဆိုရင်တောင် အဲ့ကလေးရဲ့ စိတ်ဝိညာဉ်က အရမ်းသန်မာတယ်။ တစ်နေ့ကျရင် သူက အတိတ်အကြောင်းတွေ အကုန်လုံးကို ပြန်မှတ်မိသွားမှာပဲ။ အဲ့အခါကျရင် သူက ငါတို့ကို တစ်သက်လုံး မုန်းတီးသွားလိမ့်မယ်။ ပြီးတော့ ငါ အဲ့ကောင်လေးရဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်လိုက်ရင် အဲ့ကောင်လေး သေလိမ့်မယ်။ ငါ့သမီးက အရမ်းခေါင်းမာတယ်။ အဲ့ကောင်လေး သေလို့မဖြစ်ဘူး။ အနည်းဆုံးတော့ သူ့ကို သတ်တဲ့သူက ငါတို့ဖြစ်လို့ မရဘူး။ မဟုတ်ရင်.. ငါ့သမီးက အဖြစ်မှန်ကို သိသွားတာနဲ့ သူ့ကိုယ်သူ မသတ်သေရင်တောင် အမြဲစိတ်ဓာတ်ကျနေလိမ့်မယ်”

သိမ်းငှက်ဧကရီသည် ကျန်းရှောင်နူအပေါ် လိပ်ပြာမသန့် ဖြစ်နေ‌သေး၍ သူမ နာကျင်ရမည့် ကိစ္စမျိုးကို မလုပ်လိုပေ။ မဟုတ်လျှင် သိမ်းငှက်ဧကရီသည် အစောကတည်းက ကျန်းရီကို သတ်ပစ်လိုက်ပေပြီ။ သူမသည် နားထင်နှစ်ဘက်ကို လက်ချောင်းထိပ်များဖြင့် နှိပ်၍ ဆက်ရေရွတ်လိုက်၏။

“ငါ အဲ့ကောင်လေးကို ငါ့သမီးကို ငါတို့နဲ့ လိုက်သွားအောင် ဖျောင်းဖျပေးဖို့ပဲ တောင်းဆိုနိုင်မယ်။ အဲ့ဒါက သူ ငါတို့နဲ့ လိုလိုချင်ချင် လိုက်လာမဲ့ တစ်ခုတည်းသော နည်းပဲ...”

“ဟုန်ချာ...”

သိမ်းငှက်ဧကရီက အလွန်ပြတ်သားစွာဖြင့် အမိန့်ပေးလိုက်သည်။

“အဲ့ကောင်လေးနဲ့ ချက်ချင်းသွားတွေ့လိုက်။ သူသာ ငါ့သမီးကို ငါနဲ့အတူ လိုက်သွားဖို့ ဖျောင်းဖျပေးနိုင်မယ်ဆိုရင် သူလိုချင်တာ မှန်သမျှကို ပေးလိုက်။ ပြီးတော့ သူ့ဆီက ငါ့သမီးနဲ့ နောက်ထပ်မဆက်သွယ်ပါဘူးဆိုတဲ့ ကတိကိုလည်း တောင်းခဲ့ပါ”

“နားလည်ပါပြီ”

မူဟုန်ချာက လက်ဆုပ်၍ အရိုအသေပေးကာ ချက်ချင်း ခြင်္သေ့ပြာမျိုးနွယ်စုသို့ သွား၍ ကျန်းရီကို ရှာလိုက်သည်။ ထို့နောက် သူမသည် ကျန်းရီထံ လျှို့ဝှက်အသံပို့လွှတ်၍ တောင်းဆိုချင်ရာကို တောင်းဆိုစေလိုက်သည်။ တိရှဘုံတွင် မင်ရည်တောင်ပံမျိုးနွယ်က အင်အားအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူမတို့က ကျန်းရီလိုချင်သော မည်သည့်ရတနာကိုမဆို ပေးနိုင်ပြီး မည်သည့်တောင်းဆိုချက်ကိုမဆို လိုက်လျောနိုင်ပေသည်။ သိမ်းငှက်ဧကရီသည် ထိုအမှိုက်ကောင်လေးက ထိုမျှကြီးသော အခွင့်အရေးကို လက်လွတ်ခံလိမ့်မည်ဟု မထင်ပေ။

သို့သော်...

တစ်နာရီကြာပြီးနောက် မူဟုန်ချာက ခါးသက်သက် မျက်နှာထားဖြင့် ပြန်ရောက်လာ၏။ သူမ ဦးညွှတ်ကာ တင်ပြလိုက်သည်။

“သိမ်းငှက်ဧကရီ... အဲ့ကောင်လေးက ဘာမှမလိုချင်ဘူးလို့ ပြောပါတယ်။ ပြီးတော့ သူက သခင်မလေးကိုလည်း ဖျောင်းဖျမပေးနိုင်ပါဘူးတဲ့၊ ဆုံးဖြတ်ဆရာရှိတာကို သခင်မလေးပဲ ဆုံးဖြတ်ပါစေတဲ့။ ကျွန်မ သူ့ကို စီရင်စုနယ်အရှင်ရာထူး ပေးမယ်လို့တောင် ပြောခဲ့ပါသေးတယ်။ အဲ့ရာထူးအပြင် နတ်ဘုရားအသုံးအဆောင် ဆယ်သန်းနဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် ဆယ်ခုပေးမယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူက ငြင်းလိုက်ပါတယ်...”

“အန်...”

သိမ်းငှက်ဧကရီ၏ မျက်နှာထားက ရုတ်ခြည်း တည်သွား၏။ သူမ၏ခန္ဓာကိုယ်မှနေ၍လည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာသည်။ ထိုအခိုက်တွင် ရှောင်ဟုန်သည် ၎င်းအရှိန်အဝါကို တောင့်မခံနိုင်၍ ဒူးထောက်ကျမလိုပင် ဖြစ်သွားသည်။

မိုလင်းချိုးက မျက်လုံးပင့်လိုက်၏။ ထိုကောင်လေးက ယင်းကဲ့သို့သော ကမ်းလှမ်းမှုများကိုပင် ငြင်းရလောက်အောင် သတ္တိကောင်းသည်လောဟု သူ ‌တွေးလိုက်သည်။ စီရင်စုနယ်အရှင်တစ်ပါး ဖြစ်လာရန်မှာ တိရှအရှင်၏ သဘောတူညီချက် လိုပေသည်။ တိရှအရှင်၏ သဘောတူညီချက်ကို ရရှိရန် မင်ရည်တောင်ပံမျိုးနွယ်က တန်ကြေးကြီးကြီး ပေးရမည်ဖြစ်သည်။ ကျန်းရီကဲ့သို့ သာမန်နတ်ဘုရားလေးက စီရင်စုနယ်အရှင် ဖြစ်လာနိုင်ပြီး နတ်ဘုရားအသုံးအဆောင် ဆယ်သန်းနှင့် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် ဆယ်ခုကို ရမည့် အခွင့်အရေးကိုပင် ငြင်းလိုက်သည်လော။ ထိုကဲ့သို့သော အခွင့်အရေးနှင့်ဆိုလျှင် ရှောင်ဟုန်သည်ပင် လက်ခံလိုက်မည်ဖြစ်သည်။

ရှူး...ရှူး...

သိမ်းငှက်ဧကရီ၏ အသက်ရှူသံများက မြန်လာ၏။ သူမသည် စိတ်ဓာတ်ခွန်အားအကုန် သုံး၍ စိတ်တည်ငြိမ်အောင်နှင့် အလျင်စလို မလုပ်မိအောင် ထိန်းထားရကြောင်း ထင်ရှားပေသည်။ သူမနေရာတွင် အခြားတစ်ယောက် ဖြစ်ပါက ယခုလောက်ဆို ကျန်းရီကို သတ်ပစ်ပြီးလောက်ပေပြီ။ မိုလင်းချိုးပင် ဆက်သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ဤတစ်ကြိမ်တွင် သိမ်းငှက်ဧကရီက သူမ၏ဒေါသကို ချိုးနှိမ်ထားပေသည်။ သူမသည် ရူးမိုက်သည့်ကိစ္စများကို လုပ်မိ၍ မဖြစ်ပေ။

မူဟုန်ချာက ထပ်၍ စကားမပြောဝံ့တော့ချေ။ သိမ်းငှက်ဧကရီက အဆင့်အတန်းမြင့်မြင့် ကြီးပြင်းလာခဲ့သူဖြစ်သော်လည်း မေတ္တာတရားကြီးမားသည့် သူတော်စင်တစ်ယောက် မဟုတ်ပေ။ ထိုအခိုက်တွင် သူမကို ထပ်၍သွားဆွပေးမိပါက ဒေါသပေါက်ကွဲထွက်သွားပေလိမ့်မည်။

ရှောင်ဟုန်သည် တံတွေးပင် မျိုမချဝံ့ပေ။ မိုလင်းချိုးက ခေတ္တမျှ ထပ်စဉ်းစားကာ ရုတ်တရက် ပြောလိုက်သည်။

“ရှောင်ဟုန်... ကျုပ်ကို အမိန့်ပြားတစ်ပြားပေး။ ပြီးရင် တိရှစံအိမ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ ရှိတဲ့ သတင်းအချက်အလက်တွေကို သွားရှာလိုက်။ ကျုပ် အဲ့ကောင်စုတ်လေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်မှန်သမျှကို လိုချင်တယ်”

မိုလင်းချိုး၏အမိန့်ကို ကြားလိုက်သောအခါ သိမ်းငှက်ဧကရီ၏ ဦးနှောက်က စတင်အလုပ်လုပ်လာ၏။ သူမ၏ သတ်ဖြတ်အရှိန်အဝါကလည်း အတန်ငယ် အားပျော့သွားသည်။ သူမသည် မိုလင်းချိုးက မည်သည်ကို တွေးနေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ သူက ကျန်းရီ၏ ပျော့ကွက်ကို ရှာလိုခြင်းပင်။ ထိုကောင်စုတ်အပေါ်တွင် အပျော့ဆွဲရော အကြမ်းဆွဲပါ အလုပ်မဖြစ်ပေ။ ထို့ကြောင့် သူမတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ သူ့၏ ပျော့ကွက်ကိုရှာ၍ တစ်ချက်တည်း အလဲထိုးပစ်ရတော့ပေမည်။

သတင်းအချက်အလက် ရှာဖွေခြင်း လုပ်ငန်းစဉ်က အနိမ့်ဘုံအချိန် နှစ်ရက်တိတိ ကြာခဲ့သည်။ နောက်ဆုံးတွင် ရှောင်ဟုန်က အသေးစိတ်မှတ်တမ်းဖြင့် ပြန်လာခဲ့သည်။ ထိုမှတ်တမ်းထဲတွင် ကျန်းရီ အထက်ဘုံသို့ တက်လာပြီးနောက် ကိစ္စအားလုံးကို မှတ်တမ်းတင်ထားသည်။ ထို့ပြင် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ အကြောင်းများလည်း ပါသည်။

“ကောင်းပြီ...”

မိုလင်းချိုးသည် မှတ်တမ်းကို အတော်ကြာ ကြည့်ပြီးနောက် ပြုံးလာ၏။ ထို့နောက် သူ ပြောလိုက်သည်။

“သိမ်းငှက်ဧကရီ... ကျွန်တော် ခရီးတစ်ခု သွားလိုက်ပါမယ်။ မကြာခင် အဲ့ကောင်လေးက မင်းသမီးကို ဧကရီတို့နဲ့ အိမ်ပြန်လိုက်သွားအောင် ဖျောင်းဖျပေးရစေမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ပြီးတော့ သူ့မှာ ဧကရီကို အတွန့်တက်စရာ တစ်ခုမှ မရှိစေရပါဘူး”

“ကျေးဇူးတင်ပါတယ်”

သိမ်းငှက်ဧကရီသည် မိုလင်းချိုး၏ ယုံကြည်မှုရှိသော မျက်နှာထားကို တွေ့မှ စိတ်အေးသွား၏။ သို့သော် သူမတွင် နောက်ဆုံးညွှန်ကြားချက်များ ကျန်ပေသေးသည်။

“အဲ့ကောင်လေးကို လုံးဝ မထိခိုက်ပါစေနဲ့။ ပြီးတော့ မင်း မြန်မြန်လုပ်ဖို့လည်း လိုတယ်။ သိမ်းငှက်စိမ်းဘုရင်က လမ်းမှာ ရောက်နေပြီ။ သူမရောက်ခင် ငါတို့ ငါ့သမီးကို ခေါ်သွားနိုင်မှရမယ်။ မဟုတ်ရင် အကျိုးဆက်က ဆိုးဝါးသွားလိမ့်မယ်”

“မစိုးရိမ်ပါနဲ့”

မိုလင်းချိုးက ပြုံး၍ ပြန်ပြောသည်။

“ကျွန်တော် အဲ့ကောင်လေးရဲ့ ပျော့ကွက်ကို ရှာတွေ့သွားပါပြီ။ သူ ရွေးချယ်စရာ မရှိဘဲ နာခံရမှာပါ”

All Chapters