အင်မော်တယ်အမှောင်ဖီးနစ်
Vol. 25 Ch. 339
"မဟာအကြီးအကဲ ပစ်မှတ်က ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပါတယ်။ ကျုပ်တို့ ရှာမတွေ့ခဲ့ဘူး"
ဖုယုနှင့်လျူမင်က စန်းလုထံ သတင်းပို့လိုက်ကြသည်။
"ဘာ"
စန်းလုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ များပြားလှသော အာကာသကျောက်များက သူနှင့်လက်တစ်ကမ်းအရောက်တွင် လုယူခံလိုက်ရသည်။ ဤလူငယ်နှင့် တောင်ပံမြွေနဂါးက ပိုလင်း၏အပေါင်းအဖော်များဖြစ်နိုင်သောကြောင့် သူမကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ သို့သော် သူမ၏ကိုယ်ပေါ်တွင် အဆင့်ကိုးနတ်ဆိုးချပ်ဝတ် ရှိနေသောကြောင့် အစွမ်းကုန်တိုက်ခိုက်လျှင်ပင် မထိုးဖောက်နိုင်သောအခါ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။
"စီနီယာစန်း ငါတို့တိုက်ပွဲကို ရပ်ကြတော့မလား"
ပိုလင်းက တစ်ချက်ပြုံး၍ ပြောလိုက်သည်။ ခရမ်းရောင်တောက်ပနေသော နတ်ဆိုးချပ်ဝတ်က ဝတ်ဆင်သူ၏ ခန္ဓာကိုယ်နှင့်လိင်အပေါ် မူတည်၍ ကွဲပြားနိုင်သောကြောင့် သူမ၏ကောက်ကြောင်းများ ပေါ်လွင်ထင်ရှားနေသည်။ ပိုလင်းက ပြုံးနေသော်လည်း စိတ်ထဲတွင် ဗလာင်ဆူနေပြီဖြစ်သည်။ သူမသည် ယဲ့ချန်၏ကိုယ်ပေါ်တွင် ချန်ထားရစ်ခဲ့သော ဝိညာဥ်စွမ်းအင် ပျောက်ကွယ်သွားသည်ကို ခံစားနေရသည်။ မူလတွင် ယဲ့ချန်က အာကာသကျောက်များကို လိုလိုလားလားပေးမည်ဟု ထင်မှတ်ခဲ့သော်လည်း ဤလူငယ်လေးက သူမကို အောင်မြင်စွာ လှည့်ဖျားသွားနိုင်ခဲ့သည်။
စန်းလုက ပိုလင်းကို ဒေါသတကြီးကြည့်နေချိန်တွင် မြေနံရံကျင့်စဥ်ဖြင့် ဖန်တီးထားသော မြေလှောင်အိမ်က စတင်ပျောက်ကွယ်လာသည်။
"ပိုလင်း ဒီကိစ္စအတွက် သမာဓိကောင်စီက မိုးကြိုးမျိုးနွယ်ကို အလွတ်မပေးဘူး"
စန်းလုက ခြိမ်းခြောက်လိုက်သည်။
"သဘောထားကြီးပေးလို့ အများကြီးကျေးဇူးတင်ပါတယ်ရှင်"
ပိုလင်းက ခပ်ရွဲ့ရွဲ့ပြောလိုက်ပြီး အဝေးသို့ လျှပ်စီးတစ်ခုပမာ ပြေးထွက်သွားခဲ့သည်။
"မဟာအကြီးအကဲ ဒီမိန်းမကို ဒီလိုလွှတ်ပေးလိုက်ရတော့မှာလား"
ဖုယုက မေးလိုက်သည်။
"မလွှတ်ပေးလည်း ဘာမှမလုပ်နိုင်ဘူး။ ဒီစုန်းမကို မင်းတို့ သေချာစောင့်ကြည့်ထားစမ်း။ ဟိုခွေးကောင်လေးနဲ့ တစ်ချိန်ချိန်မှာ သေချာပေါက်ပြန်တွေ့လိမ့်မယ်"
စန်းလုက ခေါင်းယမ်း၍ အမိန့်ပေးလိုက်သည်။ အကယ်၍ သူသာ အာကာသကျောက်များကို ရယူနိုင်ခဲ့လျှင် ထူးကဲအဆင့်သို့ပင် တက်ရောက်နိုင်ပေလိမ့်မည်။ ဤသို့ဆိုလျှင် သူက သမာဓိကောင်စီတွင် ရာထူးများ မြင့်တက်လာမည်ဖြစ်သော်လည်း အားလုံးကို ပိုလင်းက ရယူပိုင်ဆိုင်သွားခဲ့သည်။ ထို့အပြင် သူမက အဖိုးတန် နတ်ဆိုးချပ်ဝတ်တစ်ခုကိုပင် ရယူနိုင်ခဲ့သည်။
ပိုလင်းက ခဏအတွင်း ခုနစ်ထပ်၏ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ သူမက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် ရှာဖွေခဲ့သော်လည်း ယဲ့ချန်၏အစအနကိုပင် ရှာမတွေ့ချေ။
"သူက သေချာပေါက် ခုနစ်ထပ်ကို ဝင်ရဲမှာမဟုတ်ဘူး။ ဘယ်လိုလုပ်ပျောက်သွားရတာလဲ"
ပိုလင်းက မျက်ခုံးများပင့်၍ ရေရွတ်လိုက်မိသည်။ သူမ၏ဝိညာဥ်အသိစိတ်ဖြင့် နောက်ယောင်ခံလိုက်ခြင်းကိုပင် ရှောင်ရှားနိုင်သော ကျင့်စဥ်မျိုး ရှိမရှိကိုလည်း တွေးနေမိသည်။
"ကြည့်ရတာ ဒီနေ့ ငါ ကံဆိုးသွားတယ်ထင်ပါတယ်။ ဒီမောင်လေးတွေက တော်တော်ပါးနပ်တာတော့ ဝန်ခံရမယ်"
ပိုလင်းက မချိပြုံး ပြုံးလိုက်မိသည်။ သူမက ယဲ့ချန်နှင့်ရှောင်ရိကို သတ်ဖြတ်မည်မဟုတ်သော်လည်း အာကာသကျောက်များစွာက မိုးကြိုးမျိုးနွယ်အတွက် အလွန်အရေးကြီးသောကြောင့် အလွယ်တကူလက်မလွှတ်နိုင်ပေ။ သို့သော်လည်း သူမက ယဲ့ချန်ကို အထင်သေးမိသောကြောင့် နောင်တအနည်းငယ်ရသွားမိသည်။
"ဆရာ အပြင်မှာ အခြေအနေကို ဘယ်လိုရှိလဲ"
ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း၌ ယဲ့ချန်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးကို မေးလိုက်ခြင်းဖြစ်သည်။
"ဒီကောင်မလေးက မင်းကိုရှာမတွေ့လို့ စိတ်တိုနေတယ်။ သမာဓိကောင်စီဝင်နှစ်ယောက်ကတော့ မင်းတို့ ပြန်တွေ့ကြမယ်ထင်လို့ အဝေးကနေ စောင့်ကြည့်နေကြတယ်။ ကြည့်ရတာ သူတို့က ခုနစ်ထက်အထိတောင် ဝင်ရှာဦးမလား မသိဘူး"
ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ သူက ယဲ့ချန်နှင့်ရှောင်ရိကိုယ်ပေါ်ရှိ ဝိညာဥ်စွမ်းအင်များကို ဖျက်ဆီးပေးခဲ့သဖြင့် သူမက နောက်ယောင်ခံ မလိုက်နိုင်ခြင်းဖြစ်သည်။
ယဲ့ချန်က လက်မောင်းကာအတွင်း စစ်ဆေးလိုက်သောအခါ အာကာသကျောက်ငါးရာကျော်ကို တွေ့ရှိခဲ့သည်။ ဤအရေအတွက်က လောကတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
"ဆရာ ခင်ဗျားအတွက်"
ယဲ့ချန်က အာကာသကျောက်နှစ်ရာကျော်ကို ခြင်္သေ့ကြီးထံ ပို့ဆောင်ပေးလိုက်သည်။ ခြင်္သေ့ကြီးက လက်ဝါးဖြန့်၍ လက်ခံလိုက်သော်လည်း အရေအတွက်က များလွန်းသောကြောင့် မြေပြင်သို့ပင် ပြုတ်ကျကုန်သည်။ သူက ယဲ့ချန်ကို ထူးဆန်းစွာတစ်ချက်ကြည့်လိုက်သော်လည်း စကားများစွာ မပြောခဲ့ပေ။
"ကောင်စုတ်လေးယဲ့ချန် မင်းမှာ အာကာသကျောက်တွေ အများကြီးရှိနေမှတော့ ကျင့်ကြံသင့်တယ်။ အခုအခြေအနေမှာ မင်း ဘယ်လိုမှထွက်မပြေးနိုင်သေးဘူး။ ဒီနေရာကို ကျင့်ကြံသူတွေ အများကြီးလာနေကြတယ်။ ထူးကဲအဆင့်တွေပါလာရင် မင်း သေချာပေါက် ပြဿနာတက်လိမ့်မယ်"
ခြင်္သေ့ကြီးက သတိပေးလိုက်သည်။
"ဆရာ ခင်ဗျား တံဆိပ်အပြင်ဘက်ကို မထွက်ဘူးလား။ ခင်ဗျားအစွမ်းနဲ့ဆိုရင် ဝိညာဥ်မျှော်စင်ရဲ့ရတနာတွေ အကုန်လုံးနီးပါးကို ရယူနိုင်လိမ့်မယ်"
ယဲ့ချန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူက ကောင်းကင်ဓားပျံ၏အစွမ်းနှင့် ကောင်းကင်ကြယ်တာရာတံဆိပ်ကို ဖျက်ဆီးကာ ခြင်္သေ့ကြီးကို လွှတ်ပေးနိုင်စွမ်းရှိနေပြီဖြစ်သည်။
"ဒီအကြောင်းပြောရရင် အရှည်ကြီးကွ။ ငါ အပြင်ကိုထွက်ချင်ပေမယ့် ဒီကိစ္စကြောင့် ကောင်းကျိုးဖြစ်မလား ဆိုးကျိုးဖြစ်မလား မပြောနိုင်ဘူး။ အတိတ်ကကပ်ဘေးကြောင့် ကျင့်ကြံသူတွေက ထျန်းယွမ်မြို့တော်ကို ပြောင်းသွားခဲ့ကြတယ်။ ကျန်တဲ့ကျင့်ကြံသူတွေလည်း သေတဲ့လူကသေ၊ မသေရင်လည်း လိပ်ပြာလက်နက်တွေဖြစ်နေကြပြီ။ ထျန်းယွမ်မြို့တော်က ဝိညာဥ်မျှော်စင်ရဲ့ ရုတ်တရက်ပြောင်းလဲမှုတွေ နောက်ကွယ်မှာရှိနေနိုင်တယ်။ ငါအပြင်ထွက်လာရင် မလိုလားအပ်တဲ့ ပြဿနာတစ်ခု ဖြစ်လာမှာကို စိုးရိမ်တယ်။ ငါ့အတွက် ဆုံးဖြတ်ချက်ချဖို့ တော်တော်ခဲယဥ်းတယ်။ ကောင်းကင်ကြယ်တာရာတံဆိပ်ထဲမှာနေတာ အလွန်ကြာနေပြီဆိုတော့ အပြင်ကိုထွက်ဖို့ စိုးရိမ်တယ်"
ခြင်္သေ့ကြီးက အခြေအနေကို သုံးသပ်၍ ခေါင်းယမ်းပြလိုက်သည်။
ယဲ့ချန်က ခြင်္သေ့ကြီး၏စကားကြောင့် ထပ်မံတိုက်တွန်းခြင်း မရှိတော့ပေ။ သူ၏ဆရာက တံဆိပ်အတွင်းမှထွက်ရန် နှစ်ခါပြန်စဥ်းစားနေရပုံပေါ်သည်။ ထျန်းယွမ်ရှေးဟောင်းမြို့တော်အကြောင်း အလွန်သိချင်နေသော်လည်း သူ၏လက်ရှိခွန်အားက ထိုနေရာကို မော့ကြည့်ရန်ပင် မတတ်နိုင်ချေ။
"ငါ သေချာပေါက် အစွမ်းပိုထက်လာရမယ်"
ယဲ့ချန်က ရှောင်ရိအတွက် အာကာသကျောက်နှစ်ဆယ်ကို ဝိညာဥ်ပုလဲအတွင်း ပို့ပေးလိုက်သည်။ ထို့နောက် သူက အာကာသကျောက်တစ်လုံးကိုဆုပ်ကိုင်၍ အာကာသချီကို စတင်စုပ်ယူလိုက်သည်။ အာကာသချီသည် အလွန်အစွမ်းထက်ပြီး တစ်တုံးတွင်ပါရှိသော ပမာဏက သူ့ကို ကောင်းကင်ဝိဇ္ဇာအဆင့်မှ ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ ရောက်ရှိစေခဲ့သည်။ ဒုတိယမြောက် အာကာသကျောက်တုံး၏စွမ်းအင်ကလည်း သူ၏ကျင့်ကြံဆင့်ကို အဆက်မပြတ်တိုးတက်လာစေသည်။ အဆင့်တက်ပြီးနောက် ကောင်းကင်သိုင်းချီက ထူးဆန်းစွာပြောင်းလဲနေကြောင်း ယဲ့ချန်က ခံစားနေရသည်။
သူ၏ညာလက်ဝါးတွင်ရှိနေသော ကောင်းကင်သိုင်းချီထံမှ အနီ၊အပြာနှင့်ခရမ်းဟူသော အရောင်သုံးရောင်တောက်ပလာကာ အလင်းတန်းများ ထွက်ပေါ်လာသည်။ အာကာသချီဆယ်ပုံရှစ်ပုံကို ၎င်းက စုပ်ယူသွားသည်။
ထိုအချိန်တွင် ယဲ့ချန်၏ခါးတွင် ဝတ်ဆင်ထားသော ဧကရာဇ်မင်၏ခါးပတ်က စတင်လင်းလက်လာသည်။ သားရဲရှစ်ကောင်၏ ပုံရိပ်ဝါးဝါးများက ခါးပတ်အတွင်းမှထွက်ပေါ်လာကာ လေထဲတွင် လွင့်မျောနေကြသည်။ ၎င်းတို့အထဲတွင် ငှက်၊ငါးနှင့်မြွေစသော သားရဲပေါင်းစုံပါဝင်နေကာ အားလုံးက အသက်ဝင်လာဟန်ဖြင့် လှုပ်ရှားလာကြသည်။
ယဲ့ချန်၏တစ်ကိုယ်လုံးကို ဆန်းကျယ်သောစွမ်းအင်များ လွှမ်းခြုံနေသည်။ ခြင်္သေ့ကြီးက သားရဲပုံရိပ်များကိုကြည့်၍ အတွေးနက်နေသည်။
"ယဲ့ချန် ဧကရာဇ်မင်ရဲ့ခါးပတ်ထဲမှာ ဆန်းကျယ်သားရဲရှစ်ကောင်ကို ချိတ်ပိတ်ထားတယ်။ မင်းသာ ဒါတွေကိုဆင့်ခေါ်နိုင်ရင် သူတို့က မင်းအမိန့်ကို နာခံကြလိမ့်မယ်"
ခြင်္သေ့ကြီး၏စကားသံက ယဲ့ချန်၏စိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။ သူက ဤစကားကိုကြားလိုက်ရသောအခါ အလွန်အံ့သြသွားသည်။ သူ၏စိတ်အတွင်း၌ ညွှန်ကြားချက်များကို ကြားယောင်နေရသည်။ ၎င်းတို့က ဆန်းကျယ်သားရဲများကို ဆင့်ခေါ်နိုင်သည့် ကျင့်စဥ်တစ်မျိုးကို သင်ပြပေးနေပုံပေါ်သည်။
"ထွက်လာစမ်း"
ယဲ့ချန်က အော်ဟစ်အမိန့်ပေးလိုက်သည်။ သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီများထွက်ပေါ်လာ၍ တံဆိပ်အတွင်းရှိ နယ်မြေ၏ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ထို့နောက် ဧရာမငှက်ကြီးတစ်ကောင်ဖြစ်တည်လာပြီး ၎င်းက အလျားသုံးမီတာကျော်ရှိကာ တစ်ကိုယ်လုံး အနက်ရောင်မီးတောက်များ တောက်လောင်နေသည်။ ၎င်းက အော်မြည်လိုက်သောအခါ ကောင်းကင်ပင် တုန်ခါသွားသယောင် ခံစားလိုက်ရသည်။ ငှက်ကြီးက ကောင်းကင်တွင် လှည့်ပတ်ပျံသန်းလိုက်ပြီး ၎င်းသွားရာလမ်းတလျှောက်တွင် စွမ်းအင်လှိုင်းကြီးများ ထွက်ပေါ်လာသည်။
"ဒါက အင်မော်တယ်အမှောင်ဖီးနစ်ကြီးပါလား။ သူတို့ရဲ့ခွန်အားက အကန့်အသတ်မရှိအစွမ်းထက်ပြီး အင်မော်တယ်ရဲ့ ပြယုဂ်ဖြစ်တယ်။ ဒီပုံရိပ်က ဧကရာဇ်မင်ရဲ့ခါးပတ်ထဲမှာ ထိန်းသိမ်းထားတဲ့ ငှက်မွေးတစ်ချောင်းကနေ ဖြစ်ပေါ်လာတယ်။ မင်းရဲ့ကျင့်ကြံဆင့် နိမ့်ကျနေတော့ ပုံရိပ်က နတ်ဘုရင်စဦးအဆင့်ခွန်အားကိုသာ ပိုင်ဆိုင်ထားတယ်။ မင်းအစွမ်းထက်လာရင် ဒီကောင်ကြီးလည်း ပိုပြီးအစွမ်းထက်လာလိမ့်မယ်"
ခြင်္သေ့ကြီးက လေပေါ်ရှိငှက်ကြီးကို သေချာစွာစစ်ဆေး၍ ရှင်းပြလိုက်ခြင်းဖြစ်သည်။
"အင်မော်တယ်အမှောင်ဖီးနစ် ဆရာဆိုလိုတာက ဒီအစွမ်းထက်ပုံရိပ်ကို ငှက်မွေးလေးတစ်ချောင်းက ထုတ်ဖော်ပေးလိုက်တာလား"
ယဲ့ချန်က အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ငှက်မွေးတစ်ချောင်းတည်းကပင် ဤခွန်အားကိုပိုင်ဆိုင်ထားလျှင် အင်မော်တယ်အမှောင်ဖီးနစ်သာဆိုလျှင် အလွန်အမင်း အစွမ်းထက်နေပေလိမ့်မည်။
"ဒါပေါ့ကွ။ အင်မော်တယ်အမှောင်ဖီးနစ်က ငါတို့ခရမ်းမီးတောက်ကြယ်ခြင်္သေ့ထက်တောင် ပိုအစွမ်းထက်တယ်။ သူတို့က ရှေးဟောင်းသားရဲတွေဖြစ်လို့ ငါ့မျိုးနွယ်ရဲ့ အစွမ်းထက်ဆုံးကျင့်ကြံသူတောင် သူတို့နဲ့ယှဥ်ရင် ပုရွက်ဆိတ်သာသာပဲ။ ဒါပေမယ့် ဒီကောင်ကြီးတွေ မျိုးသုဥ်းသွားတာ နှစ်ပေါင်းသိန်းချီကြာနေပြီ။ သူတို့ရဲ့ငှက်မွေးတစ်ချောင်းတည်းကိုတောင် ရှာတွေ့နိုင်ဖို့ တော်တော်ကြီးခက်ခဲတယ်"
ခြင်္သေ့ကြီးက ခေါင်းညိတ်၍ ဆက်လက်ရှင်းပြလိုက်သည်။
အင်မော်တယ်အမှောင်ဖီးနစ်၏ပုံရိပ်က ငှက်မွေးတစ်ချောင်းထံမှ ဖြစ်ပေါ်လာသော်လည်း ၎င်းက အလွန်ကြီးကျယ်ခမ်းနား၍ ရှေးဟောင်းအရှိန်အဝါကို ထုတ်ဖော်နေသည်။ ယဲ့ချန်အနေဖြင့် ၎င်းသာ အမှန်တကယ်အသက်ရှင်နေလျှင် မည်မျှအစွမ်းထက်မည်ကို တွေးပင်မတွေးနိုင်ချေ။
ငှက်မွေးတစ်ချောင်းမှ ဖြစ်ပေါ်လာသော ပုံရိပ်ကပင် နတ်ဘုရင်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားသည်။
"ဆရာပြောသလိုဆိုရင် ဧကရာဇ်မင်ရဲ့ခါးပတ်ထဲမှာ သားရဲရှစ်ကောင်ကို ချိတ်ပိတ်ထားတာပေါ့။ အင်မော်တယ်အမှောင်ဖီးနစ်တစ်ကောင်တည်း ထွက်ပေါ်လာသေးတယ်။ ကျန်တဲ့ကောင်တွေကိုရော ဆင့်ခေါ်ရမလား"
ယဲ့ချန်က အမှောင်ဖီးနစ်ကိုစပ်စုနေရာမှ ခြင်္သေ့ကြီးဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
"မင်းက အားနည်းလွန်းတယ်။ ခါးပတ်ကို အသက်သွင်းနိုင်ခဲ့ပေမယ့် တစ်ကောင်တည်းကိုသာ ဆင့်ခေါ်နိုင်လိမ့်မယ်"
ခြင်္သေ့ကြီးက ခေါင်းယမ်း၍ ဖြေလိုက်သည်။
ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အစွမ်းထက်ရှေးဟောင်းသားရဲတစ်ကောင်ကို ဆင့်ခေါ်နိုင်ခြင်းကပင် သူ့အတွက် ကျေနပ်စရာဖြစ်သည်။ ရှေ့သို့ဆက်သွားပြီး အစွမ်းထက်လာလျှင် အခြားသားရဲများကို ဆင့်ခေါ်နိုင်ပေလိမ့်မည်။
ဧကရာဇ်မင်၏ခါးပတ် အသက်ဝင်လာရုံသာမက ကောင်းကင်တုန်ခါဆေးအိုးလည်း ကောင်းကင်ပေါ်သို့ ပျံတက်နေခဲ့သည်။ ယဲ့ချန်က လေ့ကျင့်ပြီးနောက် ဆေးအိုးနှင့်သူ့အကြားရှိ ဝိညာဥ်ဆက်သွယ်ချက်က ဖြည်းညှင်းစွာခိုင်မာလာကြောင်း ခံစားနေရသည်။ သူ၏ကျင့်ကြံဆင့်ကလည်း လျင်မြန်စွာတိုးတက်နေသည်။ သူ၏အတွေးတစ်ချက်နှင့်ပင် ကောင်းကင်တုန်ခါဆေးအိုးပတ်လည်၌ မီးတောက်များ တောက်လောင်လာသည်။
ယဲ့ချန်က ဉာဏ်အလင်းပွင့်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ သူက ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကို ဆင့်ခေါ်လိုက်သောအခါ အလွန်အင်မတန်ကျယ်ဝန်းသော ကောင်းကင်ကြီးတစ်ခုသို့ ရောက်သွားသယောင် ခံစားလိုက်ရ၏။
ကောင်းကင်တုန်ခါဆေးအိုးက ဖြတ်ခနဲပျောက်ကွယ်သွားကာ ယဲ့ချန်၏ဒန်တန်အတွင်း ပြန်လည်ထွက်ပေါ်လာသည်။ ၎င်းက မီးတောက်များထုတ်ဖော်၍ ကြယ်ကိုးလုံးကို လောင်ကျွမ်းသန့်စင်ပေးလိုက်သည်။ ဆေးအိုး၏သန့်စင်ပေးမှုကြောင့် ကြယ်ကိုးလုံးက ပိုမိုကြည်လင်တောက်ပလာခဲ့သည်။
ဆန်းကျယ်သော စွမ်းအင်လှိုင်းများက ယဲ့ချန်ကိုဗဟိုပြု၍ ထွက်ပေါ်နေသည်။ သူက ကောင်းကင်ကြယ်တာရာအစီအရင်၏အလယ်တွင် တင်ပျဥ်ခွေထိုင်နေပြီး ဘုရားကျောင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်တစ်ခုကဲ့သို့ တူညီနေခဲ့လေသည်။
(ဘာသာပြန်သူ၏မှတ်ချက်။ ။ဤကား တာအိုဘာသာ၏ရည်ညွှန်းချက်မျှသာဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့် မတူကွဲပြားသော မဟာယနဗုဒ္ဓဘာသာမှ အယူအဆအသုံးအနှုန်းများသာ ဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ အတုမရှိ ဗုဒ္ဓမြတ်စွာကိုစော်ကားလိုခြင်းမရှိပါ။)
***