ဆည်းဆာရွှေ
Vol. 25 Ch. 340
နေ့အချိန်က လျင်မြန်စွာကုန်ဆုံးသွားပြီး ခုနစ်ထပ်သို့ ကျင့်ကြံသူများစွာက ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့ကြသည်။ သို့သော်လည်း များစွာသော ကျင့်ကြံသူအုပ်စုများကြားတွင် ဒါဇင်ချီသော အရေအတွက်တစ်ခုသာ ပြန်လည်ထွက်ခွာလာနိုင်ခဲ့သည်။ ထွက်လာနိုင်သူအများစုမှာလည်း အပြင်းအထန်ဒဏ်ရာများ ရရှိထားခဲ့ကြသည်။ ပိုလင်းဦးဆောင်သော မိုးကြိုးသားရဲများနှင့် စန်းလုဦးဆောင်သော သမာဓိကောင်စီဝင်များလည်း ခုနစ်ထပ်မှ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။
အစွမ်းထက်ဂိုဏ်းကြီးများမှ ကျင့်ကြံသူများပင် အခြေအနေဆိုးစွာ ပြန်လာရသောကြောင့် ခုနစ်ထပ်မြောက်တွင် ကြောက်မက်ဖွယ်ဝိညာဥ်သားရဲများ ရှိနေပုံပေါ်သည်။ အချို့ဂိုဏ်းများက ဝင်ပေါက်အနီးတွင် စခန်းချကာ အတွင်းသို့ဝင်ရောက်ရန် သက်ဆိုင်ရာဂိုဏ်းများ၏ အစွမ်းအထက်ဆုံးကျင့်ကြံသူများ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ ခုနစ်ထပ်တွင် သူတို့အားလုံးကို ဆွဲဆောင်နိုင်သော ရတနာတစ်မျိုး ရှိနေနိုင်သည်။
ဂိုဏ်းများ၏ ထူးကဲအဆင့်ကျင့်ကြံသူများ မည်သည့်အချိန်တွင် ရောက်လာမည်ကို ယဲ့ချန်ကမခန့်မှန်းနိုင်ပေ။ အကယ်၍ ထူးကဲအဆင့်ကျင့်ကြံသူများသာ ရောက်ရှိလာလျှင် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ပုန်းအောင်းနေသော သူ့အတွက် မလုံခြုံနိုင်တော့ပေ။ သူက အန္တရာယ်ကိုခံစားနေရသဖြင့် ကျင့်ကြံဆင့်ကို လျင်မြန်စွာမြှင့်တင်ရန် အာကာသချီများကို အရူးအမူးစုပ်ယူနေခဲ့သည်။
ခုနစ်ထပ်၏ဝင်ပေါက်တွင် စခန်းချနေသော ကျင့်ကြံသူများ အချိန်နှင့်အမျှ များပြားလာခဲ့သည်။ ဂိုဏ်းအချို့က ကျင့်ကြံသူပေါင်းများစွာကိုလည်း ဝင်ပေါက်အတွင်း စေလွှတ်ခဲ့ကြသည်။
ဝိညာဥ်မျှော်စင်၏ ပထမထပ်မှခြောက်ထပ်အထိ ရတနာများအားလုံးက အပြောင်ရှင်းခံလိုက်ရပြီဖြစ်သည်။ လူတိုင်းက ခုနစ်ထပ်ရှိရတနာများကို မက်မောနေကြသည်။ သို့သော်လည်း ခုနစ်ထပ်အတွင်းမှ ရတနာများကို သယ်ဆောင်ပြီး ပြန်ထွက်လာသူက အနည်းငယ်သာရှိသည်။ အချိန်အများစုတွင် ကျင့်ကြံသူများက လက်ဗလာနှင့်ပြန်လာကြပြီး အချို့က ကြောက်မက်ဖွယ်ဒဏ်ရာများရရှိထားကာ အချို့က လုံးဝပြန်မလာနိုင်ကြတော့ပေ။ ဝိညာဥ်မျှော်စင်၏ မြေအောက်အထပ်များတွင်မူ ဝိညာဥ်သားရဲများက အလွန်အစွမ်းထက်နေသောကြောင့် အင်အားစုများက လက်လျှော့လိုက်ပြီးဖြစ်လေသည်။
"ဆရာ အပြင်က ဘာသတင်းတွေ ကြားရသေးလဲ"
ယဲ့ချန်က အပြင်ဘက်သို့ သူ၏ဝိညာဥ်အသိစိတ်ဖြင့် မထောက်လှမ်းရဲသောကြောင့် ခြင်္သေ့ကြီးကို မေးလိုက်ခြင်းဖြစ်သည်။ သူ၏ကိုယ်ပေါ်ရှိ ဝိညာဥ်စွမ်းအင်ကို ခြင်္သေ့ကြီးမှဖျက်ထားပြီးဖြစ်သော်လည်း ပိုလင်းက သူ၏အရှိန်အဝါကို မှတ်မိနေနိုင်သည်။ အကယ်၍ သူ၏ဝိညာဥ်အသိစိတ် ထွက်ပေါ်လာလျှင် သူမက သတိထားမိနိုင်ချေများလေသည်။
"ခုနစ်ထပ်မှာ ဧရာမအဖြူရောင် အလင်းတန်းကြီးတစ်ခုရှိနေပြီး အာကာသကျောက်ထောင်ချီရှိတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် အလင်းတန်းဘေးမှာ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲဒါဇင်ချီအောင်ရှိတယ်။ တကယ်လို့ အလင်းတိုင်နားကိုသာကပ်သွားရင် အဲ့ဒီကောင်ကြီးတွေကို ရန်စသလို ဖြစ်သွားလိမ့်မယ်"
ခြင်္သေ့ကြီးက ပြန်ဖြေလိုက်သည်။
အာကာသကျောက်ထောင်ချီဟူသော စကားလုံးကြောင့် ယဲ့ချန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ သူက ခုနစ်ထပ်သို့ ဝင်ရောက်ချင်သော်လည်း ပိုလင်းနှင့်စန်းလုပင်လျှင် ပြန်လည်ဆုတ်ခွာလာရသောကြောင့် ထိုနေရာတွင် အချိန်ခဏပင် ခံနိုင်မည်မဟုတ်ပေ။
"မဟာသာလွန်အဆင့်သားရဲတွေအပြင် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲတွေလည်း အများကြီးရှိတယ်။ ဒီနေရာမှာ ဂိုဏ်းတွေက နတ်အဆင့်ကျင့်ကြံသူတွေလည်း အများကြီးရှိနေတယ်။ မင်းက တစ်ကိုယ်တော်ဆိုတော့ ခုနစ်ထပ်ကိုမဝင်တာ ကောင်းမယ်"
ခြင်္သေ့ကြီးက အကြံပေးလိုက်သည်။
ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိတွင် ဦးစားပေးရမည့်အရာမှာ ဤနေရာမှ လုံခြုံစွာထွက်ခွာနိုင်ရေးဖြစ်သည်။
"မိုးကြိုးသားရဲတွေနဲ့ သမာဓိကောင်စီက ခုနစ်ထပ်မှာ ခရမ်းရောင်နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းတွေရလာပုံပေါ်တယ်။ သူတို့က ဒီအရာတွေအတွက် တိုက်ခိုက်ခဲ့လောက်တယ်။ သမာဓိကောင်စီက အစွမ်းထက်ပေမယ့် မိုးကြိုးမျိုးနွယ်က ခြေတစ်လှမ်းသာနေတယ်။ အဲ့ဒီကောင်မလေးက တော်တော်ဉာဏ်များတယ်"
ခြင်္သေ့ကြီးက မှတ်ချက်ချလိုက်သည်။
ပိုလင်းက စန်းလုထက် ကျင့်ကြံဆင့်နှစ်ဆင့်နိမ့်သော်လည်း နတ်ဆိုးချပ်ဝတ်ရှိနေသောကြောင့် စန်းလုက သူမကိုထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ ၎င်းက အလွန်အမင်းအစွမ်းထက်ပြီး ယဲ့ချန်သာ ဝတ်ဆင်လိုက်လျှင် နတ်အဆင့်ကျင့်ကြံသူများကို ဝိညာဥ်စစ်သည်တော်မပါဘဲ တိုက်ခိုက်နိုင်ပေလိမ့်မည်။ ကံမကောင်းသည်ကား ယဲ့ချန်၌ နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းနှစ်ခုသာ ရှိနေခဲ့သည်။
"ခြင်္သေ့ဘုရင်ထုံတန်လည်း ရောက်လာပြီ။ ဒီကောင်က နတ်ဘုရင်အဆင့်ဆိုပေမယ့် ပိုလင်းနဲ့စန်းလုကို ဂရုမစိုက်ဘူး။ ငါ သိပြီ။ ဒီကောင့်မှာ ခြင်္သေ့ဘုရင်တူဆိုတဲ့ လိပ်ပြာလက်နက်ရှိရမယ်။ တစ်ရက်ရက်ကျရင် မင်း ဒီကောင်လေးကို တံဆိပ်ထဲခေါ်လာပေးစမ်းပါ။ ငါ သူ့ကို သင်ခန်းစာပေးရမယ်"
ခြင်္သေ့ကြီးက တောင်းဆိုလိုက်သည်။
"ထုံတန် ရောက်လာပြီလား"
"ထုံတန်တစ်ယောက်တည်း မဟုတ်ဘူး။ ဝံပုလွေတိုင်းပြည်ရဲ့ ဘုရင်သုံးကောင်လည်း ရောက်နေကြတယ်။ သူတို့ထဲကတစ်ကောင်မှာ လိပ်ပြာလက်နက်တစ်ခု သယ်ဆောင်လာတယ်။ ငါမှန်းတာသာမမှားရင် ဒါက မိစ္ဆာဝံပုလွေဆေဘာဖြစ်လိမ့်မယ်။ ယဲ့ချန် မင်း မြန်မြန်ထွက်ပြေးသင့်ပြီ။ ဒီဆေဘာက အဆုံးမဲ့ကျင့်ကြံသူတွေကိုတောင် တိုက်ခိုက်နိုင်တယ်။ မင်းလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး"
ခြင်္သေ့ကြီးက လေးနက်စွာပြောလိုက်သည်။
"နားလည်ပါပြီ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ဝံပုလွေဘုရင်များက နတ်ဘုရင်အဆင့်ထိပ်ဆုံးတွင် နှစ်ပေါင်းများစွာ ရောက်ရှိနေသူများဖြစ်သည်။ ယဲ့ချန်က နတ်ဘုရင်စဦးအဆင့် ခွန်အားကိုသာ ပိုင်ဆိုင်ထားသောကြောင့် ဤသုံးကောင်၏ဝိုင်းရံခြင်းခံရလျှင် အသက်ရှင်မည်မဟုတ်ချေ။
ယဲ့ချန်နှင့်ခြင်္သေ့ကြီး စကားပြောနေစဥ် ဝိညာဥ်ပုလဲက အနည်းငယ်လှုပ်ခါလာသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ၎င်းကို ချက်ချင်းစစ်ဆေးလိုက်သည်။ ရှောင်ရိက တင်ပျဥ်ခွေထိုင်၍ အာကာသကျောက်တစ်တုံးကို စုပ်ယူနေသည်။ သူ၏ဘေးတွင် ထွင်ထန်းကလည်း ကျင့်ကြံနေသည်။ ဝူစီ၏ခန္ဓာကိုယ်က ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပြီး တစ်ကြိမ်တွင် ဧရာမကြီးမားလာကာ နောက်တစ်ကြိမ်တွင် အလွန်သေးငယ်စွာ ကျုံ့ဝင်သွားပြန်သည်။ သူ၏ကိုယ်တွင်း၌ ရေချီများပြည့်နှက်နေပြီး သမုဒ္ဒရာကြီးပမာ လှိုင်းထန်နေခဲ့သည်။ လက်ချောင်းရှစ်ချောင်းကလည်း ရေကူးနေသကဲ့သို့ လှုပ်ယမ်းနေခဲ့သည်။
"ရှောင်ရိ ဝူစီက ဘာဖြစ်နေတာလဲ"
ယဲ့ချန်က မေးလိုက်သည်။
"ကျွန်တော်လည်း မသိဘူး။ သူ့ကို ကျောက်တုံးနှစ်တုံးပေးလိုက်ပြီးတော့ ဒီလိုဖြစ်သွားတာပဲ"
ရှောင်ရိက ဝူစီကိုကြည့်နေရင်း စိတ်ရှုပ်စွာဖြေလိုက်သည်။
"ယဲ့ချန် ဒီကောင်လေးက အမှောင်ရေဘဝဲဖြစ်တယ်။ သူတို့က ဘဝတလျှောက်လုံးမှာ ခြောက်ကြိမ်ပြောင်းလဲကြတယ်။ ဝူစီက ပထမဆုံးအကြိမ် ပြောင်းလဲနေတာဖြစ်မယ်"
ခြင်္သေ့ကြီးက အခြေအနေကို သုံးသပ်ပြလိုက်သည်။
"ပထမအကြိမ်ပြောင်းလဲပြီးရင် ဘယ်လိုဖြစ်သွားမှာလဲ"
ယဲ့ချန်က အမှောင်ရေဘဝဲမျိုးနွယ်အကြောင်း များစွာသိရှိထားခြင်း မရှိပေ။
"ပထမအကြိမ်ပြောင်းလဲပြီးရင်လည်း ဝူစီက တိုက်ခိုက်နိုင်စွမ်းရှိလာမှာ မဟုတ်ဘူး။ သူက ကောင်းကင်နှင့်မြေကြီးကြားထဲမှာ ချီစွမ်းအင်တွေလိုမျိုး လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်။ သက်တမ်းကလည်း နှစ်ပေါင်းသန်းချီ တိုးလာမှာဖြစ်တယ်။ ဒီကောင်တွေက သက်ရှိတွေကြားထဲမှာ အသက်အရှည်ဆုံးလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် သူကမတိုက်ခိုက်နိုင်လို့ အထင်မသေးနဲ့။ အမှောင်ရေဘဝဲတွေက လောကဝိညာဥ်သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်စွမ်းရှိတယ်။ ဝူစီက မင်းကိုကူညီပြီး ကောင်းကင်သိုင်းချီလို ရတနာမျိုးတွေကို ရှာဖွေပေးနိုင်တယ်"
ခြင်္သေ့ကြီးက အမှောင်ရေဘဝဲများအကြောင်း ရှင်းပြလိုက်သည်။
ပထမအကြိမ်ပြောင်းလဲပြီးနောက် ဝူစီက တိုက်ခိုက်ရေးစွမ်းအားရှိလာ မဟုတ်သော်လည်း ယဲ့ချန်က စိတ်ပျက်မသွားခဲ့ပေ။ သူက ဝူစီကို သူနှင့်အတူတိုက်ခိုက်ပေးရန် မျှော်လင့်မထားသောသောကြောင့်ဖြစ်သည်။ သူပေးထားသော အာကာသကျောက်များက ရှောင်ရိ၊ ဝူစီနှင့် အကြီးအကဲထွင်ထျန်းတို့ အချိန်တစ်ခုကြာကျင့်ကြံရန် လုံလောက်သောကြောင့် ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ကျင့်ကြံဆင့်မြင့်တက်လာပြီးနောက် စိတ်အတွင်းရှိ ဓားပျံလည်း တိုးတက်လာသည်ကို ယဲ့ချန်က ခံစားနေရသည်။ သူက ကောင်းကင်ဓားပျံရှစ်ချောင်းကို တပြိုင်နက်ဖန်တီးနိုင်လာပြီး သုံးချောင်းကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။ မဟာသာလွန်အဆင့်နှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာများပင် ဤကောင်းကင်ဓားပျံကို ဂရုမစိုက်လျှင် အပြင်းအထန်ဒဏ်ရာရသွားနိုင်လေသည်။
ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကလည်း အစွမ်းထက်လာခဲ့သည်။ သူက ၎င်းကိုအသုံးပြု၍ ခြင်္သေ့ကြီးနှင့် လေးငါးကြိမ်ခန့် တိုက်ခိုက်နိုင်နေသည်။ မူလတွင် သူ၏ကျင့်ကြံဆင့်က ဆန်းကျယ်ဝိဇ္ဇာအဆင့်၌ရှိသောအခါ ခြင်္သေ့ကြီးနှင့် နှစ်ကွက်မျှသာ တိုက်ခိုက်နိုင်ခဲ့သည်။ လက်ရှိတွင် ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်အဆင့်သို့ရောက်လာသောအခါ ရှစ်ကြိမ်အထိတို က်ခိုက်နိုင်နေပြီဖြစ်သည်။ ယဲ့ချန်၏ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ တံဆိပ်က အနည်းငယ်အက်ကွဲလာခဲ့သည်။ ခြင်္သေ့ကြီး၏တိုးတက်နှုန်းကလည်း မြန်ဆန်နေခဲ့သည်။ သူက ဆရာဖြစ်သူကိုအနိုင်ယူရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်လေသည်။
"ယဲ့ချန် ထူးကဲအဆင့်ကျင့်ကြံသူတွေ အများဆုံး နှစ်ရက်အတွင်းရောက်လာမယ်လို့ ငါ ကြားတယ်။ မင်း ဘယ်လိုလုပ်မလဲ"
ထိုအချိန်တွင် ခြင်္သေ့ကြီးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဆရာ ပိုလင်းက ခုနစ်ထပ်ကိုဝင်သွားရင် ပြောပေးပါ။ အဲ့အချိန်မှာ ခြောက်ထပ်ကနေ ငါးထပ်ကိုပြေးနိုင်ဖို့ ကြိုးစားရမယ်"
ယဲ့ချန်က တိတ်တဆိတ်စဥ်းစား၍ အဖြေပေးလိုက်သည်။
"ဒီတစ်နည်းပဲရှိမယ်ထင်တယ်။ ဒါပေမယ့် ပိုလင်းက ခုနစ်ထပ်မှာ အချိန်အကြာကြီးနေမှာမဟုတ်ဘူး။ သူမသာ မင်းရဲ့အရှိန်အဝါကို အာရုံခံမိသွားရင် ကောင်းကင်ကြယ်တာရာတံဆိပ်နဲ့တောင် ပုန်းအောင်းနိုင်မှာမဟုတ်ဘူး။ ဒီလိုသာဆိုရင် မင်းထွက်ပြေးနိုင်ဖို့ ပိုခက်ခဲသွားပြီ"
ခြင်္သေ့ကြီးက သတိပေးလိုက်သည် ။ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ပုန်းအောင်းနေလျှင်ပင် ယဲ့ချန်က နတ်ဘုရင်စဦးအဆင့် ခွန်အားသာရှိသောကြောင့် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကို ယှဥ်နိုင်မည်မဟုတ်ပေ။
ယဲ့ချန်သည်လည်း ဤအချက်ကို သဘောပေါက်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူက အချိန်အများဆုံး နှစ်ရက်အတွင်း ထွက်ပြေးရန်မှလွဲ၍ ရွေးချယ်စရာမရှိချေ။
"ဒါနဲ့ မင်းမှာ ဝိညာဥ်သားရဲအလောင်းခြောက်ခု ရှိတယ်မလား။ တကယ်လို့ မင်းသာ အလောင်းတွေထဲက လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတွေကိုရရင် စုစုပေါင်းရှစ်ခုဖြစ်လာလိမ့်မယ်။ မင်းအတွက် အသုံးဝင်တာတစ်ခုခု ပါလာနိုင်တယ်"
ခြင်္သေ့ကြီးက အလောင်းများကိုသတိရသွားပြီး ယဲ့ချန်ကို ပြောလိုက်သည်။
ယဲ့ချန်ကလည်း လက်မောင်းကာအတွင်း ဝိညာဥ်အသိစိတ်နှင့်စစ်ဆေးပြီး အလောင်းများ၏ခေါင်းကို ဖျက်ဆီးလိုက်သည်။ သို့သော် အလောင်းငါးခုထံမှ ကျင့်စဥ်ကျောက်စိမ်းများ ထွက်ပေါ်မလာဘဲ ထျန်းယွမ်ဒင်္ဂါးနှင့်တူညီသော ရွှေပြားများ ထွက်ပေါ်လာခဲ့သည်။ အလောင်းတစ်ခုတည်းမှသာလျှင် လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်း ရရှိခဲ့သည်။
"ဆရာ ကျုပ်မှာ ကျင့်စဥ်ကျောက်စိမ်းသုံးခုတည်း ရှိတယ်။ ဒီသတ္တုပြားတွေကတော့ ကျင့်စဥ်ကျောက်စိမ်းနဲ့ မတူဘူး"
ယဲ့ချန်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ ပထမဆုံးအကြိမ်တွင် သူက ဝိညာဥ်သားရဲ၏ခေါင်းအတွင်းမှ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတစ်ခု တွေ့ခဲ့ရသည်။ ထို့ကြောင့် ဤအလောင်းများထံမှလည်း ကျောက်စိမ်းပြားများရရှိမည်ဟု ထင်မြင်နေခဲ့သည်။
"ဒါတွေက ဘယ်လိုသတ္တုမျိုးလဲ"
ယဲ့ချန်က မေးမြန်းလိုက်သည်။ သတ္တုပြားများကလုံးဝိုင်းပြီး ပြားချပ်ချပ်သဏ္ဍာန်ရှိသည်။ ၎င်းတို့အပေါ်တွင် ရုန်းများတည်ရှိနေကာ ရွှေရောင်ဖျော့ဖျော့လင်းလက်နေသည်။ ၎င်းတို့က ထျန်းယွမ်ငွေပြားများနှင့်ကွာခြားပြီး ပို၍လည်းကြီးမားနေသည်။
"ဒါက ဆည်းဆာရွှေမလား"
ခြင်္သေ့ကြီးက တအံ့တသြရေရွတ်လိုက်သည်။
"ဆည်းဆာရွှေက ဘယ်လိုသတ္တုမျိုးလဲ"
"ဒါတွေက အလွန်ပါးလွှာပြီး ရှားပါးကြတယ်။ ဆည်းဆာရွှေကို လူသား၊မြေနဲ့ကောင်းကင်အဆင့် ဝိညာဥ်လက်နက်တွေသွန်းလုပ်ရာမှာ အသုံးပြုကြတယ်။ ကျွမ်းကျင်တဲ့ ပန်းပဲဆရာတွေဆိုရင် လိပ်ပြာလက်နက်တောင် ထုလုပ်နိုင်ကြတယ်"
"လိပ်ပြာလက်နက်ထုလုပ်ဖို့တောင် အသုံးပြုနိုင်တာလား"
ယဲ့ချန်လည်း အလွန်အံ့သြသွားခဲ့သည်။ သူက ဤသတ္တုပြားငါးခု၏တန်ဖိုးကို ကောင်းစွာနားလည်လိုက်သည်။ ထျန်းယွမ်ငွေပြားများက အဆင့်ရှစ်နှင့်ကိုး ဝိညာဥ်လက်နက်များထုလုပ်ရာတွင်သာ အသုံးပြုနိုင်သော်လည်း ဆည်းဆာရွှေက ၎င်းထက် တစ်ဆင့်ပိုမြင့်နေခဲ့သည်။
ယဲ့ချန်က ဆည်းဆာရွှေကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး လက်ထဲရှိ ကျင့်စဥ်ကျောက်စိမ်းသုံးခုထံ စိုက်ကြည့်နေခဲ့သည်။ သူက သွေးကိုအသုံးချ၍ ပထမဆုံးတစ်ခုကို စမ်းသပ်ခဲ့သော်လည်း ကျင့်ကြံ၍မရခဲ့ပေ။ ကျန်ကျင့်စဥ်ကျောက်စိမ်းနှစ်ခုက သူ့အတွက်အသုံးဝင်မည်လားဟု အလွန်သိချင်နေခဲ့လေသည်။
***