နေရောင်အောက်က သူခိုးကျင့်စဉ် *
Vol. 25 Ch. 341
ယဲ့ချန်သည် လက်ချောင်းထိပ်ကိုဖောက်၍ သွေးစက်များကို ကျင့်စဥ်ကျောက်စိမ်းပြားတစ်ခုပေါ်သို့ ချလိုက်သည်။ သို့သော် သွေးက ၎င်းနှင့်ပေါင်းစပ်သွားခြင်းမရှိဘဲ ချောမွေ့သောမျက်နှာပြင်မှတဆင့် ကြမ်းပြင်သို့ စီးကျသွားခဲ့သည်။ ဤလျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းကိုလည်း သင်ယူနိုင်ခွင့် မရှိပေ။
ယဲ့ချန်က အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ ကျောက်စိမ်းပြားများက အလွန်အမင်းတင်းကျပ်ပြီး သူ၏သွေးနှင့်ကိုက်ညီသော ကျောက်စိမ်းကိုရှာဖွေရန် မလွယ်ချေ။ နောက်ဆုံးကျောက်စိမ်းပြားတစ်ချပ်သာ ကျန်ရစ်သဖြင့် သူက မျှော်လင့်ချက်မဲ့စပြုလာသည်။
ယဲ့ချန်သည် လက်ရှိအဆင့်၌ ကျောက်စိမ်းပြားများကိုထပ်မံရှာဖွေရန် မဖြစ်နိုင်ပေ။ သူရောရှောင်ရိပါ ဤကျောက်စိမ်းပြားသုံးချပ်လုံးကို အသုံးမပြုနိုင်လျှင် တစ်စုံတစ်ယောက်ထံ တန်ဖိုးကြီးမားစွာဖြင့်ရောင်းချရန် အခွင့်အရေးကို ရှာဖွေရပေလိမ့်မည်။
ခြင်္သေ့ကြီးက ယဲ့ချန်နှင့် လျှို့ဝှက်ကျောက်စိမ်း၏အဖြစ်အပျက်ကို တည်ငြိမ်စွာ စိုက်ကြည်နေခဲ့သည်။ ဤအခြေအနေက သူ၏တွက်ချက်မှုအတွင်း၌ ရှိနေပုံပေါ်သည်။
ယဲ့ချန်သည် နောက်ဆုံးကျောက်စိမ်းပြားပေါ်သို့ သွေးစက်ချလိုက်သည်။ သွေးစက်နှင့် ကျောက်စိမ်း၏မျက်နှာပြင် ထိသွားသောခဏတွင် ၎င်းက စတင်တောက်ပလာသည်။ အလင်းတစ်ခုက ၎င်းထံမှ ဖြည်းညှင်းစွာပြန့်ထွက်လာ၍ ဆန်းကျယ်သောစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သက်တန့်ရောင်အလင်းများက ကျောက်စိမ်းထံမှ ရုတ်တရက်လင်းထိန် တောက်ပလာခဲ့သည်။
သက်တန့်အလင်းများက နူးညံ့သိမ်မွေ့၍ နွေးထွေးသောကြောင့် ယဲ့ချန်မှာ သုခဘုံတစ်ခုအတွင်း ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ကြည်လင်အေးမြသော ဂီတသံများကိုပင် သူက ကြားယောင်နေမိသည်။
"အောင်မြင်သွားတာလား။ ဘာလျှို့ဝှက်ကျင့်စဥ် ထွက်ပေါ်လာမှာလဲ"
ယဲ့ချန်က အပျော်လွန်သွားခဲ့သည်။ သူ၏ဘေးတွင်ရှိနေသော ခြင်္သေ့ကြီးကလည်း ဤအချက်ကို သတိထားမိသဖြင့် တစ်ချက်ပြုံးလိုက်သည်။ ယဲ့ချန်က အလွန်ကံကောင်းစွာဖြင့် လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ကျောက်စိမ်းအတွင်းရှိ လျှို့ဝှက်ကျင့်စဥ်က သေချာပေါက်အစွမ်းထက်ပေလိမ့်မည်။ သို့သော် သူက မူမမှန်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး။ ယဲ့ချန် ကျောက်စိမ်းပြားကို မြန်မြန်ဘေးဖယ်လိုက်စမ်း"
ခြင်္သေ့ကြီးက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
ယဲ့ချန်ကမူ သူ၏သတိပေးချက်ကို တုံ့ပြန်ခြင်းမရှိချေ။ သူက သက်တန့်ရောင်အလင်းများအကြား ပိတ်မိနေသဖြင့် ခြင်္သေ့ကြီး၏စကားသံကို မကြားနိုင်တော့ပေ။ သူ၏ပတ်ဝန်းကျင်က အိပ်မက်တစ်ခုကဲ့သို့ ရုတ်တရက်တိတ်ဆိတ်သွားသည်။ သူ၏မြင်ကွင်းရှိ ခြင်္သေ့ကြီး၏စိုးရိမ်နေသော အမူအရာကလည်း စတင်ဝေဝါးလာသည်။
"ဘာတွေဖြစ်သွားတာလဲ။ ငါ ဘယ်ရောက်နေတာလဲ"
ယဲ့ချန်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ထူးဆန်းသော နယ်မြေတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ နေရာတိုင်းတွင် သက်တန့်ရောင်အလင်းများတည်ရှိနေပြီး သူက သီးခြားကောင်းကင်ဘုံတစ်ခုအတွင်း ရောက်ရှိခဲ့သည်။ သူက လေထဲရှိ ပန်းရနံ့များကိုရနေပြီး ကျေးငှက်သာရကာများ၏ အော်မြည်သံများကိုလည်း ကြားနေရသည်။
"ဆရာက ကျင့်စဥ်ကျောက်စိမ်းနဲ့သွေး ပေါင်းစပ်သွားရင် ကျင့်စဥ်တစ်ခုရမယ်လို့ ပြောခဲ့တယ်။ သူ မှားနေတာလား။ ဒီကျောက်စိမ်းကရော လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်း မဟုတ်ဘူးလား"
ယဲ့ချန်က စိတ်ကိုထိန်းချုပ်ပြီး ပတ်ဝန်းကျင်ကို သတိထားနေခဲ့သည်။ ပတ်ဝန်းကျင်ရှိ လေထုကပင် အစစ်အမှန်ဟုမခံစားရဘဲ ပုံရိပ်ယောင် သို့မဟုတ် စိတ်ကူးယဥ်ဆန်မှုတစ်ခုနှင့်ပင် တူညီနေသည်။ ကျောက်စိမ်းအတွင်း၌ ကမ္ဘာတစ်ခုတည်ရှိနေခြင်း ဖြစ်နိုင်သည်။
"နောက်ဆုံးတော့ တစ်ယောက်ယောက်က ကျင့်စဥ်ကျောက်စိမ်းကို ဖွင့်လိုက်နိုင်ပြီပေါ့။ ကလေး မင်းက ပထမဆုံးကျင့်ကြံသူဖြစ်တယ်"
ရှေးကျကာအိုမင်းသော စကားသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"စီနီယာက ဘယ်သူဆိုတာကို ကျုပ် သိခွင့်ရှိမလား။ ဒါကရော ဘယ်နေရာလဲ"
ယဲ့ချန်က နေရာအနှံ့ကို လိုက်လံကြည့်ရှုလိုက်သော်လည်း လူတစ်ယောက်ကိုမှရှာမတွေ့ခဲ့ပေ။ သူသည် အသံရှင်က မည်သည်ကိုစီစဥ်နေကြောင်း သိမြင်လိုနေခဲ့သည်။
"ငါ ဘယ်သူလဲ။ မင်း ငါ့ကို တန်းကျိလို့ခေါ်နိုင်တယ်"
"တန်းကျိ"
ယဲ့ချန်က အနည်းငယ်တိတ်ဆိတ်သွားခဲ့သည်။
"မင်းက အခုငါ့အသိစိတ်ထဲကို ရောက်နေတာဖြစ်တယ်။ ငါ့အသိစိတ်က အပိုင်းပိုင်းကွဲပြီး ကျင့်စဥ်ကျောက်စိမ်းတစ်ခုချင်းစီထဲမှာ ရှိနေတယ်။ မင်းက ဒီထဲကတစ်ခုနဲ့ ပေါင်းစပ်နိုင်ခဲ့တာ တကယ်ကံကောင်းတယ်။ ဒီလျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းက မင်းရဲ့သွေးကို အသိအမှတ်ပြုလိုက်တယ်"
အစွမ်းထက်ကျင့်ကြံသူတစ်ဦးဖြစ်သော တန်းကျိ၏အသိစိတ်က ကျောက်စိမ်းပြားတိုင်းနှင့် ပေါင်းစပ်နေခြင်းက မယုံနိုင်စရာကိစ္စတစ်ခုဖြစ်သည်။ ဝိညာဥ်မျှော်စင်အတွင်းရှိ မူမမှန်သောကိစ္စများက တစ်စုံတစ်ယောက်၏ အကွက်ချကြံစည်ထားခြင်း ဖြစ်နိုင်နေသည်။ ယဲ့ချန်က ထိုလူ၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ခဲ့ပေ။
"လူငယ်လေး မင်းက ကျောက်စိမ်းပြားနဲ့ ပေါင်းစပ်နိုင်ခဲ့တယ်ဆိုတော့ ဘယ်လျှို့ဝှက်ကျင့်စဥ်ကို လိုချင်လဲ။ ငါ့မှာ မင်းအတွက် ရွေးချယ်စရာ စုစုပေါင်းသုံးရာခုနစ်ဆယ့်နှစ်ခုရှိတယ်။ အဆင့်နိနိမ့်၊ အလယ်အဆင့်နဲ့ အဆင့်မြင့်ကျင့်စဥ်တွေအပြင် မိုးချုန်းသံကျင့်စဥ်၊ နတ်လျှို့ဝှက်ကျင့်စဥ်နဲ့ ထန်းယွမ်ကျင့်စဥ်လို အစွမ်းထက်ကျင့်စဥ်တွေလည်း ရှိတယ်"
တန်းကျိက ပြောလိုက်ခြင်းဖြစ်သည်။
"ရွေးချယ်စရာ လျှို့ဝှက်ကျင့်စဥ်တွေ များလှချည်လား။ စီနီယာတန်းက ဘာတွေစီစဥ်နေတာလဲ။ ထန်းယွမ်ကျင့်စဥ်ဆိုတာကရော အကြီးအကဲထန်းယွမ်နဲ့ ဆက်စပ်နေတာလား"
ယဲ့ချန်က အတွေးနက်နေသည်။
"မစိုးရိမ်ပါနဲ့။ ငါ မင်းကို ဒုက္ခမပေးပါဘူး။ ဘာပြောပြော ငါက သေပြီးသားလူတစ်ယောက် ဖြစ်နေပါပြီ။ မင်းကြိုက်တဲ့ကျင့်စဥ်ကို ယုံယုံကြည်ကြည် ရွေးချယ်နိုင်ပါတယ်"
တန်းကျိက ဆက်ပြောလိုက်သည်။
"ဘယ်လိုအမျိုးအစားတွေရှိတာလဲ"
ယဲ့ချန်က တန်းကျိကို မည်သည့်နေရာတွင်မှ ရှာမတွေ့သောကြောင့် အမှန်တကယ်ပင် အသိစိတ်အကြွင်းအကျန်တစ်ခု ဖြစ်ပုံရလေသည်။ သူ၏စကားအဆုံးတွင် ကောင်းကင်၌ ပုံရိပ်များစွာထွက်ပေါ်လာပြီး ကျင့်ကြံသူတစ်ယောက်စီတိုင်းက လျှို့ဝှက်ကျင့်စဥ်တစ်ခုချင်းစီကို သီးခြားသရုပ်ပြနေကြသည်။
"လျှို့ဝှက်ကျင့်စဥ်တွေက သိုင်းပညာရဲ့အဆီအနှစ်ဖြစ်တယ်။ ပိုပြီးအစွမ်းထက်လေလေ ပိုပြီးကျင့်ကြံရတာ ခက်ခဲလေလေပဲ။ အဆင့်နိမ့်ကျင့်စဥ်တစ်ခုကိုကျင့်ကြံဖို့ ရက်အနည်းငယ်သာလိုပေမယ့် အလယ်အဆင့်အတွက် နှစ်အနည်းငယ်လိုအပ်တယ်။ အဆင့်မြင့်ကျင့်စဥ်တွေအတွက် ဆယ်နှစ်ကျော်လောက် အချိန်ယူရပြီး အစွမ်းထက်ကျင့်စဥ်တွေဆိုရင်တော့ မင်းတစ်သက်လုံး လေ့လာရလိမ့်မယ်"
တန်းကျိက ရှင်းပြလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်က ပုံရိပ်များကို သေချာစွာစိုက်ကြည့်နေခဲ့သည်။ သူ့ကို လက်ရှိအခြေအနေမှ လွတ်မြောက်စေနိုင်သော လျှို့ဝှက်ကျင့်စဥ်ကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
"ဒီကျင့်စဥ်ကို လိုချင်ပါတယ်"
အချိန်တစ်ခုအကြာတွင် ယဲ့ချန်က ပုံရိပ်တစ်ခုကို ရွေးချယ်ညွှန်ပြလိုက်သည်။
"ဒီကျင့်စဥ်ကိုယူမှာ သေချာလား"
တန်းကျိက အံ့သြသွားဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်ကဲ့"
"နေရောင်အောက်ကသူခိုး ဒီကျင့်စဥ်က မင်းရဲ့အရှိန်အဝါကိုဖုံးကွယ်ပြီး ရုပ်သွင်ကို ပြောင်းလဲပေးနိုင်တယ်။ အဆင့်တစ်ကိုရောက်တာနဲ့ မင်းကို မဟာသာလွန်အဆင့်တွေတောင် ရှာတွေ့နိုင်မှာမဟုတ်ဘူး။ နတ်အမျိုးအစားကျင့်စဥ်တစ်ခုဖြစ်ပေမယ့် ကျင့်ကြံဖို့ သိပ်မခက်ဘူး။ ဒါပေမယ့် ဒီကျင့်စဥ်က မင်းကို တိုက်ပွဲတွေမှာ ကူညီပေးနိုင်စွမ်းမရှိဘူး။ ငါ့မှာ တိုက်ခိုက်ရေးကျင့်စဥ်တွေ အများကြီးရှိတယ်။ မင်းအနေနဲ့ နောက်ထပ်ကျောက်စိမ်းပြားတစ်ချပ်ရှာတွေ့ဖို့ မလွယ်ကူနိုင်လို့ သေချာစဥ်းစားပါ"
တန်းကျိက စေတနာဖြင့် သတိပေးလိုက်သည်။
"ဒီကျင့်စဥ်ကိုပဲ ယူပါမယ်"
ယဲ့ချန်က ခေါင်းညိတ်၍ ပြတ်သားစွာပြောလိုက်သည်။ သူက ဤကျင့်စဥ်ကို ရွေးချယ်ပြီးဖြစ်သောကြောင့် နောက်တစ်ကြိမ်ပြန်တွေးရန် မလိုအပ်ပေ။ လက်ရှိအခြေအနေ၌ သူက တိုက်ခိုက်ရေးကျင့်စဥ်တစ်ခုကို သင်ယူနိုင်ခဲ့လျှင်ပင် အဆုံးမဲ့ကျင့်ကြံသူများကို ယှဥ်နိုင်မည်မဟုတ်ချေ။ ထို့အပြင် တိုက်ခိုက်ရေးကျင့်စဥ်များကိုသင်ယူရန် အချိန်များစွာ ပေးအပ်ရပေလိမ့်မည်။ နေရောင်အောက်မှသူခိုးကျင့်စဥ်က ကျင့်ကြံရန်လွယ်ကူသည့်အပြင် သူ့အတွက် အသက်ကယ်ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်သည်။
"ဒါဆိုရင် မင်းကို ဒီကျင့်စဥ် သင်ပေးလိုက်မယ်"
တန်းကျိ၏စကားအဆုံးတွင် ကောင်းကင်ထက်မှပုံရိပ်က ရုန်းများအဖြစ်ပြောင်းလဲကာ ယဲ့ချန်၏ခေါင်းအတွင်း ဝင်ရောက်လာခဲ့သည်။ သူ၏စိတ်အတွင်း သရုပ်ဖော်ပုံများထွက်ပေါ်လာကာ ၎င်းတို့က နေရောင်အောက်မှသူခိုးကျင့်စဥ်၏ ကျင့်ကြံရေးနည်းလမ်းဖြစ်သည်။ ထို့နောက် သက်တန့်ရောင်အလင်းများက စတင်ပျောက်ကွယ်လာပြီး ခဏအတွင်း ယဲ့ချန်က ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ပြန်ပေါ်လာသည်။ သူက ငုံ့ကြည့်လိုက်သောအခါ လက်ထဲရှိကျောက်စိမ်းပြားက အမှုန့်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။
ယဲ့ချန်က လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်း၏ ထူးဆန်းမှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ကျန်ကျောက်စိမ်းပြားနှစ်ချပ်ကိုကြည့်လိုက်ပြီး ၎င်းတို့နှင့်ပေါင်းစပ်နိုင်သူသည်လည်း တန်းကျိနှင့်တွေ့ဆုံနိုင်မည်လားဟု စဥ်းစားနေခဲ့သည်။
"ယဲ့ချန် ဘာတွေဖြစ်သွားတာလဲ"
ခြင်္သေ့ကြီး၏စကားသံက ယဲ့ချန်ကို အတွေးများမှလှုပ်နှိုးလိုက်သည်။
"ဆရာ ကျောက်စိမ်းပြားတွေမှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အသိစိတ်ရှိနေတာလား"
ယဲ့ချန်က ပြန်မေးလိုက်သည်။
"ဒါကပုံမှန်ပါပဲ။ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတွေ ပြုလုပ်တဲ့အခါ ဖန်တီးသူရဲ့အသိစိတ်ကို ပေါင်းစပ်ပေးရတယ်။ ဒီအသိစိတ်က မင်းကို ကျင့်စဥ်လက်လွှဲပေးလိမ့်မယ်။ ဖန်တီးသူက အစွမ်းထက်ရင်ထက်သလောက် လျှို့ဝှက်ကျင့်စဥ်ကလည်း အစွမ်းထက်လိမ့်မယ်"
ခြင်္သေ့ကြီးက ကျင့်စဥ်ကျောက်စိမ်း၏အလုပ်လုပ်ပုံကို ရှင်းပြလိုက်သည်။
ယဲ့ချန်၏သွေးနှင့် ပေါင်းစပ်ခဲ့သော ကျင့်စဥ်ကျောက်စိမ်းအတွင်းရှိ အသိစိတ်က ကျင့်စဥ်ပေါင်းသုံးရာကျော်ကို ထုတ်ပေးနိုင်သောကြောင့် တန်းကျိက မည်မျှအစွမ်းထက်ကြောင်း သိသာနေသည်။
"လျှို့ဝှက်ကျင့်စဥ် နေရောင်အောက်ကသူခိုး"
ယဲ့ချန်က ကျင့်စဥ်ကို စတင်လေ့ကျင့်လိုက်သည်။ ၎င်းက အသုံးပြုသူ၏ရုပ်ခန္ဓာ၊ အရိုးတည်ဆောက်ပုံ ၊အရေပြားနှင့်သွေးကြောများကိုပင် ပြောင်းလဲပေးနိုင်သည်။ ဒဏ္ဍာရီလာအရိုးလွှဲကျင့်စဥ်နှင့် လိပ်အစောင့်အရှောက်ကျင့်စဥ်များကဲ့သို့ အသုံးပြုသူ၏ စွမ်းအင်အရှိန်အဝါကိုလည်း ဖုံးကွယ်ပေးနိုင်သည်။ ၎င်းက နတ်အမျိုးအစားတစ်ခုဖြစ်သောကြောင့် ပထမအဆင့်ကိုအောင်မြင်လျှင် မဟာသာလွန်အဆင့်ကျင့်ကြံသူကိုပင် အောင်မြင်စွာလှည့်စားနိုင်သည်။
ယဲ့ချန်က နေရောင်အောက်မှသူခိုးကျင့်စဥ်ကို ကျင့်ကြံနေရင်း မျက်နှာသွင်ပြင်က စတင်ပြောင်းလဲလာသည်။ သူ၏အရိုးများပင် နေရာပြောင်းလဲသွားပြီး လက်ရှိရုပ်ရည်သွင်ပြင်က မူလအသွင်နှင့် လုံးဝကွဲပြားနေပြီဖြစ်သည်။ သူ၏အရှိန်အဝါကလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်စပြုလာခဲ့သည်။
သုံးနာရီအကြာတွင် သူက အခြားလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားကာ အရှိန်အဝါပင် ဖုံးကွယ်ခံလိုက်ရသည်။ ယဲ့ချန်က အချိန်ခဏအတွင်း အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
"ယဲ့ချန် မင်း အခု အဆုံးမဲ့အဆင့်တွေကို လှည့်စားနိုင်တယ်။ ဘာပြဿနာမှမရှိတော့ဘူး"
ယဲ့ချန်ပြောင်းလဲသွားပုံကို မြင်သောအခါ ခြင်္သေ့ကြီးက တစ်ချက်ပြုံးလိုက်သည်။ သူက အနည်းငယ်အံ့သြနေမိသည်။ လျှို့ဝှက်ကျင့်စဥ်တစ်ခုကိုကျင့်ကြံရန် ကောင်းချီးပေးခံထားရသော ပါရမီရှင်တစ်ယောက်ပင် အသေးစားအောင်မြင်မှုအဆင့်သို့ သုံးလအနည်းဆုံးအချိန်ယူမှ ရောက်ပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်က အချိန်သုံးနာရီသာယူရသည်။ ဤကား ဒဏ္ဍာရီများတွင်ပင်မရှိဖူးသော ပါရမီရှင်တစ်ယောက်ပင်ဖြစ်သည်။
ယဲ့ချန်၏ပါရမီက ကြယ်တာရာဘုံကိုးလွှာ ကျင့်စဥ်ကြောင့်ဖြစ်ကြောင်းကိုမူ ခြင်္သေ့ကြီးက မသိနိုင်ခဲ့ပေ။ ဤကျင့်စဥ်ကို အမည်မသိရသော အစွမ်းထက်တည်ရှိမှုတစ်ခုက ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းက ကောင်းကင်ကဲ့သို့မြင့်မြတ်ပြီး သမုဒ္ဒရာကြီးကဲ့သို့ နက်ရှိုင်းလှသော ကျင့်စဥ်ဖြစ်သည်။ ယဲ့ချန်သည် သိုင်းပညာနှင့်လျှို့ဝှက်ကျင့်စဥ်များကို သင်ယူရင်း ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ဆန်းကျယ်မှုကို ပိုမိုနားလည်လာခဲ့သည်။ သူက ကျင့်စဥ်တိုင်းနှင့်ကျွမ်းဝင်သော ခံစားချက်တစ်ခုကို အမြဲတမ်းရနေသဖြင့် ကျင့်စဥ်နှင့်သိုင်းပညာတိုင်းကိုရလျှင် အလွန်လွယ်ကူစွာ တတ်မြောက်နိုင်လာခဲ့သည်။
ရုပ်သွင်နှင့်အရှိန်အဝါကို ပြောင်းလဲပြီးနောက် ယဲ့ချန်က လုံးဝကွဲပြားသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူနှင့် အလွန်ရင်းနှီးသူများ၏ဘေးတွင် ရပ်နေလျှင်ပင် သူတို့က မှတ်မိနိုင်စွမ်းရှိမည်မဟုတ်ပေ။ ခြင်္သေ့ကြီးကလည်း သူ့အနေဖြင့် အဆုံးမဲ့ကျင့်ကြံသူများကို လှည့်စားနိုင်ပြီဖြစ်ကြောင်း ပြောလာသဖြင့် စိုးရိမ်စရာမရှိတော့ပေ။ သူ့အကြောင်းကိုသိသူမှာ ပိုလင်းနှင့်စန်းလုသာ ဖြစ်သောကြောင့် ထူးကဲအဆင့်ကျင့်ကြံသူများ ရောက်လာလျှင်ပင် ရှာတွေ့နိုင်ရန် မလွယ်ပေ။
"ဆရာ ကျုပ် အပြင်ထွက်တော့မယ်"
ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ဆက်လက်ပုန်းအောင်းနေခြင်းက ပြဿနာဖြစ်လာနိုင်သောကြောင့် ယဲ့ချန်က ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ သူက ပိုလင်းနှင့်စန်းလုကို လှည့်စားနိုင်ပြီဖြစ်သောကြောင့် အပြင်ထွက်ကာ လွတ်လမ်းရှာဖွေရပေလိမ့်မည်။ ဝိညာဥ်မျှော်စင်အတွင်းမှ ရတနာများစွာက သူ့လက်ထဲသို့ ရောက်ရှိနေခဲ့လေသည်။
***