← Chapters

ကျင်းရှောင်ယု

Vol. 5 Ch. 61

ကျင်းရှောင်ယု

Vol. 5 Ch. 61

" ဂိုဏ်းတူ ညီမလေး ကျူး ... စိတ်မရှိပါနဲ့။ အစ်ကိုဒီမှာ ခဏထိုင်ပါရစေ"

စားဖိုဆောင်ရဲ့ တတိယထပ်မှာတော့ အရပ်မြင့်မြင့်၊ ခပ်ချောချော လူငယ်လေး တစ်ယောက်က ကျူးဟောင်ရှုရဲ့ အရှေ့မှာ ထိုင်ခွင့် တောင်းလိုက်ပါတယ်။ ကျူးဟောင်ရှုက ပေါ့ပေါ့ပါးပါး ရယ်ပြလိုက်ပြီး

" ရပါတယ် အစ်ကို ကျင်းရယ် ... ဒီနေရာက ဟောင်ရှု ပိုင်တဲ့နေရာမှ မဟုတ်တဲ့ဟာကို"

ဒီလူငယ်ရဲ့ နာမည်က ကျင်းရှောင်ယု ဖြစ်ပြီး အပြင်စည်းဂိုဏ်းရဲ့ ပြိုင်ဖက်ကင်း၁၀ ယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခ မျှော်စင်မှာတော့ အဆင့်၄၂ ဖြစ်ပါတယ်။

ဘယ်တုန်းကတည်းက စမှန်းတောင် မသိတော့ပါဘူး။ ကျင်းရှောင်ယုက မကြာခဏဆိုသလို သူမနဲ့ အမှတ်အထင် တွေ့လေဟန် လုပ်ကာ သူမကို လာလာကြောင် နေတတ်ပါတယ်။

အမှန်အတိုင်း ပြောရရင်  ကျူးဟောင်ရှုက မြေကမ္ဘာနယ်ပယ်ကို မရောက်မချင်း ချစ်သူထားဖို့ အစီအစဉ် မရှိပါဘူး။ ဒီအကြောင်းကိုလည်း သူမက ကျင်းရှောင်ယုကို အရိပ်အမြွက် ပြောပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ကျင်းရှောင်ယုကတော့ လက်လျော့မသွားပဲ အမြဲတမ်း ပြုံးနေကာ သူမရှိရာကို လာနေတတ်ပါတယ်။

" ညီမလေးကျူးက လုံးဝ ပါရမီရှင်ပဲနော်။ အစ်ကိုတို့ မတွေ့တာတောင် ဘယ်လောက်မှ မကြာသေးဘူး။ ညီမက လူသားနယ်ပယ် အဆင့်၇ ကိုတောင် ရောက်နေပြီ။ ကြည့်ရတာ လူသားနယ်ပယ် အဆင့်၈ကို ရောက်ဖို့တောင် အချိန် သိပ်မလိုတော့ဘူးနဲ့ တူတယ်"

ကျင်းရှောင်ယုက သူရဲ့ခေါင်းကို မော့လိုက်ပြီး ကျူးဟောင်ရှုကို မျက်တောင် မခတ်စတမ်းကို ကြည့်နေမိတယ်။ သူမရဲ့ နှင်းဆီရောင် နှုတ်ခမ်း ဖူးဖူးလေးရယ်၊ သူမရဲ့ နှာတံချွန်ချွန်လေးရယ်၊ သေးသွယ်ပြီး ခပ်ခုံးခုံးလေးနဲ့ လှနေတဲ့ မျက်ခုံးလေးရယ် ၊ အဲဒီ အရာအားလုံးက သူ့ရဲ့ နှလုံးသားကို တဆတ်ဆတ် ခုတ်နေတယ်လေ။ ကျင်းရှောင်ယု စိတ်ထဲမှာ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့တဲ့ အရာတစ်ခု ရှိပါတယ်။

အဲဒါကတော့ ပထမဆုံး စတင်လှုပ်ရှားသူက တခြားသူတွေထက် ပိုအခွင့်အရေး ရတယ် ဆိုတာပါပဲ။ ပြီးတော့ ငယ်ငယ်ကတည်းက သူပိုင်ဆိုင်ချင်တဲ့ အရာမှန်သမျှက သူ့ဥစ္စာ ဖြစ်လာခဲ့တာ ချည်းပါပဲလေ။ ဒါကြောင့် သူက ထိုင်ထိုင်ပြီးချင်းမှာပဲ ကျူးဟောင်ရှုကို ဖွင့်ပြော လိုက်ပါတော့တယ်”

" ညီမလေး ကျူး ... အစ်ကိုကြီးရဲ့ မိန်းကလေးအဖြစ် နေပေးပါလားလို့ပေါ့"

ကျူးဟောင်ရှုကတော့  ဘာမှမဖြစ်သလိုနဲ့ သူ့ကို ပြန်တုံ့ပြန် လာခဲ့ပါတယ်။

" ဂိုဏ်းတူ အစ်ကိုကျင်း ကတော့ အရမ်း နောက်တတ်တာပဲ" လို့ပေါ့။

ကျင်းရှောင်ယုရဲ့ နှုတ်ခမ်း ထောင့်စွန်းလေးတွေက ကွေးသွားပြီး ပြုံးယောင်ယောင် ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေကို သေသေချာချာ စောင့်ကြည့်ခဲ့မယ် ဆိုရင်တော့ အလိုမကျတဲ့ အရိပ်အယောင် တစ်ခု ဖျတ်ခနဲ ပေါ်ထွက် သွားခဲ့တာကို သိနိုင်မှာ အမှန်ပါပဲ။

ဒါက သူ့အတွက် ကိုးကြိမ်မြောက် ငြင်းခံရခြင်းပါ။ သူအရှေ့မှာ ကျူးဟောင်ရှုကို ချစ်ရေး ဆိုခဲ့ပေမဲ့ ဒီကောင်မလေးက ပါးနပ်စွာနဲ့ပဲ ငြင်းဆိုခဲ့တယ်လေ။

သူက ပြိုင်ဖက်ကင်း ၁၀ ယောက်ထဲက တစ်ယောက်ပါ။ သူ့ကို အပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ ကြိုက်ကျတဲ့ မိန်းကလေးတွေဆိုတာ ဒုနဲ့ဒေးပါပဲ။ ဒါပေမဲ့ အခုတော့ ကျူးဟောင်ရှုက ကိုးကြိမ်တိုင်တိုင် သူ့ကို ငြင်းပယ်ခဲ့ပါပြီ။

အဲဒီအချိန် အတောအတွင်းလေးမှာပဲ အပြင်စည်း တပည့် မိန်းမပျို နှစ်ယောက်က သူတို့ ဘေးနားကနေ ဖြတ်သွားခဲ့ပါတယ်။ သူတို့ မျက်လုံးတွေက ကျင်းရှောင်ယုကို တွေ့လိုက်တဲ့ အချိန်မှာတော့ အရောင် တောက်သွားခဲ့ပြီး " ဂိုဏ်းတူအကိုကြီး" လို့ခေါ်ကာ မြူစွယ်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်။

ကျင်းရှောင်ယုက ဒီမိန်းမပျို နှစ်ယောက်ကို စိတ်မဝင်စားပေမဲ့ သူ့ကို နှုတ်ဆက် သွားတာကိုတော့ အသိအမှတ် ပြန်ပြုလိုက်ပြီး မျက်လုံးထောင့်ကနေ ကျူးဟောင်ရှုကို ချောင်းကြည့် လိုက်ပါတယ်။

ဒီကောင်မလေးများ သူ့အပေါ် သဝန်တို သွားမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။ ဘယ်မိန်းကလေးက ပါရမီရှင်တွေကို စိတ်မဝင်စားပဲ နေနိုင်မှာလဲလေ။ ပြောရမယ်ဆိုရင် သူက ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ပြီး  ဒီအပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ သူ့ကို ယှဉ်နိုင်တဲ့သူတွေက ပြိုင်ဖက်ကင်း ၁၀ယောက်ထဲကပဲ ရှိတာပါ။ ဒီအရိုး တည်ဆောက်ပုံ တစ်ခုတည်းနဲ့တောင်မှ အပြင်စည်းဂိုဏ်းက တပည့် မိန်းမပျိုလေးတွေရဲ့ နှလုံးသားတွေကို အပိုင်သိမ်းလို့ ရနေပါပြီလေ။ ကျင်းရှောင်ယုရဲ့ တွက်ချက်မှုတွေက ကျူးဟောင်ရှုကို ကြည့်လိုက်တဲ့ အခါမှာတော့ လုံးဝ ပျောက်ကွယ် သွားခဲ့ပါလေပြီ။ ကျူးဟောင်ရှုကတော့ အရေး မစိုက်သည့်ပုံဖြင့် သူ့ကိုတောင် မကြည့်ခဲ့ပါဘူးလေ။

***

လီဖူချန်းက ညစာအတွက် စားဖိုဆောင် တတိယထပ်ကို ရောက်လာခဲ့တဲ့ အချိန်မှာတော့ ကောင်းကင် တစ်ခုလုံးက မည်းမှောင်နေခဲ့ပါပြီ။ မှာစရာရှိတာတွေကို မှာခဲ့ပြီး နောက်မှာတော့ လီဖူချန်းက ထိုင်ဖို့ နေရာလွတ် တစ်ခုကို ရှာကြည့်မိတယ်လေ။

သူက အရှေ့ဘက်ခြမ်းကို ကြည့်မိတဲ့အခါမှာတော့ ကျူးဟောင်ရှုက ကျင်းရှောင်ယုနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ လီဖူချန်းက ဒါတွေကို မအံ့သြတော့ပါဘူး။ အပြင်စည်း တပည့်တွေဆိုတာ အသက် ၁၄ နှစ်၊ ၁၅နှစ် ဝန်းကျင်တွေပဲ ဖြစ်တဲ့အတွက် ဂိုဏ်းတော် အတွင်းမှာ ချစ်ကြိုက်ကျတဲ့ စုံတွဲတွေ အများအပြား ရှိကြတယ်လေ။ လီဖူချန်းက သူ့ရဲ့မျက်လုံးတွေကို ရွေ့လိုက်ပြီး နေရာလွတ်ကို ပြန်ရှာနေလိုက်ပါတယ်။

" လီဖူချန်း"

ရုတ်တရက် ကြည်လင်ပြီး ချိုသာတဲ့ အသံတစ်သံကို ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျူးဟောင်ရှု ပါပဲ။ လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ကျူးဟောင်ရှုက သူ့ကို အကူအညီ တောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရပါတယ်။

ကျင်းရှောင်ယုရဲ့ နှောင့်ယှက်မှုတွေကို သူမက ပေါ်တင် ငြင်းဆန်နိုင်ဖို့ အင်အားမရှိတဲ့အတွက် ကျင်းရှောင်ယုကို ယှဉ်နိုင်တဲ့ လီဖူချန်းကို မျှော်လင့်မိတာပါ။ လီဖူချန်းလို ဆင်းရဲဒုက္ခမျှော်စင်ရဲ့ အဆင့်၆၀ မှာရှိတဲ့သူကပဲ ကျင်းရှောင်ယုနဲ့ အစွမ်းချင်း ယှဉ်နိုင်မှာလေ။

ဒါပေမဲ့ လီဖူချန်းက သူမအတွက်နဲ့ ကျင်းရှောင်ယုကို ရန်မစရဲရင်လည်း သူမက အပြစ်မတင်ပါဘူး။ ကျင်းရှောင်ယု ဆိုတာကလည်း နှယ်နှယ်ရရမှ မဟုတ်တာလေ။ အနည်းဆုံးတော့ သူက ပြိုင်ဖက်ကင်း ၁၀ယောက်ထဲက တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ဒီလို အလားအလာ ကောင်းတဲ့ သူတစ်ယောက်နဲ့ ရန်စရှိဖို့ဆိုတာ လွယ်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။

လီဖူချန်းက သူမဆီ လျှောက်သွားလိုက်ပြီး နှုတ်ဆက် လိုက်ပါတယ်။

" ကျူးဟောင်ရှု ... မတွေ့တာ ကြာပြီနော်"

" လီဖူချန်း ... ငါနင့်ကို မိတ်ဆက် ပေးရဦးမယ် ။ ဒီအစ်ကိုက  ပြိုင်ဖက်ကင်း ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျင်းရှောင်ယု လေ "

မိတ်ဆက်ပေး အပြီးမှာတော့ ကျူးဟောင်ရှုက ညာဘက်ကို အနည်းငယ် ရွေ့ပေးလိုက်ပြီး

သူမဘေးမှာ လီဖူချန်း ထိုင်ဖို့အတွက် နေရာတစ်ခု လုပ်ပေး လိုက်ပါတယ်။ လီဖူချန်းကလည်း လူပါးတစ်ယောက် ဖြစ်တာကြောင့် ဒီနှစ်ယောက်က သူထင်ထားသလို မဟုတ်ဘူးဆိုတာ ချက်ချင်း သဘောပေါက် လိုက်ပါတယ်။ ကျူးဟောင်ရှုက သူ့ကို ခေါ်လိုက်တယ် ဆိုတာ သူ့ကို ဒိုင်းတစ်ခုအဖြစ် အသုံးချဖို့ပါပဲ။

တကယ်လို့ တခြားသူ တစ်ယောက်ကသာ သူ့ကိုအခုလို အသုံးချဖို့

လုပ်တယ်ဆိုရင် လီဖူချန်းက ထွက်သွားလိုက်မှာပါ။ ဒါပေမဲ့ ကျူးဟောင်ရှုက စိတ်ထားကောင်းတဲ့ ကောင်မလေး တစ်ယောက်ဆိုတာ သူသိထားတဲ့အတွက် သူမအတွက် တစ်ခါအသုံးချခံ ဖြစ်ပေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။

သူမှာထားတဲ့ ညနေစာကို စားပွဲပေါ် ချလိုက်ပြီး လီဖူချန်းက ကျူးဟောင်ရှုရဲ့ ဘေးမှာ ဝင်ထိုင် လိုက်ပါတော့တယ်။ ကျင်းရှောင်ယုကတော့ လီဖူချန်းကို ရန်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေပါပြီ။

သူ့ကို အရှေ့မှာထားပြီး ကျုးဟောင်ရှုက လီဖူချန်းကို သူမနံဘေးမှာ ထိုင်ဖို့နေရာ ပေးလိုက်တယ် ဆိုကတည်းက ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာကို လူတိုင်း သိနိုင်ပါတယ်လေ။

" ညီမလေးကျူး ... မင်းရဲ့သူငယ်ချင်းကို ကြည့်ရတာ အလားအလာ ရှိမယ့်ပုံတော့ မရှိဘူးနော်။

ဒီလိုသာမန် အရိုးတည်ဆောက်ပုံနဲ့ ကောင်လေးတွေက သိပ်မကြာခင်မှာပဲ ငါတို့ရဲ့အနောက်မှာ ပြတ်ပြီး ကျန်နေခဲ့မှာပဲ။ ဒီလိုသူတွေနဲ့ ပေါင်းသင်းတာက ညီမကိုပဲ ပျက်စီးစေ လိမ့်မယ်နော်"

လီဖူချန်းနဲ့ ကျူးဟောင်ရှုကတော့ သူ့ကို အဖက်မလုပ်ပဲ စကားတွေ ဖောင်ဖွဲ့နေကျပါတယ်။

" မင်းရဲ့ခန္ဓာကိုယ်က ထွက်နေတဲ့ အရောင်အဝါတွေကို ကြည့်ရတာ မကြာခင်မှာပဲ လူသားနယ်ပယ် အဆင့်၈ကို ရောက်တော့မယ်နဲ့ တူတယ်။ ငါကြိုပြီး ဂုဏ်ပြုလိုက်ပါတယ်နော် "

ကျူးဟောင်ရှုက အနည်းငယ်တော့ အံ့အားသင့်နေပါတယ်။ သူမထင်ထားတာက လီဖူချန်းက သူမအတွက် အသုံးချခံအဖြစ် လုပ်ပေးဖို့ စိတ်မပါလောက်ဘူးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ လီဖူချန်းရဲ့ ရဲရင့်တဲ့ အပြုအမူတွေက သူမရဲ့ လေးစားမှုတွေကို ရရှိစေပါတယ်။

ကျူးဟောင်ရှုက မခို့တရို့ ပြုံးလိုက်ပြီး

" အစ်ကိုလီနဲ့တော့ ညီမက ဘယ်လိုယှဉ်လို့ ရမှာလဲရှင် … ။ အစ်ကိုလီက ဒီကို ရောက်တာတောင် တစ်နှစ် မကြာသေးဘူး။ ညီမတို့ကိုတောင် ကျော်တက်သွားပြီး ကောင်းရှုကိုတောင် နောက်ကောက် ချနိုင်ခဲ့ပြီ မဟုတ်လားရှင့်"

လီဖူချန်းကတော့ ဘာမှပြန်မပြောတော့ပဲ ပြုံးရုံတင် ပြုံးနေလိုက်တော့တယ်။ ကျင်းရှောင်က အတတ်နိုင်ဆုံး ဒေါသမထွက်အောင် ထိန်းထားပေမဲ့လည်း နောက်ဆုံးမှာတော့ သူ့ကို အဖက်မလုပ်ပဲ နေနေတဲ့ ဒီနှစ်ယောက်ကို လုံးဝ သည်းမခံနိုင်တော့ပါဘူး။ ဒီနှစ်ယောက်က တကယ် သူ့ကိုရှိတယ်လို့တောင် သဘောမထားပဲ နေနေကျတာလေ။

ကျင်းရှောင်ယုက ခုံကို တစ်ချက် ထုလိုက်ပြီး လီဖူချန်းက ပြောလိုက်ပါတယ်။

" မင်း ... အပြင်ကို ခဏထွက်ခဲ့။ ငါမင်းကို ပြောစရာရှိတယ်"

လီဖူချန်းက မထုံတက်သေး အမူအရာဖြင့် ပြန်ပြော လိုက်ပါတယ်။

" မင်းပြောချင်ရင် ငါအားတဲ့ အချိန်အထိ စောင့်ဦး။ ငါဒီမှာ ညစာစားနေတာ မင်းမတွေ့ဘူးလား"

ကျင်းရှောင်ယုက ဒေါသထွက်နေတဲ့ အသံဖြင့်

" ငါမင်းကို နောက်တစ်ခေါက် ထပ်ပြောမယ်။ ငါနဲ့အပြင်ကို အခုချက်ချင်း လိုက်ခဲ့စမ်း"

သူက သူ့ရဲ့ ဂုဏ်သိက္ခာတွေကိုတောင် ထိန်းထားဖို့တောင် အစီအစဉ် မရှိတော့ပါဘူး။ သူခံယူထားတာက  သူ့လမ်းမှာ လာပိတ်နေတဲ့ ကောင်တွေကို လက်သီးနဲ့ ပြောတာက အကောင်းဆုံး ပါပဲ။

ကျင်းရှောင်ယုက သူမှန်သလား၊ မှားနေသလား ဆိုတာကိုလည်း ဂရုမစိုက်တော့ပါဘူး။ အခုချိန်မှာ သူဖြစ်ချင်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ လီဖူချန်းကို စုတ်ပြတ်သတ် သွားအောင် ထိုးဖို့ပါပဲ။ လီဖူချန်းက လက်နှစ်ဖင်နဲ့ ယင်ကောင်ဖမ်းသလို လုပ်လိုက်ပြီး

" အားယား ... ဒီနားမှာ ယင်ကောင်တစ်ကောင် သေချင်လို့ အော်နေတာပဲ" လို့ ပြောလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ ကျင်းရှောင်ယုကို ကြည့်ရင်းနဲ့ပေါ့။

" ခိခိ ... ကြည့်ရတာ ငါဆိုတဲ့ ကျင်းရှောင်ယုက မင်းကို အရမ်း အလျော့ပေးနေမိပြီ ထင်တယ်။

မင်းအပြင်ကို ငါနဲ့လိုက်မလား၊ မလိုက်ဘူးလား ဆိုတာက မင်းရွေးချယ်လို့ရတဲ့ အရာ မဟုတ်ဘူး ဆိုတာကို မင်းမှတ်ထားစမ်း"

ရုတ်တရက် ကျင်းရှောင်ယုရဲ့ ညာဘက်လက်က ရှည်ထွက်လာပြီး လီဖူချန်းရဲ့ ပခုံးကို ဖမ်းဆုပ် လိုက်ပါတယ်။

ဖတ် ...

လီဖူချန်းရဲ့ တုံ့ပြန်မှုတွေကလည်း အရမ်းကို မြန်ဆန်ပါတယ်။ သူက ကျင်းရှောင်ယုရဲ့ လက်ကို ပုတ်ထုတ် လိုက်ပါတယ်။ ကျင်းရှောင်ယုကလည်း အလျင်အမြန်ပင် လီဖူချန်းရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက် ပြန်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ လက်သီးကို လီဖူချန်းက သာသာယာယာပဲ ဖမ်းဆုပ် ထားလိုက်တယ်လေ။

လီဖူချန်းက ကျင်းရှောင်ယုကို သင်ခန်းစာ ပေးဖို့အတွက် သူရဲ့ လက်ချောင်းတွေကို အားထည့်ပြီး ညှစ်လိုက်ပါတယ်။ ကျင်းရှောင်ယုက အစောပိုင်းကနဲ့ မတူတော့ပဲ မျက်နှာကြီးတစ်ခုလုံး နီရဲ လာပါတော့တယ်။ လီဖူချန်းရဲ့ လက်က သံမဏိညှပ်ကြီး တစ်ခုလိုပါပဲ။ ရုတ်တရက် ကြည့်လိုက်ရင် ရုန်းလို့ရမယ် ထင်ပေမဲ့ တကယ်တမ်း ကြိုးစားကြည့်တဲ့ အခါမှာတော့ လက်ချောင်း တစ်ချောင်းကနေ ရုန်းထွက်ဖို့တောင် မဖြစ်နိုင်ပါဘူးလေ။

" ဝုန်း"

သူတို့ နှစ်ယောက်ရဲ့ အတွင်းအား စက်ကွင်းကြောင့် ညစာစားတဲ့ စားပွဲခုံက မခံနိုင်တော့ပဲ မြှောက်တက်သွားပြီး ဟင်းတွေ အကုန်လုံးကလည်း ပြန့်ကျဲ ကုန်ပါတော့တယ်။

ခရိခ် ... ခရပ် ...

ကျင်းရှောင်ယုက သူ့အရိုးတွေ အသံမြည်လာတာကို ပြန်ကြားနေရပါပြီ။ တစ်ဖက်လူရဲ့ အင်အားက သူခုခံနိုင်တာထက်ကို အတော်လေး အားသာနေတယ်လေ။ ဒါတင်မကပဲ လီဖူချန်းဆီကနေ မီးတောက်တစ်ခုလို ပူပြင်းတဲ့ စွမ်းအားတွေကိုပါ သူက ခုခံ နေရပါသေးတယ်။

ကျင်းရှောင်ယုက သူ့ရဲ့ အတွင်းအားတွေကို ဖောက်ခွဲလိုက်ပြီး လီဖူချန်းရဲ့ လက်ထဲကနေ ရုန်းထွက် လိုက်ပါတယ်။ ထို့နောက် သွားကို ကျစ်ကျစ်ပါအောင် စေ့ပြီး အံကြိတ်ထားတဲ့ လေသံနဲ့

" လီဖူချန်း ... ဒီနေ့တော့ ငါမင်းနဲ့ ပြဿနာ မဖြစ်ချင်သေးဘူး။ အေး ... ဒီနေ့ ကိစ္စကြောင့် တစ်ချိန်ချိန်မှာ မင်းနောင်တ ရရလိမ့်မယ်"

ပြောပြီးတာနဲ့ ကျင်းရှောင်ယုက သူရဲ့ အင်္ကျီလက်ကို ခါပြီး ထွက်သွား ပါတော့တယ်။

***

All Chapters