ဝိညာဉ်မျှော်စင်၏ခုနစ်ထပ်သို့ ဝင်ရောက်ခြင်း
Vol. 25 Ch. 344
"သူ့နာမည်က မင်ယီလို့ခေါ်တယ်။ သင်းခွေချပ်မျိုးနွယ်ကဖြစ်တယ်"
ကျိလေ့က နှိမ့်ချပုံပေါ်သော လူငယ်တစ်ယောက်ကိုညွှန်ပြ၍ မိတ်ဆက်ပေးလိုက်သည်။ မင်ယီက ရိုးရှင်းစွာဝတ်ဆင်ထားပြီး ကျိလေ့ထက် အနည်းငယ်အရပ်ပုသည်။ သို့သော် ယဲ့ချန်က သင်းခွေချပ်မျိုးနွယ်၏မင်ယွမ်ကို မြင်တွေ့ဖူးသောကြောင့် မင်ယီကို အကောင်းမြင်သည်။
"ဟေ့"
ယဲ့ချန်က အနည်းငယ်ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။
"ဟေ့"
မင်ယီက ခေါင်းကုတ်၍ ဖော်ရွေစွာ ပြန်လည်ပြုံးပြလိုက်သည်။
ယဲ့ချန်၏အကြည့်က နောက်ဆုံးလူငယ်ထံ ကျရောက်သွားသည်။ သူ၏ရုပ်ခန္ဓာက မင်ယီနှင့်တူညီပြီး ချင်ယုလောက် မချောမောသော်လည်း ကြည့်ကောင်းသူတစ်ယောက်ဖြစ်သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယဲ့ချန်ကို မလိုလားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"သူက ဟေးမင်လို့ခေါ်ပြီး အမှောင်မြွေမျိုးနွယ်ကဖြစ်တယ်။ သူက အမြဲတမ်းမှုန်ကုပ်ကုပ်နေတတ်လို့ စိတ်ထဲမထားနဲ့"
ကျိလေ့က ရယ်ရယ်မောမော မိတ်ဆက်ပေးလိုက်သည်။ ဟေးမင်က အမှောင်မြွေမျိုးနွယ်မှဖြစ်သောကြောင့် ယဲ့ချန်က သူ့ထံမှ အမှောင်ချီများကို အာရုံခံနေမိခြင်းဖြစ်သည်။
"ငါတို့က သိပ်မကြာခင် ခုနစ်ထပ်ကို ဝင်တော့မယ်။ မင်း ငါတို့နဲ့အတူလိုက်ခဲ့ရင် ဟိုဝံပုလွေကောင်တေွ ရန်လာစရဲမှာမဟုတ်လို့ လုံခြုံပါတယ်။ ဒီကောင်တွေက ငါတို့ကို စိန်မခေါ်ရဲပါဘူး"
ကျိလေ့က ယဲ့ချန်၏ပခုံးကိုပုတ်၍ မေးလိုက်သည်။ ယဲ့ချန်က သူ၏သရုပ်မှန်ကိုဖုံးကွယ်ပြီး ခုနစ်ထပ်သို့ ဝင်ရောက်လိုသောကြောင့် ကျိလေ့၏စကားက သူ့အတွက် ရေကန်အသင့်ကြာအသင့် ဖြစ်သွားခဲ့သည်။ သူက ထုံတန်နှင့်ပင် လျှို့ဝှက်ဆက်သွယ်ရန် ဖြစ်နိုင်ချေရှိသည်။
"သွားကြစို့"
ကျိလေ့က ဦးဆောင်၍ ခြင်္သေ့နန်းတော်၏စခန်းသို့ လမ်းလျှောက်သွားလိုက်ကြသည်။ ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများသည် ယဲ့ချန်၏ကံကောင်းမှုကို အလွန်အံ့သြနေကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်က သေလူဖြစ်သော်လည်း ခြင်္သေ့နန်းတော်မှ လာရောက်ကယ်တင်ပေးခဲ့သည်။ သို့သော် သူတို့မသိသည်မှာ ကျိလေ့သာ ထွက်ပေါ်လာခြင်းမရှိလျှင် စုမန်နှင့်နောက်လိုက်များက လက်ရှိအချိန်တွင် ပြာကျနေပြီဖြစ်သည်။
ယဲ့ချန်က မသက်မသာခံစားနေရသဖြင့် စစ်ဆေးလိုက်သောအခါ ဟေးမင်က သူ့ကိုစိုက်ကြည့်နေကြောင်း သိလိုက်ရသည်။
"မင်း ငါ့ကိုလာမရှုပ်ရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ့ကိုကြမ်းတမ်းမယ်လို့ အပြစ်မတင်နဲ့"
ယဲ့ချန်က အေးစက်စက်ပြုံး၍ စိတ်ထဲမှကြုံးဝါးလိုက်သည်။ ထို့နောက် သူတို့လူစုက ခြင်္သေ့နန်းတော်၏စခန်းအတွင်း ဝင်ရောက်လာခဲ့ကြသည်။
ခြင်္သေ့နန်းတော်စခန်းတွင် အများစုက ထုံတန်၏နောက်လိုက်များဖြစ်သော်လည်း မကြာမီကပူးပေါင်းလာကြသော ကျင့်ကြံသူများစွာလည်း ရှိနေသည်။ သူတို့အားလုံးက ကျိလေ့တို့လူစုကိုခေါင်းငုံ့၍ လမ်းဖယ်ပေးခဲ့ကြသည်။ ဤအမူအရာများအရ ကျိလေ့နှင့်လူငယ်များက လေးစားခံရသော ပါရမီရှင်များဖြစ်ကြောင်း သိသာနေသည်။
"ခြင်္သေ့နန်းတော်အဖွဲ့က ဝိညာဥ်မျှော်စင်ရဲ့ခုနစ်ထပ်ကို ကျင့်ကြံသူပေါင်း ခြောက်ရာသုံးဆယ့်နှစ်ယောက် စေလွှတ်မယ်။ ဒီအင်အားစုမှာ နတ်ဘုရင်လေးယောက်နဲ့ ဆန်းကျယ်အဆင့်တွေ ပါဝင်မယ်"
ကျိလေ့က ယဲ့ချန်ကို ယခုမှမြင်ဖူးခြင်းဖြစ်သော်လည်း ယုံကြည်ထိုက်သူဟု ခံစားနေရသည်။
"ငါတို့လူတွေက ခုနစ်ထပ်ကို အသေအချာစစ်ဆေးပြီးပြီ။ ဝိညာဥ်သားရဲတွေက အနိမ့်ဆုံးဆန်းကျယ်အဆင့်တွေဖြစ်ပြီး အုပ်စုလိုက်နေထိုင်ကြတယ်။ ပြီးတော့ ဝံပုလွေတိုင်းပြည်ကကောင်တွေရဲ့ ရန်လည်းရှိတယ်။ မင်းမှာအစွမ်းအစမရှိရင် အထဲကိုလိုက်မဝင်တာ ကောင်းမယ်"
ဟေးမင်က ယဲ့ချန်ကိုမလိုလားဟန်ဖြင့် အေးစက်စက်သတိပေးလိုက်သည်။
"မင်းကိုယ်မင်းသာ ဂရုစိုက်စမ်း"
ယဲ့ချန်က ဟေးမင်ကို တစ်ချက်ကြည့်၍ တင်းမာစွာတုံ့ပြန်လိုက်သည်။ ဟေးမင်က အဆိပ်ပြင်းကာကောက်ကျစ်သော မြွေတစ်ကောင်ကဲ့သို့ သူ့ကိုစိုက်ကြည့်နေသဖြင့် ယဲ့ချန်က နှစ်သက်ခြင်းမရှိပေ။
"ဟေးမင်က အမြဲဒီလိုမျိုးဖြစ်လို့ စိတ်ထဲမထားပါနဲ့"
ဖေးယင်က လှပစွာပြုံး၍ ဝင်ရောက်ဖြန်ဖြေလိုက်သည်။ သူမ၏တောက်ပသော မျက်ဝန်းလေးများက ပြုံးလိုက်သောအခါ ပတ်ဝန်းကျင်ရှိအလှများကို မှိန်ကျသွားစေသည်။
"ပြဿနာမရှိဘူး"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ယဲ့ချန် နင် မမဖေးယင်ကိုကြိုက်ရင် အစွမ်းအစရှိမှရမယ်။ ပြီးတော့အစ်ကိုကျိလေ့နဲ့အစ်ကိုဟေးမင်ကလည်း သူမကို ကြိုက်နေကြတာနော်"
ရဲချိုးက ယဲ့ချန်ကို သတိပေးလိုက်သည်။
"မိန်းကလေးရဲ ကျုပ်တကယ်ကြိုက်တာ မင်းရဲ့မမ မဟုတ်ဘူး။ မင်းကိုကြိုက်တာ။ မင်း လက်ခံမလား"
ရဲချိုး၏စကားကိုကြားသောအခါ ယဲ့ချန်က ဆွံ့အသွားခဲ့သည်။ သူက မြင်မြင်သမျှလှပသော မိန်းမတိုင်းကို ကြိုက်နှစ်သက်သူမဟုတ်ချေ။ သူက ရဲချိုးကို စနောက်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ယဲ့ချန်၏စကားကြောင့် လူတိုင်းက ရယ်မောလိုက်မိသည်။
"နင်က အစ်ကိုချင်ယုလောက် မချောပေမယ့် နင်လည်း ချောပါတယ်။ ဒါပေမယ့် နင့်အစွမ်းကိုသက်သေပြပြီး အစ်ကိုချင်ယုနဲ့အစ်ကိုဟေးမင်ကိုနိုင်ရင် ငါ လက်ခံမယ်လေ"
ရဲချိုးက ခရမ်းရောင်မျက်ဝန်းလေးများဖြင့် ယဲ့ချန်ကို အချိန်ကြာမြင့်စွာစိုက်ကြည့်၍ ပြောလိုက်သည်။ သူမက လက်ချောင်းသွယ်သွယ်လေးများနှင့် မေးကိုပွတ်သပ်၍ အတွေးနက်နေပုံပေါ်သည်။
ယဲ့ချန်က သူမ၏စကားကြောင့် ဆွံ့အသွားရပြန်သည်။ ရဲချိုး၏အတည်ပေါက်စကားကြောင့် သူက မှော်သားရဲများနှင့် လူသားများကြားကွာခြားချက်ကို သတိရသွားခဲ့သည်။ အကယ်၍ လူသားမိန်းမငယ်လေးတစ်ယောက်သာ ဤသို့စနောက်ခြင်းခံရလျှင် ချက်ချင်းမျက်နှာပျက်သွားကြမည်ဖြစ်သည်။ သို့သော် ရဲချိုးကမူ စိတ်ပျက်ခြင်းမရှိသည့်အပြင် ယဲ့ချန်၏အစွမ်းအစကိုပင် သိလိုနေခဲ့သည်။ ရဲချိုးက အရွယ်ရောက်လာလျှင် အလွန်လှပသော မိန်းကလေးတစ်ယောက်ဖြစ်လာရန် သေချာသော်လည်း ယဲ့ချန်က အသက်ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို စိတ်မဝင်စားချေ။
"ထားလိုက်ပါတော့။ မင်းအရွယ်ရောက်ရင် ငါလည်း အဘိုးကြီးဖြစ်နေလောက်ပြီ။ မှော်သားရဲတွေရဲ့ သက်တမ်းဆယ်နှစ်က ငါတို့လူသားတွေရဲ့သက်တမ်းတစ်နှစ်နဲ့ ညီတယ်မလား"
ယဲ့ချန်က ခါးသက်သက်ရယ်မော၍ ခေါင်းယမ်းပြလိုက်သည်။
"ဟွန့် ဒါက နင် ဆင်ခြေပေးတာမလား။ နင်က အစ်ကိုချင်ယုတို့ကို မနိုင်ဘူးထင်တယ်"
ရဲချိုးက နှုတ်ခမ်းဆူ၍ ယဲ့ချန်ကို အထင်သေးစွာပြောလိုက်သည်။
"ဖြစ်နိုင်ပါတယ်"
ယဲ့ချန်ကပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူက လမ်းလျှောက်နေရင်း ချင်ယုအနားသို့ မသိမသာတိုးကပ်သွားခဲ့သည်။
"မင်းက လင်းယွန်မြေခွေးမျိုးနွယ်ကဆိုတော့ နင်အာကိုသိလား"
ယဲ့ချန်က သိလိုစိတ်ကို မထိန်းချုပ်ထားနိုင်သဖြင့် မေးလိုက်မိသည်။
"နင်အာ အသက်ရှင်နေသေးတာလား"
ချင်ယုက ယဲ့ချန်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
"ဟုတ်တယ်"
ချင်ယု၏အမူအရာက အမွေးပွလေးနှင့် များစွာရင်းနှီးနေပုံပေါ်သောကြောင့် ယဲ့ချန်၏မသိစိတ်မှ တစ်စုံတစ်ခုကို စိုးရိမ်သွားခဲ့သည်။
"နင်အာ အခုဘယ်မှာလဲ"
ချင်ယုက စိုးရိမ်တကြီးထပ်မေးလိုက်သည်။
"သူမက အခုလုံခြုံတဲ့နေရာမှာ ရှိနေတယ်။ ဒါပေမယ့် အခု အပြင်ထွက်မလာနိုင်သေးဘူး။ မင်းက သူနဲ့ ဘယ်လိုတော်စပ်တာလဲ"
ယဲ့ချန်က သူသိလိုသောအရာကို မေးခွန်းထုတ်လိုက်မိသည်။
"မောင်နှမ။ ငါက သူ့အစ်ကို"
ချင်ယုသည်လည်း ယဲ့ချန်နှင့်သူ့ညီမကြားတွင် ဆက်ဆံရေးတစ်ခုရှိကြောင်း သတိထားမိလိုက်သည်။
ချင်ယု၏စကားကို ကြားသောအခါတွင်မှ ယဲ့ချန်က စိတ်အေးသွားခဲ့သည်။ သူက အမွေးပွလေး၏ အစ်ကိုဖြစ်သူနှင့် ဤနေရာတွင်တွေ့ဆုံရမည်ဟု ထင်မထားခဲ့ပေ။
"နင်အာ အဆင်ပြေတယ်ဆိုရင် တော်ပါသေးတယ်"
အမွေးပွလေးကြောင့် ယဲ့ချန်နှင့်ချင်ယုက ယခင်ထက်ပို၍ ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
"လင်းယွန်မြေခွေးမျိုးနွယ်မှာ ပြဿနာဖြစ်တုန်းက ငါ အလယ်အင်ပါယာကို ရောက်နေခဲ့တယ်။ ဒါကြောင့် ငါ နင်အာ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး"
ချင်ယု၏မျက်နှာထက်တွင် နောင်တစိတ်များ ထင်ဟပ်နေသည်။
ထို့နောက် ယဲ့ချန်သည် ချင်ယု၏စကားများမှ သူက အလယ်အင်ပါယာသို့ နှစ်ပေါင်းများစွာရောက်နေခဲ့ကြောင်း သိလိုက်သည်။ သူက ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် ခြင်္သေ့နန်းတော်၏ လေ့ကျင့်ပေးခြင်းကို ခံလိုက်ရသည်။ ကျိလေ့နှင့် ကျန်ငါးယောက်က ခြင်္သေ့နန်းတော်၏ လူငယ်မျိုးဆက်တွင် အစွမ်းထက်ပါရမီရှင်များဖြစ်ကြသည်။ ဤအင်အားစုတွင် သားရဲမျိုးနွယ်သုံးဆယ်ကျော်ရှိသဖြင့် သန်းရာချီသော သားရဲလူငယ်များတွင် သူတို့ခြောက်ယောက်က ထိပ်တန်းကျင့်ကြံသူများဖြစ်ကြသည်။
"ဝိညာဥ်မျှော်စင်ရဲ့ခုနစ်ထပ်ကို ဝင်ရတော့မယ်။ မိုးကြိုးချောက်နက်နဲ့ မုန်တိုင်းအိမ်တော်က ဝင်သွားကြပြီ"
ကျိလေ့က နောက်သို့လှည့်၍ ကြေငြာလိုက်ပြီး သူ၏အသံက အလွန်ကျယ်လောင်နေသည်။ သူ၏သာမန်စကားသံကပင် မိုးချုန်းသံကဲ့သို့မြည်ဟီးနေကာ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ယဲ့ချန်က အဝေးသို့ကြည့်လိုက်သောအခါ ကျင့်ကြံသူများကို ဦးဆောင်လာသော ထုံတန်ကို မြင်လိုက်ရသည်။ သို့သော်လည်း ရုပ်ဖျက်ထားသောကြောင့် ထုံတန်က သူ့ကို မှတ်မိနိုင်မည်မဟုတ်ချေ။
"ချီတက်"
ထုံတန်၏အမိန့်သံက ဝုန်းခနဲထွက်ပေါ်လာသည်။ နတ်ဘုရင်လေးယောက်က လေပေါ်သို့ ချက်ချင်းပျံတက်လိုက်ကြသည်။ ထုံတန်က ကောင်းကင်သားရဲနတ်ဘုရင်ဖြစ်ပြီး ကျန်သုံးယောက်က မှော်သားရဲနတ်ဘုရင်များဖြစ်ကြသည်။ ထို့နောက် များပြားလှသော ဆန်းကျယ်အဆင့် ကျင့်ကြံသူများလည်း ပျံတက်လာ၍ ခုနစ်ထပ်၏ဝင်ပေါက်သို့ ဦးတည်လိုက်ကြသည်။
"အရှင်သုံးပါး ခြင်္သေ့နန်းတော်က စပြီးလှုပ်ရှားနေကြပါပြီ"
အနီရောင်ဝံပုလွေကြီးတစ်ကောင်က ဝံပုလွေတိုင်းပြည်၏စခန်းအတွင်း ပြေးဝင်လာကာ သတင်းပို့လိုက်သည်။
"ဒါဆိုရင် သွားကြတာပေါ့။ ဒီတစ်ခေါက် ငါလည်း ခြင်္သေ့ဘုရင်တူရဲ့အစွမ်းကို စမ်းကြည့်ချင်နေပြီ"
လူအသွင်ပြောင်းထားသော သွေးဘုရင်က အမိန့်ပေး၍ ထရပ်လိုက်သည်။ သူ၏လက်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းထွက်ပေါ်နေသော ဆေဘာကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ထို့နောက် ထောင်ချီသော ဝံပုလွေတိုင်းပြည်၏ကျင့်ကြံသူများကလည်း ခုနစ်ထပ်ဝင်ပေါက်သို့ ပျံသန်းသွားကြလေသည်။
ယဲ့ချန်က ခုနစ်ထပ်အတွင်း ရောက်သောအခါ ပြောင်းလဲသွားသောပတ်ဝန်းကျင်ကို သတိပြုမိလိုက်သည်။ အဆုံးမရှိသော တောင်တန်းများမှ ဝိညာဥ်သားရဲဟိန်းသံများ ဆက်တိုက်ထွက်ပေါ်နေသည်။ အဝေးရှိမိုးကုပ်စက်ဝိုင်းတွင် မီးများတောက်လောင်နေသဖြင့် အလွန်အန္တရာယ်များကြောင်း သိသာပေသည်။ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများက သူတို့ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလာကြသည်။ သို့သော် သူတို့ကအားနည်းနေသောကြောင့် ၎င်းတို့က ဂရုစိုက်စရာမလိုဟန်ဖြင့် လျစ်လျူရှုလိုက်ကြသည်။
"ခုနစ်ထပ်အတွင်းရောက်ရင် မြေအောက်ကိုလည်း သတိထားရမယ်။ မြေအောက်မှာလည်း ဝိညာဥ်သားရဲတွေ ပုန်းအောင်းနေတတ်ကြတယ်။ ဒီကောင်တွေက ချုံခိုတိုက်ခိုက်ရာမှာ အစွမ်းထက်တယ်"
ချင်ယုက ယဲ့ချန်ကို သတိပေးလိုက်သည်။
ထုံတန်၏ဦးဆောင်မှုဖြင့် ခြင်္သေ့နန်းတော်က မရပ်မနားချီတက်နေသည်။
"ငါတို့ အခု ဘယ်ကိုဦးတည်နေကြတာလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ငါတို့လူတွေက နတ်ဘုရင်အဆင့်ဝိညာဥ်သားရဲတစ်ကောင်နဲ့ အဆင့်ကိုးနတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းတစ်ခုကို တွေ့ထားတယ်။ ဒီကောင်ကြီးကိုသတ်ပြီး ရတနာကိုယူကြမလို့"
ကျိလေ့က ယဲ့ချန်ကို ရှင်းပြလိုက်သည်။
"အဆင့်ကိုးနတ်ဆိုးချပ်ဝတ်လား"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုစီက အလွန်အဖိုးတန်သောကြောင့် ခြင်္သေ့နန်းတော်ကိုပင် လှုပ်ရှားစေခဲ့သည်။ သူ၏လက်ထဲရှိ နတ်ဆိုးချပ်ဝတ်အပိုင်းနှစ်ခုက အဆင့်ရှစ်မျှသာဖြစ်သည်။
ဝိညာဥ်မျှော်စင်၏ခုနစ်ထပ်က ခြောက်ထပ်ထက် ဆယ်ဆပို၍ကျယ်ဝန်းသည်။ ထုံတန်က နောက်လိုက်များကိုဦးဆောင်၍ နှစ်နာရီအကြား ခရီးဆက်အပြီးတွင် လွင်ပြင်တစ်ခု၌ ရပ်တန့်စေလိုက်သည်။
"တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ"
"ဝိညာဥ်သားရဲဆီကိုရောက်ဖို့ တစ်နာရီလောက် သွားရဦးမယ်။ ဘာလို့ရပ်ခိုင်းတာလဲ"
ကျိလေ့က ထုံတန်၏အမိန့်ကြောင့် ဇဝေဇဝါဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် သားရဲဟိန်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အရပ်မျက်နှာပေါင်းစုံမှ မရေမတွက်နိုင်သော ဝိညာဥ်သားရဲများက သူတို့ထံ လှိုင်းလုံးကြီးတစ်ခုပမာ တဟုန်ထိုးပြေးဝင်လာကြလေသည်။
***