အလှလေး ငါ မင်းကို ကူညီပေးမယ်
Vol. 25 Ch. 345
"ဘုရားရေ အနည်းဆုံး ဆန်းကျယ်အဆင့် ဝိညာဥ်သားရဲသောင်းချီရှိမယ်"
လူတိုင်းက မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။ အမြဲတမ်းမှုန်ကုပ်ကုပ်ဖြစ်နေသော ဟေးမင်ပင်လျှင် အနည်းငယ်ကြောက်လန့်နေခဲ့သည်။
"အစ်ကိုကျိ ခြင်္သေ့ဘုရင်က ဘာလုပ်ဖို့ စီစဥ်ထားတာလဲ"
မင်ယီက စပ်စုလိုက်သည်။
"သတ်ကြစမ်း၊ လူတိုင်းစုစည်းပြီး တိုက်ခိုက်ကြ"
ကျိလေ့က မျက်လုံးခဏမှိတ်၍ ချက်ချင်းပြန်ဖွင့်ကာ အမိန့်ပေးလိုက်သည်။ သူက ထုံတန်နှင့် ခြင်္သေ့မျိုးနွယ်တူချင်းဖြစ်သောကြောင့် ဆက်သွယ်ရန် နည်းလမ်းများ ပိုင်ဆိုင်ထားခဲ့သည်။
"တကယ်လို့ နတ်ဘုရင်အဆင့်ဝိညာဥ်သားရဲတွေမဟုတ်ရင် ထုံတန်က ကိုင်တွယ်နိုင်ပါတယ်"
ကျန်တစ်ဖက်တွင် ယဲ့ချန်က အလွန်တည်ငြိမ်စွာရှိနေသည်။ ဆန်းကျယ်အဆင့် ဝိညာဥ်သားရဲအရေအတွက် မည်မျှများပြားပါစေ နတ်ဘုရင်တစ်ယောက်ကိုသတ်ရန် မဖြစ်နိုင်ချေ။ ထို့အပြင် နတ်ဘုရင်အဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူများမှာ ဝှက်ဖဲကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ ကျန်ကျင့်ကြံသူများကမူ ဝိညာဥ်သားရဲများကို ရင်ဆိုင်ရန်အတွက် တိုက်ခိုက်ရေးပုံစံများအတွင်း စုစည်းလိုက်ကြသည်။
"ဝေါင်း"
ထုံတန်၏ကိုယ်တွင်းမှ ဝိညာဥ်အသိစိတ်က ဧရာမခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲထွက်ပေါ်လာသည်။ ၎င်းက သောင်းချီသောဝိညာဥ်သားရဲများထံ ပထမဆုံးခုန်အုပ်လိုက်သည်။ လက်ဝါးတစ်ချက်တွင် ဒါဇင်ချီသောသားရဲများ လေပေါ်သို့မြှောက်တက်သွားကာ တစ်ချက်တည်းသေဆုံးသွားကြသည်။
"အရှင်မင်းကြီးက ပြိုင်ဘက်ကင်းတယ်"
မှော်သားရဲနတ်ဘုရင်သုံးကောင်က အော်ဟစ်အားပေး၍ မူလအသွင်သို့ ပြောင်းလဲလိုက်ကြသည်။ တစ်ယောက်က ခရမ်းရောင်မီးများတောက်လောင်နေသော လင်းယုန်ကြီးတစ်ကောင်ဖြစ်ကာ ခြောက်မီတာမြင့်သော အနက်ရောင်ဆင်ကြီးတစ်ကောင်နှင့် အလွန်အမင်းကြီးမားသော သင်းခွေချပ်ကြီးတစ်ကောင် ဖြစ်နေသည်။
လင်းယုန်ကြီးက မီးလုံးကြီးတစ်ခုကို မှုတ်ထုတ်လိုက်သောအခါ ဆန်းကျယ်အဆင့်ဝိညာဥ်သားရဲများ ချက်ချင်းပြာကျကုန်သည်။ ဆင်ကြီးနှင့်သင်းခွေချပ်ကြီးက မရေမတွက်နိုင်သော ဝိညာဥ်သားရဲအုပ်ကြီးထံ ပြေးဝင်သွားသောအခါ လေပေါ်သို့ မြှောက်တက်သွားကြသည်။ ဝိညာဥ်သားရဲများက ၎င်းတို့၏ခြေဖဝါးအောက်ရောက်သွားလျှင် အသားပြားအဖြစ် စိစိညက်ညက်ကြေအောင် နင်းချေခံလိုက်ရသည်ချည်းသာဖြစ်သည်။
သောင်းချီသောဝိညာဥ်သားရဲအုပ်ကြီးက လေးဖွဲ့ကွဲထွက်သွားကာ ခြင်္သေ့နန်းတော်၏ကျင့်ကြံသူများနှင့် စတင်တွေ့ဆုံသွားကြသည်။ ဓားအလင်းများ လေထဲသို့လွင့်ပျံလာကာ ဝိညာဥ်သားရဲများသေဆုံးကုန်သကဲ့သို့ လူသားများနှင့်သားရဲများကလည်း ရန်သူများကြောင့် အပိုင်းပိုင်းအစစပြတ်တောက်ကုန်သည်။
ဤကား ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေသည်။
"ငါတို့နောက်မှာ ဝံပုလွေတိုင်းပြည်ရဲ့ ကျင့်ကြံသူတွေရှိနေတယ်။ အရေအတွက်က ၁၃ယောက်ဖြစ်ပြီး အားလုံးက ဆန်းကျယ်အဆင့်တွေဖြစ်ကြတယ်။ ငါနဲ့လိုက်ခဲ့ကြ"
ကျိလေ့က ဝိညာဥ်သားရဲများထံ ပြေးဝင်တိုက်ခိုက်မည်ပြုပြီးမှ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သည်။
ကျိလေ့၊ချင်ယုနှင့်မင်ယီက ချက်ချင်းထွက်ခွာသွားကြပြီး ရဲချိုးနှင့်ဖေးယင်က အနည်းငယ်တုံ့ဆိုင်းနေသော်လည်း လိုက်ပါသွားခဲ့ကြသည်။ ဟေးမင်ကမူ ယဲ့ချန်ကို အေးစက်စက်ကြည့်ပြီးမှ လိုက်ပါသွားလေသည်။
"ဒီကောင် ငါ့ကို အသားလွတ်ကြီးရန်လာစနေပါလား"
ယဲ့ချန်က ခေါင်းယမ်းလိုက်ပြီး ကျိလေ့တို့နောက်မှ ပျံသန်းလိုက်ပါသွားခဲ့သည်။
ဝိညာဥ်မျှော်စင်၏ခုနစ်ထပ်တွင် နတ်ဘုရင်များ၏ ဝိညာဥ်အသိစိတ်များက ကြီးမားစွာဖိနှိပ်ခံထားရသည်။ သာမန်အခြေအနေကဲ့သို့ ကီလိုမီတာများစွာကို စစ်ဆေးနိုင်ခြင်းမရှိသောအခါ ဝံပုလွေဘုရင်သုံးကောင်က ခြင်္သေ့နန်းတော်နောက်သို့ ကင်းထောက်များ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုကင်းထောက်များကို ကျိလေ့ကရှာတွေ့ခဲ့ခြင်းမဟုတ်ဘဲ ခြင်္သေ့ဘုရင်ထုံတန်မှ အမိန့်ပေးလာခြင်းသာဖြစ်သည်။
"ရွှစ် ရွှစ် ရွှစ်"
အဝေးတွင် ပျံသန်းလိုက်ပါလာသော ပုံရိပ်များက ကျိလေ့တို့ကိုမြင်သောအခါ ချက်ချင်းပြန်လှည့်ပြေးသွားကြသည်။ ယဲ့ချန်က အကြည့်တစ်ချက်ဖြင့် ထိုအုပ်စုတွင် စုမန်နှင့်စုလန်လည်း ပါဝင်နေကြောင်း သိလိုက်သည်။
"လူခွဲစမ်း"
ဆန်းကျယ်အဆင့်ကျင့်ကြံသူများက နှစ်ယောက် သုံးယောက်စီခွဲပြီး အရပ်မျက်နှာအသီးသီးသို့ လူခွဲထွက်ပြေးလိုက်ကြသည်။
"ငါတို့လည်း လူခွဲပြီး လိုက်သွားကြမယ်။ ယဲ့ချန်က ရဲချိုးနဲ့လိုက်သွား"
ကျိလေ့က မျက်မှောင်ကြုတ်၍ ချက်ချင်းအမိန့်ပေးလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်က ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်သုံးယောက်ကို ယှဥ်နိုင်မည်မဟုတ်ဟု သတ်မှတ်ထားသည်။
"သူနဲ့ မသွားချင်ပါဘူး"
ရဲချိုးက ခြေဆောင့်၍ နှုတ်ခမ်းဆူလိုက်သည်။ သို့သော်လည်း သူမ၏စကားအဆုံးတွင် ကျိလေ့နှင့်အခြားလူများက မီတာရာချီအဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။
ယဲ့ချန်က ရဲချိုးကိုတစ်ချက်ကြည့်၍ သက်ပြင်းချလိုက်သည်။ သူက ခုနစ်ထပ်သို့ဝင်ရောက်လာသော အကြောင်းအရင်းမှာ ရတနာအနည်းငယ် ရှာဖွေလိုသောကြောင့်ဖြစ်သည်။ အန္တရာယ်ကြုံရလျှင် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ပုန်းအောင်းနိုင်သည်။
"သွားမယ်"
ရဲချိုးက ယဲ့ချန်ကို အေးစက်စက်ပြောကာ ဦးဆောင်ပျံသန်းလိုက်သည်။ သူတို့နှစ်ယောက်က ဝံပုလွေတိုင်းပြည်၏ ကင်းထောက်တစ်ဖွဲ့ထံ လိုက်ဖမ်းခဲ့ကြသည်။
ဤနေရာတွင် သစ်ပင်များမရှိဘဲ လွင်ပြင်နှင့်တောင်တန်းများသာရှိသည်။ ပတ်ဝန်းကျင်တွင် ဝိညာဥ်သားရဲများလည်း ဆက်တိုက်ပျံသန်းနေသည်။ ယဲ့ချန်နှင့်ရဲချိုးလိုက်ဖမ်းနေသည်မှာ အခြားလူများမဟုတ်ဘဲ စုမန်နှင့်စုလန်ဖြစ်နေခဲ့ကြသည်။ အဝေးသို့ရောက်သောအခါ သူတို့က ရုတ်တရက်ရပ်တန့်၍ ယဲ့ချန်တို့ကိုရင်ဆိုင်ရန် ပြန်လှည့်လာကြသည်။
"မင်းကို ဒီမှာမြင်ရမယ်လို့ မထင်ထားဘူး။ ဒီတစ်ခေါက် မင်းကို ဘယ်သူမှမကယ်နိုင်ဘူး။ တကယ်လို့ မင်းသာ ဒူးထောက်ပြီးရှိခိုးရင် အသက်ချမ်းသာပေးမယ်"
စုမန်က ယဲ့ချန်ကို ခြိမ်းခြောက်လိုက်သည်။
"မင်းက ငါ့ကိုဘယ်လိုသတ်မှာလဲ ပြစမ်းပါဦး"
ယဲ့ချန်က ခပ်အေးအေးပင်မတ်တပ်ရပ်နေပြီး သူ၏ဘေးသို့ ရဲချိုးဆင်းသက်လာခဲ့သည်။
"ဟား ဟား မင်းက မိန်းမလှလေးတစ်ယောက်ကိုတောင် တွေ့နေပြီပေါ့။ စိတ်မပူပါနဲ့ မင်းတို့က ငရဲဘုံမှာ ပြန်ပေါင်းဖက်ရမှာပါ"
စုမန်၏လက်နှစ်ဖက်တွင် ထက်ရှသော လက်သည်းများ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူက ဒီကောင်နဲ့ စုံတွဲလုပ်ချင်လို့လဲ။ ငါ ဒေါသထွက်နေပြီ"
ရဲချိုးက စုမန်၏စကားကိုကြားသောအခါ သူမလက်ထဲတွင် ကျာပွတ်တစ်ချောင်း ချက်ချင်းရောက်လာခဲ့သည်။ ထို့နောက် သူမက ကျာပွတ်ဖြင့်လှမ်းရိုက်လိုက်သောအခါ စုမန်က လက်ကိုမြှောက်၍ ကာကွယ်လိုက်သည်။ ကျာပွတ်ကြောင့် အဝတ်အစားများစုတ်ပြတ်သွားသော်လည်း အနက်ရောင်ချပ်ဝတ်က စုမန်၏လက်ပေါ်တွင် ထွက်ပေါ်လာသည်။ ရဲချိုးက အသက်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးသာဖြစ်သော်လည်း ထူးချွန်သော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
စုမန်နှင့်စုလန်က ဧရာမတောင်ကြီးများရွေ့လာသကဲ့သို့ ယဲ့ချန်နှင့်ရဲချိုးထံ ချဥ်းကပ်လာနေကြသည်။
"နင်ဘေးဖယ်နေစမ်း။ ငါ ဒီနှစ်ယောက်ကို ကိုင်တွယ်လိုက်မယ်"
ရဲချိုးက ကျာပွတ်ကိုဆွဲကိုင်ပြီး ရှေ့တက်လိုက်သည်။
"ကောင်းပြီလေ"
ယဲ့ချန်က ခေါင်းညိတ်၍ အမှန်တကယ်နောက်ဆုတ်သွားခဲ့သည်။
"နင်...နင် ယောကျ်ားမဟုတ်ဘူးလား။ ဘာလို့တကယ်ဘေးထွက်နေရတာလဲ"
ရဲချိုးသည်လည်း ယဲ့ချန်က အမှန်တကယ်ဘေးထွက်သွားမည်ဟု ထင်မထားသောကြောင့် ဒေါသထွက်သွားခဲ့သည်။
"မင်းပြောသလိုလုပ်တာလေကွာ။ တကယ်လို့အကူအညီလိုရင် ခေါ်လိုက်နော်"
ယဲ့ချန်က ရိုးရိုးသားသားမျက်နှာဖြင့် ပခုံးတွန့်ပြလိုက်သည်။
"ဘာအကူအညီမှမလိုဘူး"
ရဲချိုးကအော်ဟစ်လိုက်ပြီး ကျာပွတ်ဖြင့် စုမန်နှင့်စုလန်ထံ ရိုက်ချလိုက်သည်။ ကျာပွတ်၏ထိပ်ဖျားက ထက်ရှသဖြင့် လေထုကိုပင် ထိုးဖောက်ထွက်ပေါ်လာသည်။
"ဒီကောင်မလေးက ခရမ်းရောင်မီးတောက်လင်းယုန်မျိုးနွယ်ကဖြစ်တယ်။ သူမကိုသတ်နိုင်ရင် ငါတို့ သေချာပေါက်ဆုချခံရလိမ့်မယ်"
စုလန်က စုမန်ကို ခပ်တိုးတိုးပြောလိုက်သည်။ လေတိုးသံနှစ်ချက်ထွက်ပေါ်လာပြီး သူတို့က ရဲချိုးထံ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။ ရဲချိုးကလည်း ကျာပွတ်ကိုဆက်တိုက်ယမ်း၍ တိုက်ခိုက်လိုက်သောအခါ လေတိုးသံတရွှီးရွှီး ထွက်ပေါ်လာခဲ့သည်။
"ဆရာ ဘယ်သူနိုင်လောက်လဲ"
ယဲ့ချန်က ခြင်္သေ့ကြီးထံ မေးမြန်းလိုက်သည်။ သူက ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်၌သာရှိသောကြောင့် သူ၏တိုက်ပွဲအတွေ့အကြုံက အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူက မည်သည့်ဘက်မှအသာစီးရနေမည်ကို မဆုံးဖြတ်နိုင်ခဲ့ချေ။
"ဟိုကောင်မလေး နိုင်လိမ့်မယ်။ ခရမ်းမီးတောက်လင်းယုန်တွေက ရှေးဟောင်းမျိုးနွယ်ကဖြစ်လို့ လျှို့ဝှက်ကျင့်စဥ်တွေကို အသုံးပြုနိုင်လိမ့်မယ်"
ခြင်္သေ့ကြီးက အခြေအနေကို သုံးသပ်ပြလိုက်သည်။
ရဲချိုးသာနိုင်လျှင် ပြဿနာမရှိသောကြောင့် ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူက မတ်တပ်ရပ်နေရင်း ကောင်းကင်ချီများကိုလည်ပတ်ကာ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်အား ကျင့်ကြံနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရဲချိုးက အပေါ်စီးသို့ ဖြည်းဖြည်းချင်းရောက်လာခဲ့သည်။
"လျှို့ဝှက်ကျင့်စဥ် မီးတောက်မြို့တော်"
ရဲချိုး၏ကိုယ်တွင်းမှ မီးတောက်ကြီးတစ်ခုထွက်ပေါ်လာ၍ စုမန်နှင့်စုလန်ကို လွှမ်းခြုံသွားခဲ့သည်။ ၎င်းတို့က အသက်ရှိနေသောမြွေများကဲ့သို့ လှုပ်ယမ်းနေကြသည်။ လျှို့ဝှက်ကျင့်စဥ် ထွက်ပေါ်လာသောအခါ စုမန်နှင့်စုလန်က အောက်စည်းသို့ ချက်ချင်းရောက်ရှိသွားသည်။ မီးတောက်မြွေများက သူတို့၏အာရုံကို နှောင့်ယှက်နေစဥ် ရဲချိုး၏ကျာပွတ်ဒဏ်ကို အလူးအလဲခံလိုက်ရသည်။
"ရဲချိုးက တော်တော်လှပေမယ့် ဆန်းကျယ်အဆင့်ပြိုင်ဘက်နှစ်ယောက်ကို ဒီအခြေအနေရောက်အောင် ဖိနှိပ်နိုင်နေတယ်"
ယဲ့ချန်က စိတ်ထဲမှ ချီးကျူးလိုက်သည်။ ဤမိန်းမငယ်လေးကား အလွန်ကြမ်းကြုတ်ပေသည်။ ထိုအချိန်တွင် ဝံပုလွေတိုင်းပြည်မှ ကျင့်ကြံသူငါးယောက်က ထိုနေရာသို့ ပျံသန်းလာနေကြသည်။
"ဟေ့ အလှလေး ငါတို့ အခုသွားရတော့မယ်။ မင်းရဲ့လျှို့ဝှက်ကျင့်စဥ်ကြောင့် ဝံပုလွေတိုင်းပြည်ရဲ့စစ်ကူတွေ ရောက်လာနေပြီ"
ယဲ့ချန်က အော်ဟစ်သတိပေးလိုက်သည်။
"နင် သူတို့ကို ထိန်းမထားနိုင်ဘူးလား"
ရဲချိုး၏ကျာပွတ်က မရပ်မနားလှုပ်ရှားနေသည်။ သူက ဆန်းကျယ်ထိပ်ဆုံးအဆင့် ရန်သူနှစ်ယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နေရခြင်းကပင် အလွန်ဖိအားများနေသည်။ လက်ရှိတွင် သူမက ရန်သူနှစ်ယောက်ကို အနိုင်ယူနိုင်ခါနီးတွင် ဝံပုလွေတိုင်းပြည်၏စစ်ကူများ ရောက်ရှိလာခဲ့ကြသည်။
"စစ်ကူငါးယောက်လုံးက ဆန်းကျယ်အဆင့်တွေဖြစ်ကြတယ်။ မင်းမသွားရင် ငါ သွားမယ်"
ယဲ့ချန်က သူ၏ခွန်အားကို ထုတ်သုံးလိုခြင်းမရှိသောကြောင့် တိုက်ပွဲကို ရှောင်ရှားချင်ခဲ့သည်။
"နင်. .နင်.. ယောကျ်ားမဟုတ်ဘူး"
"သွားမယ်"
ရဲချိုးကခြေဆောင့်၍ တိုက်ပွဲအတွင်းမှဆုတ်ခွာလိုက်သည်။ သူမက အသက်ငယ်သော်လည်း သူမ၏အကြီးအကဲများ၏ လေ့ကျင့်ပေးမှုကြောင့် တိုက်ပွဲအတွေ့အကြုံပြည့်ဝနေသည်။ သူမသည်လည်း ဤအချိန်တွင် တုံ့ဆိုင်းနေ၍မရကြောင်း နားလည်ထားသည်။
"ထွက်ပြေးချင်တာလား ဒီလောက်မလွယ်ဘူး"
စုမန်နှင့်စုလန်က ဒဏ်ရာများရထားသော်လည်း စစ်ကူများ ရောက်လာပြီဖြစ်သောကြောင့် ရှေ့တက်လာကြသည်။ သူတို့အတွက် အောင်ပွဲက လက်တစ်ကမ်းသို့ရောက်နေသောအခါ ယဲ့ချန်နှင့်ရဲချိုးကို ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။
"အလှလေး ငါ မင်းကိုကယ်ရမှာပေါ့"
အကယ်၍ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေလျှင် ရန်သူများ ရောက်ရှိလာမည်ဖြစ်သောကြောင့် ယဲ့ချန်က ငရဲဖြိုခွဲဓားကိုဆွဲထုတ်ကာ စုမန်ကို ခုတ်ပိုင်းလိုက်သည်။ သူက ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် ခွန်အားကိုသာ ထုတ်ဖော်ထားသည်။
"နင်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်လား"
ရဲချိုးက မင်သက်သွားခဲ့သည်။ မူလတွင် သူမက ယဲ့ချန်ကို ဆန်းကျယ်ထိပ်ဆုံးအဆင့်ဟု ထင်မှတ်ထားသည်။ သို့သော် ကောင်းကင်ချီများထွက်ပေါ်လာချိန်တွင် ရဲချိုးက ယဲ့ချန်၏ကျင့်ကြံဆင့်အမှန်ကို မှန်းဆနိုင်ခဲ့သည်။
"ဆန်းကျယ်ဝိဇ္ဇာစဦးတစ်ယောက်က သေချင်နေတာလား"
စုမန်က လှောင်ပြောင်လိုက်ပြီး လက်သည်းများဖြင့် ယဲ့ချန်ကို ပြန်လည်တိုက်ခိုက်လာလေသည်။
***