ချုံခိုတိုက်ခိုက်ခံရခြင်း *
Vol. 25 Ch. 346
ယဲ့ချန်က ကောင်းကင်မီးလက်မောင်းကာကို လျင်မြန်စွာမြှောက်၍ ကာကွယ်လိုက်သည်။
"သတိထား"
စုမန်၏ထက်ရှသော လက်သည်းများက ယဲ့ချန်၏ဘယ်လက်အပေါ် ကျရောက်သွားသဖြင့် ရဲချိုးက အော်ဟစ်သတိပေးလိုက်သည်။ ဆန်းကျယ်အဆင့် မိစ္ဆာဝံပုလွေတစ်ကောင်၏ လက်သည်းများက အဆင့်သုံးဝိညာဥ်လက်နက်ထက် ပို၍ထက်ရှပြီး ယဲ့ချန်၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရန် လုံလောက်နေသည်။ သူမက ယဲ့ချန်ကိုကယ်တင်ချင်သော်လည်း စုလန်၏တားမြစ်ခြင်းကို ခံနေရသည်။ သူမက ယဲ့ချန်နှင့် အမြဲတစေရန်ဖြစ်နေသော်လည်း ကြင်နာတတ်သောကြောင့် သူ့ကို အလဟဿအသေမခံနိုင်ပေ။ သို့သော်လည်း စုလန်နှင့်တိုက်ခိုက်နေရသဖြင့် အချိန်မီကယ်တင်ပေးနိုင်ခြင်း မရှိတော့ပေ။
"ထန်"
သို့သော်လည်း စုမန်၏လက်သည်းများက ယဲ့ချန်၏လက်မောင်းကာကို မထိုးဖောက်နိုင်ခဲ့ပေ။ သူက ထိတ်လန့်သွားစဥ် လက်မောင်းကာအတွင်းမှ မီးလုံးများထွက်ပေါ်လာခဲ့သည်။ ဤကား ကောင်းကင်မီးလက်မောင်းကာ၏အစွမ်းဖြစ်ကာ မီးတောက်ကြောင့် စုမန်မှာ မျက်နှာကိုလောင်ကျွမ်းခံလိုက်ရသဖြင့် နာကျင်သောအော်သံတစ်ခု ထွက်လာခဲ့သည်။ ယဲ့ချန်၏ငရဲဖြိုခွဲဓားက စုမန်၏ခေါင်းအတွင်း ဝင်ရောက်သွားခဲ့သည်။ ၎င်းက မုန်တိုင်းဓားလောက် အဆင့်မမြင့်သော်လည်း ဆန်းကျယ်အဆင့်တစ်ယောက်ကိုသတ်ဖြတ်ရန် လုံလောက်ပေသည်။
စုလန်ဖြစ်စေ ရဲချိုးဖြစ်စေ ကိုယ့်မျက်လုံးကို မယုံနိုင်ခဲ့ပေ။ ဆန်းကျယ်ထိပ်ဆုံးအဆင့် သားရဲတစ်ကောင်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် လူသားတစ်ယောက်၏လက်ချက်ဖြင့် ဘဝပြောင်းသွားခဲ့သည်။ ယဲ့ချန်က ယုံကြည်စိတ်ချရပုံမပေါ်သော်လည်း စုမန်ကို သတ်ပြလိုက်သောအခါ ရဲချိုးမှာ အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။ စုမန်ကို တစ်ချက်တည်းသတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကံကောင်းမှုကြောင့်ဟု ထင်မြင်လိုက်သည်။
စုမန်သေဆုံးသွားသဖြင့် စုလန်က ထွက်ပြေးချင်သော်လည်း ရဲချိုး၏ကျာပွတ်က လည်ပင်းကို ရစ်ပတ်လာသည်။ ဘန်းခနဲအသံတစ်ချက် မြည်ဟီးသွားသောအခါ သွေးများ နေရာအနှံ့ပြန့်ကြဲသွားကာ ခေါင်းပြတ်တစ်လုံး လွင့်ထွက်သွားသည်။ ဤမြင်ကွင်းကြောင့် ယဲ့ချန်ပင် ကိုယ့်လည်ပင်းကို စမ်းသပ်လိုက်မိသည်။ ရဲချိုးက ငယ်ရွယ်လှပသော်လည်း အလွန်ရက်စက်ကြမ်းကြုတ်သဖြင့် ရန်စ၍ကောင်းသူမဟုတ်ချေ။
"သွားကြစို့"
ယဲ့ချန်နှင့်ရဲချိုးက ဝံပုလွေတိုင်းပြည်မှ စစ်ကူများရောက်မလာခင် အဝေးသို့ လျင်မြန်စွာထွက်ခွာသွားကြသည်။
"နင် ဘယ်လိုလုပ်လိုက်တာလဲ"
ရဲချိုးက စပ်စုလိုက်ခြင်းဖြစ်သည်။
"ဆန်းကျယ်ထိပ်ဆုံးအဆင့်သားရဲက ဒီလောက်လည်း အစွမ်းမထက်ပါဘူး။ ဒီကောင်က သံချပ်ကာရှိနေလို့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းထင်နေတာလေ။ ငါ့မှာလည်း သံချပ်ကာရှိတယ်။ မီးတောက်တွေတောင် ထုတ်လို့ရသေးတယ်"
ယဲ့ချန်က ပြုံးရွှင်စွာဖြေကြား၍ ကောင်းကင်မီးလက်မောင်းကာဖြင့် မီးတောက်များ ထုတ်ဖော်ပြလိုက်သည်။ ရဲချိုးမှာ ယဲ့ချန်ကို အထင်သေးခဲ့မိသည်ဟု ခံစားလိုက်ရသည်။ သူက စုမန်ကိုသတ်နိုင်ခဲ့ခြင်းမှာ ကံကောင်းမှုဟု ထင်မြင်နေဆဲပင်ဖြစ်သည်။ လက်မောင်းကာမှ မီးတောက်ကြောင့် စုမန် အာရုံပျက်သွားနိုင်သော်လည်း ဆန်းကျယ်ထိပ်ဆုံးအဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်ရန်ကိစ္စက လွယ်ကူခြင်းမရှိပေ။ သို့သော်လည်း ယဲ့ချန်က အကျဥ်းအကြပ်ထဲတွင် သူမကိုပစ်မထားခဲ့သဖြင့် ယုံကြည်စိတ်ချရသူတစ်ယောက် ဖြစ်နိုင်သည်။
"သွားကြစို့"
ရဲချိုးက ဆန်းကျယ်ဝိဇ္ဇာစဦး အဆင့်ဖြစ်သော ယဲ့ချန်ကို အထင်မသေးရဲတော့ပေ။
"ယဲ့ချန် မင်းက ရူးချင်ယောင်ဆောင်နေတာပဲကွ"
ခြင်္သေ့ကြီး၏စကားသံက ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဆရာ ကျုပ် ဝိညာဥ်အသိစိတ်ကို မထုတ်ဖော်နိုင်ဘူး။ ဒါကြောင့် ရတနာတွေကိုရှာပေးဖို့ ဒုက္ခပေးရဦးမယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပြန်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ငါ ရှာဖွေပေးမယ်"
"ဝိညာဥ်မျှော်စင်ရဲ့ခုနစ်ထပ်မှာ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲ ဘယ်နှကောင်လောက်ရှိသလဲ"
ယဲ့ချန်က အခြေအနေကို စုံစမ်းလိုက်သည်။
"တစ်ဒါဇင်လောက်ရှိတယ်ကွ။ ထူးကဲအဆင့်တွေတောင် နည်းနည်းရှိတယ်"
ခြင်္သေ့ကြီးက တစ်လုံးချင်းဖြေလိုက်သည်။
"မဟာသာလွန်အဆင့် တစ်ဒါဇင်နဲ့ ထူးကဲအဆင့်တွေ"
ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
"ယဲ့ချန် မြောက်ဘက်ကိုသွား"
စကားပြောနေရင်း ခြင်္သေ့ကြီးက ရုတ်တရက်တန့်သွားပြီး ပျော်ရွှင်စွာပြောလိုက်သည်။
ယဲ့ချန်က မြောက်ဘက်သို့ကြည့်လိုက်သောအခါ အမှောင်ထုထဲတွင် ခရမ်းရောင်အလင်းတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက အလွန်ဝေဝါးနေသော်လည်း ယဲ့ချန်၏မျက်လုံးများအောက်မှ ပြေးမလွတ်နိုင်ခဲ့ပေ။ ကျန်တစ်ဖက်တွင် ရဲချိုးကမူ မည်သည်ကိုမှသတိမထားမိသဖြင့် ရှေ့သို့ ဆက်လက်ပျံသန်းနေသည်။
"အလှလေး မင်းဘာသာဆက်သွားနှင့်။ ခဏနေရင် ငါ အမီလိုက်လာခဲ့မယ်"
ယဲ့ချန်က ပြောလိုက်သည်။
"နင်ဘာလုပ်မလို့လဲ။ နင်က အခုမှဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်နော်။ ဝံပုလွေတိုင်းပြည်က နင့်ကိုတွေ့သွားရင် သေလူဖြစ်သွားလိမ့်မယ်။ နင်က ဝိညာဥ်သားရဲတစ်ကောင်ကိုတွေ့ရင် ထွက်ပြေးနိုင်ပေမယ့် ငါနဲ့အတူလိုက်လာတာ ပိုကောင်းမယ်"
ရဲချိုးက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
"ငါ အလေးသွားချင်လို့"
ယဲ့ချန်က ဗိုက်ကိုဖိ၍ အောင့်မထားနိုင်ဟန်ဖြင့် ပြောလိုက်သည်။
"နင်.. .နင်.."
"ငပျင်းတွေက အလေးသွားချင်တယ်။ ငါ နင့်ကို ဒီမှာစောင့်နေမယ် မြန်မြန်လုပ်"
ရဲချိုး၏မျက်နှာက ရှက်စိတ်ကြောင့် နီမြန်းသွားသည်။ ဆန်းကျယ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဆေးတစ်လုံးသောက်ထားလျှင် တစ်လခန့်အစာမစားဘဲ နေနိုင်သည့်အပြင် အလေးသွားရန်လည်း မလိုအပ်ချေ။ ထို့ကြောင့် ယဲ့ချန်၏စကားက အကြောင်းပြချက်တစ်ခုသာ ဖြစ်နိုင်သည်။
"နင် ငါ့ကို ချောင်းမကြည့်ဘူးမလား"
ယဲ့ချန်က စိုးရိမ်တကြီးနှင့် ပြန်မေးလိုက်သည်။
"ဘယ်သူက နင့်ကို ချောင်းကြည့်မှာလဲ။ ဒီဒေါ်လေးကို နင် ဒေါသလာမဆွနဲ့နော်"
ရဲချိုးက ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူမက ဆယ်ကျော်သက်အရွယ်သာဖြစ်သော်လည်း ကိုယ့်ကိုကိုယ် ဒေါ်လေးဟု ရည်ညွှန်းပြောဆိုခဲ့သည်။
"နင်ချောင်းမကြည့်ရင် ပြီးတာပဲ"
ယဲ့ချန်က မြောက်ဘက်သို့ လှစ်ခနဲပျံသန်းသွားခဲ့သည်။
ရဲချိုးက ယဲ့ချန်ကို ရိုက်သတ်ချင်စိတ်ပေါက်နေသည်။ မူလတွင် ယဲ့ချန်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟန်ဖမ်းနေသော်လည်း ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် တစ်ယောက်သာဖြစ်သည်။ ထို့နောက် စုမန်နှင့်စုလန်ကို တိုက်ခိုက်သောအခါတွင်လည်း သူမအတွက် အာရုံနောက်စရာဖြစ်နေခဲ့သည်။ လက်ရှိတွင် သူက ရဲချိုးချောင်းကြည့်မည်ကို စိုးရိမ်နေပြန်သဖြင့် ရဲချိုးမှာ ဆက်တိုက်ကျိန်ဆဲနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည်လည်း မိန်းမလှလေးတစ်ယောက်ဖြစ်သည်။ သူမက ဖေးယင်၏အလှကို မယှဥ်နိုင်သော်လည်း ပိုပန်းသူများစွာရှိသောကြောင့် ယောကျ်ားတစ်ယောက်ကို ချောင်းကြည့်စရာ အကြောင်းမရှိချေ။
ယဲ့ချန်က မီတာတစ်ထောင်ခန့် ပျံသန်းပြီးနောက် ငုံ့ကြည့်လိုက်သောအခါ ဆန်းကျယ်အဆင့် ဝိညာဥ်သားရဲအကောင်နှစ်ဆယ်က ခရမ်းရောင်အလင်းကို စောင့်ကြပ်နေသည်အား တွေ့လိုက်ရသည်။ ၎င်းတို့က ယဲ့ချန်ကို မြင်သောအခါ ကောင်းကင်သို့ခေါင်းမော့ကြည့်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ဧကရာဇ်မင်၏ခါးပတ်က အလင်းရောင်တစ်ချက်တောက်ပလာ၍ လေထဲတွင် အင်မော်တယ်အမှောင်ဖီးနစ်ကြီး မီးတောက်များခြံရံ၍ ထွက်ပေါ်လာခဲ့သည်။
မီးတောက်များ ကျဆင်းလာသောအခါ ဝိညာဥ်သားရဲအားလုံးက ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။ ဆန်းကျယ်အဆင့်နှင့် နတ်ဘုရင်အဆင့်ကြားတွင် ကွာခြားမှုက အလွန်ကြီးမားသည်။ အင်မော်တယ်အမှောင်ဖီးနစ်က နတ်ဘုရင်စဦးအဆင့်သာဖြစ်သော်လည်း ဝိညာဥ်သားရဲများကိုသတ်ဖြတ်ရန် မီးတောက်တစ်ချက်မှုတ်ထုတ်ရန်သာ လိုအပ်ခဲ့သည်။ ၎င်းက ယဲ့ချန်၏ခါးပတ်အတွင်း ပြန်လည်ဝင်ရောက်သွားသည်။ သူက မြေပြင်သို့သက်ဆင်း၍ မြေပြင်ကိုတူးဆွလိုက်သောအခါ ခရမ်းရောင်သံချပ်ဝတ် ခြေအိတ်နှစ်စုံ ရရှိခဲ့သည်။
"ဆရာ ဒါကလည်း နတ်ဆိုးချပ်ဝတ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်တယ်။ ဒါက အဆင့်ကိုးဖြစ်နေတော့ ကံမကောင်းဘူး။ ကျုပ်မှာရှိတာက အဆင့်ရှစ်ချပ်ဝတ်ရဲ့ အစိတ်အပိုင်းတွေ"
ယဲ့ချန်က စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။
"ယဲ့ချန် မင်းဘာမှမသိဘူး။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်က ဒီလောက်မရိုးရှင်းဘူး။ ဒါတွေက အဆင့်ကိုးအစိတ်အပိုင်းတွေဖြစ်ပေမယ့် မင်းရဲ့အဆင့်ရှစ်အစိတ်အပိုင်းတွေနဲ့ တွဲစပ်အသုံးပြုနိုင်တယ်။ ဥပမာပြောရရင် နတ်ဆိုးချပ်ဝတ်မှာ အစိတ်အပိုင်းခုနစ်ခုရှိပြီး အဆင့်ရှစ်လေးခုနဲ့ အဆင့်ကိုးသုံးခုပေါင်းပြီး တစ်စုံအဖြစ် အသုံးချလို့ရတယ်။ ဒါတွေကိုပေါင်းစပ်လိုက်တာနဲ့ ခုခံနိုင်စွမ်းမြင့်တဲ့ ချပ်ဝတ်တစ်ခု ဖြစ်လာလိမ့်မယ်။ အစိတ်အပိုင်းတစ်ခုက အဆင့်ရှစ်ဖြစ်နေလို့ ခုခံနိုင်စွမ်းကနိမ့်ကျနေမယ်လို့ မဆိုလိုဘူး။ ဒါက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ရဲ့ အစစ်အမှန်စွမ်းအားပဲ"
ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။
"ကျုပ်နားလည်ပြီ။ ဒါဆိုရင် ကျုပ်မှာ နတ်ဆိုးချပ်ဝတ်ရဲ့ အစိတ်အပိုင်းသုံးခုရပြီပေါ့"
ယဲ့ချန်က သွေးတစ်စက်ကို အဆင့်ကိုးချပ်ဝတ်၏ ခြေအိတ်များပေါ်သို့ ချလိုက်သည်။ ၎င်းတို့က ချက်ချင်းပျောက်ကွယ်သွားပြီး ယဲ့ချန်၏အသိစိတ်အတွင်း ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူ၏စိတ်ထဲတွင် အဆင့်ကိုးချပ်ဝတ်တစ်စုံလုံး ဝတ်ဆင်ထားသော ပိုလင်းက စန်းလုနှင့်တိုက်ခိုက်နေသည့် မြင်ကွင်းဖြစ်ပေါ်လာသည်။ အကယ်၍ သူသာ နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းအားလုံးကို စုဆောင်းနိုင်လျှင် နတ်ဘုရင်အဆင့်တစ်ယောက်ကို ကိုယ်ပိုင်ခွန်အားဖြင့် တိုက်ခိုက်နိုင်စွမ်းရှိလာမည်ဖြစ်သည်။
ရဲချိုးက အချိန်ကြာမြင့်စွာစောင့်နေရသဖြင့် စိတ်မရှည်ဖြစ်နေသည်။ သူမက ဝိုင်းစက်သောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေရင်း ယဲ့ချန်ထွက်သွားသော မြောက်ဘက်သို့ တစ်ချက်ခိုးကြည့်လိုက်သည်။ သူမ၏စိတ်ထဲတွင် ယဲ့ချန်အန္တရာယ်ကြုံနေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ ထောက်လှမ်းလိုသော်လည်း ယဲ့ချန်က သူ့ကို ချောင်းကြည့်ပါသည်ဟု စွပ်စွဲလာမည်ကို စိုးရိမ်နေခဲ့သည်။
"တစ်ဆယ်အထိရေလို့မှ နင်ပြန်မလာရင် ငါလိုက်လာတော့မယ်"
အချိန်ခဏကြာတုံ့ဆိုင်းနေပြီးနောက် ရဲချိုးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမက ဤလုပ်ရပ်ကြောင့် မျက်နှာပျက်ရမည်ဖြစ်သော်လည်း ယဲ့ချန်၏အသက်က ပို၍အရေးကြီးနေသည်။ သူက စိတ်ပျက်ဖွယ်ကောင်းသူတစ်ယောက်ဖြစ်သော်လည်း လူဆိုးတစ်ယောက်မဟုတ်သဖြင့် ကယ်တင်ရန် ထိုက်တန်သည်။
"သွားကြစို့"
ရဲချိုးက စတင်ရေတွက်လိုက်စဥ် ယဲ့ချန်က ပြန်လည်ရောက်ရှိလာခဲ့သည်။ ယဲ့ချန်၏မျက်နှာပေါ်ရှိ အပြုံးကြောင့် ရဲချိုးက အံကြိတ်လိုက်မိသည်။ သူမ၏စိတ်ထဲတွင် ယဲ့ချန်၏မျက်နှာကို လက်သီးဖြင့် ထိုးချင်စိတ်များဖြစ်ပေါ်နေသည်။ ထို့နောက် ရဲချိုးက မျက်နှာတစ်ချက်မဲ့ကာ ရှေ့ဆုံးမှပျံသန်းသွားခဲ့ရာ ယဲ့ချန်လည်း လျင်မြန်စွာလိုက်ပါသွားခဲ့သည်။ မကြာမီပင် သူတို့က ကျိလေ့၊ ချင်ယု၊ ဖေးယင်နှင့် မင်ယီတို့ကို တွေ့လိုက်ရသည်။ သူတို့ခြောက်ယောက်က နောက်ဆုံး၌ ပြန်လည်ဆုံတွေ့သွားကြသည်။
"အစ်ကိုကျိလေ့ အစ်ကိုဟေးမင် ဘယ်မှာလဲ"
ရဲချိုးက စပ်စုလိုက်သည်။
"ငါလည်း သူ့ကိုမတွေ့ဘူး။ ကြည့်ရတာ သူက ဝံပုလွေတိုင်းပြည်ရဲ့ ကျင့်ကြံသူတွေနောက်ကို လိုက်သွားတာဖြစ်လိမ့်မယ်"
ကျိလေ့က ခေါင်းယမ်းပြလိုက်သည်။
"ငါတို့ အခုဘယ်သွားကြမလဲ"
ရဲချိုးက ထပ်မေးလိုက်သည်။
"ရှေ့မှာ ဝံပုလွေတိုင်းပြည်ရဲ့ ကျင့်ကြံသူတွေရှိနေတယ်။ သူတို့ကို သွားရှင်းကြမယ်"
ကျိလေ့က ပြန်ဖြေလိုက်သည်။ ခြောက်ယောက်လုံးက ကြယ်ပျံများကဲ့သို့ အလွန်လျင်မြန်စွာပျံသန်းနေကြသည်။ ဖေးယင်နှင့်ချင်ယုက ချစ်သူများပမာနီးကပ်စွာ ပျံသန်းနေကြသည်။ ယဲ့ချန်က ဤအချစ်ငှက်မောင်နှံကို တစ်ချက်ကြည့်၍ ပြုံးလိုက်မိသည်။ ဖေးယင်က အမွေးပွလေး၏ ယောင်းမဖြစ်လာမည့်ပုံပေါ်နေသည်။
"ယဲ့ချန် မင်းတို့တော့ ချုံခိုတိုက်ခိုက်ခံရတော့မယ်"
ခြင်္သေ့ကြီး၏သတိပေးသံက ရုတ်တရုက်ထွက်ပေါ်လာသည်။
"ရန်သူတွေလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ သူက မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသော်လည်း ခြင်္သေ့ကြီး၏အသိစိတ်ကို ယုံကြည်သည်။
"ခဏရပ်ကြပါဦး"
ယဲ့ချန်က လူတိုင်းကို အော်ဟစ်တားမြစ်လိုက်သည်။
ကျိလေ့နှင့်အခြားလူများက ယဲ့ချန်၏စကားကိုကြားသောအခါ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ လူတိုင်းက သူ့ကို စိတ်ရှုပ်စွာဖြင့် လှည့်ကြည့်လာခဲ့သည်။ ချင်ယုနှင့်ဖေးယင်က သိလိုစိတ်ဖြင့်ကြည့်နေကြပြီး မင်ယီနှင့်ကျိလေ့က ဇဝေဇဝါဖြစ်နေကြသည်။
"ကျုပ်တို့က ခြင်္သေ့နန်းတော်ရဲ့အဓိကအင်အားစုနဲ့ ဘယ်လောက်ကွာနေပြီလဲ"
ယဲ့ချန်ကပြုံး၍ မေးလိုက်သည်။
"တစ်ဆယ်ကီလိုမီတာလောက် ကွာနေပြီ"
ကျိလေ့က ယဲ့ချန်၏ရည်ရွယ်ချက်ကို မသိသော်လည်း အဖြေပြန်ပေးလိုက်လေသည်။
***