← Chapters

ဖုံးကွယ်ထားသော ကျင့်ကြံသူ

Vol. 25 Ch. 347

ဖုံးကွယ်ထားသော ကျင့်ကြံသူ

Vol. 25 Ch. 347

"ဆယ်ကီလိုမီတာ ဒါဆိုရင် ငါတို့ချုံခိုတိုက်ခိုက်ခံရရင် လွတ်နိုင်မှာမဟုတ်ဘူး"

ခြင်္သေ့ကြီးထံမှ အခြေအနေအသေးစိတ်ကို ယဲ့ချန်က စုံစမ်းနေရင်း အချက်တစ်ချက်ကို ထောက်ပြလိုက်သည်။

"ညီလေးယဲ့က အစိုးရိမ်ကြီးနေပါပြီ။ ငါတို့ကို ဝံပုလွေတိုင်းပြည်က တိုက်ခိုက်လာရင်တောင် အရှင်က ချက်ချင်းသိနိုင်ပါတယ်။ ဘာအန္တရာယ်မှမရှိဘူး"

ထုံတန်ကို အလွန်ယုံကြည်သော ကျိလေ့က တစ်ချက်ပြုံး၍ ပြန်ပြောသည်။

"တကယ်လို့ တိုက်ခိုက်လာတာက ဆန်းကျယ်အဆင့်မဟုတ်ဘဲ နတ်ဘုရင်တစ်ယောက်ဖြစ်နေရင်ရော"

"ဒါဆိုရင် ငါတို့အားလုံး တကယ်သေလိမ့်မယ်။ အရှင်တောင် အချိန်မီလာကယ်နိုင်မှာ မဟုတ်ဘူး။ သွားကြစို့"

ယဲ့ချန်၏စကားကြောင့် ကျိလေ့က မျက်နှာပျက်သွားကာ ချက်ချင်းအမိန့်ပေးလိုက်သည်။ သူက အတွေ့အကြုံပြည့်ဝသူတစ်ဦးဖြစ်သောကြောင့် ဝံပုလွေတိုင်းပြည်မှ ထောင်ချောက်တစ်ခုဆင်ထားနိုင်ကြောင်းကို ချက်ချင်းနားလည်လိုက်သည်။ ယဲ့ချန်၏သတိပေးမှုကြောင့် သူက စွန့်စားမှုကြီးမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ခြောက်ယောက်လုံးက ခြင်္သေ့နန်းတော်၏ပင်မတပ်ထံသို့ လျင်မြန်စွာဆုတ်ခွာလိုက်ကြသည်။

အဝေးရှိတောင်ကုန်းများပေါ်တွင် ပုန်းအောင်းနေသော ငွေဘုရင်ရှိနေခဲ့သည်။ ကျိလေ့သည် ခြင်္သေ့နန်းတော်၏လူငယ်မျိုးဆက်တွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ နတ်ဘုရင်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုသည်။ နောက်တက်မည့် ခြင်္သေ့ဘုရင်အဖြစ် လျာထားခြင်းခံရသူဖြစ်သော ကျိလေ့ကိုသတ်နိုင်လျှင် ခြင်္သေ့နန်းတော်ကို များစွာထိခိုက်အောင် လုပ်နိုင်ပေလိမ့်မည်။ သူက ကျိလေ့နှင့်ထုံတန်၏ ဝိညာဥ်အသိစိတ်များ မထောက်လှမ်းနိုင်စေရန် ဝိညာဥ်အသိစိတ်ကိုရုတ်သိမ်းကာ အရှိန်အဝါဖုံးကွယ်ရေး အစီအရင်တစ်ခုကိုပင် ခင်းကျင်းထားခဲ့သည်။ ကျိလေ့နှင့် အခြားလူများရောက်လာလျှင် တစ်ချက်တည်း တိုက်ခိုက်သတ်ဖြတ်မည်ဖြစ်သောကြောင့် ထုံတန်၏ဝိညာဥ်ပင်လျှင် အချိန်မီလာရောက်ကယ်တင်နိုင်မည် မဟုတ်ပေ။

သို့သော် ကျိလေ့နှင့်အပေါင်းအဖော်များက သူ၏စက်ကွင်းအတွင်း ရောက်ခါနီးတွင် ရုတ်တရက်ရပ်တန့်သွားသည်ကို ငွေဘုရင် မြင်လိုက်ရသည်။ သူတို့က စကားအနည်းငယ်ပြောဆိုပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြသည်။

"ဒီမြေခွေးပေါက်လေးတွေက တော်တော်ပါးနပ်တယ်"

ငွေဘုရင်က ဒေါသတကြီးဖြစ်သွားသည်။ သူသာ ချက်ချင်းလှုပ်ရှားခြင်းမရှိလျှင် ကျိလေ့က လွတ်မြောက်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ဝိညာဥ်အသိစိတ်ကို ဧရာမငွေရောင်ဝံပုလွေကြီးအဖြစ် ပြောင်းလဲကာ အရှိန်အဟုန်အပြည့်နှင့် စေလွှတ်လိုက်သည်။

ငွေဘုရင်၏ဝိညာဥ် ထွက်ပေါ်လာသောအခါ ကျိလေ့၏မျက်နှာက ချက်ချင်းမည်းနက်သွားသည်။ ယဲ့ချန်၏စကားအတိုင်း ဝံပုလွေတိုင်းပြည်က အမှန်တကယ်ပင် ထောင်ချောက်တစ်ခုဆင်ထားသည်။ အကယ်၍ သူတို့သာ ရှေ့သို့အနည်းငယ်ထပ်တိုးမိလျှင် လွတ်မြောက်ရန် အခွင့်အရေးမရှိတော့ပေ။ ငွေဝံပုလွေပုံရိပ်ကြီးကြောင့် ရန်သူဘုရင်သုံးပါးအနက်မှ ငွေဘုရင်ဖြစ်ကြောင်း သိလိုက်ရသည်။ ရဲချိုးသည်လည်း ယဲ့ချန်ကို တအံ့တသြကြည့်လိုက်မိသည်။ သူ၏ကျင့်ကြံဆင့်က သူမတို့အောက်နိမ့်ကျသော်လည်း ဝံပုလွေတိုင်းပြည်၏အကြံကို အောင်မြင်စွာခန့်မှန်းနိုင်ခဲ့သည်။

နတ်ဘုရင်၏ဝိညာဥ်က ခြောက်​ယောက်လုံးကို ပြင်းထန်စွာ ဖိအားပေးနေသည်။ ၎င်းက သူတို့ကို လွယ်ကူစွာချေမွပစ်နိုင်လေသည်။

"သိပ်မကြာခင် အရှင်ရောက်လာလိမ့်မယ်။ ခဏတောင့်ခံထားကြ"

ကျိလေ့က အော်ဟစ်လိုက်ပြီး ဝိညာဥ်အသွင် ဖြစ်တည်နိုင်ခြင်းမရှိသေးသော ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သည်။ ချင်ယု၊ ဖေးမင်၊ မင်ယီနှင့် ရဲချိုးတို့၏ဝိညာဥ်အသိစိတ်များလည်း ထွက်ပေါ်လာကာ ကျိလေ့၏ဝိညာဥ်နှင့် လေထဲတွင် ပေါင်းစပ်သွားခဲ့သည်။ ငါးယောက်လုံးက ကောင်းကင်သားရဲများကြားရှိ လူငယ်ပါရမီရှင်များဖြစ်ကာ ဆန်းကျယ်ထိပ်ဆုံးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး ခြင်္သေ့နန်းတော်၏ အနာဂတ်ထောက်တိုင်များဖြစ်ကြသည်။ ဝိညာဥ်အသိစိတ် ပေါင်းစပ်စွမ်းအာက ငွေဘုရင်၏ဝိညာဥ်ကို ဧရာမဓားကြီးတစ်လက်ကဲ့သို့ ထိမှန်သွားခဲ့သည်။ ဤကား ဝိညာဥ်များကြားမှ တိုက်ပွဲတစ်ခုဖြစ်သည်။

ယဲ့ချန်က ကောင်းကင်ကိုမော့ကြည့်ရင်း ကျိလေ့နှင့်အခြားလူများကို ကူညီရကောင်းနိုးနိုး စဥ်းစားနေခဲ့သည်။ ကူညီလိုက်လျှင် သူ၏အစစ်အမှန်ခွန်အား ထွက်ပေါ်သွားမည်ဖြစ်သည်။

"ယဲ့ချန် မင်း ဝင်ပါစရာမလိုသေးဘူး။ ကံကောင်းတာက သူတို့ ခဏလောက်တောင့်ခံထားနိုင်တာနဲ့ ထုံတန်ဆိုတဲ့ကောင်လေး ခဏအတွင်း ရောက်လာလိမ့်မယ်"

ခြင်္သေ့ကြီးက ညွှန်ကြားလိုက်သည်။

"အကောင်ပေါက်လေးတွေကများ ဒီအဘိုးကြီးနဲ့ ယှဥ်ပြိုင်ချင်နေတယ်။ မင်းတို့ကို သင်ခန်းစာပေးမှရတော့မယ်"

တောင်ကုန်းများပေါ်တွင် ပုန်းအောင်းနေသော ငွေဘုရင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ဧရာမဝိညာဥ်ပုံရိပ်ကြီးက အော်ဟစ်ဟိန်းဟောက်၍ လက်သည်းများနှင့် ခုတ်ပိုင်းလာသည်။

"ဘန်း"

ဝိညာဥ်အသိစိတ်ငါးခုက ငွေဘုရင်လက်ချက်ကြောင့် လွင့်ထွက်သွားကာ တစ်ချက်တည်းဖြင့် ကျိလေ့တို့ငါးယောက်က သွေးအန်သွားကြသည်။ ငွေဘုရင်က ကျိလေ့တို့ကို သတ်ဖြတ်ရန်အတွက် နောက်တစ်ကြိမ် တိုက်ခိုက်လာခဲ့သည်။ ထိုအချိန်တွင် ခြင်္သေ့ကြီးက ဝံပုလွေကြီးရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာ၍ လက်ဝါးကြီးဖြင့် ပုတ်ချလိုက်သည်။ နားကွဲမတတ်ကျယ်လောင်သော မိုးချုန်းသံတစ်ခုထွက်ပေါ်လာကာ ဧရာမသားရဲပုံရိပ်ကြီးနှစ်ခုက ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

ဝံပုလွေပုံရိပ်က နောက်သို့ချက်ချင်းဆုတ်ခွာသွားပြီး တစ်ဖက်လူက ထုံတန်ဖြစ်ကြောင်းသိသောအခါ လှစ်ခနဲပျောက်ကွယ်သွားသည်။ ၎င်းက ပျောက်ကွယ်မသွားခင်၌ ကျိလေ့ကို အေးစက်စက်စိုက်ကြည်သွားခဲ့သည်။ ကျိလေ့တို့က သက်ပြင်းကိုယ်စီချ၍ ဝိညာဥ်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။ ဝိညာဥ်များ ဒဏ်ရာရသွားသဖြင့် ရုပ်ခန္ဓာများလည်း ပြင်းထန်စွာထိခိုက်ကုန်သည်။

"ပြန်လာခဲ့ကြ"

ထုံတန်၏ဝိညာဥ်က အမိန့်တစ်ချက်ပေးပြီး ယဲ့ချန်ကို သိလိုဟန်ဖြင့် စိုက်ကြည့်လာခဲ့သည်။ သူက ယဲ့ချန်မည်သူဖြစ်ကြောင်းနှင့် ကျိလေ့နှင့် အတူတကွရှိနေရသော အကြောင်းအရင်းကို မသိချေ။ သို့သော် ယဲ့ချန်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်သာဖြစ်ကြောင်း သိသောအခါ တစ်ခွန်းမှမပြောတော့ဘဲ လှစ်ခနဲပျောက်ကွယ်သွားခဲ့သည်။

ငွေဘုရင်နှင့်ခြင်္သေ့ဘုရင်၏ ဝိညာဥ်များအောက်တွင် ယဲ့ချန်က ကြီးမားသောဖိအားတစ်ခုကို ခံစားခဲ့ရသည်။ သူတို့က နတ်ဘုရင်အဆင့်တွင် ထိပ်တန်းကျင့်ကြံသူများဖြစ်ကာ သာမန်ဖိနှိပ်မှုတစ်ခုက အခြားနတ်ဘုရင်များ၏ဝိညာဥ်များကို ထိခိုက်သွားစေနိုင်သည်။ ကျိလေ့နှင့် ကျန်လေးယောက်က နတ်ဘုရင်အဆင့်သို့ရောက်ရန် တစ်ဆင့်သာလိုတော့သော်လည်း သူတို့၏ပေါင်းစပ်ဝိညာဥ်က ငွေဘုရင်၏တိုက်ခိုက်မှုတစ်ချက်တည်းကိုပင် မယှဥ်နိုင်ခဲ့ပေ။ ယဲ့ချန်၏ ဝိညာဥ်စစ်သည်တော်ကလည်း နတ်ဘုရင်စဦးအဆင့်ဖြစ်သောကြောင့် ထုံတန်နှင့်ငွေဘုရင်၏ ဝိညာဥ်များအောက် နိမ့်ကျနေဆဲပင်ဖြစ်သည်။

ကျိလေ့နှင့်အခြားလူများက ခြင်္သေ့နန်းတော်အင်အားစုထံ ပြန်သွားကြသဖြင့် ယဲ့ချန်က နောက်မှနီးကပ်စွာ လိုက်ပါသွားခဲ့သည်။

"ဒီတစ်ခေါက် ညီလေးယဲ့ကို ကျေးဇူးတင်ရမယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့အားလုံး သေနေပြီ"

ချင်ယုက ယဲ့ချန်ကို ချီးကျူးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျိလေ့တို့လူစုက ယဲ့ချန်ကို ကျေးဇူးတင်စကားကိုယ်စီ ပြောလိုက်ကြသည်။ သူ့အပေါ်အကောင်းမမြင်သော ရဲချိုးပင်လျှင် ကျေးဇူးတင်နေခဲ့သည်။

"ရပါတယ်ကွာ"

ယဲ့ချန်က တစ်ချက်သာပြုံးပြလိုက်သည်။

သူတို့ခြောက်ယောက်ခရီးဆက်နေစဥ် အနက်ရောင်ပုံရိပ်တစ်ခု ချဥ်းကပ်လာသည်။ ရုပ်ခန္ဓာတစ်ခုလုံး ဒဏ်ရာများပြည့်နှက်နေသော ဟေးမင်ဖြစ်ကာ ညာလက်က အခြေအနေမကောင်းပေ။

"ဝိညာဥ်အသိစိတ်တွေတိုက်ခိုက်တာကို အာရုံခံလိုက်မိတယ်။ ဘာတွေဖြစ်သွားတာလဲ"

ညာလက်မှ တဆတ်ဆတ်စီးကျနေသော သွေးများကို ဟေးမင်က အရေးမစိုက်ဘဲ အခြေအနေကို စုံစမ်းလိုက်သည်။

"ငါတို့ကို ဝံပုလွေတိုင်းပြည်ရဲ့ငွေဘုရင်က ချုံခိုတိုက်ခိုက်ခဲ့တယ်။ အရှင်သာ အချိန်မီရောက်မလာရင် သူ့လက်ထဲမှာ သေနေလောက်ပြီ"

ကျိလေ့က ပြောပြလိုက်သည်။ ငွေဘုရင်၏ဝိညာဥ်နှင့် တိုက်ခိုက်ခဲ့သောအကြောင်းကို စဥ်းစားမိလိုက်သောအခါ သူ၏မျက်လုံးတွင် ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာထင်ဟပ်နေသည်။ နတ်ဘုရင်တစ်ယောက်၏ခွန်အားကို ရင်ဆိုင်ဖူးသည်ဖြစိသောကြောင့် ထိုအဆင့်သို့ရောက်အောင် ကြိုးစားမည်ဖြစ်သည်။ သေခြင်းရှင်ခြင်းကို စစ်မှန်သောကျင့်ကြံသူတစ်​ယောက်က မကြောက်တတ်သောကြောင့် ကျိလေ့က လုံးဝကြောက်စိတ်မရှိပေ။

"ငွေဘုရင်လား။ မင်းတို့အဆင်ပြေတာ တော်သေးတယ်။ ငါလည်း ဝံပုလွေတိုင်းပြည်ရဲ့ ဆန်းကျယ်အဆင့် ကျင့်ကြံသူငါးယောက်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ခဲ့ရတယ်။ နှစ်ယောက်ကိုသတ်နိုင်ခဲ့ပြီး သုံးယောက် ထွက်ပြေးသွားတယ်"

ဟေးမင်က အသက်ကိုပြင်းပြင်းရှူ၍ ပြန်ပြောလိုက်သည်။

ယဲ့ချန်က ဟေးမင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ဟေးမင် ရုတ်တရက်ရောက်လာခြင်းက အလွန်တိုက်ဆိုင်နေသည်ဟု ခံစားလိုက်ရသည်။

"ဆရာ ဒီကောင် အစတုန်းက ဘာလုပ်နေတာလဲ"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍မရသောကြောင့် ခြင်္သေ့ကြီးထံ စုံစမ်းလိုက်ခြင်းဖြစ်သည်။

"သူက ဆန်းကျယ်အဆင့် ဝံပုလွေငါးကောင်နဲ့တိုက်ခိုက်ပြီး နှစ်ကောင်ကို သတ်ပစ်ခဲ့တယ်။ ဒါပေမယ့် တစ်ခုခုမူမမှန်ဘူး။ သူ့ခွန်အားအစစ်အမှန်ကို သေချာပေါက်ဖုံးကွယ်ထားတယ်။ သူက ချင်ယုအောက် အားနည်းချင်ယောင်ဆောင်နေပြီး ဆန်းကျယ်အဆင့်ငါးယောက်ကို ရင်ဆိုင်ရတာဟာ အရမ်းခက်ခဲသလို ဟန်ဆောင်နေတယ်။ တကယ်က သူ့အစွမ်း ကျိလေ့နဲ့သိပ်မကွာလို့ ရန်သူငါးယောက်လုံးကို အလွယ်တကူသတ်ပစ်နိုင်တယ်"

ခြင်္သေ့ကြီးက ဟေးမင်းဖုံးကွယ်ထားသော အချက်ကို ယဲ့ချန်အား ပြောပြလိုက်သည်။

"ဒီကောင်နဲ့ ဝံပုလွေတိုင်းပြည်ကြားမှာ အဆက်အသွယ်ရှိလား"

ယဲ့ချန်က မေးလိုက်သည်။ အကယ်၍ ခြင်္သေ့ကြီးသာ သတိပေးခြင်းမရှိလျှင် ကျိလေ့တို့ငါးယောက်က သေဆုံးပြီးဖြစ်ပေလိမ့်မည်။ ဟေးမင်တစ်ယောက် လုံခြုံနေခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။

"ဒါကိုတော့ ငါ မတွေ့မိဘူး။ သူတို့က လျှို့ဝှက်ကျင့်စဥ်နဲ့ ဆက်သွယ်နေတာမဟုတ်ရင် ငါ့အသိစိတ်အောက်က ပြေးလွတ်မှာမဟုတ်ဘူး။ ထုံတန်တောင် ဒီကောင် အစွမ်းဖုံးကွယ်ထားတာကို မသိလောက်ဘူး"

ထုံတန်ပင်လျှင် ဟေးမင်၏ အစွမ်းအစစ်အမှန်ကို မမြင်နိုင်ခြင်းက အံ့သြစရာဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်၏စိတ်အတွင်း၌ သံသယများ ဖြစ်တည်လာသည်။ ကျိလေ့နှင့်ကျန်လေးယောက်က သူ့ကိုခင်မင်ကြသော်လည်း ဟေးမင်တစ်ယောက်တည်းသာ အကြောင်းပြချက်မရှိရန် လိုနေခဲ့သည်။

"မင်း ဘာဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့"

ယဲ့ချန်က စိတ်ထဲမှကြုံးဝါးလိုက်သည်။

"မင်းတို့ ဘာလို့ချုံခိုတိုက်ခိုက်ခံရတာလဲ။ တစ်ယောက်ယောက်က သူလျှိုလုပ်နေတာလား"

ဟေးမင်က ယဲ့ချန်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလိုက်သည်။

"အစ်ကိုဟေးမင် ရှင် အစ်ကိုယဲ့ကို မစွပ်စွဲပါနဲ့။ သူသာ သတိမပေးရင် ငါတို့အားလုံး ငွေဘုရင်ကြောင့်သေနေပြီ"

ရဲချိုးက ယဲ့ချန်ဘက်မှ ဝင်ရောက်ကာကွယ်ပေးလိုက်သည်။ သက်သေမရှိဘဲ စွပ်စွဲပြောဆိုနေသော ဟေးမင်ကို သူမက ရန်တွေ့လိုက်သည်။

"ဒီလိုလား"

ဟေးမင်က လူတိုင်းကို အံ့သြစွာကြည့်လိုက်သည်။ သူတို့အုပ်စုတွင် ယဲ့ချန်က ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော်လည်း ငွေဘုရင်၏တည်ရှိမှုကို ရှာဖွေနိုင်ခဲ့သည်။

"ဟုတ်တယ်"

လူတိုင်းက သူတို့အသက်ကိုကယ်တင်ပေးသော ယဲ့ချန်အား ဟေးမင်မှ သံသယဝင်နေသောကြောင့် မပျော်မရွှင်ဖြစ်နေကြသည်။

"ဒါဆိုရင် ငါ သူ့ကို အထင်မှားမိပါတယ်။ တောင်းပန်ပါတယ်"

ဟေးမင်၏မျက်နှာက အလွန်ရိုးသားပုံပေါ်နေသည်။ သူ၏စကား​ကြောင့် လူတိုင်း၏မျက်နှာထားများ တင်းမာနေရာမှ ပြေလျော့သွားကြသည်။

"ဒါပေမယ့် ငါ့စိတ်ထဲမှာ သံသယရှိတုန်းပဲ။ ကျင့်ကြံဆင့်မှာ သူက အစ်ကိုကျိ၊ချင်ယုနဲ့မင်ယီကိုမပြောနဲ့၊ ဖေးယင်နဲ့ရဲချိုးကိုတောင် မမီဘူး။ ငွေဘုရင်ရှိနေတာကို မင်းတို့ထက်အရင် ဘယ်လိုလုပ်သိသွားတာလဲ"

သို့သော်လည်း ဟေးမင်က လူတိုင်း၏စိတ်ထဲသို့ သံသယပျိုးစေ့တစ်ခု စိုက်ပျိုးပေးလိုက်သည်။ ယဲ့ချန်မှာ ဟေးမင်၏စကားကြောင့် ဒေါသထွက်သွားခဲ့သည်။ ဟေးမင်က သူ့ကို ရန်ငြိုးရှိသူတစ်ယောက်ပမာ တောက်လျှောက်ပစ်မှတ်ထားနေသော အကြောင်းအရင်းကို တွေးမရချေ။

ဟေးမင်၏စကားက လူတိုင်းသိချင်နေကြသော မေးခွန်းဖြစ်သည်။ ယဲ့ချန်က နတ်ဘုရင်တစ်ယောက် ချုံခိုတိုက်ခိုက်နိုင်ကြောင်း သတိပေးပြီးချိန်တွင် ငွေဘုရင်က ရုတ်တရက်ထွက်ပေါ်လာသည်။ သူက မည်သည့်နည်းလမ်းဖြင့် ရှာတွေ့ခဲ့ပါသနည်း။ အကယ်၍ နတ်ဘုရင်တစ်​ယောက်က တစ်ရာကီလိုမီတာအချင်းအတွင်းရှိနေလျှင် ခြင်္သေ့ဘုရင်က ပထမဆုံးတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ငွေဘုရင်က အစီအရင်တစ်ခုကိုသုံးကာ ခြင်္သေ့ဘုရင်၏အသိစိတ်အောက်တွင် ဖုံးကွယ်နေခဲ့သည်။ သို့သော်လည်း ယဲ့ချန်က ရှာတွေ့ခဲ့သဖြင့် အလွန်အံ့သြဖွယ်ကောင်းနေပြီး သူက ကြောင်လက်သည်းဝှက် ကျင့်ကြံသူတစ်​ယောက် ဖြစ်နေနိုင်သည်။

"ယဲ့ချန်က ဘာနည်းလမ်းသုံးပြီး အန္တရာယ်ကိုတွေ့တာဖြစ်ဖြစ် ငါ သူ့ကိုယုံတယ်"

ချင်ယုက ယဲ့ချန်ဘက်မှ ပြတ်သားစွာရပ်တည်လိုက်လေသည်။

***

All Chapters