စစ်ပွဲတစ်ခု အစပျိုးခြင်း *
Vol. 25 Ch. 348
နင်အာနှင့် ရင်းနှီးကျွမ်းဝင်သော ယဲ့ချန်ကို ချင်ယုက လုံးဝဥဿုံယုံကြည်သည်။
"ငါလည်း သူ့ကိုယုံတယ်"
ရဲချိုးကလည်း ဝင်ရောက်ထောက်ခံသည်။ ယဲ့ချန်က စိတ်ချယုံကြည်ရသူတစ်ယောက်မဟုတ်သော်လည်း ဆိုးယုတ်သူတစ်ယောက်မဟုတ်ဟု သူမ ယုံကြည်ထားသည်။
"ငါလည်း ယုံတယ်"
ကျိလေ့ကလည်း ယဲ့ချန်အပေါ် သံသယဝင်ခြင်းမရှိပေ။ မင်ယီနှင့်ဖေးယင်ကလည်း ယဲ့ချန်ကို ယုံကြည်ကြသည်။
"သူတို့က လူကောင်းတွေပါလား"
ယဲ့ချန်က တွေးလိုက်မိသည်။
"ငါက သိချင်ရုံသက်သက်ပါ"
ကျိလေ့တို့၏ယုံကြည်မှုကို ယဲ့ချန်က ခဏအတွင်း လျင်မြန်စွာရမည်ဟု ထင်မထားသော ဟေးမင်က သူ့စကားကိုပြန်လျှောချလိုက်သည်။
ယဲ့ချန်ရောက်လာချိန်မှစတင်၍ ဟေးမင်က တစ်ချိန်လုံးရန်လိုနေခဲ့သည်။ ကျန်ငါးယောက်က ဟေးမင်ပျောက်ကွယ်နေပြီး ရုတ်တရက်ထွက်ပေါ်လာသော အချက်ကိုသံသယဝင်နေကြသော်လည်း မကောင်းကြံမည်ဟု မထင်ကြပေ။ ဤနေရာရှိ အချင်းကီလိုမီတာတစ်ဒါဇင်အတွင်း ထုံတန်၏ဝိညာဥ်အသိစိတ်က ဖုံးအုပ်ထားသောကြောင့် ဟေးမင်မကောင်းကြံလျှင် ပြေးလွတ်မည်မဟုတ်ချေ။ အကယ်၍ သူက ဝံပုလွေတိုင်းပြည်နှင့်ဆက်သွယ်မိလျှင် ထုံတန်က အရင်ဆုံးရှာတွေ့ပေလိမ့်မည်။
ဖြစ်နိုင်သည်ကား ဟေးမင်သည် ယဲ့ချန်ကို ရန်လိုနေခြင်းသက်သက်သာဖြစ်၍ နားလည်မှုလွဲနေနိုင်သည်။
"ပြန်ကြစို့"
ကျိလေ့က ဤနေရာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံသောကြောင့် ကျန်လူများကိုဦးဆောင်ကာ ခြင်္သေ့နန်းတော်၏ပင်မတပ်ဖွဲ့ထံ ပြန်လာခဲ့သည်။
ခြင်္သေ့နန်းတော်၏ပင်မတပ်ဖွဲ့နှင့် ဝိညာဥ်သားရဲများ၏တိုက်ပွဲက ပြီးဆုံးခါနီးပြီဖြစ်သည်။ သောင်းချီသော ဝိညာဥ်သားရဲများက နတ်ဘုရင်လေးယောက်၏လက်ချက်ဖြင့် ချေမှုန်းခံလိုက်ရသည်။ ဤတိုက်ပွဲက ခြင်္သေ့နန်းတော်ကို ပြိုလဲမသွားစေနိုင်သော်လည်း များစွာသော ဆန်းကျယ်အဆင့်ကျင့်ကြံသူများ သေကြေဒဏ်ရာရသွားသဖြင့် ထိခိုက်မှုပမာဏက ကြီးမားသည်။
"ငါတို့ အရှင့်ကို သွားတွေ့ရမယ်။ ညီလေးယဲ့ မင်းလည်းလိုက်လာခဲ့"
ကျိလေ့က စခန်းသို့ပြန်ရောက်သောအခါ ယဲ့ချန်နှင့်ထုံတန်ကို မိတ်ဆက်ပေးရန် စီစဥ်လိုက်သည်။
"ကောင်းပြီ"
မူလတွင် ယဲ့ချန်က ငြင်းဆန်ချင်သော်လည်း ထုံတန်နှင့်တွေ့ရှိသောကြောင့် အန္တရာယ်မဖြစ်နိုင်သဖြင့် လက်ခံလိုက်သည်။ ကျိလေ့နှင့်အခြားလူများက ယဲ့ချန်ကို ငယ်ပေါင်းကြီးဖော်သဖွယ် ဆက်ဆံနေခြင်းကို ဟေးမင်က မကျေနပ်ပေ။ သူက ချင်ယု၏အနီးတွင် အရိပ်တစ်ခုပမာတွယ်ကပ်နေသော ဖေးယင်ကိုလည်း အေးစက်စက်ကြည့်လိုက်သည်။ သို့သော် သူက စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေသဖြင့် အတွေးများကို ခန့်မှန်းရခက်ခဲစေသည်။
ယဲ့ချန်က ကျိလေ့တို့လူစုနှင့်အတူ လိုက်ပါသွားခဲ့သည်။ သူတို့က အလွန်ကျယ်ဝန်းသော လွင်ပြင်တစ်ခုအတွင်း စုဝေးနေသည့် နတ်ဘုရင်လေးယောက်ထံ ရောက်ရှိလာခဲ့သည်။ ထုံတန်က ခေါင်းဆောင်နေရာတွင်ထိုင်နေပြီး ကြမ်းကြုတ်ကာကြီးကျယ်သော အုပ်စိုးသူတစ်ယောက်၏ ဟန်ပန်အပြည့်ရှိနေသည်။
"မင်းတို့ ပြန်လာကြပြီလား"
သူက ကျိလေ့တို့လူစုကို ဝေ့ကြည့်၍ ယဲ့ချန်ကို တစ်ချက်ကြည့်ကာ ကြိုဆိုလိုက်သည်။
"ဟုတ်ကဲ့ ဦးလေး"
ကျိလေ့နှင့်ထုံတန်က တူဝရီးတော်စပ်သောကြောင့် ရုပ်ချင်းဆင်နေမှုအတွက် အဖြေထွက်သွားခဲ့သည်။ ထုံတန်အပြင် အခြားနတ်ဘုရင်သုံးယောက်ကလည်း ယဲ့ချန်ကို စူးစမ်းနေကြသည်။ အရှိန်အဝါဖိအားတစ်ခုက သူ့ထံသို့ ကျရောက်လာကြောင်း ချက်ချင်းခံစားလိုက်ရသည်။ နတ်ဘုရင်များက သူ၏ခွန်အားကို စမ်းသပ်လိုနေခြင်းဖြစ်နိုင်သည်။
ယဲ့ချန်သည် ဤနေရာအထိ ရောက်လာပြီဖြစ်သောကြောင့် အားနည်းမှုကို လုံးဝမထုတ်ဖော်ထားချေ။ သူ၏ဝိညာဥ်အသိစိတ်က နတ်ဘုရင်စဦးအဆင့်သာဖြစ်သော်လည်း နတ်ဘုရင်သုံးယောက်၏ဖိအားကို ကြံ့ကြံ့ခံရင်ဆိုင်နေသည်။
နတ်ဘုရင်အကြီးအကဲသုံးယောက်က ခရမ်းရောင်မီးတောက်လင်းယုန်၊ နတ်ဆင်နှင့် ကြေးခွံစိမ်းသင်းခွေချပ်မျိုးနွယ်များမှ ဖြစ်ကြသည်။ သုံးယောက်လုံးက သူတို့၏အရှိန်အဝါဖိအားကို ခုခံနိုင်နေသော ဆယ်ကျော်သက်လူငယ်လေးကြောင့် အံ့သြနေကြသည်။ ဤလူငယ်က ကျိလေ့နှင့်ရင်းနှီးပြီး သူကိုယ်တိုင်လည်း ကောင်းချီးပေးခံထားရသော အစွမ်းထက်ပါရမီရှင်တစ်ယောက် ဖြစ်နေပုံပေါ်သည်။ သို့သော် သူတို့အားလုံးက ယဲ့ချန်ကို စမ်းသပ်ရုံမျှသာဖြစ်သည့်အပြင် အကြီးအကဲဟူသော အဆင့်အတန်းကိုလည်း ထိန်းရပေမည်။ သူတို့က နတ်ဘုရင်အရှိန်အဝါများကို ခဏအတွင်း ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
"ဘိုးဘိုး"
ရဲချိုးက ချိုသာစွာအော်ဟစ်လိုက်ပြီး အကြီးအကဲတစ်ယောက်ထံ လျှောက်သွားကာ ဘေးတွင်ထိုင်ချလိုက်သည်။ ဤအကြီးအကဲကား ခရမ်းမီးတောက်လင်းယုန်မျိုးနွယ်မှဖြစ်ပြီး ရဲချိုးကို ကြင်နာစွာပြုံးပြလိုက်သည်။
"ငါတွက်ချက်တာမှားသွားလို့ မင်းတို့အားလုံးကို ငွေဘုရင်က သတ်နိုင်လုနီးပါးဖြစ်သွားတယ်။ ဝံပုလွေတိုင်းပြည်က ခြင်္သေ့နန်းတော်ကိုဖျက်ဆီးဖို့ နည်းလမ်းပေါင်းစုံ လှည့်ကွက်ပေါင်းစုံ သုံးနေပြီ။ ငါတို့အင်အားစုနှစ်ခုက တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာကြာပြီ။ ဒီတိုက်ပွဲအတွင်းမှာ ငါတို့ဘက်က နတ်ဘုရင်၁၃ယောက်သေခဲ့ရပြီး ဝံပုလွေတိုင်းပြည်ဘက်ရဲ့ နတ်ဘုရင်အယောက်၂၀ကို သတ်နိုင်ခဲ့တယ်။ ဒီရန်ကြွေးကို လွယ်လွယ်နဲ့ချေဖျက်လို့မရဘူး"
ထုံတန်၏စကားသံက ဒေါသကြောင့် အနည်းငယ်တင်းမာနေသည်။ သူ၏စကားကိုကြားသောအခါ အနီးရှိကောင်းကင်သားရဲများနှင့် မှော်သားရဲများ၏မျက်ဝန်းများတွင် မုန်းတီးမှုကြောင့် သွေးနီရောင်တောက်ပလာသည်။
"ငါတို့တွေ့ထားတဲ့ ဝိညာဥ်သားရဲနဲ့ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်အကြောင်းကို ဝံပုလွေတိုင်းပြည်လည်း သိသွားပြီထင်တယ်။ သူတို့က အကွာအဝေးတစ်ခုကနေ စောင့်ကြည့်နေတာကို ငါ တွေ့ထားပြီ။ လက်ရှိမှာ ရတနာကိုစွန့်လွှတ်ပြီး ဝံပုလွေတိုင်းပြည်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်။ အခုအချိန်အထိ ငါ့နောက်ကို သစ္စာရှိရှိလိုက်ပါပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ တကယ်လို့ မင်းတို့ထွက်သွားချင်တယ်ဆိုရင်လည်း ငါ ထုံတန်တားမြစ်မှာမဟုတ်ဘူး။ မိတ်ဆွေတို့ ကိုယ့်စိတ်ထဲကအတိုင်း ဆုံးဖြတ်ပါ"
ထုံတန်၏အသံက စခန်းအတွင်းရှိ ကျင့်ကြံသူများကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ခြင်္သေ့ဘုရင် ကျုပ်က အဖွဲ့ဝင်တစ်ယောက်မဟုတ်ပေမယ့် ခြင်္သေ့နန်းတော်ရဲ့ဂုဏ်ကျက်သရေကို လေးစားပါတယ်။ ကျုပ်အသက်ကို ခြင်္သေ့နန်းတော်အတွက် စွန့်လွှတ်လိုပေမယ့် အိမ်မှာ ဇနီးမယားနဲ့ ကလေးငယ်တွေကျန်ရစ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်"
ဆန်းကျယ်ဝိဇ္ဇာ လူသားတစ်ယောက်က မတ်တပ်ထရပ်လိုက်သည်။
"ကိစ္စမရှိဘူး။ ငါ နားလည်ပါတယ်။ မင်းထွက်သွားရင် ဝံပုလွေတိုင်းပြည်ရဲ့ကျင့်ကြံသူတွေ လိုက်လံတိုက်ခိုက်နိုင်လို့ သတိထားပါ"
ထုံတန်ကခေါင်းညိတ်၍ ထွက်ခွာခွင့်ပြုလိုက်သည်။ တစ်ယောက်မှစတင်၍ လေးငါးဆယ်မျှသော ဆန်းကျယ်ဝိဇ္ဇာများက ထုံတန်ကိုနှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် ခြင်္သေ့နန်းတော်၏စခန်းအတွင်း ဆန်းကျယ်အဆင့် ကျင့်ကြံသူပေါင်းငါးရာကျော်သာ ကျန်ရစ်ခဲ့လေသည်။
"ကျုပ်တို့က ခြင်္သေ့ဘုရင်နဲ့ သေအတူရှင်မကွာ တိုက်ပွဲဝင်ပါမယ်"
ခြင်္သေ့နန်းတော်စခန်းအတွင်းရှိ ကျင့်ကြံသူတိုင်းနီးပါးက မြေပြင်တွင်ဒူးထောက်၍ တိုင်တည်လိုက်သောအခါ သူတို့၏အသံများက မိုးချုန်းသံကဲ့သို့ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
ဒူးထောက်နေသော ကျင့်ကြံသူများကြားတွင် ယဲ့ချန်က တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သည်။ သူက အေးအေးဆေးဆေးမျက်နှာထားနှင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ချင်ယုက သူ၏အင်္ကျီလက်စကိုဆွဲ၍ ဒူးထောက်ရန် အချက်ပေးလိုက်သော်လည်း ယဲ့ချန်က မတ်တပ်ရပ်နေဆဲပင်ဖြစ်သည်။ ယဲ့ချန်က မည်သူ့ကိုမှ ဒူးထောက်မည်မဟုတ်ချေ။
ထုံတန်၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာသည်။ ယဲ့ချန်ကလည်း သတ္တိရှိစွာဖြင့် ထုံတန်၏အကြည့်ကို အကြည့်ချင်းရင်ဆိုင်ပေးလိုက်သည်။ အကယ်၍ ထုံတန်သာ ဒေါသထွက်သွားလျှင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ မီးတောက်များကို ထုတ်ဖော်လိုက်ရုံသာဖြစ်သည်။ သို့သော်လည်း ထုံတန်က စော်ကားခံရသည်ဟု မှတ်ယူခြင်းမရှိသည့်အပြင် တစ်ချက်ပြုံးပြလိုက်သည်။
"ဒီလူငယ်လေးက အလွန်ထူးချွန်တယ်။ တစ်နေ့ကျရင် သူက ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်"
ကျန်နတ်ဘုရင်သုံးယောက်က သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်က ခြင်္သေ့နန်းတော်၏အဖွဲ့ဝင်မဟုတ်သောကြောင့် ဒူးမထောက်လျှင်လည်း ပြဿနာကြီးမဟုတ်ပေ။ သူက ထွက်သွားရမည့်အစား တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့သောကြောင့် ခြင်္သေ့နန်းတော်၏ မိတ်ဆွေတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။
ကျိလေ့၊ ချင်ယုနှင့် အခြားလူများလည်း အံ့သြသွားကြသည်။ နတ်ဘုရင်သုံးယောက်က ယဲ့ချန်ကို အရှိန်အဝါဖြင့်စမ်းသပ်ခဲ့ခြင်းကို သူတို့ကမသိသောကြောင့် ယဲ့ချန်အား အဘယ်ကြောင့်ချီးကျူးနေသည်ကို နားမလည်ကြပေ။ ရဲချိုးပင်လျှင် စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ယဲ့ချန်ကို တအံ့တသြစိုက်ကြည့်နေမိလေသည်။
လက်ရှိအချိန်တွင် မပျော်နိုင်သူမှာ မျက်မှောင်ကြုတ်နေသော ဟေးမင်ဖြစ်သည်။ ယဲ့ချန်ဒူးမထောက်သည်ကို မြင်သောအခါ ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြစ်သောကြောင့် သူက အော်ဟစ်ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် နတ်ဘုရင်များက စိတ်ဆိုးရမည့်အစား ချီးကျူးနေကြသောအခါ သူ၏အထင်နှင့်အမြင် တက်တက်စင်အောင်လွဲသွားသည်။ သူ၏မျက်လုံးများက မနာလိုဝန်တိုစိတ်ကြောင့် မီးများတောက်လောင်နေသည်။ ပထမဆုံးတွင် ကျိလေ့တို့လူစုက ယဲ့ချန်ကိုယုံကြည်ပေးခဲ့ကြပြီး လက်ရှိတွင်လည်း နတ်ဘုရင်များ၏ပစားပေးခြင်းကို ခံနေရသည်။
"လူတိုင်း ထကြပါ။ ခြင်္သေ့နန်းတော် ဆက်လက်တည်ရှိရေးအတွက် ငါထုံတန်က နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်မယ်"
ထုံတန်က အော်ဟစ်ကြုံးဝါး၍ ကတိပြုလိုက်သည်။
"ဝံပုလွေတိုင်းပြည်ရဲ့စစ်တပ်က ရောက်လာတော့မယ်။ မင်း ခြင်္သေ့နန်းတော်နဲ့အတူ တိုက်ပွဲဝင်မှာသေချာလား။ သူတို့က ဝံပုလွေတိုင်းပြည်နဲ့ယှဥ်ရင် တော်တော်ကြီးကိုအားနည်းနေတယ်"
ခြင်္သေ့ကြီး၏စကားသံက ယဲ့ချန်၏စိတ်အတွင်း ထွက်ပေါ်လာသည်။
"အရေအတွက် ဘယ်လောက်ရှိသလဲ"
ယဲ့ချန်က ပြန်မေးသည်။
"နတ်ဘုရင်ဆယ့်တစ်ယောက်နဲ့ ဆန်းကျယ်အဆင့်တစ်ထောင်ကျော်"
"ဘာလို့ ဒီလောက်များရတာလဲ"
ဝံပုလွေတိုင်းပြည်၏ခွန်အားကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ကြည့်ရတာ သူတို့က စစ်ကူတွေနဲ့ ဒီတိုက်ပွဲအတွက် ကောင်းကောင်းပြင်ဆင်လာပုံရတယ်။ နတ်ဘုရင်ဆယ့်တစ်ယောက်ထဲမှာ လေးယောက်က အရှိန်အဝါကို လျှို့ဝှက်ကျင့်စဥ်တွေသုံးပြီး ဖုံးကွယ်ထားကြတယ်။ ထုံတန်တောင် သူတို့ကို အာရုံခံနိုင်မှာမဟုတ်ဘူး။ ဒီကိစ္စက ခြင်္သေ့နန်းတော်အတွက် မကောင်းဘူး။ ထုံတန်မှာ ဝှက်ဖဲတစ်ချပ်ရှိနေဖို့ မျှော်လင့်ရတာပဲ"
ခြင်္သေ့ကြီးက ဖြေလိုက်သည်။
"ဆရာ ခင်ဗျားနဲ့ထုံတန်က ခြင်္သေ့မျိုးနွယ်တူချင်း မဟုတ်ဘူးလား။ သူ့ကို မကူညီတော့ဘူးလား"
ယဲ့ချန်က စပ်စုလိုက်သည်။
"ခြင်္သေ့နန်းတော်မှာ မဟာအရှေ့ပိုင်းတိုက်ကြီးမှာ တစ်ခုတည်းရှိတဲ့ ခြင်္သေ့မျိုးနွယ်မဟုတ်ဘူးလေ။ ပြီးတော့ ငါကလည်း ဒီလိုတိုက်ပွဲမျိုးမှာ အများကြီးကူညီမပေးနိုင်ဘူး"
ခြင်္သေ့ကြီးက ခေါင်းယမ်းလိုက်သည်။
ဝံပုလွေတိုင်းပြည်၏ ကျင့်ကြံသူများ ချီတက်လာချိန်တွင် ခြင်္သေ့နန်းတော်က ခုခံကာကွယ်ရေးအစီအရင်တစ်ခုကို စတင်ခင်းကျင်းလိုက်ကြသည်။ နှစ်ဖက်လုံးက စတင်တိုက်ခိုက်ခြင်းမရှိသော်လည်း ထုံတန်၏ဝိညာဥ်အသိစိတ်နှင့် ဝံပုလွေဘုရင်သုံးကောင်၏ ဝိညာဥ်အသိစိတ်များကြားတွင် အခြေအနေက တင်းမာနေပြီဖြစ်သည်။ နှစ်ဖက်လုံးမှာ ဆန်းကျယ်အဆင့်ကျင့်ကြံသူများ ပြေးထွက်လာပြီး စစ်မြေပြင်တွင် ကြမ်းတမ်းရက်စက်စွာတိုက်ခိုက်၍ စစ်ပွဲ၏ကန့်လန့်ကာကို စတင်ဖွင့်လှစ်လိုက်သည်။
ဝံပုလွေတိုင်းပြည်ဘက်မှ ဘုရင်သုံးပါးက လေပေါ်သို့ ပျံတက်လာကြသကဲ့သို့ ခြင်္သေ့နန်းတော်ဘက်မှ ထုံတန်လည်း ကောင်းကင်သို့ပျံတက်လိုက်သည်။
"ထုံတန် ဒီနေ့ မင်းသေရမယ်။ ဒီနေ့ကစလို့ ခြင်္သေ့နန်းတော်ဆိုတာ သမိုင်းထဲမှာပဲရှိနေစေရမယ်"
သွေးဘုရင်၏မျက်လုံးများက ပြင်းထန်လွန်းသော သတ်ဖြတ်လိိုစတ်ကြောင့် ရဲရဲနီနေသည်။ သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသော မိစ္ဆာဝံပုလွေဆေဘာကလည်း အနီရောင်တောက်ပနေသည်။
"သွေးဝံပုလွေ မင်းရဲ့တိုင်းပြည်နဲ့ ငါ့နန်းတော်တိုက်ခိုက်လာတာ ဒီနေ့ ပထမဆုံးမဟုတ်ဘူး။ နောက်ဆုံးမှာ ဘယ်သူရယ်မောနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ ဝံပုလွေတိုင်းပြည်ရဲ့အစွမ်းကို ထုတ်ပြစမ်းပါ"
ထုံတန်က အော်ဟစ်ကြုံးဝါးလိုက်ပြီး ရွှေအိုရောင်ဆံပင်မွေးများက လေထဲတွင် တလူလူလွင့်နေသည်။ သူ၏လက်ထဲတွင် ရွှေရောင်တူကြီးတစ်လက် ချက်ချင်းထွက်ပေါ်လာခဲ့သည်။
စစ်ပွဲ၏တင်းမာမှုက အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိရန် တာစူနေပြီဖြစ်သည်။
ယဲ့ချန်သည် ကြောက်မက်ဖွယ်စစ်ပွဲတစ်ခုအတွင်း ဝင်ပါမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ၏လက်ရှိအစွမ်းဖြင့်ဆိုလျှင် စစ်ပွဲ၏ရလဒ်ကို ပြောင်းလဲရန် မတတ်နိုင်ချေ။ သို့သော် အမွေးပွလေး၏အစ်ကိုဖြစ်သော ချင်ယုနှင့် ယောင်းမဖြစ်သောဖေးယင်ကို အသေမခံနိုင်ပေ။ ကျိလေ့နှင့် အခြားကျင့်ကြံသူများကလည်း သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သောကြောင့် မသေစေလိုပေ။
"ဝံပုလွေတိုင်းပြည်ဘက်မှာ နတ်ဘုရင်ဆယ့်တစ်ယောက် ရှိတယ်။ ခြင်္သေ့နန်းတော်က သူတို့အားလုံးကိုမယှဥ်နိုင်မှာ စိုးရိမ်ရတယ်။ မင်းလည်း သူတို့ကို မဆန့်ကျင်နိုင်ဘူး။ တိုက်ပွဲစတာနဲ့ ဖေးယင်ကိုခေါ်ပြီး ချက်ချင်းထွက်သွားသင့်တယ်"
ယဲ့ချန်က ချင်ယုအနားကပ်၍ ခပ်တိုးတိုးသတိပေးလိုက်သည်။
ချင်ယုသည် ယဲ့ချန်၏စကားကြောင့် မင်သက်သွားခဲ့သည်။ ဝံပုလွေတိုင်းပြည်၌ နတ်ဘုရင်ခုနစ်ယောက်သာရှိကြောင်း သူက သိထားသည်။ ယဲ့ချန်က အဘယ်ကြောင့် ဆယ့်တစ်ယောက်ရှိနေသည်ဟု ပြောလာခြင်းကို နားမလည်သော်လည်း ခဏတာတိတ်ဆိတ်သွားပြီး အဖြေပြန်ပေးလိုက်သည်။
"ညီလေးယဲ့ မင်းရဲ့စေတနာကို နားလည်ပါတယ်။ ဒီနှစ်တွေမှာ အရှင်က ငါ့ကို စောင့်ရှောက်ပေးခဲ့တယ်။ လင်းယွန်မြေခွေးမျိုးနွယ် အန္တရယ်ကျရောက်ချိန်မှာလည်း အရှင်ကယ်တင်ပေးခဲ့လို့ တစ်မျိုးနွယ်လုံး သုတ်သင်ခံရမယ့်ဘေးကနေ လွတ်မြောက်ခဲ့ရတယ်။ တကယ်လို့ ခြင်္သေ့နန်းတော် အဆုံးသတ်ရမယ်ဆိုရင်လည်း ငါက အရှင်ရဲ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အသက်စွန့်ပြီး တိုက်ခိုက်သွားမယ်"
ချင်ယု၏စကားကိုကြားသောအခါ ယဲ့ချန်သည် သူ၏ယောက်ဖက အသက်သေသည်အထိ ထွက်သွားမည်မဟုတ်ကြောင်း နားလည်လိုက်သည်။ အကယ်၍ သူသာ ဤအခြေအနေသို့ရောက်နေလျှင် ချင်ယုကဲ့သို့ ဆုံးဖြတ်မိပေလိမ့်မည်။ အမွေးပွလေး၏အစ်ကိုဖြစ်သော ချင်ယု အလဟဿသေဆုံးရမည်ကို သူက ဘေးထွက်၍ ရပ်ကြည့်မနေနိုင်ပေ။
"ညီလေးယဲ့ မင်းရဲ့ကျေးဇူးကို ပြန်မဆပ်နိုင်တာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ မင်းကိုယ်မင်းဂရုစိုက်ပြီး မြန်မြန်ထွက်ပြေးပေတော့။ ဝံပုလွေတိုင်းပြည်ရောက်လာရင် ငရဲမီးတောက်တွေလို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြလိမ့်မယ်။ အဲ့အချိန်ကျရင် ငါလည်း မင်းကို ကာကွယ်မပေးနိုင်ဘူး"
ချင်ယုက ယဲ့ချန်ကို စစ်ပွဲအတွင်းမှထွက်သွားရန် စိုးရိမ်တကြီး တိုက်တွန်းလိုက်လေသည်။
***