← Chapters

နောက်ဘဝသာရှိခဲ့ရင် *

Vol. 25 Ch. 349

နောက်ဘဝသာရှိခဲ့ရင် *

Vol. 25 Ch. 349

စစ်ပွဲက ပြင်းထန်စွာဖြစ်ပွားနေသည်။ နှစ်ဖက်လုံးမှကျင့်ကြံသူများက ကြမ်းကြုတ်စွာ တိုက်ခိုက်နေသောကြောင့် သွေးလွှမ်းသော တိုက်ပွဲတစ်ခုဖြစ်လာသည်။ ထုံတန်၊ ဝံပုလွေဘုရင်သုံးပါးစသော နတ်ဘုရင်များက ကောင်းကင်တွင် ထိပ်တိုက်တွေ့ဆုံနေကြပြီး တိုက်ခိုက်ရန် ကြိုးစားနေကြသည်။

"ထုံတန် ဒီကိစ္စကို ငါစီစဥ်လာတာ ရက်ပေါင်းများစွာကြာပြီ။ ငါ့ဘက်မှာ နတ်ဘုရင်ဆယ့်တစ်ယောက် စုစည်းနိုင်ခဲ့ပေမယ့် မင်းဘက်မှာတော့ ခုနစ်ယောက်တည်းရှိတယ်။ ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့ မင်းမှာ ဘာစွမ်းအားမှမရှိဘူး"

သွေးဘုရင်က ထုံတန်ကို အေးစက်စက်ကြည့်၍ ခြိမ်းခြောက်လိုက်သည်။ မြေပြင်ရှိစစ်ပွဲအတွင်းမှ နတ်ဘုရင်အဆင့်ကျင့်ကြံသူများ လေထဲသို့ ထပ်မံရောက်ရှိလာကြသည်။ ဤအခြေအနေကိုမြင်သောအခါ အကြီးအကဲသုံးယောက်က ထုံတန်ကိုကာကွယ်ပေးရန် ကြိုးစားလိုက်သည်။ ဝံပုလွေတိုင်းပြည်၏ စစ်ကူနတ်ဘုရင်များ ထွက်ပေါ်လာသောအခါ လေးယောက်လုံး မျက်နှာများမည်းနက်သွားကြသည်။

အကယ်၍ တစ်ဖက်တွင် နတ်ဘုရင်ခုနစ်ယောက်သာဆိုလျှင် သူတို့က တိုက်ခိုက်အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။ အကြီးအကဲသုံးယောက်က နတ်ဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် နတ်ဘုရင်စဦးအဆင့်များကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်နိုင်သည်။ လက်ရှိတွင် ဝံပုလွေတိုင်းပြည်ဘက်၌ နတ်ဘုရင်လေးယောက် ရောက်ရှိလာသောအခါ ပြဿနာတက်ပြီဖြစ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် ဤနတ်ဘုရင်များက အခြားအင်အားစုများမှဖြစ်ကြောင်း သိလိုက်ကြသည်။

"လင်းယုန်ဖြူမျိုးနွယ်ရဲ့ ရန်ဖုန်း လင်းယုန်ဖြူမျိုးနွယ်က ခြင်္သေ့နန်းတော်ကို ဆန့်ကျင်ရဲတယ်လား"

ထုံတန်က ဒေါသတကြီးဖြင့် နတ်ဘုရင်တစ်ယောက်ကို အော်ငေါက်လိုက်သည်။ သူ၏စကားကြောင့် ရန်ဖုန်းက အနည်းငယ်တုန်ယင်သွားခဲ့သည်။ စွမ်းအားအရာတွင် လင်းယုန်ဖြူမျိုးနွယ်၌ နတ်ဘုရင်ဟူ၍ ရန်ဖုန်းတစ်ယောက်တည်းသာ ရှိသောကြောင့် ခြင်္သေ့နန်းတော်ကို မယှဥ်နိုင်ချေ။

"ထုံတန် လေကြီးမနေစမ်းပါနဲ့။ ဒီနေ့ပြီးရင် ခြင်္သေ့နန်းတော်က ပြာဖြစ်သွားမှာကို ရန်ဖုန်းကို ခြိမ်းခြောက်နေသေးတာလား"

သွေးဘုရင် ကလှောင်ပြောင်လိုက်သည်။ သူ၏စကား​ကြောင့် ကြောက်လန့်နေသော ရန်ဖုန်း၏မျက်နှာက စိတ်အေးသွားခဲ့သည်။

"ဖျံမျိုးနွယ်ရဲ့ ဟန်ဟုန်၊ ကင်းမြှီးကောက်နက်မျိုးနွယ်ရဲ့ ကုန်းမင်နဲ့ သရဲလင်းနို့မျိုးနွယ်ရဲ့ ရင်ရှ အရမ်းကောင်းတယ်။ မင်းတို့က ခြင်္သေ့နန်းတော်ပျက်စီးသွားမယ်လို့ တကယ်ယုံကြည်နေကြတာပေါ့။ နှစ်ပေါင်းများစွာတည်ရှိလာတဲ့ ငါ့အင်အားစုက ဒီလောက်လွယ်လွယ်ပျက်စီးသွားမယ်လို့ ထင်နေကြတာလား။ ဒီနေ့ကိစ္စ ဖြေရှင်းပြီးတာနဲ့တပြိုင်နက် ငါကိုယ်တိုင် မင်းတို့ကို အရေးယူမယ်။ တကယ်လို့ မင်းတို့က အခုထွက်သွားမယ်ဆိုရင် ငါကခွင့်လွှတ်ဖို့ စဥ်းစားပေးမယ်"

ထုံတန်က ဝံပုလွေတိုင်းပြည်ဘက်မှ ပူးပေါင်းလာကြသော နတ်ဘုရင်သုံးယောက်ကို တစ်ချက်ကြည့်၍ ကြုံးဝါးလိုက်သည်။

နတ်ဘုရင်လေး​ယောက်က မသေချာမရေရာဟန်ဖြင့် တစ်ယောက်ကိုတစ်​ယောက် ကြည့်လိုက်ကြသည်။ အကယ်၍ ခြင်္သေ့ဘုရင်သာ လွတ်မြောက်သွားလျှင် သူတို့အားလုံး ကပ်စိုက်ပေလိမ့်မည်။

"ဒီကောင့်စကားကို အရေးစိုက်မနေကြနဲ့။ ငါ့အစ်ကိုက သူ့ခေါင်းကို မိစ္ဆာဝံပုလွေဆေဘာနဲ့ဖြတ်ပြီးရင် လူသားအဆင့် ဝိညာဥ်လက်နက်တစ်ခုစီပေးမယ်လို့ ကတိပေးတယ်။ မင်းတို့မျိုးနွယ်လေးခုကိုလည်း ဝံပုလွေတိုင်းပြည်က ရက်ရက်ရောရောဆုချမယ်။ မင်းတို့က ခြင်္သေ့နန်းတော်ကို ကြောက်တယ်ဆိုရင် ဝံပုလွေတိုင်းပြည်နဲ့ရော ရန်သူဖြစ်ရဲလား။ ဒီမဟာမိတ်သာ ပျက်စီးသွားရင် မင်းတို့လည်း ဘာဂုဏ်သိက္ခာမှ ရှိတော့မှာမဟုတ်ဘူး"

ငွေဘုရင်က မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ဖြင့် ခြောက်လှန့်လိုက်သည်။ နတ်ဘုရင်များက အံကြိတ်၍ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။ အခြေအနေက ဤသို့ဖြစ်လာသောအခါ သူတို့အနေဖြင့် လမ်းဆုံးသည်ထိ လျှောက်လှမ်းရပေလိမ့်မည်။

"မင်းတို့က ခြင်္သေ့နန်းတော်ကို ချေမှုန်းတဲ့နေရာမှာ ကူညီရင် ငါကလည်း ပစ်မထားပါဘူး"

သွေးဘုရင်က အာမခံလိုက်သည်။

"ကျုပ်တို့က ဘုရင်သုံးပါးနဲ့အတူ ရပ်တည်ပါမယ်"

နတ်ဘုရင်လေး​ယောက်လည်း ပြန်လည်ကတိပြုလိုက်ကြသည်။

"ထုံတန် မင်းသာ ခြင်္သေ့နတ်တူကို လွှဲပေးမယ်ဆိုရင် အသက်ချမ်းသာပေးမယ်"

သွေးဘုရင်က ကျယ်လောင်စွာရယ်မော၍ ပြောလိုက်ခြင်းဖြစ်သည်။

"မင်းကိုယ်မင်း တော်တော်အထင်ကြီးနေတာပဲ။ နတ်ဘုရင်ဆယ့်တစ်ယောက်တည်းနဲ့ ငါ့ကိုခြိမ်း​ခြောက်နိုင်မယ် ထင်နေတာလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါက ဘာမှပြင်ဆင်မထားဘူးလို့ ထင်ထားရင် မင်းတို့ မှားသွားပြီ"

ထုံတန်က အေးစက်စက်တုံ့ပြန်သည်။ ဝံပုလွေတိုင်းပြည်၏နတ်ဘုရင်များက ဤစကားကြောင့် ကြောက်စိတ်များ ဖြစ်ပေါ်လာပြန်သည်။ ထုံတန်၏ အင်္ကျီလက်အတွင်း၌ ဖွက်ထားသော ဝှက်ဖဲတစ်ချပ် ရှိနေပုံပေါ်သည်။

"ထုံတန် မင်းလေကြီးနေတာနဲ့ ငါတို့ကိုခြောက်နိုင်မယ် ထင်နေတာလား"

သွေးဘုရင်က ပြောလိုက်သည်။

"ဟား ဟား ငါ ထုံတန်က လေမကြီးတတ်ဘူး။ ဒီနေ့က ခြင်္သေ့နန်းတော်ရဲ့ အဆုံးသတ်နေ့မဟုတ်ဘဲ မင်းရဲ့ဝံပုလွေတိုင်းပြည်ဖြစ်လိမ့်မယ်"

ထုံတန်၏ကိုယ်တွင်းမှ ဘုရင်တစ်ပါး၏အရှိန်အဝါက အေးစက်စွာထွက်ပေါ်လာသည်။ သွေးဘုရင်သည် ထုံတန်၏အပြုအမူမှာ တစ်ခုခုထူးဆန်းနေသဖြင့် အချိန်ဆွဲနေခြင်းဖြစ်နိုင်ကြောင်း ပါးနပ်စွာသိလိုက်သည်။

"နတ်ဘုရင်တွေ တိုက်ခိုက်စမ်း။ ခြင်္သေ့နန်းတော်ကိုဖျက်ဆီးပြီးရင် အတူတူခွဲဝေကြမယ်။ မင်းတို့ကို ငါ ကတိပေးတယ်။ သတ်ကြ"

သွေးဘုရင်က ဆေဘာကိုမြှောက်၍ အော်ဟစ်အမိန့်ပေးလိုက်သည်။ ခြင်္သေ့နန်းတော်က နှစ်ပေါင်းသောင်းချီတည်ရှိလာသဖြင့် ကြွယ်ဝမှုက မယုံနိုင်စရာကောင်းအောင် များပြားပေသည်။ ဆယ်ပုံတစ်ပုံသော ပမာဏကပင်လျှင် အံ့သြဖွယ်ကောင်းအောင် အဖိုးတန်နေနိုင်သည်။ နတ်ဘုရင်တိုင်း၏မျက်လုံးများက လောဘကြောင့် မီးဝင်းဝင်းတောက်နေကာ ထုံတန်တို့ထံ ချက်ချင်းပြေးတက်လာကြသည်။

"ညီအစ်ကိုတို့ ဒီကောင်တွေကိုတိုက်ကြ။ မိုးကြိုးချောက်နက်က သူတို့ရဲ့လွတ်လမ်းကို ပိတ်ထားလိုက်ပြီ။ ဒီနေ့ ခွေးသုံးကောင်ကို ငရဲပို့ပေးကြမယ်"

ထုံတန်ကလည်း တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ သူက ဤဖြစ်ရပ်ကို ကြိုတင်တွက်ဆထားပြီး ဝံပုလွေတိုင်းပြည်အား တန်ပြန်တိုက်စစ်ဆင်ရန် မိုးကြိုးချောက်နက်နှင့် ပူးပေါင်းထားပုံပေါ်သည်။

ရန်သူများ၏မျက်နှာက ဤစကားကိုကြားသောအခါ ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။ မိုးကြိုးချောက်နက်နှင့် ခြင်္သေ့နန်းတော်က အလွန်နီးကပ်ခြင်းမရှိသော်လည်း အကျိုးအမြတ်အတွက် ဤတိုက်ပွဲ၌ ပါဝင်လာနိုင်ချေ အလွန်များသည်။ ဝံပုလွေတိုင်းပြည်ဘက်တွင် နတ်ဘုရင်များ အရေအတွက်တစ်ခုအထိရှိသော်လည်း အမှန်တကယ်တိုက်ခိုက်ရလျှင် နှစ်ဖက်လုံး အသေပျောက်များသွားနိုင်သည်။

"ဒီကောင်က ငါတို့ကိုခြိမ်းခြောက်ဖို့ ကြိုးစားနေတာ။ သတ်ကြစမ်း"

သွေးဘုရင်က ဆေဘာကြီးကို တစ်ချက်ဝင့်လိုက်ပြီး ထုံတန်ကို ခုတ်ချလိုက်သည်။ ထုံတန်ကလည်း သူ၏ဧရာမတူကြီးဖြင့် ဆေဘာကို ပြန်လည်ရင်ဆိုင်လိုက်သည်။

ဝံပုလွေဘုရင်သုံးပါးက ထုံတန်ကို ချက်ချင်းဝိုင်းရံတိုက်ခိုက်လိုက်ပြီး ကျန်နတ်ဘုရင်များက အကြီးအကဲသုံးယောက်ကို ရင်ဆိုင်ကြသည်။ ကောင်းကင်တွင် နတ်ဘုရင်များ၏တိုက်ပွဲကြောင့် ကြီးမားသောဖိအားတစ်ခု ဖြစ်လာသည်။ မြေပြင်တွင် တိုက်ခိုက်နေကြသော ဆန်းကျယ်အဆင့် ကျင့်ကြံသူများမှာ ဤဖိအားကြောင့် ခန္ဓာကိုယ်များ လေးလံသွားကြသည်။

"သတ်"

ကျိလေ့နှင့် အခြားကျင့်ကြံသူများက အသက်ကိုပင်ပဓာနမထားဘဲ ဝံပုလွေတိုင်းပြည်၏ကျင့်ကြံသူများကို ရင်ဆိုင်နေကြသည်။ နှစ်ဖက်လုံးမှ ထောင်ချီသောကျင့်ကြံသူများက ကြမ်းကြမ်းတမ်းတမ်း ထိုးခုတ်သတ်ဖြတ်နေကြသည်။ ပြင်းထန်သော ကောင်းကင်ချီလှိုင်းများနှင့် လက်နက်ချင်းထိခတ်သံများက ပတ်ဝန်းကျင်တွင် ထွက်ပေါ်နေသည်။

ယဲ့ချန်သည် ချင်ယုနှင့်အခြားလူများက ဒဏ်ရာရမည်ကိုပင် ဂရုမစိုက်ဘဲ တိုက်ခိုက်နေကြသောအခါ ဝင်ရောက်ကူညီရန် ဆုံးဖြတ်လိုက်သည်။ ထုံတန်က မိုးကြိုးချောက်နက်နှင့် အမှန်တကယ်ဆက်သွယ်ထားခြင်းရှိမရှိကို သူက မသေချာသော်လည်း ကောင်းကင်ဓားပျံရှစ်ချောင်းကို ဖန်တီး၍ စစ်ပွဲအတွင်း ဝင်ရောက်လာသည်။ တရွှစ်ရွှစ်မြည်သံများနှင့်အတူ ဓားပျံများက ရန်သူများထံ ပြေးဝင်သွားကြသည်။

ချင်ယုမှာ ရန်သူသုံးယောက်ကို တစ်ကိုယ်တော် တိုက်ခိုက်နေခဲ့သည်။ သူက တစ်ယောက်ကို သတ်ဖြတ်လိုက်သော်လည်း ကျန်နှစ်ယောက်၏တိုက်ကွက်များ ကျရောက်လာခဲ့သည်။ သို့သော် ယဲ့ချန် ထိန်းချုပ်ထားသော ဓားပျံတစ်လက်က ထိုကျင့်ကြံသူများ၏ခေါင်းကို ထိုးဖောက်သွားကာ အသက်မဲ့အလောင်းနှစ်ခု ပြိုလဲကျသွားလေသည်။

ချင်ယုသည် ယဲ့ချန်ကို ကျေးဇူးတင်စွာဖြင့် လှည့်ကြည့်လိုက်သည်။ သူက အလွန်အစွမ်းထက်နေသော ယဲ့ချန်အကြောင်း သိလိုစိတ်များဖြစ်နေသော်လည်း စစ်ပွဲအတွင်းရောက်နေသဖြင့် အလေးမထားနိုင်ခဲ့ချေ။

"ဆရာ မိုးကြိုးချောက်နက်က တကယ်လှုပ်ရှားလာမှာလား"

အကယ်၍ စစ်ကူများရောက်ရှိမလာလျှင် သူက ချင်ယု၊ဖေးယင်နှင့် အခြားလူများကို ကယ်ထုတ်သွားပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

"ပြောဖို့ခက်တယ်။ ခြင်္သေ့နန်းတော်က မိုးကြိုးချောက်နက်နဲ့ အမှန်တကယ် သဘောတူညီထားပုံရတယ်။ ဝိညာဥ်မျှော်စင်အတွင်းရောက်လို့ တစ်ဖက်ကပြဿနာဖြစ်ရင် ကျန်တစ်ဖက်က ကူညီပေးမယ်ထင်တယ်။ မိုးကြိုးချောက်နက်မှာ နတ်ဘုရင်ရှစ်ယောက်ရှိပေမယ့် သူတို့က အခုအသည်းအသန် ဆွေးနွေးနေကြတယ်။ ငါးယောက်ကကူညီချင်ပေမယ့် သုံးယောက်က ဆန့်ကျင်နေကြတယ်။ သူတို့က ဝံပုလွေတိုင်းပြည်ရဲ့လွတ်လမ်းကို ပိတ်ဆို့ပေးထားရင်တောင် ဒီစစ်ပွဲရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ လှုပ်ရှားလာမယ်ထင်တယ်။ သူတို့ဝင်ပါလာရင်တော့ ဝံပုလွေတိုင်းပြည်ရဲ့ နတ်ဘုရင်ဆယ့်တစ်ကောင်ကို ရင်ဆိုင်နိုင်ချေရှိတယ်"

ခြင်္သေ့ကြီးက အဝေးသို့အာရုံခံကြည့်လိုက်ပြီး အခြေအနေကို ယဲ့ချန်အား အမှန်အတိုင်းဖြေလိုက်သည်။

ထုံတန်၏စစ်ကူများက သေချာပေါက်ရောက်ရှိလာရန် မလွယ်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ထုံတန်က သူ၏ဘက်တော်သားများ စိတ်အားတက်ကြွစေရန် ဤသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဝံပုလွေတိုင်းပြည်ဘက်မှ နတ်ဘုရင်များစွာ ထွက်ပေါ်လာမည်ကို သူကိုယ်တိုင်လည်း ထင်မှတ်ထားပုံမရချေ။

စစ်ပွဲအတွင်း သရဲလင်းနို့မျိုးနွယ်မှ ကောင်းကင်သားရဲနတ်ဘုရင် ရင်ရှက သူ၏ဝိညာဥ်အသိစိတ်ကို ဧရာမလင်းနို့ကြီးအဖြစ် အသွင်ပြောင်းလိုက်သည်။ ၎င်းက စစ်ပွဲအတွင်းပျံသန်းနေပြီး ခြင်္သေ့နန်းတော်၏ ကျင့်ကြံသူများအနီးသို့ရောက်လျှင် ပါးစပ်ကိုဟကာ သွေးများစုပ်ယူနေခဲ့သည်။

"ဒီနေရာမှာ ဆန်းကျယ်အဆင့်ကျင့်ကြံသူတွေ အများကြီးရှိနေတာပဲ။ ဒီနေ့ ဝံပုလွေတိုင်းပြည်ကလည်း ခြင်္သေ့နန်းတော်ကို အဆုံးသတ်ပေးလိုက်လိမ့်မယ် ။ငါတော့ပွပြီ"

ရင်ရှက လေထဲတွင်ရပ်နေရင်း စစ်မြေပြင်ကိုငုံ့ကြည့်ကာ ရက်စက်စွာပြုံးလိုက်သည်။ သူက နတ်ဘုရင်စဦးအဆင့်ဖြစ်သော်လည်း အခြားနတ်ဘုရင်များနှင့်ယှဥ်လျှင် အားနည်းသူဖြစ်သည်။ ထို့ကြောင့် သူက နတ်ဘုရင်များ၏တိုက်ပွဲတွင် ဝင်မရှုပ်ရဲသဖြင့် ဆန်းကျယ်အဆင့်ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်နေခြင်းဖြစ်သည်။

"ခွေးမသားလင်းနို့ မင်းကိုယ်မင်း အထင်ကြီးနေတာလား"

ကောင်းကင်သားရဲတစ်ဒါဇင်ကျော်က ဒေါသတကြီးအော်ဟစ်ကြုံးဝါး၍ ဝိညာဥ်အသိစိတ်များကို လင်းနို့ကြီးထံ ဦးတည်လိုက်သည်။ ကျိလေ့၊ ရဲချိုး၊ ချင်ယု၊ မင်ယီနှင့် ဖေးယင်တို့ကလည်း ဝိညာဥ်အသိစိတ်များပေါင်းစပ်၍ ထောက်ပံ့ပေးလိုက်ကြသည်။ ဤကား ကောင်းကင်သားရဲ၂၁ကောင်၏ ဝိညာဥ်စွမ်းအင်များ ပေါင်းစပ်ထားသဖြင့် အလွန်အစွမ်းထက်နေခဲ့သည်။

"မင်းတို့ကများ ငါ့လိုနတ်ဘုရင်တစ်ယောက်ကို ယှဥ်ချင်နေတယ်။ မင်းတို့ရဲ့ဝိညာဥ်တွေကို ငါ ပျော်ပျော်ကြီးစားပေးမယ်"

ရင်ရှ၏ဝိညာဥ်ဖြစ်သော ဧရာမလင်းနို့ကြီးက ပါးစပ်ဟ၍ စုပ်ယူလိုက်သောအခါ ဝဲတစ်ခုဖြစ်ပေါ်လာသည်။ ဝိညာဥ်အသိစိတ်များက ထိုဝဲကြီးအတွင်း စုပ်ယူခံလိုက်ရသဖြင့် လင်းနို့ကြီး၏ပါးစပ်အတွင်း ရောက်သွားခဲ့ကြသည်။

"မဟုတ်ဘူး"

ကျိလေ့တို့က ကြောက်လန့်သွားကာ ဝိညာဥ်အသိစိတ်များကို ချက်ချင်းရုတ်သိမ်းလိုက်ကြသည်။ အချို့ကောင်းကင်သားရဲများက တုံ့ဆိုင်းနေသဖြင့် သူတို့၏ဝိညာဥ်များကို လင်းနို့ကြီးက ဝါးမျိုသွားခဲ့သည်။

"ဟား ဟား မင်းတို့ရဲ့ဝိညာဥ်တွေက ငါ့ကို အစွမ်းပိုထက်လာစေလိမ့်မယ်"

ရင်ရှက ခပ်အက်အက်ရယ်မောလိုက်ပြီး သူ၏အသံက ကြားရသူတိုင်း၏နားအတွင်း ဓားသွားများပမာ ဝင်ရောက်သွားသည်။ ဝိညာဥ်များဝါးမျိုခံလိုက်ရသော ကျင့်ကြံသူများက အပြင်းအထန်ဒဏ်ရာရသွားသဖြင့် ရန်သူများအတွက် လွယ်ကူသောပစ်မှတ်များ ဖြစ်လာကြသည်။

"ငါ ဒီကောင့်ကို တားပေးထားမယ်။ မင်းတို့ထွက်ပြေးကြ"

ကျိလေ့က ခေါင်းဆောင်ကောင်းပီသစွာဖြင့် ကိုယ်ကျိုးစွန့်ရန် ဆုံးဖြတ်လိုက်သည်။

"အစ်ကိုကျိ မလုပ်ပါနဲ့"

ရဲချိုးက အော်ဟစ်တားမြစ်လိုက်သည်။

ကျိလေ့က ခြင်္သေ့မျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြစ်သော ဝိညာဥ်ဖောက်ခွဲကျင့်စဥ်ကို ထုတ်သုံးရန် ကြံစည်နေခြင်းဖြစ်သည်။ ၎င်းက အသုံးပြုသူထက် ပို၍သန်မာသော ရန်သူကိုရင်ဆိုင်ရာတွင် အလွန်အစွမ်းထက်သည်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုးတစ်ခုရှိပြီး အသုံးပြုသူက သတိလစ်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းပင် ဖြစ်နိုင်သည်။

"ကျိလေ့ ရပ်စမ်း"

ချင်ယုကလည်း စိုးရိမ်တကြီးတားမြစ်လိုက်သည်။ ဝိညာဥ်ဖောက်ခွဲကျင့်စဥ်၏ ဘေးထွက်ဆိုးကျိုးကို သူက ကောင်းစွာသိရှိထားခဲ့သည်။

"ငါ ကျိလေ့ရဲ့ဘဝမှာ မင်းတို့နဲ့ ညီအစ်ကိုမောင်နှမဖြစ်ခဲ့ရတာဟာ ဂုဏ်အယူရဆုံး ကိစ္စတစ်ခုဖြစ်တယ်။ နောက်ဘဝဆိုတာရှိရင် မင်းတို့အားလုံးနဲ့ ပြန်ဆုံချင်ပါသေးတယ်"

ကျိလေ့က လေပေါ်ရှိလင်းနို့ကြီးကို မော့ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကျင့်စဥ်ကို ထုတ်ဖော်လိုက်သောအခါ သူ၏ဝိညာဥ်အသိစိတ်က အနီရောင်ရင့်ရင့်တောက်ပနေသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

***

All Chapters