နတ်ဘုရင်တစ်ယောက်ကို ဆေးဖော်ခြင်း
Vol. 25 Ch. 350
ရင်ရှသည် ကျိလေ့၏ ဝိညာဥ်အသိစိတ်ထံမှ မူမမှန်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏မျက်နှာပေါ်သို့ ထင်ဟပ်လာသော အနီရောင်မှတဆင့် တစ်စုံတစ်ခုကို နားလည်သွားဟန်ပေါ်သည်။
"ကောင်းကင်တုန်ခါဆေးအိုး ထွက်လာစမ်း"
ယဲ့ချန်သည် ကျိလေ့၏ သူရဲကောင်းဆန်သောလုပ်ရပ်ကြောင့် လေးစားသွားခဲ့သည်။ သူက ကောင်းကင်ချီများကို လှုံ့ဆော်လိုက်သဖြင့် အစွမ်းထက်အရှိန်အဝါတစ်ခု လေထဲတွင် ပေါက်ကွဲထွက်ပေါ်လာသည်။
သူက ညာလက်ဖြင့် ဆေးအိုးလေးကို ပစ်ခတ်လိုက်သောအခါ ၎င်းက လေထဲတွင် တဝှီဝှီလည်ပတ်သွားပြီး သုံးမီတာခန့်မြင့်သော ဧရာမဆေးအိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ပတ်ချာလည်တွင် တောက်လောင်နေသော မီးတောက်များကြောင့် ကောင်းကင်ထက်တွင် တောက်ပစွာတည်ရှိနေသည်။ ထို့နောက် ၎င်းက လင်းနို့ပုံရိပ်ကြီးထံ ဝင်ရောက်သွားလေသည်။
"သေစမ်း"
ယဲ့ချန်၏မျက်လုံးများတွင် အေးစက်စက်အလင်းတစ်ချက် ထွက်ပေါ်လာသည်။
"ဒီကမ္ဘာကြီးက ဘာတွေဖြစ်သွားတာလဲ။ ထွက်သွားစမ်း"
ရင်ရှသည် သူ၏ဝိညာဥ်ထံ ဝင်ရောက်လာသော ကောင်းကင်တုန်ခါဆေးအိုးနှင့် တစ်ဖက်မှဝင်ရောက်လာသော ကျိလေ့၏ ပေါက်ကွဲခါနီးဝိညာဥ်အသိစိတ်ကို သတိပြုမိလိုက်သည်။ သူက ကောင်းကင်တုန်ခါဆေးအိုးကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ လင်းနို့ဝိညာဥ်က လက်သည်းများကိုဖြန့်၍ ဆေးအိုးကြီးကိုလွင့်ထွက်သွားစေရန် ကုတ်ချလိုက်သည်။
"အချိန်ကိုက်ပဲ"
ကောင်းကင်တုန်ခါဆေးအိုးအကြောင်း ပိုသိလာသော ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်သည်။ ၎င်း၏အသုံးဝင်ပုံတစ်ခုက ဝိညာဥ်များကို စုပ်ယူချေဖျက်ပြီး ဆေးလုံးအဖြစ် အသွင်ပြောင်းနိုင်ခြင်းဖြစ်သည်။ ၎င်းက ဝိညာဥ်ကို တောက်လောင်နေသော မီးတောက်များနှင့် ချေဖျက်နိုင်စွမ်းရှိကာ သာမန်ဝိညာဥ်အသိစိတ်များဆိုလျှင် မီးတောက်များနှင့် ထိမိသည်နှင့်တပြိုင်နက် ပြာကျပေလိမ့်မည်။ ယဲ့ချန်သည်လည်း သူ၏ဝိညာဥ်အသိစိတ်ကို ကောင်းကင်တုန်ခါဆေးအိုးမှ လေ့ကျင့်ပေးခဲ့သောကြောင့် ပို၍ရင်းနှီးလာခဲ့သည်။ အကယ်၍ သူ၏စိတ်အတွင်းရှိ ဓားပျံသာ ဝိညာဥ်စွမ်းအင်များ ထောက်ပံ့မပေးခဲ့လျှင် သူ၏ဝိညာဥ်အသိစိတ်လည်း ခုခံနိုင်မည်မဟုတ်ပေ။ သူက ဆေးအိုး၏ပိုင်ရှင် ဖြစ်လာသောကြောင့် ၎င်း၏အစွမ်းများကို အသုံးပြုနိုင်လာခဲ့သည်။
"ထန်"
လင်းနို့ဝိညာဥ်က ကောင်းကင်တုန်ခါဆေးအိုးကို တိုက်ခိုက်လိုက်သောခဏတွင် အလွန်ပြင်းထန်သော စုပ်အားကြီးတစ်ခု ထွက်ပေါ်လာသည်။
"မင်းရဲ့ဝိညာဥ်ကို ငါ ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ကြည့်ထားစမ်း။ ကောင်းကင်တုန်ခါဆေးအိုး ချေဖျက်မယ်"
ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ သူ၏ဝိညာဥ်အသိစိတ်နှင့် ဆေးအိုးကို ထိန်းချုပ်လိုက်သည်။ ဆေးအိုး၏ပတ်လည်ရှိ မီးတောက်များက အလွန်အမင်းပူလောင်လာသည်။ လေထဲရှိလင်းနို့ဝိညာဥ်မှာ ဆက်တိုက်စုပ်ယူခံနေရသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲကာ ဆေးအိုးထံ နီးကပ်လာခဲ့သည်။
"ဒါက ဘာကြီးလဲ။ မဖြစ်နိုင်ဘူး။ ငါ့ဝိညာဥ်"
ရင်ရှက ကြောက်လန့်တကြား အော်ဟစ်နေချိန်တွင် လင်းနို့ဝိညာဥ်မှာ ဆေးအိုး၏ လောင်ကျွမ်းခြင်းခံနေရသည်။ ကောင်းကင်တုန်ခါဆေးအိုးက ရင်ရှ၏ဝိညာဥ်ကို ဆက်တိုက်စုပ်ယူသွားသည်။ ရင်ရှမှာ ကောင်းကင်တွင်ပျံသန်းနေရာမှ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ မြေပြင်သို့ ထိုးကျလာခဲ့သည်။
"စုပ်ယူစမ်း"
ယဲ့ချန်၏အတွေးတစ်ချက်ဖြင့် ဆေးအိုးက ရင်ရှထံပျံသန်းသွားခဲ့ပြီး မီးတောက်များက ရုပ်ခန္ဓာကိုပါ အလုံးစုံဝါးမျိုသွားခဲ့သည်။ ကောင်းကင်တုန်ခါဆေးအိုးသည် ရင်ရှ၏ရုပ်ခန္ဓာနှင့်ဝိညာဥ်ကို ချေဖျက်ရန် အချိန်တစ်ခုလိုအပ်ကြောင်း ယဲ့ချန်က အာရုံခံနိုင်ခဲ့သည်။
"မင်းအနေနဲ့ ဒီကောင့်ကိုချေဖျက်နိုင်ဖို့ သုံးနာရီလောက်လိုအပ်မယ်။ ဒါက ကောင်းကင်တုန်ခါဆေးအိုး အစွမ်းမထက်လို့မဟုတ်ဘူး။ ဒါကိုထိန်းချုပ်နေတဲ့ မင်းက လုံလောက်အောင် အစွမ်းမထက်သေးလို့သာ ဖြစ်တယ်"
ခြင်္သေ့ကြီး၏စကားသံက တံဆိပ်အတွင်းမှ ထွက်ပေါ်လာသည်။
"လာစမ်း"
ယဲ့ချန်က ညာလက်ဝါးကို ဖြန့်လိုက်သောအခါ ဧရာမဆေးအိုးကြီးက ပြန်လည်ကျုံ့ဝင်သွား၍ ဆင်းသက်လာခဲ့သည်။
ဝိညာဥ်ဖောက်ခွဲကျင့်စဥ်ကို ထုတ်သုံးပြီးဖြစ်သော ကျိလေ့က ဤမြင်ကွင်းကြောင့် ကျင့်စဥ်ကို ချက်ချင်းဖျက်သိမ်းကာ ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းလိုက်သည်။ ကျင့်စဥ်ကို လမ်းတစ်ဝက်၌ဖျက်သိမ်းလိုက်သဖြင့် တန်ပြန်ဒဏ်ကြောင့် သူက သွေးတစ်ပွက် အန်ချလိုက်ရသည်။ ဝိညာဥ်ဖောက်ခွဲကျင့်စဥ်ကို ထုတ်ဖော်နေရင်း ရုတ်သိမ်းလိုက်သောအခါ အပြင်းအထန်ဒဏ်ရာရသွားသော်လည်း သူ၏အသက်ကို ပြန်လည်ဆွဲယူနိုင်ခဲ့လေသည်။
စစ်ပွဲအတွင်းတိုက်ခိုက်နေသော ကျင့်ကြံသူအားလုံး နေရာတွင် ကြောင်အသွားကြသည်။ ရင်ရှက နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စဦးအဆင့်ဟုဆိုသော်လည်း အစွမ်းထက်နေဆဲပင်ဖြစ်သည်။ ဆေးအိုးလေးတစ်ခုက သူ့ကိုအနိုင်ယူလိုက်ခြင်းကို လူတိုင်း မယုံနိုင်ဖြစ်နေကြသည်။ အားလုံးက ယဲ့ချန်၏လက်ဝါးပေါ်ရှိ ဆေးအိုးလေးကို စပ်စုလိုစိတ်ဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
ကျိလေ့၊ ချင်ယု ၊မင်ယီ၊ဖေးယင်နှင့် ရဲချိုးတို့အားလုံးလည်း ဆွံ့အသွားကြသည်။ သူတို့အားလုံးက ရင်ရှ၏အစွမ်းကို လက်တွေ့ခံစားဖူးကြသည်။ အစွမ်းထက်သော နတ်ဘုရင်တစ်ယောက်က ယဲ့ချန်ထုတ်ဖော်လိုက်သော ရတနာတစ်ခုကြောင့် အလွယ်တကူအနိုင်ယူခံလိုက်ရသည်။
စစ်မြေပြင်တွင် တိတ်ဆိတ်ခြင်းကကြီးစိုးနေပြီး မျက်လုံးများမှိတ်ထားသော ယဲ့ချန်သည် ကောင်းကင်တုန်ခါဆေးအိုး၏ အတွင်းပိုင်းကို စစ်ဆေးနေသည်။ ကောင်းကင်ရှိနတ်ဘုရင်များသည်လည်း ဤဆေးအိုးကြောင့် ကြောက်စိတ်ကို ခံစားလိုက်ရသည်။ နတ်ဘုရင်တစ်ယောက်ကို အလွယ်တကူစုပ်ယူသွားနိုင်သော ဤရတနာက သူတို့အားလုံးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခူ ဖြစ်နိုင်သည်။
သွေးဘုရင်က ထုံတန်နှင့်တိုက်ခိုက်နေရာမှ နောက်သို့ ဒရောသောပါးဆုတ်ခွာလိုက်သည်။ သူတို့သုံးယောက်က ထုံတန်ကို အပေါ်စီးမှတိုက်ခိုက်နိုင်ရန် များစွာကြိုးစားထားရသည်။ သို့သော် ကောင်းကင်တုန်ခါဆေးအိုး ထွက်ပေါ်လာသဖြင့် သူက ဆေဘာအတွင်းရှိ ဝိညာဥ်နှင့် ချက်ချင်းဆက်သွယ်လိုက်သည်။
"မဟာဘိုးဘေး ဒီဆေးအိုးက ဘယ်လိုရတနာမျိုးလဲ။ ဒါက နတ်ဘုရင်တစ်ယောက်ကိုတောင် ဝါးမျိုနိုင်တယ်"
သွေးဘုရင်က ကြောက်လန့်နေပြီဖြစ်သည်။ အကယ်၍ ထိုဆေးအိုးကသာ သူ့ထံသို့ရောက်ရှိလာပြီး ရုတ်တရက်စုပ်ယူခံလိုက်ရလျှင် အကျိုးနည်းပေလိမ့်မည်။
"ရှေးဟောင်းနတ်လက်နက် ကောင်းကင်တုန်ခါဆေးအိုး။ ဒါကို ရှေးခေတ်လူသားကျင့်ကြံသူတွေက ငါတို့ကောင်းကင်သားရဲတွေကိုရင်ဆိုင်ဖို့ ဖန်တီးခဲ့ကြတယ်။ ဒါက ကောင်းကင်သားရဲတွေရဲ့ဝိညာဥ်တွေကို စုပ်ယူပြီး ဆေးလုံးတွေအဖြစ် ပြောင်းလဲနိုင်တယ်။ ဒီရတနာက အစွမ်းထက်လွန်းတော့ မင်းရဲ့ဝိညာဥ်အသိစိတ်နဲ့ မထိစေနဲ့။ ဒါပေမယ့် ဒီရတနာပိုင်ရှင်က အားနည်းနေတော့ ရတနာရဲ့အစွမ်းအားလုံးကို မထုတ်ဖော်နိုင်လို့ ကြောက်စရာမရှိဘူး။ မင်းက ကောင်းကင်တုန်ခါဆေးအိုးကိုမထိဘဲ ဒီကောင်လေးကို အရင်သတ်နိုင်ရင် ဘာပြဿနာမှမရှိဘူး။ ဒီရတနာကို ရအောင်ယူစမ်းကွာ။ ဒါကို လူသားမျိုးနွယ်ရဲ့ နတ်ဝိဇ္ဇာတွေနဲ့ ပြိုင်ဘက်ကင်းဝိဇ္ဇာတွေ ရသွားလို့မဖြစ်ဘူး"
ဆေဘာအတွင်းရှိ ဝံပုလွေဘိုးဘေး၏ဝိညာဥ်က တစ်လုံးချင်း အဖြေပေးလိုက်သည်။
"ကောင်းပါပြီ ဘိုးဘေး"
သွေးဘုရင်ကခေါင်းညိတ်၍ မြေပြင်တွင် မတ်တပ်ရပ်နေသော ယဲ့ချန်ထံ ချက်ချင်းခုန်ချလိုက်သည်။
"သွေးဘုရင် မင်းငါနဲ့အကွက်သုံးရာလောက်အဖော်ပြုပေးစမ်းပါ"
ထုံတန်က သူ၏နတ်တူကြီးကိုမြှောက်၍ သွေးဘုရင်အား ထုချလိုက်သည်။ တူချက်တွင် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး အက်ကြောင်းထင်သွားသယောင် ထင်မှတ်ရသည်။ သူက အပြင်းအထန်ထိခိုက်ထားပြီး တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေသော်လည်း သွေးဘုရင်၏ရည်ရွယ်ချက်ကို နားလည်သဖြင့် လျင်မြန်စွာ တားမြစ်နိုင်ခဲ့သည်။
"ထုံတန် မင်း ဒီလောက်သေချင်နေရင် ငါ သတ်ပေးမယ်"
သွေးဘုရင်က ဒေါသတကြီးကြုံးဝါးလိုက်သောအခါ တစ်ကိုယ်လုံး သွေးနီရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။ သွေးနီရောင် ဓားစွမ်းအင်များကလည်း ထုံတန်အပေါ် ကျဆင်းလာသည်။
"ငါ့ကို အပြင်ထုတ်ပေးစမ်း"
ကောင်းကင်တုန်ခါဆေးအိုးအတွင်း၌ ရင်ရှက ခေါင်းမာစွာခုခံရင်း ထွက်ပြေးရန် ကြိုးစားနေသည်။ ရင်ရှက ဆေးအိုးအတွင်းရှိ အစီအရင်များကို အရူးတစ်ယောက်ကဲ့သို့ တဘန်းဘန်းရိုက်နှက်နေသည်။
ယဲ့ချန်ကလည်း ရင်ရှ မလွတ်မြောက်သွားစေရန် ဝိညာဥ်အသိစိတ်ဖြင့် ဆေးအိုးကို ထိန်းချုပ်နေသည်။ မီးတောက်များ၏ လောင်ကျွမ်းခြင်းခံရသောအခါ ရင်ရှ၏အော်သံနက်ကြီးက နာကျင်စွာ ထွက်ပေါ်လာသည်။
"မင်းက ထွက်ပြေးချင်နေတာလား"
ယဲ့ချန်က လှောင်ပြောင်လိုက်ပြီး ကောင်းကင်ချီများနှင့် ဝိညာဥ်စွမ်းအင်များကို ဆက်တိုက်ထုတ်ဖော်နေသည်။
"ယဲ့ချန် သတိထား"
ထိုအချိန်တွင် ယဲ့ချန်၏ကျောဘက်မှ သတ်ဖြတ်လိုစိတ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ခြင်္သေ့ကြီး၏အော်သံကလည်း တစ်ချိန်တည်း ထွက်ပေါ်လာ၏။
ယဲ့ချန်က ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို မဆင့်ခေါ်နိုင်ခင် လက်ဝါးချက်တစ်ခု ထိမှန်ခံလိုက်ရသည်။ ဘုန်းဟူသော မြည်သံတစ်ခုထွက်ပေါ်လာကာ သူက ရှေ့သို့လွင့်ထွက်သွားသည်။ လက်ဝါးချက်က ပြင်းထန်သောကြောင့် အတွင်းအင်္ဂါများ နေရာရွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း သူက ရင်ရှကို ဖမ်းချုပ်ထားသော ကောင်းကင်တုန်ခါဆေးအိုးကို ထိန်းချုပ်ထားသည့် ဝိညာဥ်အသိစိတ်ကို ပြန်လည်မရုတ်သိမ်းခဲ့ပေ။
လုပ်ကြံလိုက်သူမှာ ဟေးမင်ဖြစ်ပြီး လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးချလိုက်ခြင်းဖြစ်သည်။ လက်ဝါးချက်က လျင်မြန်သောကြောင့် ယဲ့ချန်အနေဖြင့် ရှောင်တိမ်းရန် အချိန်မမီနိုင်ခဲ့ပေ။ သူက အပြင်းအထန်ဒဏ်ရာရသွားဟန်ဖြင့် မြေပြင်တွင် လဲကျနေသည်။ သူ၏ရင်ဘတ်ကို ဆုပ်ကိုင်၍ မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း သွေးကြောများ ထိခိုက်သွားပြီဖြစ်သည်။ သူ၏ကိုယ်တွင်းသို့ စွမ်းအင်တစ်ခု ဝင်ရောက်လာပြီး တစ်ကိုယ်လုံးရှိခွန်အားများ ပျောက်ကွယ်စပြုလာသည်။ သူ့ထံသို့ ဟေးမင်က တစ်လှမ်းချင်း လျှောက်လာနေခဲ့သည်။
"ဟေးမင် မင်း ဘာကြောင့်ဒီလိုလုပ်ရတာလဲ"
ကျိလေ့သည် ဟေးမင်၏လုပ်ရပ်ကြောင့် ဒေါသူပုန်ထသွားခဲ့သည်။ သို့သော်လည်း အပြင်းအထန်ဒဏ်ရာရထားသဖြင့် တိုက်ခိုက်နိုင်စွမ်းမရှိချေ။ ချင်ယုနှင့်အခြားလူများက ယဲ့ချန်ကိုကယ်တင်ရန် ကြိုးစားချင်ကြသော်လည်း ဝံပုလွေတိုင်းပြည်၏ ဆန်းကျယ်အဆင့် ကျင့်ကြံသူများ လမ်းပိတ်ခြင်းခံနေရသည်။ သူတို့အားလုံးက ရင်ရှကြောင့် ဒဏ်ရာရထားပြီးဖြစ်၍ ထိုးဖောက်ကျော်ဖြတ်လာနိုင်စွမ်း မရှိချေ။
"ဘာကြောင့်လဲ ဟုတ်လား။ ငါ့ကျင့်ကြံဆင့်က မင်းတို့ထက်မနိမ့်ကျဘူး။ ငါက ခြင်္သေ့နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နိုင်အောင် အစွမ်းထက်တယ်။ ခြင်္သေ့ဘုရင်က ငါ့ကို အမြဲတမ်းသတိထားဆက်ဆံနေပြီး အရင်ဘုရင်ဟောင်းက အမှောင်မြွေမျိုးနွယ်ရဲ့ အကြီးအကဲသုံးယောက်ကို သတ်ခဲ့တယ်။ ခြင်္သေ့နန်းတော်က အမှောင်မြွေမျိုးနွယ်ရဲ့ ကမ္ဘာမကြေရန်သူကွ"
ဟေးမင်က အေးစက်စက်ရယ်မော၍ ဖြေလိုက်သည်။
"ဒါတွေအားလုံး အတိတ်မှာ ထားခဲ့သင့်ပြီ။ ငါ မင်းကို ညီအစ်ကိုတစ်ယောက်လိုဆက်ဆံပြီး ဦးလေးကလည်း မင်း ပိုပြီးအစွမ်းထက်လာဖို့ ဆေးလုံးတွေ ထောက်ပံ့ပေးခဲ့တယ်။ ကျေးဇူးကို ဒီလိုပြန်ဆပ်လိုက်တာလား"
ကျိလေ့၏မျက်နှာက ဒေါသကြောင့် မည်းနက်နေသည်။ သူက ဒဏ်ရာနှင့်လဲကျနေသော ယဲ့ချန်ကို စိုးရိမ်စွာစိုက်ကြည့်နေမိသည်။ အကယ်၍ ခြင်္သေ့နန်းတော်ဘက်မှ ဝင်ရောက်ကူညီပေးခြင်းမရှိလျှင် ယဲ့ချန် အသက်အန္တရာယ်ရှိမည် မဟုတ်ချေ။
"ဒီဆေးလုံးတွေက ငါနဲ့ထိုက်လို့ရတာပဲ။ ညီအစ်ကို ဟုတ်လား စောက်ပိုတွေမပြောစမ်းနဲ့။ မင်းတို့က ငါ့ကို ညီတူညီမျှဆက်ဆံတာ မဟုတ်ဘူး။ ငါက ဝံပုလွေဘုရင်အတွက် နှစ်ပေါင်းများစွာသူလျှိုလုပ်ပြီး ဒီနေ့ကို စောင့်ဆိုင်းလာတာကွ။ ဒီနေ့ မင်းတို့အားလုံး သေရမယ်။ ခြင်္သေ့ဘုရင်တောင် မကယ်နိုင်စေရဘူး"
ဟေးမင်က ကျိလေ့၏စကားကို တုံ့ပြန်လိုက်ပြီး အဝေးရှိဖေးယင်ထံ အကြည့်ရောက်သွားခဲ့သည်။ ဖေးယင်က သူ့ကို အလွန်ရွံရှာမုန်းတီးသော မျက်လုံးများဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
"နင် ငါ့ကို ဘယ်လောက်မုန်းမုန်း အနှေးနဲ့အမြန် ငါ့မိန်းမဖြစ်လာရမယ်"
"မင်းကိုယ်မင်းအားနည်းတယ်လို့ မခံစားရဘူးလား။ တကယ်ဆိုရင် မင်း ဒီနေရာကိုမလာသင့်ဘူး။ ဒီနေ့တော့ မင်း သေရမယ်။ မင်းကို အမှောင်မြွေမျိုးနွယ်ရဲ့ အမှောင်အဆိပ်ခတ်ထားလို့ တော်တော်နာကျင်နေမယ်ထင်တယ်။ သိပ်မကြာခင် အဆိပ်က မင်းရဲ့ခန္ဓာကိုယ်ကို တိုက်စားသွားလိမ့်မယ်။ အဆိပ်စွမ်းအင်ထကြွလာရင် သွေးအိုင်လေးအဖြစ် သေလိုက်ပေါ့ကွာ။ ငါ မင်းကိုမသတ်ရင်တောင် အဆိပ်ကြောင့် သေရလိမ့်မယ် ဟား ဟား"
ဟေးမင်က ယဲ့ချန်ကို လှောင်ရယ်လိုက်သည်။ သို့သော်လည်း သူက ယဲ့ချန်၏ကောင်းကင်တုန်ခါဆေးအိုးကို ကြောက်လန့်နေသဖြင့်အချိန်တိုင်း သတိထားနေခဲ့သည်။
ယဲ့ချန်က ကောင်းကင်ချီများကိုလည်ပတ်ရင်း ဟေးမင်ကို အေးစက်စက်ပြန်ကြည့်နေခဲ့သည်။ အမှောင်အဆိပ်က ပြင်းထန်သော်လည်း ယဲ့ချန်၏သန့်စင်သော ကောင်းကင်ချီနှင့်အတွေ့တွင် အရှုံးပေးလိုက်ရပြီး လျင်မြန်စွာ ချေဖျက်ခံနေရသည်။
"သေခါနီးဖြစ်နေတာတောင် မင်းက မကြောက်ဘူးပေါ့"
ဟေးမင်က အဆင့်ခြောက်လက်နက် ဓားရှည်တစ်ခုကိုဆွဲထုတ်လိုက်ပြီး ယဲ့ချန်ထံ ချဥ်းကပ်သွားသည်။ ယဲ့ချန်၏ တည်ငြိမ်လွန်းသော အမူအရာကြောင့် သူ၏စိတ်များ လေးလံနေခဲ့လေသည်။
***