ခရမ်းမီးတောက်လင်းယုန်၏ စတေးမှု
Vol. 25 Ch. 351
ယဲ့ချန်အနားသို့ ဟေးမင် ချဥ်းကပ်သွားသည်ကို မြင်သောအခါ ကျိလေ့တို့လူစုက စိုးရိမ်ပူပန်သွားကြသည်။
"အစ်ကိုယဲ့ ငါ နင့်ကိုကယ်မယ်"
ရဲချိုး၏ကိုယ်တွင်းမှ ခရမ်းရောင်မီးတောက်များ တောက်လောင်ထွက်ပေါ်လာသည်။ သူမက ရန်သူနှစ်ယောက်ကို ချက်ချင်းအနိုင်ယူ၍ လဲကျနေသော ယဲ့ချန်ထံ တဟုန်ထိုးပြေးသွားခဲ့သည်။
"ဝှစ် ဝှစ် ဝှစ်"
ဝံပုလွေတိုင်းပြည်၏ အခြားဆန်းကျယ်အဆင့် ကျင့်ကြံသူသုံးယောက်က ရဲချိုး၏လမ်းကို ပိတ်ထားလိုက်ကြသည်။ ဝံပုလွေတိုင်းပြည်ဘက်တွင် ကျင့်ကြံသူများစွာရှိပြီး အရေအတွက်အားဖြင့်ယှဥ်လျှင် ခြင်္သေ့နန်းတော်ထက် သုံးဆခန့်ပို၍ များပြားနေခဲ့သည်။ ထို့ကြောင့် ယဲ့ချန်ကိုကယ်တင်လိုသော်လည်း ရဲချိုးနှင့်အခြားကျင့်ကြံသူများက ရှေ့တိုးမရဖြစ်နေခဲ့ကြသည်။
"ဘယ်သူမှ မင်းကို မကယ်တင်နိုင်ဘူး"
ဟေးမင်ကခြိမ်းခြောက်နေရင်း အမှောင်အဆိပ်၏အာနိသင် ထွက်ပေါ်လာခြင်းမရှိကြောင်း သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းရဲ့သောက်သုံးမကျတဲ့ အမှောင်အဆိပ်က ငါ့ကိုထိခိုက်အောင် လုပ်နိုင်မယ်ထင်နေတာလား။ မင်းကိုယ်မင်းအောင်ပွဲရပြီလို့ ထင်နေပေမယ့် ငါကတော့ မင်းကို ပုရွက်ဆိတ်တစ်ကောင်လိုပဲ သဘောထားတယ်။ ငါသတ်ချင်တဲ့အချိန်တိုင်း သတ်လို့ရတဲ့ ပုရွက်ဆိတ်လေးပေါ့"
ဟေးမင်က အံ့အားသင့်နေစဥ် ယဲ့ချန်၏အေးစက်စက်စကားသံ ထွက်ပေါ်လာသည်။
"မဖြစ်နိုင်ဘူး။ မင်းက နတ်ဘုရင်မဟုတ်ရင် အထူးဖြေဆေးရှိမှ အမှောင်အဆိပ်ကို ဖြေလို့ရမယ်။ အဆိပ်ဖြေနိုင်စရာ အကြောင်းလုံးဝမရှိဘူး။ မင်းက အဆိပ်ကိုဖိနှိပ်ထားနိုင်ရင်တောင် သေရမှာပဲ။ ငါ့လက်ဝါးချက်လည်း ထိထားတာဆိုတော့ အတွင်းဒဏ်ရာ သေချာပေါက်ရနေလိမ့်မယ်။ မင်းကများ ငါ့ကို သတ်ချင်နေသေးတယ်"
ဟေးမင်က မျက်နှာပျက်သွားသော်လည်း လက်ထဲရှိဓားရှည်ကို မြှောက်ကာ ယုံကြည်မှုရှိစွာပြောလိုက်သည်။
"သေစမ်း"
ဟေးမင်၏ဓားချက်က ယဲ့ချန်ထံ ကျဆင်းလာခဲ့သည်။ သေစေနိုင်သော အမှောင်အဆိပ်ကို အလွယ်တကူဖြေရှင်းနိုင်ခဲ့သော ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်သည်။ ဟေးမင်၏လက်ဝါးချက် ထိမှန်ခံခဲ့ရသော်လည်း သူ၏ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ပိုးအင်္ကျီက စွမ်းအားအများစုကို ချေဖျက်ပေးခဲ့သည်။ ထို့ကြောင့် အပြင်းအထန် ဒဏ်ရာရခြင်းမရှိပေ။
"မင်းကသေချင်နေမှတော့ ငရဲကို ပို့ပေးရသေးတာပေါ့"
ယဲ့ချန်၏မျက်လုံးများ တောက်ပလာသကဲ့သို့ ဧကရာဇ်မင်၏ခါးပတ်လည်း တောက်ပလာသည်။ ထို့နောက် ဖီးနစ်ကြီးတစ်ကောင်က ခါးပတ်အတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ အင်မော်တယ်အမှောင်ဖီးနစ်က အော်မြည်လိုက်သောအခါ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ အနက်ရောင်မီးများတောက်လောင်နေသော ကြီးကျယ်ခမ်းနားသည့် သားရဲကြီးကြောင့် ဟေးမင်မှာ နေရာတွင် ကြက်သေသေသွားခဲ့သည် ။၎င်း၏အကြည့်က သူ၏ဝိညာဥ်အနက်ဆုံးအပိုင်းအထိ ထိုးဖောက်လာသောကြောင့် နှလုံးသားအတွင်း၌ ကြောက်စိတ်များ ပြည့်နှက်လာခဲ့သည်။ ဟေးမင်မှာ နေရာမှတစ်လက်မပင် မရွေ့နိုင်တော့ပေ။ အင်မော်တယ်အမှောင်ဖီးနစ်က သူ့ကို အကြည့်တစ်ချက်တည်းဖြင့် ချုပ်နှောင်နိုင်ခဲ့သည်။
ယဲ့ချန်သေပြီဟု ထင်မှတ်ထားကြသော ကျိလေ့တို့အားလုံးက အပြစ်ရှိစိတ်ကို ခံစားနေကြရသည်။ ထိုအချိန်တွင် အခြေအနေက ရုတ်တရက်ပြောင်းပြန်လန်သွားကာ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော မီးငှက်ကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ဤကား မြင်ရသူအပေါင်း၏ တစ်သက်မမေ့နိုင်စရာ မြင်ကွင်းမျိုးဖြစ်သည်။
"ဒါ...ဒါက ဒဏ္ဍာရီလာ အမှောင်ဖီးနစ်ငှက်လား"
ကျိလေ့က မျက်လုံးပြူးသွားခဲ့သည်။
"အစ်ကိုယဲ့က လူသားမဟုတ်ဘဲ ကောင်းကင်သားရဲဖြစ်နေတာလား။ ရိုးရိုးမျိုးနွယ်တောင်မဟုတ်ဘဲ ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုကလား"
ရဲချိုး၏မျက်ဝန်းလေးများက ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။ သူမက နှလုံးသားအတွင်းမှ အင်မော်တယ်အမှောင်ဖီးနစ်၏အစွမ်းကို ခံစားနေရသည်။ ၎င်းက အစွမ်းထက်ငှက်မျိုးနွယ်ဖြစ်ကာ ဒဏ္ဍာရီများစွာတွင် ဖော်ပြခြင်းခံရသည်။ မျိုးနွယ်ဝင်တိုင်းက အစွမ်းထက်သူများဖြစ်ကြပြီး သေဆုံးသွားလျှင်ပင် အမှောင်မီးတောက်များအတွင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိကြသည်။
ယဲ့ချန်၏ အင်မော်တယ်အမှောင်ဖီးနစ်က နတ်ဘုရင်စဦးအဆင့်ဖြစ်သော်လည်း ၎င်းက အစစ်အမှန်မျိုးနွယ်ဝင်များ၏အစွမ်းကို မမီချေ။ သူတို့က သေဆုံးသွားတိုင်း ပိုမိုအစွမ်းထက်စွာဖြင့် ပြန်လည်မွေးဖွားလာနိုင်ကြသည်။
လူတိုင်းက အင်မှောင်တယ်အမှောင်ဖီးနစ်၏အစွမ်းကို မျိုးရိုးစဥ်ဆက်ကြားဖူးကြသောကြောင့် ၎င်း၏ဒေါသကို မဆွရဲကြပေ။ ဤမျိုးနွယ်က လျှို့ဝှက်ကျင့်စဥ်များကို အနက်ရောင်မီးတောက်များမှတဆင့်လွှဲပြောင်းပေးအပ်တတ်ကြသည်။
"ယဲ့ချန်က လူမဟုတ်ဘူးလား"
ကျင့်ကြံသူများက ဖီးနစ်ကြီးကို ယဲ့ချန်၏ဝိညာဥ်ဟု ထင်မှတ်နေကြသည်။ မည်သူမှ ၎င်းမှာ ဧကရာဇ်မင်၏ခါးပတ်အတွင်းရှိ ငှက်မွေးတစ်ချောင်းမှဖြစ်ပေါ်လာသည်ကို မျှော်လင့်မထားကြပေ။ အစွမ်းထက်အရှိန်အဝါအောက်တွင် ဝံပုလွေတိုင်းပြည်၏ကျင့်ကြံသူများမှာ တစ်လက်မပင် မလှုပ်နိုင်ကြပေ။ သူတို့က အင်မော်တယ်အမှောင်ဖီးနစ်ကိုမြင်သောအခါ နေရာတွင် ကြောက်စိတ်ကြောင့် အေးခဲသွားခဲ့ကြသည်။
ကောင်းကင်တွင်တိုက်ခိုက်နေကြသော နတ်ဘုရင်များကလည်း ၎င်းကို ချက်ချင်းသတိထားမိလိုက်ကြသည်။ ဝံပုလွေတိုင်းပြည်မှဖြစ်စေ၊ ခြင်္သေ့နန်းတော်မှဖြစ်စေ နတ်ဘုရင်တိုင်းက ကြောက်လန့်နေကြသည်။ သူတို့အားလုံးက မြင့်မြတ်သော အင်မော်တယ်အမှောင်ဖီးနစ်မျိုးနွယ်ကို မော်ပင်မကြည့်ရဲလောက်အောင် ထိတ်လန့်နေကြသည်။ သို့သော် ကောင်းကင်မျက်လုံးလျှို့ဝှက်ကျင့်စဥ်ကို တတ်ကျွမ်းထားသော ထုံတန်က အင်မော်တယ်ဖီးနစ်ကြီး၏မူမမှန်မှုကို သတိထားမိလိုက်သည်။ ၎င်းက ဝိညာဥ်အသွင်ဖြစ်တည်ခြင်းမှ ဖြစ်ပေါ်လာခြင်းမဟုတ်ဟု ခံစားလိုက်ရသည်။ ဤကား ဆင့်ခေါ်ကျင့်စဥ်တစ်ခု ဖြစ်နိုင်သော်လည်း ဤနေရာရှိနတ်ဘုရင်အားလုံးကို အချိန်ခဏသာ ခြောက်လှန့်နိုင်ပေလိမ့်မည်။ သူတို့အားလုံးက အချိန်တစ်ခုအကြာတွင် အမှန်တရားကို သိရှိသွားကြပေလိမ့်မည်။
"မင်း...မင်းက နတ်ဘုရင်"
ဟေးမင်သည် ဖီးနစ်ကြီးကြောင့် ကြောက်လန့်တကြားဖြစ်နေကာ ဖိအားဒဏ်ကို မခုခံနိုင်ခဲ့ပေ။ အဆုံးမဲ့ဖိအားအောက်တွင် သူက စကားတစ်ခွန်းပြောနိုင်ရန်ပင် ခက်ခဲစွာကြိုးစားနေရသည်။ နတ်ဘုရင်တစ်ယောက်နှင့်ယှဥ်လျှင် သူက အမှန်တကယ်ပင် ပုရွက်ဆိတ်တစ်ကောင်ဖြစ်သည်။ ယဲ့ချန်က သူ့ကို ထိုက်တန်သော ပြိုင်ဘက်တစ်ယောက်အဖြစ် ရှုမြင်ထားခြင်းမရှိပေ။ ထို့ကြောင့် သူ၏လက်ဝါးချက်ထိမှန်ခံလိုက်ရပြီး အမှောင်အဆိပ်မိသွားသော်လည်း အလွန်တည်ငြိမ်နေခြင်းဖြစ်ပေလိမ့်မည်။ အဆိပ်က အဆင့်တူကျင့်ကြံသူများကို သေစေနိုင်သော်လည်း နတ်ဘုရင်တစ်ယောက်ကို မထိခိုက်စေပေ။
ဟေးမင်မှာ ကူကယ်ရာမဲ့မှုကို နှလုံးသားအတွင်းမှ ခံစားလိုက်ရသည်။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဟေးမင်က နောင်တကြီးစွာနှင့် တောင်းပန်လိုက်သည်။ သူက နတ်ဘုရင်အဆင့်သို့ တက်ရောက်လိုသောကြောင့် ခြင်္သေ့နန်းတော်ပျက်စီးစေရန် ဝံပုလွေတိုင်းပြည်၏သူလျှိုအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အသက်ဘေးကျရောက်လာသောအခါ ဤရည်မှန်းချက်က မီးခိုးငွေ့ပမာ လွင့်ပါးပျောက်ကွယ်သွားလေသည်။
"ယုတ်မာကောက်ကျစ်တဲ့ သစ္စာဖောက် သေစမ်း"
ယဲ့ချန်က အေးစက်စက်ပြောလိုက်သည်။ အင်မော်တယ်အမှောင်ဖီးနစ်က မီးလုံးတစ်ခုကို ဟေးမင်ထံ ထွေးထုတ်လိုက်သည်။ သစ္စာဖောက်က တစ်ချက်ပင်မအော်နိုင်ဘဲ မီးတောက်များအကြား ပြာကျသွားခဲ့သည်။
ထို့နောက် ဖီးနစ်ကြီးက မီးတောက်ကြီးများကို ဝံပုလွေတိုင်းပြည်၏ကျင့်ကြံသူများထံ မှုတ်ထုတ်လိုက်ပြန်သည်။ မီးတောက်များ ဖြတ်သန်းသွားရာတလျှောက်တွင် မြေပြင်က မည်းနက်နေအောင် လောင်ကျွမ်းခံလိုက်ရပြီး နာနာကျင်ကျင်အော်သံများ ထွက်ပေါ်လာခဲ့သည်။ ဆန်းကျယ်အဆင့်ရန်သူများက ဖီးနစ်ကြီးကို မရင်ဆိုင်ရဲသောကြောင့် အဝေးသို့အလန့်တကြား ပျံသန်းထွက်ပြေးလိုက်ကြသည်။ မျက်တောင်တစ်ခတ်အတွင်း ကျင့်ကြံသူပေါင်းသုံးဆယ်ကျော်က မီးတောက်များအကြား ပြာကျသွားခဲ့သည်။ တစ်ဖက်သတ်သတ်ပွဲကြီးအတွင်း ဝံပုလွေတိုင်းပြည်၏ကျင့်ကြံသူများမှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ကြပေ။
ယဲ့ချန်က ဖီးနစ်ကြီးကိုအမိန့်ပေး၍ ရန်သူများကို သုတ်သင်ရှင်းလင်းနေစဥ် ငှက်တစ်ကောင်၏ နာကျည်းစွာအော်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ထက်မှ ခရမ်းရောင်သွေးများ ကျဆင်းလာပြီး အော်သံတွင် ဝမ်းနည်းစိတ်နှင့် လက်မခံလိုစိတ်များ ထင်ဟပ်နေသည်။
"ထုံတန် ငါ အရင်ဆုံးသွားနှင့်ပြီ။ မင်းနဲ့ နှစ်ထောင်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့ပြီး ခြင်္သေ့နန်းတော်အတွက် တိုက်ခိုက်ပေးရတာ ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ ငါ နောင်တရစရာမရှိဘူး"
ကောင်းကင်တွင် ခရမ်းမီးတောက်လင်းယုန် အကြီးအကဲထံမှ မီးတောက်များ ထွက်ပေါ်လာသည်။ သူက မြေပြင်သို့ငုံ့ကြည့်နေပြီး မျက်လုံးများတွင် မစွန့်လွှတ်နိုင်သောအတွေးများ ထင်ဟပ်နေသည်။ ခြင်္သေ့နန်းတော် ဘေးကင်းသွားခြင်းနှင့် ကလေးနှင့်မြေးများ ကြီးပြင်းလာခြင်းကို မြင်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူက သေရတော့မည်ဖြစ်သည်။ အသက်တစ်ထောင့်သုံးရာရှည်သော အကြီးအကဲက နတ်ဘုရင်သုံးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နေရသဖြင့် အသက်မီးတောက်များ ငြိမ်းလုနီးပါးဖြစ်လာသည်။ ဤတိုက်ပွဲကား သူ့အတွက် နောက်ဆုံးတိုက်ပွဲပင်ဖြစ်သည်။ အကယ်၍ သူသာတတ်နိုင်လျှင် နောက်ထပ်နှစ်ပေါင်းငါးရာခန့် ဆက်လက်ရှင်သန်ချင်ခဲ့သည်။ သို့သော်လည်း သေခြင်းတရားကို မည်သူမှမရှောင်လွှဲနိုင်ပေ။
"နှုတ်ဆက်ပါတယ်"
လင်းယုန်ကြီးက နောက်ဆုံးတစ်ကြိမ် အော်မြည်လိုက်သည်။ သူ၏အသံက ကောင်းကင်တွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေသည်။ လင်းယုန်ကြီးထံမှ ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိသော ရန်သူနတ်ဘုရင်သုံးယောက်က ချက်ချင်းထွက်ပြေးလိုက်ကြသည်။
"ပြေးကြ"
သို့သော်လည်း နတ်ဘုရင်များထွက်မပြေးနိုင်ခင် ခရမ်းရောင်မီးတောက်လင်းယုန်ကြီးက ဘုန်းခနဲပေါက်ကွဲသွားခဲ့သည်။ ဤပေါက်ကွဲမှုက ရန်သူသုံးယောက်ကို ဝါးမျိုသွားလေသည်။
"ဒါက ခရမ်းမီးတောက်လင်းယုန်မျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ် တောက်လောင်မီးလျှံကျင့်စဥ်ပဲ။ ဒီအဘိုးကြီးက နှစ်တစ်ထောင်လောက် အသက်ရှင်ပြီးပြီ။ ငါနဲ့အတူသေဆုံးရတာဟာ မင်းတို့သုံးယောက်အတွက် ဂုဏ်ယူစရာဖြစ်လိမ့်မယ်"
လင်းယုန်ကြီး၏စကားသံက နောက်ဆုံးတစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
ရန်သူနတ်ဘုရင်သုံးကောင်၏ ကိုယ်ပေါ်တွင် ခရမ်းရောင်မီးတောက်များက တစ်လက်မပင်မကျန်အောင် စွဲလောင်နေသည်။ သူတို့က နာကျင်စွာအော်ဟစ်၍ သွေးရူးသွေးတန်းပျံသန်းနေကြသော်လည်း မီးတောက်များကို မငြှိမ်းသတ်နိုင်ပေ။ ၎င်းတို့က အလောင်းပင်မကျန်အောင် လောင်ကျွမ်းမည့်ပုံပေါ်လေသည်။
ဖျံမျိုးနွယ်မှ နတ်ဘုရင်ဟန်ဟုန်က ရေချီများထုတ်ဖော်၍ နတ်ဘုရင်သုံးယောက်ကို ကူညီပေးလိုက်သည်။ ရေချီများနှင့် ခရမ်းရောင်မီးတောက်များ တွေ့ဆုံသွားသောအခါ ရေနွေးငွေ့များ ထွက်ပေါ်လာခဲ့သည်။ ထိုအငွေ့များ ပျောက်ကွယ်သွားလျှင် ခရမ်းရောင်မီးတောက်များက ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။
"ကြောက်စရာကောင်းလိုက်တဲ့ မီးတောက်တွေ"
ဟန်ဟုန်က အလွန်ကြောက်လန့်သွားခဲ့သည်။ ခရမ်းမီးတောက်လင်းယုန်မျိုးနွယ်၏ သွေးမျိုးဆက်က ဖျံမျိုးနွယ်ထက် ပို၍အဆင့်မြင့်သည်။ ဒဏ္ဍာရီများအရ ဤမျိုးနွယ်သည် ရှေးဟောင်းခရမ်းမီးတောက်မျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်နိုင်သည်။ သွေးမျိုးဆက်က အလွန်နည်းပါးသော်လည်း သာမန်မှော်သားရဲမျိုးနွယ်များ၏ သွေးမျိုးဆက်ကို အလွယ်တကူဖိနှိပ်နိုင်စွမ်းရှိသည်။
"ဘိုးဘိုး"
ရဲချိုးက အော်ဟစ်ငိုယိုလိုက်သည်။ သူမက လင်းယုန်တစ်ကောင်အဖြစ်ပြောင်းလဲ၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ မျက်ဝန်းများမှ ခရမ်းရောင်မျက်ရည်များ မရပ်မနားစီးကျနေခဲ့သည်။
"ရဲချိုး အန္တရာယ်များတယ်။ ပြန်လာခဲ့"
ချင်ယုက အမြှီးခြောက်ချောင်းမြေခွေးအဖြစ် အသွင်ပြောင်းကာ ရဲချိုးကိုတားမြစ်ရန် လိုက်ပါသွားခဲ့သည်။
ခရမ်းရောင်ငှက်မွေးများက ပတ်ဝန်းကျင်သို့ ကျဆင်းလာသော်လည်း အကြီးအကဲက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ယဲ့ချန်က နေရာတွင် တိတ်တဆိတ်ရပ်နေရင်း ငှက်မွေးတစ်ချောင်းချင်းစီမှ တာအိုဉာဏ်အလင်းကို ခံစားလိုက်ရ၏။ သူက ညာလက်ကိုဆန့်ထုတ်၍ ငှက်မွေးတစ်ချောင်းကို ဖမ်းယူလိုက်သော်လည်း ၎င်းက မီးတောက်များအဖြစ် ပြန့်ကြဲပျောက်ကွယ်သွားခဲ့သည်။
ရဲချိုး၏ပတ်လည်တွင် မရေမတွက်နိုင်သော ငှက်မွေးများလှည့်ပတ်နေပြီး တစ်ချောင်းချင်းစီတွင် သူမအဘိုး၏အသိစိတ် ပါဝင်နေသည်။ ထိုအချိန်တွင် ရန်သူနတ်ဘုရင်သုံးယောက်မှာ ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရပြီဖြစ်သည်။ တောက်လောင်မီးလျှံကျင့်စဥ်၏အစွမ်းကို နတ်ဘုရင်တိုင်း ကြောက်လန့်သွားကြသည်။
"ကျိမင်"
ထုံတန်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး မျက်လုံးများ နီရဲလာသည်။ ခြင်္သေ့နတ်တူကြီးထံမှ ရွှေရောင်မိုးကြိုးချီများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။ ခြင်္သေ့နန်းတော်၏ ကျန်အကြီးအကဲနှစ်ယောက်ဖြစ်သော နတ်ဆင်နှင့် သင်းခွေချပ် နတ်ဘုရင်များက မင်သက်နေရာမှ သတိပြန်ဝင်လာပြီး ကြမ်းကြုတ်စွာတိုက်ခိုက်လိုက်ကြသည်။ သူတို့သုံးယောက်နှင့် ကျိမင်က နှစ်ထောင်ချီအောင် မိတ်ဆွေများဖြစ်ခဲ့သောကြောင့် မွေးချင်းများထက် ပို၍နီးစပ်သည်။ မိတ်ဆွေကောင်းတစ်ယောက် သေဆုံးသွားသဖြင့် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်နေကြသည်။
"သွေးဘုရင် ခြင်္သေ့နန်းတော်ပျက်စီးရင်တောင် မင်းတို့အားလုံးကို အသေသတ်ပစ်မယ်"
ထုံတန်၏စကားလုံးတိုင်းတွင် ဒေါသနှင့်ဝမ်းနည်းမှုက ရောယှက်ထွက်ပေါ်နေသည်။ သူက တိုက်ကွက်တိုင်းကို အစွမ်းကုန်ထုတ်ဖော်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း"
တူကြီးက မိစ္ဆာဝံပုလွေဆေဘာထံ ပြင်းထန်စွာကျရောက်လာသည်။ သွေးဘုရင်သည် တစ်ဖက်လူမှ အကြောက်အရွံ့ကင်းမဲ့စွာဖြင့် သူသေကိုယ်သေ တိုက်ခိုက်လာသောကြောင့် ကြောက်စိတ်ကို ခံစားနေရသည်။ အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် ခြင်္သေ့နန်းတော်၏ နတ်ဘုရင်သုံးယောက်မှာ နောက်ဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ထိုသုံးယောက်လုံးက ခရမ်းမီးတောက်လင်းယုန်ကဲ့သို့ ကိုယ့်ကိုကိုယ်ဖောက်ခွဲလာမည်ကို ဝံပုလွေတိုင်းပြည်၏နတ်ဘုရင်များ ကြောက်လန့်နေကြသည်။
သူတို့အဓိကကြောက်လန့်သည်မှာ ထုံတန်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်နှင့် ခွန်အားအရ ကိုယ့်ကိုကိုယ်ဖောက်ခွဲလိုက်လျှင် ကပ်ဘေးတစ်ခု ကြီးကျယ်စွာ ဖြစ်ပေါ်လာနိုင်လေသည်။
***