သေခြင်းနှင့်ရှင်ခြင်း
Vol. 25 Ch. 352
ယဲ့ချန်သည် ခရမ်းရောင်မီးတောက်လင်းယုန်အကြီးအကဲ ကျိမင်နှင့် တစ်ကြိမ်သာဆုံဖူးသောကြောင့် များစွာရင်းနှီးခြင်း မရှိပေ ကျိမင်၏ပညာဉာဏ်ရှိကာ ကြင်နာတတ်သောပုံစံက သူ၏အမြင်ကောင်းကို ရစေခဲ့သည်။ သူက သေရမည်ကိုပင် ရန်သူနတ်ဘုရင်သုံးယောက်ကို အပါခေါ်သွားရန် ဆုံးဖြတ်ခဲ့သောကြောင့် ယဲ့ချန်က အလွန်လေးစားသွားမိသည်။ လူသားများဖြစ်စေ သားရဲများဖြစ်စေ ချစ်ရသောအရာများအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ကြသည်။ ကျိမင်သည်လည်း သူတန်ဖိုးထားရသော ခြင်္သေ့နန်းတော်အတွက် အသက်ကိုစွန့်လွှတ်ခဲ့သည်။ အခြားလူများအတွက် ဤကား အမည်တစ်ခုဖြစ်သော်လည်း ကျိမင်၏စိတ်ထဲတွင် အရေးအကြီးဆုံးအရာဖြစ်ပေသည်။ ယဲ့ချန်သည်လည်း ယဲ့မျိုးနွယ်အတွက် အသက်ကိုစွန့်လွှတ်ကာ ပျော်ပျော်ကြီးတိုက်ခိုက်နေသည်နှင့် ကျိမင်၏သဘောထားက တူညီလေသည်။
ယဲ့ချန်၏လက်ရှိခွန်အားအရ ဤတိုက်ပွဲအတွင်း ကွဲပြားမှုဖြစ်လာစေရန် မစွမ်းဆောင်နိုင်ပေ။ အင်မော်တယ်အမှောင်ဖီးနစ်သည်လည်း အစစ်အမှန်နတ်ဘုရင်များထံမှ တိုက်ကွက်အနည်းငယ်ကိုသာ ခုခံနိုင်သည်။ ယဲ့ချန်အနေဖြင့် ကူညီနိုင်သောအရာမှာ ခြင်္သေ့နန်းတော်၏ မျိုးဆက်သစ်လူငယ်များကို ကယ်တင်ပေးခြင်းသာဖြစ်သည်။
"ဆရာ ကျုပ် ကျိလေ့တို့ကို ကယ်ချင်တယ်။ ကောင်းကင်ကြယ်တာရာတံဆိပ်ထဲမှာ နေရာနည်းနည်းလောက် ပေးနိုင်မလား"
ယဲ့ချန်က ခြင်္သေ့ကြီးထံ ခွင့်တောင်းလိုက်သည်။
"ရတယ်"
ခြင်္သေ့ကြီးက ချက်ချင်းသဘောတူလိုက်သည်။
ယဲ့ချန်က လေပေါ်သို့ခုန်တက်၍ ကောင်းကင်ကြယ်တာရာတံဆိပ်၏ဝင်ပေါက်ကို ဝိညာဥ်အသိစိတ်သုံးပြီး ဖွင့်လှစ်လိုက်သည်။
"မြန်မြန်ဝင်ကြ"
ယဲ့ချန်က ကျိလေ့နှင့်ရဲချိုးကို အော်ပြောလိုက်သည်။ ယဲ့ချန်က သူတို့ကိုကူညီပေးနေသဖြင့် နှစ်ယောက်လုံးက ခုခံမှုမပြုလုပ်ခဲ့ပေ။ အကယ်၍ သူတို့သာခုခံခဲ့လျှင် ယဲ့ချန်က ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ထည့်ရန် ကြိုးစားအားထုတ်ရဦးမည်ဖြစ်သည်။ သို့သော် သူတို့က လုံးဝမခုခံခဲ့သောအခါ အလွယ်တကူကယ်တင်နိုင်ခဲ့သည်။
"မင်းတို့လည်းဝင်ကြ"
ယဲ့ချန်က ချင်ယု၊ ဖေးယင်နှင့် မင်ယီထံ ပျံသန်းသွားလိုက်သည်။ ချင်ယုသည် ယဲ့ချန်၏ရည်ရွယ်ချက်ကို နားလည်သော်လည်း အကြီးအကဲများအသက်စွန့်၍ တိုက်ခိုက်နေသော တိုက်ပွဲအတွင်းမှ သူရဲဘောကြောင်စွာ ထွက်မပြေးလိုခဲ့ပေ။
"ငါမသွားဘူး။ ငါသေရင်တောင် ထွက်မသွားနိုင်ဘူး"
ချင်ယုက သွေးနီရောင်မျက်လုံးများနှင့် တိုက်ပွဲကိုတစ်ချက်ကြည့်ကာ ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ အင်မော်တယ်အမှောင်ဖီးနစ်၏မျက်လုံးများ ရုတ်တရက်လင်းလက်လာပြီး ချင်ယုမှာ နေရာတွင် အေးခဲသွားခဲ့သည်။ ထို့နောက် ယဲ့ချန်က သူ၏နောက်စေ့ကို သတိမေ့အောင်ရိုက်၍ တံဆိပ်အတွင်း ထည့်သွင်းလိုက်၏။ သူက မင်ယီနှင့်ဖေးယင်ကိုလည်း ပုံစံတူပြုလုပ်၍ ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ထည့်သွင်းကယ်တင်လိုက်သည်။
သူက ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ရွှေရောင်သံချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသကဲ့သို့ ရွှေရောင်တောက်ပနေသော ထုံတန်ကို မြင်လိုက်ရသည်။ သူက ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးယောက်နှင့် တိုက်ခိုက်ရန် ဧရာမခြင်္သေ့ဝိညာဥ်ကြီးကို ထုတ်ဖော်ထားသည်။ ကောင်းကင်ထက်တွင် ဝိညာဥ်စွမ်းအားများ ပြည့်နှက်နေသည်။ ထုံတန်က ယဲ့ချန်၏လုပ်ရပ်နှင့်အကြည့်ကို သတိထားမိသောအခါ တစ်ချက်ပြုံးလိုက်သည်။ ဤအပြုံးတွင် သူ၏ကျေးဇူးတင်စိတ်ကို ဖော်ပြထားကာ ကျိလေ့တို့ကို ယဲ့ချန်ကယ်တင်သွားပြီးနောက် သေခြင်းကိုကြောက်စရာမလိုဘဲ တိုက်ခိုက်နိုင်ပြီဖြစ်သည်။ ဤကား အပြုံးတစ်ခုသာဖြစ်သော်လည်း ယဲ့ချန်အနေဖြင့် ထာဝရမှတ်မိနေမည့် အပြုံးမျိုးဖြစ်သည်။ သူက ထုံတန်အပေါ် အလွန်လေးစားသွားမိခဲ့သည်။
ထုံတန်သည် သူ့ကိုယ်သူကယ်တင်၍ ကိုယ်လွန်ရုန်းထွက်ပြေးရန် အလွန်လွယ်ကူသော်လည်း နောက်လိုက်များကို မစွန့်ပစ်ခဲ့ပေ။ သူက မိတ်ဆွေများနှင့်အတူ သေခြင်းကိုပင်ဂရုမစိုက်ဘဲ ရင်ဘောင်တန်း၍ တိုက်ခိုက်ခဲ့သည်။ ယဲ့ချန်သည် သူရဲကောင်းတစ်ယောက်၏သေခြင်းရှင်ခြင်းကို ရုတ်တရက်နားလည်သွားခဲ့သည်။
"ယဲ့ချန် သွားချိန်တန်ပြီ"
ခြင်္သေ့ကြီးက တိုက်တွန်းလိုက်သည်။ ယဲ့ချန်က ရွှေရောင်နတ်အလင်းများ လွှမ်းခြုံနေသော ထုံတန်ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ထုံတန်၏ဝိညာဥ်က ပြင်းထန်စွာလောင်ကျွမ်းနေသဖြင့် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ထုတ်ဖော်ထားပုံပေါ်သည်။
"ခင်ဗျားလည်း ဒီလိုမလုပ်ပါစေနဲ့ဗျာ"
ယဲ့ချန်ကအံကြိတ်၍ စစ်မြေပြင်အတွင်းမှ စတင်ထွက်ခွာလိုက်သည်။ အင်မော်တယ်အမှောင်ဖီးနစ်ကိုမူ ပြန်လည်ရုတ်သိမ်းခြင်းမပြုဘဲ ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်တစ်ယောက်ကိုတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ဤက သူတတ်စွမ်းသမျှသော အကူအညီဖြစ်၍ ယဲ့ချန်၏နှလုံးသားထဲတွင် ကူကယ်ရာမဲ့မှုကို ခံစားနေရသည်။
တိုက်ပွဲပြီးဆုံးသွားလျှင် ခြင်္သေ့နန်းတော် အဆုံးသတ်သွားမည်ဖြစ်သော်လည်း ဝံပုလွေတိုင်းပြည်က အောင်ပွဲရရန်အတွက် ကြီးမားစွာပေးဆပ်ရပေလိမ့်မည်။
"ဘန်း ဘန်း"
နတ်ဆင်နှင့် သင်းခွေချပ်ကြီးက တိုက်ခိုက်ခံလိုက်ရသဖြင့် လွင့်ထွက်သွားကြသည်။ ရန်သူနတ်ဘုရင်များ၏ တိုက်ခိုက်မှုအောက်တွင် သူတို့က နောက်ဆုံးခွန်အားကို ထုတ်ဖော်ထားကြသည်။ သေခြင်းနှင့် ခြေတစ်လှမ်းသာနီးကပ်နေသော်လည်း သူတို့က မျက်လုံးများဖွင့်ထား၍ ထုံတန်ကို စိုက်ကြည့်နေခဲ့သည်။ နှစ်ယောက်လုံးက သေခြင်းကို အပြုံးတစ်ခုနှင့် ရင်ဆိုင်သွားမည့်ပုံပေါ်သည်။
"ဒီနေ့ကစလို့ ငါတို့ညီအစ်ကိုဖြစ်ပြီ။ သေခြင်းနဲ့ရှင်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းကို အတူတကွရင်ဆိုင်မယ်"
သူတို့၏စိတ်ထဲတွင် အတိတ်မှကျိန်ဆိုခဲ့သော သွေးသောက်ညီအစ်ကိုသစ္စာကို ပြန်လည်ကြားယောင်နေမိသည်။
"အစ်ကိုနှစ် ကျိမင်က သွားနှင့်ပြီ။ အစ်ကိုကြီး နောက်ဘဝသာရှိရင် ကျုပ်တို့အားလုံး ညီအစ်ကိုထပ်ဖြစ်ချင်ပါသေးတယ်"
ရွှေရောင်အလင်းများက ကောင်းကင်ထက်တွင် နေတစ်စင်းကဲ့သို့ ထွန်းလင်းတောက်ပနေသည်။ ၎င်းတို့၏အလယ်တွင် ထုံတန်က မတ်တပ်ရပ်နေသည်။ ခုနစ်ထပ်ရှိ မဟာသာလွန်အဆင့်ဝိညာဥ်သားရဲများပင် ထွက်ပေါ်လာသောစွမ်းအင်ကြောင့် တုန်ယင်သွားကာ အဝေးသို့ အမြန်ဆုံးထွက်ခွာသွားကြသည်။ ဤကား ထိပ်ဆုံးအဆင့် နတ်ဘုရင်တစ်ယောက်မှ အသက်ကိုလောင်ကျွမ်း တိုက်ခိုက်နေခြင်းဖြစ်သည်။
"ဒီကောင်ကို အတူတူပေါင်းပြီး သတ်မယ်။ မြန်မြန်"
သွေးဘုရင်က ကြောက်လန့်တကြား အမိန့်ပေးလိုက်ပြီး မိစ္ဆာဝံပုလွေဆေဘာနှင့် ထုံတန်ကို ခုတ်ပိုင်းလိုက်သည်။ ဟန်ဟုန်နှင့် အခြားနတ်ဘုရင်များမှာ မျက်နှာပေါ်သို့ထင်ဟပ်နေသော ရွှေရောင်အလင်းကြောင့် ထိတ်လန့်နေကြသည်။
"ပြေး"
နတ်ဘုရင်သုံးယောက်က ချက်ချင်းထွက်ပြေးသွားကြသည်။ သူတို့က အလိုလောဘကြောင့် ဝံပုလွေတိုင်းပြည်နှင် ပူးပေါင်းခဲ့ခြင်းသက်သက်သာဖြစ်၍ အသက်ကို မစွန့်လွှတ်နိုင်ကြပေ။ သရဲလင်းနို့မျိုးနွယ် ရင်ရှက သေဆုံးသွားပြီဖြစ်၍ သူတို့က အသေမခံနိုင်ပေ။ ဝံပုလွေတိုင်းပြည်၏နတ်ဘုရင်များက ကြောက်လန့်နေသော်လည်း အံကြိတ်၍ သွေးဘုရင်နောက်မှ လိုက်ပါသွားကြသည်။
"သေစမ်း"
နတ်ဘုရင်လေးယောက်က တိုက်ခိုက်ရန် ရှေ့သို့ပြေးတက်လာကြသည်။ ယဲ့ချန်က မျက်စိကျိန်းစပ်လောက်သောရွှေရောင်အလင်းများကြောင့် အကြည့်လွှဲလိုက်ရသည်။
ထိုအချိန်တွင် ပုံရိပ်ရှစ်ခုက စစ်မြေပြင်သို့ လျင်မြန်စွာ ချဥ်းကပ်လာနေကြသည်။
"ခြင်္သေ့ဘုရင် ဝံပုလွေဘုရင် ရပ်စမ်း"
ဤပုံရိပ်ရှစ်ခုက မိုးကြိုးချောက်နက်၏ ကျင့်ကြံသူများဖြစ်ကာ နတ်ဝိဇ္ဇာငါးယောက်နှင့် နတ်ဘုရင်သုံးယောက် ပါဝင်သည်။
ထုံတန်က ပေါက်ကွဲခါနီး ရွှေရောင်စွမ်းအင်များ၏အလယ်တွင် မားမားမတ်မတ်ရပ်နေခဲ့သည်။ သူက လျှို့ဝှက်ကျင့်စဥ်ကို ယာယီရပ်တန့်ထားလိုက်သော်လည်း စိတ်ရှိတိုင်းဖောက်ခွဲပစ်နိုင်သည်။ ဤပေါက်ကွဲမှုက ရန်သူနတ်ဘုရင်လေးယောက်လုံးကို မသတ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သည်။ ကျန်တစ်ဖက်တွင်မူ ထုံတန်က သေချာပေါက်သေဆုံးရပေလိမ့်မည်။
"ဆရာ ထုံတန် ဘယ်လိုဖြစ်သွားမှာလဲ"
ယဲ့ချန်က စိုးရိမ်တကြီးမေးလိုက်သည်။ လက်ရှိတွင် ထုံတန်၏ဝိညာဥ်စွမ်းအင်များက လောင်ကျွမ်းခြင်း ရပ်တန့်နေခဲ့သည်။
"ဒီကောင်လေးက ခြင်္သေ့နတ်တူကိုအသုံးချပြီး လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အချိန်တိုင်းထုတ်ဖော်နိုင်အောင် ပြင်ဆင်ထားတယ်။ မိုးကြိုးချောက်နက်ရောက်လာပြီဆိုတော့ အခြေအနေက တည်ငြိမ်သွားနိုင်တယ်။ သူတို့က ဝံပုလွေတိုင်းပြည်ကိုရော ခြင်္သေ့နန်းတော်ကိုရော မပျက်စီးစေချင်ဘူး။ ဒီကိစ္စရဲ့အကျိုးသက်ရောက်မှုက နတ်ဘုရင်အင်အားစုတွေကို လက်ဝါးကြီးအုပ်ဖို့ ချောင်းနေတဲ့ သမာဓိကောင်စီအတွက် အခွင့်ကောင်းဖြစ်သွားလိမ့်မယ်"
ခြင်္သေ့ကြီးက အခြေအနေကို သုံးသပ်လိုက်သည်။
ကျဥ်းထဲကျပ်ထဲရောက်နေသော သွေးဘုရင်က နောက်လိုက်နတ်ဘုရင်များနှင့်အတူ နောက်ဆုတ်သွားခဲ့သည်။ ထုံတန်က လျှို့ဝှက်ကျင့်စဥ်ကို ထုတ်သုံးလိုက်လျှင် သေဆုံးသွားမည်ဖြစ်သော်လည်း ဝံပုလွေတိုင်းပြည်က အခြေအနေကောင်းမည်မဟုတ်ပေ။
"ဒီစစ်ပွဲကိုရပ်လိုက်ကြတာ မကောင်းဘူးလား။ ခြင်္သေ့ဘုရင်ကို ကျုပ် တောင်းပန်ပါတယ်။ မိုးကြိုးချောက်နက်ရဲ့ အကြီးအကဲနှစ်ယောက်က ဝံပုလွေတိုင်းပြည်နဲ့ဆက်နွယ်နေတော့ တိုက်ပွဲမှာ အကူအညီမပေးနိုင်ခဲ့ဘူး။ တကယ်လို့ ကျုပ်တို့သာဝင်ကူညီပေးခဲ့ရင် မိုးကြိုးချောက်နက်မှာ အတွင်းပိုင်းပြဿနာတွေ ဖြစ်လာနိုင်တယ်"
ရွှေရောင်သံချပ်ကို ဝတ်ဆင်ထားသော နတ်ဝိဇ္ဇာတစ်ယောက်က ထုံတန်ကို ပြောလိုက်ခြင်းဖြစ်သည်။
ထုံတန်က အေးစက်စက်မျက်နှာထားနှင့်ရပ်နေပြီး စကားတစ်ခွန်းမှ မတုံ့ပြန်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ မိုးကြိုးချောက်နက်က သူတို့၏ကတိကို ဖျက်ခဲ့သည်။ အကြီးအကဲနှစ်ယောက်ဆိုသည်မှာ သူတို့၏အကြောင်းပြချက်သက်သက်သာဖြစ်ပြီး ဝံပုလွေတိုင်းပြည်ကို ထိတ်လန့်နေခြင်းသာဖြစ်သည်။ လက်ရှိအခြေအနေတွင် သူတို့က ကြားနေလုပ်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
"ဘုရင်သုံးပါး မင်းတို့ရဲ့စစ်တပ်ကို ဆုတ်ခွာပေးပါ။ မိုးကြိုးချောက်နက်က ဒီကိစ္စကို ဝင်ရောက်ဖြေရှင်းပေးပါမယ်။ မင်းတို့သာ ထုံတန်ကို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်တော့ မိုးကြိုးချောက်နက်က ရပ်ကြည့်နေမှာမဟုတ်ဘူး"
နတ်ဝိဇ္ဇာက ဝံပုလွေတိုင်းပြည်ကို သတိပေးလိုက်သည်။
သွေးဘုရင်က ဒေါသတကြီးနှာခေါင်းရှုံ့လိုက်သည်။ မိုးကြိုးချောက်နက်က ဤနေရာတွင် လူတွယ်ကျယ်လာလုပ်နေရဲသော အကြောင်းအရင်းမှာ ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်လေးယောက် တိုက်ပွဲကျသွားသောကြောင့်သာ ဖြစ်သည်။ ကျန်နတ်ဘုရင်များမှာလည်း တိုက်ပွဲကြောင့် ပင်ပန်းဒဏ်ရာရနေခဲ့ကြသည်။
ခြင်္သေ့နန်းတော်နှင့် ဝံပုလွေတိုင်းပြည်က နတ်ဘုရင်များဆုံးရှုံးလိုက်ရပြီး အခြေအနေဆိုးရွားချိန်တွင် မိုးကြိုးချောက်နက်က ဝင်ရောက်အခွင့်ကောင်းယူလာခဲ့သည်။ သို့သော် အင်အားစုနှစ်ခုလုံးပျက်စီးသွားလျှင် သူတို့အတွက် ကောင်းကျိုးမရှိသောကြောင့် စစ်ပွဲကိုတားမြစ်ရန် ထွက်ပေါ်လာခဲ့သည်။ ခြင်္သေ့နန်းတော်က သူတို့၏မဟာမိတ်ဖြစ်ပြီး ဝံပုလွေတိုင်းပြည်၏ခွန်အားကို သမာဓိကောင်စီအား ပူးပေါင်းတွန်းလှန်ရန် လိုအပ်နေခဲ့သည်။
"ဘုရင်သုံးပါး တိုက်ပွဲဆက်ဖြစ်နေရင် ထုံတန်ရဲ့လျှို့ဝှက်ကျင့်စဥ်ကြောင့် မင်းတို့လည်း အထိနာသွားလိမ့်မယ်။ နောက်ဆုတ်ကြတာ အကောင်းဆုံးဖြစ်လိမ့်မယ်"
နတ်ဝိဇ္ဇာက သွေးဘုရင်ကို ဖြောင်းဖျလိုက်သည်။
"ကောင်းပြီ။ တိုက်ပွဲကို ငါတို့ဘက်က ရပ်ပေးမယ်"
သွေးဘုရင်က အံကြိတ်ပြီး အေးစက်စက်ပြောလိုက်သည်။
"ရပ်ရမှာလား။ ငါ့ညီနှစ် ကျိမင်သေသွားတာ အလကားဖြစ်သွားမှာပေါ့။ ဒီတိုက်ပွဲ မပြီးသေးဘူး"
ထုံတန်၏စွမ်းအင်များက နောက်တစ်ကြိမ် ပြင်းထန်စွာတုန်ခါလာခဲ့သည်။ ကျိမင်၏သေခြင်းအတွက် လက်စားချေရန် သူက ဝံပုလွေတိုင်းပြည်ကို ငရဲအထိဆွဲချသွားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း သူက ဤသို့ပြုလုပ်ရန် တုံ့ဆိုင်းနေခဲ့သည်။ သူသာသေဆုံးသွားလျှင် ခြင်္သေ့နန်းတော်က ဒုတိယအဆင့်အင်အားစုတစ်ခုအဖြစ် လျှောကျသွားပေလိမ့်မည်။ ဤအမည်နာမအောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သိန်းချီသော မျိုးနွယ်ဝင်များရှိနေသဖြင့် သူက ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။
"ထုံတန် မင်းတစ်ယောက်တည်း နတ်ဘုရင်တွေဆုံးရှုံးရတယ် ထင်နေတာလား"
သွေးဘုရင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည်လည်း ထုံတန်၏လျှို့ဝှက်ကျင့်စဥ်ကို ကြောက်လန့်နေခဲ့သည်။ သူက လျှို့ဝှက်ကျင့်စဥ် ပျောက်ကွယ်သွားမည့်အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ပြီး ထုံတန်ကိုသတ်ရန် အခွင့်ကောင်းကို ကျားချောင်းချောင်းနေခဲ့သည်။
"ခြင်္သေ့ဘုရင် မင်းရဲ့ဆက်ခံသူတွေအကြောင်း ထည့်စဥ်းစားပါ။ ကျိလေ့က မင်းနေရာကိုဆက်ခံဖို့ အရမ်းငယ်သေးတယ်။ ခြင်္သေ့နန်းတော်မှာ ရန်သူတွေအများကြီးရှိလို့ မင်းသာသေသွားရင် သိန်းချီတဲ့ကျင့်ကြံသူတွေအားလုံးလည်း သေရလိမ့်မယ်။ ဒီရန်သူတွေက ခြင်္သေ့နန်းတော်ပျက်စီးမယ့်အချိန်ကို စောင့်နေကြတာ သိတယ်မလား"
မိုးကြိုးချောက်နက်၏ အကြီးအကဲ နတ်ဝိဇ္ဇာက ထုံတန်ကို သတိပေးလိုက်သည်။
ထုံတန်၏ အေးစက်စက်မျက်လုံးများတွင် ဝေခွဲမရသောအတွေးများ ဖြစ်ပေါ်လာသည်။ အသက်ရှင်ရန်အတွက် ကြီးစွာသောသတ္တိလိုအပ်ပြီး အသက်စွန့်ရန်ထက် ပို၍ခက်ခဲနေခဲ့သည်။ ချီတုံချတုံဖြစ်နေသော ထုံတန်ဘေးသို့ ယဲ့ချန်က ရုတ်တရက်ပျံသန်းသွားခဲ့လေသည်။
***