အပြင်စည်းဂိုဏ်းရဲ့ အလှမယ်၄ပါး
Vol. 5 Ch. 62
" လီဖူချန်း ... ဒီလိုဖြစ်သွားတာ နင်အဆင်ပြေပါ့မလား"
ကျူးဟောင်ရှုက လီဖူချန်းရဲ့ စွမ်းရည်ကို တွေ့လိုက်ရတဲ့ အခါမှာတော့ အံ့အားသင့်သွားပါတယ်။
ပြီးတော့ သူမကြောင့် ဒီလို ရန်စတစ်ခု ဖြစ်သွားတဲ့ အတွက်လည်း အရမ်း အားနာနေမိပါတယ်။
လီဖူချန်းက
" ဒါနင်လိုချင်တဲ့ အရာပဲ မဟုတ်ဘူးလား။ နောက်ဆိုရင် သူမင်းကို အနှောင့်အယှက် လာပေးတော့မှာ မဟုတ်ဘူးလေ"
ကျူးဟောင်ရှုက ပြန်ပြောလိုက်ပါတယ်။
" ငါကတော့ နင့်ကိုပိုပြီး စိတ်ပူမိတယ်။ ကျင်းရှောင်ယုက ကလဲ့စားကို အမြန်ဆုံး ပြန်ချေတတ်တဲ့ လူတစ်ယောက်လေ"
လီဖူချန်းက ပြုံးလိုက်ပြီး
" စိတ်မပူပါနဲ့လေ။ ငါ့မှာ ရန်သူတွေ အများကြီး ရှိနေပြီးသားပဲ။ နောက်တစ်ယောက် ထပ်တိုးလာတော့လည်း ဘာမှ ပိုမထူးတော့ပါဘူး"
ကျူးဟောင်ရှုက တောင်းပန်လိုက်ပါတယ်။
" ဘယ်လိုပဲ ဖြစ်ဖြစ်လေ နင့်ကို ဒီကိစ္စထဲ ဆွဲထည့်မိတာက ငါ့ရဲ့ အမှားပါပဲ"
"ငါမလုပ်ချင်တဲ့ အရာဆိုရင် ဘယ်သူမှ ငါ့ကို တွန်းအားပေးလို့ မရဘူး
ကျူးဟောင်ရှု ။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင် မနေနဲ့ဦး"
သူမက သူ့ကို ဒိုင်းအဖြစ် အသုံးချခဲ့ ပေမဲ့လည်း သူစိတ်မပါရင် ဒီလိုဖြစ်လာခဲ့မှာ မဟုတ်ဘူးလေ။ ဒါက သူ့ရဲ့ ရွေးချယ်မှု ပါပဲ။ ပြီးတော့ သူက ကျင်းရှောင်ယုကို မျက်လုံးထဲ မှာတောင် မထည့်ထားပါဘူး။
ညစာစားပြီးတဲ့ နောက်မှာတော့ သူတို့ဟာ လမ်းခွဲခဲ့ကျပြီး သူတို့ခြံဝင်းထဲကို သူတို့ ပြန်သွားခဲ့ကျပါတယ်။
တာအိုလမ်းခွဲ ခန္ဓာကိုယ် ပညာရပ်က သူထင်ထားတာထက်ကို အတော်လေး ခက်ခဲပါတယ်။
ဒီပညာရပ်ရဲ့ ပထမအဆင့်ကို အောင်မြင်ဖို့ကို သုံးရက်တိတိ လေ့ကျင့်ခဲ့ရပါတယ်။ တာအိုလမ်းခွဲ ပညာရပ်ရဲ့ ပထမအဆင့်က သူ့ရဲ့ ခန္ဓာကိုယ် ပြင်ပအားကို တိုးမလာစေပေမဲ့ သူရဲ့ အလိုအလျောက် တုံ့ပြန်မှုတွေက ပိုပြီး ချောချောမွေ့မွေ့ ဖြစ်လာပါတယ်။
***
နောက်တစ်နေ့မှာတော့ လီဖူချန်းက အရင်းအမြစ် ဌာနကို ရောက်လာခဲ့ပါတယ်။ သူရဲ့ အစီအစဉ်ကတော့ အဝါရောင်အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ဆေးတွေ ဝယ်ယူဖို့ပါပဲ။ သိတဲ့အတိုင်းပဲ ခန္ဓာကိုယ် သန့်စင်ဆေးတွေက ဈေးကြီးလွန်းပါတယ်။
အဝါရောင် အလယ်အလတ်အဆင့် ဆေးတစ်လုံးကို တောင် အမှတ် ၂၅၀ ရှိပါတယ်။ အဝါရောင် အဆင့်မြင့် ဆေးဖြစ်တဲ့ ကျားနဂါးဆေး တစ်လုံးကိုတော့ ရမှတ် ၁၅၀၀ တောင် ပေးရပါတယ်။
လီဖူချန်းက ကျားနဂါးဆေးလုံး ၆ လုံးကို ရမှတ်နဲ့ လဲယူခဲ့ပါတယ်။ အပြန်လမ်းမှာတော့ လီဖူချန်းက မထင်မှတ်ပဲ ဂေါင်ချန်းရှန်နဲ့ တွေ့ဆုံမိပါသေးတယ်။
ကောင်းချန်ရှန်က ပြိုင်ဘက်ကင်း ၁၀ယောက်ထဲက တစ်ယောက်ဖြစ်ပေမဲ့ သူက တခြားသူတွေလို မာနထောင်လွှားခြင်း လုံးဝ မရှိပါဘူး။ သူ့ကိုကြည့်ရတာ ဖြောင့်မတ် တည်ကြည်တဲ့ သူရဲကောင်း တစ်ယောက်လိုပါပဲ။ ဂေါင်ချန်းရှန်က လီဖူချန်းကို မြင်တာနဲ့ မေးလိုက်ပါတယ်။
" လီဖူချန်း ... ဒီအတောအတွင်းမှာ မင်းကို ဖန်လီဟိုင် ပြဿနာလာရှာသေးလား"
လီဖူချန်းက ခေါင်းကို ခါပြလိုက်ပြီး
" အရင် တစ်ခေါက်တုန်းက ကူညီခဲ့တာကို ကျေးဇူးတင်ပါတယ်။ အစ်ကိုဂေါင်"
အဲသည်နေ့တုန်းက စွမ်းရည်တွေ အရဆိုရင် လီဖူချန်းက ဖန်လီဟိုင်ကို ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိပါဘူး။
" အဲသည် စောက်ရူးက ဘဝင်တွေ ဇွတ်မြင့်ပြီး လူတကာကို ပတ်ပြီး အနိုင်ကျင့်နေတာ။ ဟင်း ... ငါက သူ့ကို ကြောက်တယ်များ ထင်နေလား မသိဘူး။ ဒီရက်ပိုင်းအတွင်း သူက မင်းကို ပြဿနာ လာရှာမှာကို ငါက စိုးရိမ်နေတာကွ "
ဂေါင်ချန်းရှန်က လီဖူချန်းကို ကြည့်ပြီး ပြောလိုက်ပါတယ်။ လီဖူချန်းက သိုင်းပညာဘက်မှာ ပါရမီပါတယ် ဆိုပေမဲ့ ပြိုင်ဖက်ကင်း ၁၀ယောက်အဆင့်တော့ မရောက်နိုင်သေးဘူးလို့ သူက ထင်နေတာလေ။
လီဖူချန်းက
" ဒီအတောအတွင်းမှာ ကျွန်တော် အများကြီး တိုးတက်နေပါပြီ အစ်ကိုဂေါင်။ သူပြဿနာ လာမရှာတာ ကံကောင်းတယ် လို့တောင် မှတ်ထားသင့်တယ်။ မကြာခင်မှာ ကျွန်တော်သူ့ဆီ သွားလည်ဦးမှာပါ"
" ဝိုး"
ဂေါင်ချန်းရှန်က မျက်ခုံး ပင့်လိုက်တယ်။ သူသိရသလောက်ဆိုရင် လီဖူချန်းက အပြောသမား တစ်ယောက် မဟုတ်ပါဘူး။ လီဖူချန်းက ဒီလိုပြောတယ် ဆိုကတည်းက သူ့မှာ လုပ်နိုင်တဲ့ အစွမ်းရှိလို့ပါပဲ။
"ကြည့်ရတာ ဖန်လီဟိုင်က သူရန်မစသင့်တဲ့ သူတစ်ယောက်ကို ရန်စလိုက်မိပြီနဲ့ တူတယ်။ ဟား ... ဟား ... ဒါပေမဲ့ မင်းသူ့ကို အရမ်းတော့ အထင်မသေးထားနဲ့ဦး။ ငါတို့ ပြိုင်ဘက်ကင်း၁၀ ယောက်က ဆန်းကြယ်အဆင့် သိုင်းကျမ်းတွေကို လေ့ကျင့်ခွင့် ရှိတယ်လေ။ ဖန်လီဟိုင်လို ရွှေသံမဏိ အထူးအရိုး တည်ဆောက်ပုံနဲ့ ကောင်ပဲ။
ဒါကြောင့်သူက ဆန်းကြယ်အဆင့်ထဲက သံရိုင်းငှက် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ထားတယ်။
ဒီအတောအတွင်း သူမင်းဆီကို မလာဘူးဆိုတာက ဒီပညာရပ်ကို ကျွမ်းကျင်အောင် လေ့ကျင့်နေလို့ပဲ ဖြစ်ရမယ်"
ဂေါင်ချန်းရှန်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။ ဒီအကြောင်းကို ကြားလိုက်တော့ လီဖူချန်းက အနည်းငယ် အံ့အားသင့်သွားပါတယ်။ သူထင်ထားတာက အပြင်စည်း ပြိုင်ဘက်ကင်း ၁၀ ယောက်ဆိုတာ နာမည်တစ်ခုလို့ပဲ ထင်ထားခဲ့တာလေ။ ဒီလိုအခွင့်ထူးခံ လူတန်းစား တစ်ရပ်လို့ မသိခဲ့မိပါဘူး။ သံရိုင်းငှက် ခန္ဓာကိုယ် ကျင့်စဉ်ကိုတော့ သူက အတွင်းစည်း သိုင်းကျမ်းဆောင်မှာတုန်းက တွေ့ခဲ့ဖုးပါတယ်။
ဒီကျင့်စဉ်က အောင်မြင်သွားရင် လေ့ကျင့်တဲ့သူကို ၇၅၀၀ ကီလိုဂရမ်အား ပေးစွမ်းနိုင်ပါတယ်။
ပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း သံမဏိအလား မာကျောသွားစေပါတယ်။ ဒီကျင့်စဉ်ရဲ့ ခံနိုင်ရည်အားက ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်ထက် ဘယ်လောက် သာသလဲ ဆိုတာကိုတော့ သူမသိပါဘူး။
သေချာတာတစ်ခုကတော့ ဒီလပိုင်း အတွင်းမှာတော့ ဖန်လီဟိုင်က သံရိုင်းငှက် ခန္ဓာကိုယ် ကျင့်စဉ်ကို အောင်မြင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဆန်းကြယ်အဆင့် ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်တွေက အဝါရောင် အထွတ်အထိပ် ကျင့်စဉ်တွေနဲ့တောင် နှိုင်းယှဉ်လို့ မရအောင် ခက်ခဲလွန်းပါတယ်။
" ဒီကောင်ကဘာလို့ သူ့ကျင့်စဉ်ကို အဆင့်မြှင့်ထားတဲ့ ကျမ်းကို မရွေးရတာလဲ"
လီဖူချန်းက ဝေခွဲမရ ဖြစ်နေပါတယ်။ ဂိုဏ်းတော်ကို ဝင်ရောက်တုန်း ဖန်လီဟိုင်က သံမဏိကြေးခွံ ပညာရပ်ကို ရွေးခဲ့တာလေ။ အဲဒီပညာရပ်ရဲ့ နောက်တစ်ဆင့်က ရွှေသံမဏိ ကြေးခွံပညာရပ်ပါ။ အမှန်ဆို ဖန်လီဟိုင်က ရွှေသံမဏိကြေးခွံ ပညာရပ်ကို ရွေးကိုရွေးရမှာပါ။
ဂေါင်ချန်းရှန်က ရယ်မောလိုက်ပြီး
" အဆင့်တိုးမြှင့်ထားတဲ့ ကျမ်းတွေက ဆန်းကြယ် အလယ်အလတ် အဆင့်တွေလေ။ အဲဒီဟာတွေက ပြောလို့မရလောက်အောင် ခက်ခဲတယ်။ ပြီးတော့ နောက်ထပ် နှစ်ဝက်ကြာရင် အပြင်စည်းဂိုဏ်းရဲ့ သိုင်းပြိုင်ပွဲ ရှိသေးတယ်။ ပြိင်ပွဲမှာ ထိပ်ဆုံး၁၀ယောက်ထဲ ဝင်တဲ့သူတွေကို ဂိုဏ်းတော်က ဆန်းကြယ်အဆင့် ပညာရပ်တစ်ခု လေ့ကျင့်ခွင့် ပေးဦးမှာလေ။ အဲဒီအချိန်မှ ရွေးရင်လည်း သူ့အတွက် မနောက်ကျသေးဘူးလို့ သူက တွက်ထားလို့ နေမှာပေါ့"
လီဖူချန်း သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ် ပြလိုက်ပါတယ်။ ဖန်လီဟိုင်ရဲ့ ရွေးချယ်မှုက မှန်ပါတယ်။ သူက အဆင့်တိုးမြှင့်ထားတဲ့ ကျမ်းကို ရွေးလိုက်ရင်တောင် နှစ်ဝက်အတွင်းမှာ အောင်မြင်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ ကျင့်ကြံခြင်း ကျင့်စဉ်တွေက အဆင့် တိုးမြင့်လာတာနဲ့ အမျှ လေ့ကျင့်ရတာကလည်း ပိုခက်လာတာက ထုံးစံပါပဲလေ ပါရမီရှင်တွေ ဆိုတာကလည်း လုံလောက်တဲ့ အချိန်မရှိရင် အလကားပါပဲ။ သူတို့မှာလည်း ကန့်သတ်ချက် ဆိုတာ ရှိပါတယ်။
လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုတွေက ဒီရက်ပိုင်း အတွင်းမှာ တိုးတက် လာပေမဲ့လည်း လျို့ဝှက် မီးတောက်ကျင့်စဉ်ကို ကျင့်ရာမှာတော့ အခက်အခဲ နည်းနည်း တွေ့နေပါသေးတယ်။
ပညာရပ်တွေကို နားလည်ဖို့က သူ့အတွက် ပြဿနာ မဟုတ်ပေမဲ့ သူ့အတွင်းအားက ပြဿနာ ဖြစ်နေပါတယ်။
အပြင်စည်းတပည့်တွေရဲ့ ပြိုင်ပွဲအကြာင်းကိုတော့ ဟိုးအရင်ကတည်းက သူက ကြားခဲ့ဖူးပါတယ်။ သုံးနှစ် ပြည့်တိုင်းပြည့်တိုင်းမှာ အပြင်စည်းဂိုဏ်းက တပည့်တွေအတွက် ပြိုင်ပွဲတစ်ခု လုပ်ပေးလေ့ရှိပါတယ်။
ဒီပြိုင်ပွဲက အတော်ဆုံး တပည့်၁၀ ယောက်ကို ရွေးချယ်ဖို့အတွက်ပါ။ ဆုကြေးတွေကိုတော့ အဆင့်အလိုက် ပေးအပ်သွားမှာပါ။
အဆင့် ၁ ကို ရမှတ် ၁၀၀၀၀၀ ရမှာဖြစ်ပါတယ်။ အဆင့်၂ နဲ့ အဆင့် ၃ ကတော့ ရမှတ် ၈၀၀၀၀ ရမှာပါ။ အဆင့်၄နဲ့ အဆင့်၅ကတော့ ရမှတ် ၆၀၀၀၀ ပါ။ အဆင့် ၆ကနေ ၁၀ အထိကတော့ ရမှတ် ၃၀၀၀၀ စီပါ။ ဒါက အပြင်စည်း တပည့်တွေ အတွက် ရမှတ်တွေ အစုလိုက် အပြုံလိုက် ရဖို့ အခွင့်အရေး ပါပဲ။
ဂေါင်ချန်းရှန်နဲ့ လီဖူချန်း စကားပြောနေစဉ်မှာပဲ သူက ရုတ်တရက် မျက်နှာ ပျက်သွားပါတယ်။
သူ့ရဲ့အကြည့်တွေက သိပ်မဝေးတဲ့ တစ်နေရာက လမ်းထဲက ထွက်လာတဲ့ သူတွေကို ကြည့်နေရင်းနဲ့ပေါ့။
လီဖူချန်းကလည်း သူ့အကြည့်တွေကို ဂေါင်ချန်းရှန် ကြည့်တဲ့နေရာကို လှမ်းကြည့်လိုက်တယ်။
လမ်းထဲက ထွက်လာတာကတော့ လူငယ်လေးတစ်ယောက်နဲ့ မိန်းမပျိုလေး တစ်ယောက်ပါပဲ။ လူငယ်လေးက ၁.၈ မီတာလောက် ရှည်ပါတယ်။
ရှည်လျားတဲ့ အနက်ရောင် ဆံပင်တွေကို ရွှေရောင် သရဖူတစ်ခုနဲ့ ထုံးထားပါတယ်။ သူရဲ့မျက်နှာကို ကြည့်ရတာ ကျောက်စိမ်းတုံး တစ်တုံးလိုပါပဲ။ သူ့ရဲ့အပြုံးတွေက တော်ဝင်ဆန်တဲ့ ပုံကို ဖော်ပြနေပါတယ်။ ဖန်လီဟိုင်လို ရှန်ဟိုင်းမြို့ရဲ့ သခင်လေးတောင်မှ ဒီရွှေရောင်သရဖူနဲ့ လူငယ်ရဲ့ အရှိန်အဝါကို မယှဉ်နိုင်ပါဘူး။ သူ့ရဲ့ဘေးက မိန်းမပျိုကလည်း ပန်းချီဆရာ တွေတောင် လက်မှိုင်ချရမယ့် အမျိုးအစား ထဲကပါပဲ။ သူမရဲ့အလှက ကောင်းရှုနဲ့ယှဉ်ရင်တောင် ဘယ်နေရာမှာမှ မနိမ့်ကျနေပါဘူး။
လီဖူချန်းက မေးလိုက်မိတယ်။
" ဂိုဏ်းတူအစ်ကို ဂေါင် ... သူတို့က ဘယ်သူတွေလဲ"
"ရှန်ကောင်းဟောင်နဲ့ ဝူကျင်မိန် "
ဂေါင်ချန်းရှန်က သူ့မျက်နှာ မပျက်အောင် မနည်း ထိန်းထားရတဲ့ပုံနဲ့ ဖြေလိုက်ပါတယ်။
“ရှန်ကောင်းဟောင်နဲ့ ဝူကျင်မိန်လား"
လီဖူချန်းက သူတို့တွေက ဘယ်သူတွေလဲဆိုတာ မှတ်မိလိုက်တယ်။ ရှန်ကောင်းဟောင်နဲ့ ဝူကျင်မိန် နှစ်ယောက်စလုံးက ပြိုင်ဖက်ကင်း ၁၀ယောက်ထဲကပါပဲ။ ရှန်ကောင်းဟောင်က ဆင်းရဲဒုက္ခမျှော်စင်မှာ အဆင့်၂ ချိတ်တဲ့ သူတစ်ယောက်ပါ။ ဝူကျင်မိန်ကတော့ ဆင်းရဲဒုက္ခမျှော်စင်ရဲ့ အဆင့်၁၅ ပါ။
ပြီးတော့ အပြင်စည်းဂိုဏ်းရဲ့ အလှမယ် ၄ပါးထဲက တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ အပြင်စည်း ဂိုဏ်းတော်ထဲမှာ ပြိုင်ဖက်ကင်း ၁၀ယောက် ဟူသော သတ်မှတ်ချက် အပြင် အလှမယ် ၄ပါးလည်း ထပ်တိုးလာပါပြီ။
အဲဒီအလှမယ် ၄ပါးကတော့ ကောင်းရှု၊ ကျူးဟောင်ရှု၊ ဝူကျင်မိန်နဲ့ ဇောင်မင်းယွီ တို့ဖြစ်ကျပါတယ်။ ဝူကျင်မိန်နဲ့ ရှန်ကောင်းဟောင်ကိုကြည့်ရတာက အရမ်း ရင်းနှီးတဲ့ပုံ ရှိပါတယ်။
ဒါကြောင့် ဝူကျင်မိန်ကို ကြိုက်နှစ်သက်တဲ့ တခြားတပည့်တွေက ရှန်ကောင်းဟန်ကို မယှဉ်နိုင်တဲ့အတွက် အဝေးကပဲ ကျိတ်ကြိုက် နေကျရပါတယ်။ အခြား အလှမယ်၃ ယောက်ကတော့ ဘယ်သူမှဒီလို ရင်းရင်းနှီးနှီးရှိတဲ့ ယောကျာ်းလေး တပည့်တွေ မရှိပါဘူး။
လီဖူချန်းက ဂေါင်ချန်းရှန်ကို စလိုက်ပါတယ်။
" ကြည့်ရတာ ဂိုဏ်းတူအစ်ကိုဂေါင်က ဝူကျင်မိန်ကို ကြိုက်နေသလိုပဲနော်"
ဂေါင်ချန်းရှန်ကတော့ ဘာမှမပြောပဲ ရယ်နေပါတယ်။
လီဖူချန်းက ရှန်ကောင်းဟောင်နဲ့ဝူကျင်မိန်ကို သေသေချာချာအကဲခတ်လိုက်ပြီးနောက်မှာတော့ ဂေါင်ချန်းရှန်ကို အားပေးလိုက်ပါတယ်။
" ကျွန်တော်တွေ့ရသလောက်တော့ ဒီနှစ်ယောက်က ရိုးရိုးသာသား ခင်မင်ကြပုံပါပဲ။ ဂိုဏ်းတူ အစ်ကိုဂေါင်အတွက် အခွင့်အရေး ရှိပါသေးတယ်။
ဂေါင်ချန်းရှန်က ခေါင်းခါလိုက်ပြီး
" လူကြီး လူကောင်းတစ်ယောက်က တခြားသူနဲ့ သက်ဆိုင်တဲ့အရာကို ဝင်မလုဘူးကွ"
ဂေါင်ချန်းရှန်က ပြန်ပြောတဲ့စကားကို ကြားပြီးတဲ့အခါမှာတော့ လီဖူချန်းက လုံးဝဆွံ့အ သွားပါတယ်။ ဂေါင်ချန်းရှန်ဆိုသည့် ကောင်က ရိုးသားဖြောင့်မတ်တဲ့ အပြင် အလွန်အမင်း အားနာတတ်တဲ့ သူပါ ဖြစ်နေပါရောလား။
***