← Chapters

ခြင်္သေ့မျိုးနွယ်၏ဘိုးဘေး

Vol. 26 Ch. 353

ခြင်္သေ့မျိုးနွယ်၏ဘိုးဘေး

Vol. 26 Ch. 353

ထုံတန်သည် လျှို့ဝှက်ကျင့်စဥ်ကို ပြန်လည်ရုတ်သိမ်းလိုက်လျှင် တန်ပြန်စွမ်းအားကို သေချာပေါက်ခံစားရမည်ဖြစ်သည်။ ဝံပုလွေတိုင်းပြည်က ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ မိုးကြိုးချောက်နက်ကဲ့သို့ စိတ်ချယုံကြည်၍မရနိုင်သော မဟာမိတ်၏လက်ထဲသို့ သူ၏အသက်ကို ဝကွက်အပ်ထားလောက်အောင် ထုံတန်က မတုံးအပေ။

"ခြင်္သေ့ဘုရင် နောက်ရက်မှာ ဆက်လက်တိုက်ခိုက်ဖို့ ဒီနေ့ အသက်ရှင်မှဖြစ်မယ်"

ယဲ့ချန်က ပြောလိုက်ခြင်းဖြစ်သည်။ အစစ်အမှန်သူရဲကောင်းတစ်ယောက်ဖြစ်သော ထုံတန်က မိစ္ဆာဝံပုလွေများ၏လက်အတွင်း အသက်ဆုံးသွားလျှင် အလွန်နှမြောစရာကောင်းပေမည်။

"တကယ်လို့ ငါက လျှို့ဝှက်ကျင့်စဥ်ကို ပယ်ဖျက်လိုက်ရင် အပြင်းအထန်ဒဏ်ရာရသွားလိမ့်မယ်။ ဒါဆိုရင် ဝံပုလွေတိုင်းပြည်က ငါတို့ကိုလိုက်သတ်မှာဖြစ်လို့ လွတ်လမ်းမရှိဘူး။ လူငယ် မင်းမြန်မြန်ထွက်သွားပါ။ ဒီကိစ္စနဲ့ မင်းက ဘာမှမဆိုင်ဘူး"

ထုံတန်က တည်ငြိမ်စွာ ခေါင်းယမ်းပြလိုက်သည်။ ဝံပုလွေဘုရင်သုံးပါး၏မျက်နှာပေါ်တွင် မသေချာမရေရာသော မျက်နှာထားများ ဖြစ်ပေါ်လာသည်။ သွေးဘုရင်သည် အင်မော်တယ်အမှောင်ဖီးနစ်ဝိညာဥ်ကို ထုတ်ဖော်နိုင်ခဲ့သော ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့ချန်က ဆန်းကျယ်စဦးအဆင့် ကျင့်ကြံသူတစ်​ယောက်ဖြစ်ကြောင်း သူက ပြောနိုင်သော်လည်း ခြင်္သေ့နန်းတော်နှင့် မည်သို့ပတ်သက်နေကြောင်း တွေးမရပေ။

ယနေ့တိုက်ပွဲကြောင့် နှစ်ဖက်လုံးတွင် အထိအခိုက်အသေအပျောက် များစွာရှိခဲ့သည်။ သွေးဘုရင်သည် ထုံတန်၏တိုက်ကွက်ကို သူ၏လျှို့ဝှက်ကျင့်စဥ်ဖြင့် အသက်ရှင်ရန် ထွက်ပြေးနိုင်မည်ဟု ယုံကြည်သော်လည်း အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။ ဝံပုလွေတိုင်းပြည်ကို မျက်စိဒေါက်ထောက်ကြည့်နေသော အင်အားစုများလည်း ရှိသောကြောင့် ဤသို့ဖြစ်လာလျှင် သူတို့က အခက်အခဲများစွာကို ကျော်ဖြတ်ရပေလိမ့်မည်။

"ငါက မိုးကြိုးချောက်နက်ရဲ့သခင် စန်းရောင်ပါ။ ထုံတန်ကို လုံခြုံစေရမယ်လို့ ကတိပေးပါတယ်။ ထုံတန် မင်း လက်ခံနိုင်မလား"

မိုးကြိုးချောက်နက်၏ နတ်ဝိဇ္ဇာတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ သူက ဝံပုလွေဘုရင်များကိုတလှည့်၊ အတွေးနက်နေဟန်တူသော ထုံတန်ကိုတလှည့် ကြည့်နေခဲ့သည်။ မိုးကြိုးချောက်နက်က ကတိဖျက်ဖူးသောကြောင့် ထုံတန်အနေဖြင့် နောက်တစ်ကြိမ်ယုံကြည်ရန် မဖြစ်နိုင်ပေ။ သူ၏အသက်ကို မိုးကြိုးချောက်နက်မှ ကာကွယ်ပေးမည်ဆိုသော စကားက ယုံချင်စရာ လုံးဝမရှိချေ။

"ခြင်္သေ့ဘုရင် ကျုပ်ကိုယုံလား"

ထုံတန်ကိုစိုက်ကြည့်နေသော ယဲ့ချန်၏မျက်ဝန်းများတွင် ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ထုံတန်မှာ ဤမီးတောက်များကြောင့် ဝမ်းသာသွားပြီး မျက်နှာထက်တွင် အလွန်အံ့သြသောအမူအရာ ဖြစ်ပေါ်လာသည်။ ခရမ်းရောင်မီးတောက်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်၏ အမှတ်အသားဖြစ်သောကြောင့် သူက ယဲ့ချန်ကို ကျောက်စိမ်းမြို့တော်တွင် တွေ့ခဲ့ဖူးသော ခြင်္သေ့မျိုးနွယ်ဝင်ဟု သိရှိသွားခဲ့သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်က ဝိညာဥ်ပုလဲကို ပစ်ထုတ်လိုက်သောအခါ ၎င်းက နတ်ဆင်နှင့်သင်းခွေချပ်ထံ ပျံသန်းသွားခဲ့သည်။ ထို့နောက် နတ်ဘုရင်နှစ်ယောက်က ဝိညာဥ်ပုလဲ၏အလင်းတစ်ချက်တွင် ဖြတ်ခနဲပျောက်ကွယ်သွားကာ ယဲ့ချန်ထံသို့ ၎င်းက ပြန်လည်ရောက်ရှိလာခဲ့သည်။

"ခြင်္သေ့ဘုရင် သွားကြစို့"

ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ကောင်းကင်ကြယ်တာရာတံဆိပ်ကို ဆက်သွယ်ကာ ထုံတန်အား စုပ်ယူလိုက်သည်။

"မိုးကြိုးချောက်နက် မင်းတို့က ခြင်္သေ့နန်းတော်ကို ကူညီချင်တယ်ဆိုရင် ဝံပုလွေတိုင်းပြည်ကို တစ်နာရီ အချိန်ဆွဲထားပေးပါ။ ခြင်္သေ့နန်းတော်ရဲ့ ကျင့်ကြံသူတွေကိုလည်း ဂရုစိုက်လိုက်"

လျှပ်စီးလက်သကဲ့သို့ အလျင်အမြန်ပြေးထွက်သွားသော ယဲ့ချန်၏စကားသံက ပီသစွာထွက်ပေါ်လာခဲ့သည်။

"ဘယ်ကို ထွက်​ပြေးချင်နေတာလဲ"

သွေးဘုရင်က အော်ဟစ်ကြုံးဝါး၍ နေရာမှချက်ချင်းခုန်ထွက်ကာ မိစ္ဆာဆေဘာဖြင့် ခုတ်ချလိုက်သည်။

ထိုအချိန်တွင် စန်းရောင်ကလည်း ဆေဘာတစ်လက်ကိုထုတ်ယူ၍ ထိုဓားချက်ကို ခုခံလိုက်သည်။ ထို့နောက် မိုးကြိုးချောက်နက်၏ နတ်အဆင့် ကျင့်ကြံသူရှစ်ယောက်က ဝံပုလွေတိုင်းပြည်၏ရှေ့တွင် လမ်းပိတ်ရပ်လိုက်ကြသည်။

"သွေးဘုရင် ထုံတန်ကို လွှတ်ပေးလိုက်ပါ။ တကယ်လို့ မင်းကလွန်လာပြီဆိုရင် မိုးကြိုးချောက်နက်က ရပ်ကြည့်မှာမဟုတ်တော့ဘူး"

စန်းရောင်က လေးလေးနက်နက် သတိပေးလိုက်သည်။ သူတို့က ခြင်္သေ့နန်းတော်၏ မဟာမိတ်ဖြစ်သောကြောင့် ဝံပုလွေဘုရင်များက ထုံတန်ကို သတ်ချင်သည်ဆိုလျှင်​ယခုတစ်ကြိမ်၌ ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။ စန်းရောင်၏အမိန့်ဖြင့် ခြင်္သေ့နန်းတော်၏ လက်ကျန်ကျင့်ကြံသူများက စုစည်းလိုက်ကြသည်။ ခြင်္သေ့နန်းတော်က ဤစစ်ပွဲတွင် အထိနာခဲ့ရပြီး ဆန်းကျယ်အဆင့် ကျင့်ကြံသူအယောက်နှစ်ရာနီးပါးသာ ကျန်ရစ်လေသည်။

သွေးဘုရင်သည် နှာခေါင်းတစ်ချက်ရှုံ့၍ ယဲ့ချန်၏တည်နေရာကို အာရုံခံလိုက်သည်။ ယဲ့ချန်က ခုနစ်ထပ်၏ဝင်ပေါက်သို့ ထွက်ပြေးသွားခြင်းမဟုတ်ဘဲ အတွင်းပိုင်းသို့ ဆက်လက်တိုးဝင်သွားသောကြောင့် လိုက်လံသတ်ဖြတ်ရန် အခွင့်အရေးရှိနေဆဲပင်။ ထုံတန်က လျှို့ဝှက်ကျင့်စဥ်ကို ပြန်လည်ပယ်ဖျက်လိုက်ရသဖြင့် လက်ရှိတွင် အပြင်းအထန် ဒဏ်ရာရနေမည်ဖြစ်သည်။ နောက်တစ်ကြိမ်ပြန်တွေ့လျှင် သူက သေခြင်းတရားကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။

သွေးဘုရင်သည် နတ်ဘုရင်နှစ်ယောက်ကို ထည့်သွင်းသွားသော အနက်ရောင်ပုလဲအကြောင်း သိချင်နေခဲ့သည်။ ထို့နောက် ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်များက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်၍ တည်ငြိမ်စွာရပ်နေကြသည်။

"မဟာဘိုးဘေး အဲ့ဒီအနက်ရောင်ပုလဲက ဘာများလဲ"

သွေးဘုရင်က ဆေဘာအတွင်းရှိဝိညာဥ်နှင့် ဆက်သွယ်လိုက်သည်။

"အတိတ်မှာကျော်ကြားဖူးတဲ့ ဝိညာဥ်ပုလဲဆိုတဲ့ လိပ်ပြာလက်နက်နဲ့တူတယ်။ အဲ့ဒီပုလဲထဲမှာနေတဲ့ အစွမ်းထက်မိစ္ဆာရဲ့နာမည်က ငါ မွေးဖွားချိန်တည်းက နေရာတိုင်းမှာ ကျော်ကြားနေပြီ"

ဝံပုလွေဘိုးဘေးဝိညာဥ်က တစ်ချက်တွေးဆ၍ ဖြေလိုက်သည်။

"ဒီလောက်အစွမ်းထက်တာလား။ ဒါဆိုရင် ထုံတန်ကို အလွတ်ပေးလို့မဖြစ်ဘူး။ သူသာ မိစ္ဆာကျင့်စဥ်တွေတတ်မြောက်သွားရင် ပိုပြီးဒုက္ခများလာနိုင်တယ်"

သွေးဘုရင်က စိုးရိမ်တကြီးဖြစ်သွားခဲ့သည်။

"မိစ္ဆာကျင့်စဥ်ဆိုတာကို လူတိုင်း သင်ယူနိုင်တာမဟုတ်ဘူး"

မဟာဘိုးဘေးက ခေါင်းယမ်းလိုက်သည်။

သွေးဘုရင်၏မျက်လုံးများတွင် လောဘမီးပွားတစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ ဝိညာဥ်ပုလဲက လိပ်ပြာလက်နက်ဖြစ်နေသဖြင့် သူသာအရယူနိုင်လျှင် ဝံပုလွေတိုင်းပြည်၌ လိပ်ပြာလက်နက်နှစ်ခု ပိုင်ဆိုင်လာပေလိမ့်မည်။ ဤလက်နက်နှစ်ခု၏အစွမ်းအရ အခြားအင်အားစုများက ဝံပုလွေတိုင်းပြည်ကိုရန်စရန် နှစ်ခါပြန်စဥ်းစားရမည်။

စန်းရောင်သည် အဝေးသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤလူငယ်လေးက သူ့ကို ဝံပုလွေတိုင်းပြည်အား တစ်နာရီအချိန်ဆွဲထားပေးရန် တောင်းဆိုခဲ့သည်။ ဤကား မိုးကြိုးချောက်နက်အတွက် မခက်ခဲသောကြောင့် သူကကူညီပေးခဲ့ပြီး တစ်နာရီနောက်ပိုင်းတွင် ကောင်းကင်အလိုအရ ဖြစ်ပေလိမ့်မည်။ သူက ခြင်္သေ့နန်းတော်၏ကျင့်ကြံသူနှစ်ရာကို စစ်ဆေးလိုက်သည်။ မိုးကြိုးချောက်နက်၌ပင် ဆန်းကျယ်အဆင့် ကျင့်ကြံသူ​ခြောက်ရာသာရှိသောကြောင့် ဤအရေအတွက်က အစွမ်းထက်ပမာဏတစ်ခု ဖြစ်နေခဲ့သည်။

တစ်နာရီအကြာတွင် ယဲ့ချန်သည် သူ့ကို ဆက်တိုက်နောက်ယောင်ခံလိုက်နေသော သွေးဘုရင်၏ဝိညာဥ်အသိစိတ်ကို လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် သူက ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ရုတ်တရက်ပျောက်ကွယ်သွားသော ယဲ့ချန်ကြောင့် သွေးဘုရင်က မျက်မှောင်ကြုတ်လိုက်မိသည်။

စန်းရောင်၏နောက်လိုက် ကောင်းကင်သားရဲနတ်ဘုရင်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

"သွေးဘုရင် ဒီနေ့ကိစ္စအတွက် စိတ်မရှိပါနဲ့။ အနာဂတ်မှာ ငါက မင်းတို့သုံးယောက်ကို မျက်နှာသာပြန်ပေးပါမယ်"

စန်းရောင်က ဝံပုလွေဘုရင်သုံးယောက်ကို ကြည့်လိုက်သည်။ သွေးဘုရင်က နှာခေါင်းတစ်ချက်ရှုံ့၍ သူ၏အင်အားစုများကို နောက်ပြန်ဆုတ်သွားစေသည်။ သို့သော် နတ်ဘုရင်လေးယောက်ကမူ ယဲ့ချန်ထွက်ခွာသွားသောအရပ်သို့ ချက်ချင်းလိုက်ပါသွားကြသည်။

"ဒီလူငယ်လေးက ထုံတန်ကို အောင်အောင်မြင်မြင် ကယ်သွားနိုင်ပြီလား"

စန်းရောင်က သူ၏နောက်လိုက်ကို မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ်လည်း အတတ်မပြောနိုင်ဘူး။ ဒီကောင်လေးက တစ်နည်းနည်းနဲ့ပျောက်ကွယ်သွားလို့ ဝိညာဥ်အသိစိတ်နဲ့တောင် အာရုံမခံနိုင်ဘူး။ ဖြစ်နိုင်တာက သူ့မှာ နတ်ဘုရင်တွေလိုက်ဖမ်းတာကို ရှောင်ပုန်းနိုင်တဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခု ရှိနေလောက်တယ်"

နတ်ဘုရင်က ခေါင်းယမ်း၍ တင်ပြလိုက်သည်။

စန်းရောင်က စိတ်လေးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထုံတန် အသက်ရှင်လျက်လွတ်မြောက်သွားလျှင်ပင် ခြင်္သေ့နန်းတော်က ကြီးစွာထိခိုက်ခဲ့ရသည်။ အကယ်၍ ထုံတန်မလွတ်မြောက်လျှင် သူက ဆန်းကျယ်အဆင့် ကျင့်ကြံသူနှစ်ရာကို မိုးကြိုးချောက်နက်၏ အမည်နာမအောက်သို့ သွတ်သွင်းလိုက်မည်ဖြစ်သည်။

ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်များက ယဲ့ချန်ပျောက်ကွယ်သွားသော နေရာသို့ရောက်သောအခါ မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

"အရှင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

"ရှာစမ်း။ နေရာတိုင်းကို တစ်လက်မမကျန်အောင် ရှာကြ။ ထုံတန်ကိုတွေ့ရင် ချက်ချင်းသတ်ပစ်လိုက်ကြ။ ဒီကောင်က လျှို့ဝှက်ကျင့်စဥ်ရဲ့ တန်ပြန်ဒဏ်ကြောင့် အပြင်းအထန် ထိခိုက်နေလိမ့်မယ်။ လက်ရှိမှာ သူက အများဆုံးဆန်းကျယ်အဆင့်ထက် နည်းနည်းပဲပိုသာလိမ့်မယ်"

သွေးဘုရင်က အေးစက်စက်အမိန့်ပေးလိုက်သည်။ ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်များက ယဲ့ချန်နှင့်ထုံတန်ကို အသည်းအသန် လိုက်လံရှာဖွေခဲ့ကြသည်။

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဖြစ်သည်။ အတွင်းနယ်မြေက အလွန်ကျယ်ဝန်းသောကြောင့် ကျင့်ကြံသူများစွာ ရောက်ရှိနေသည့်တိုင်အောင် ကျပ်တည်းနေခြင်း မရှိပေ။

"ဒါက ဘယ်လိုနေရာလဲ"

ထုံတန်က သူ့ကိုယ်သူအားတင်း၍ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးသည်။

"အရှင်"

"ဦးလေး"

ကျိလေ့တို့လူစုက သူ့ကိုမြင်သောအခါ မျက်ရည်များစီးကျလာ၍ ဒူးထောက်အရိုအသေပေးလိုက်ကြသည်။ သူတို့အနေဖြင့် ထုံတန်ကို နောက်တစ်ကြိမ်မမြင်နိုင်တော့ဟု ထင်မှတ်ထားသော်လည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် ယဲ့ချန်က ကယ်တင်နိုင်လာခဲ့သည်။ လက်ရှိတွင် ယဲ့ချန်က သတ်သေရန်အမိန့်ပေးလာလျှင်ပင် လူတိုင်းက နှစ်ခါပြန်စဥ်းစားနေမည် မဟုတ်ပေ။

ထုံတန်က သက်ပြင်းတစ်ချက် ချလိုက်လိုက်သည်။ ဤစစ်ပွဲတွင် ခြင်္သေ့နန်းတော်က ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သည်။ နှစ်ထောင်များစွာကြာပြီးနောက် လူငယ်မျိုးဆက်များတွင် အစွမ်းထက်ပါရမီရှင်များ မထွက်ပေါ်လာသောကြောင့် မျိုးနွယ်ကိုကိုယ်စားပြုရန် အကြီးအကဲများ လိုက်ပါလာခဲ့ကြသည်။ သူတို့က ဝိညာဥ်မျှော်စင်၏ခုနစ်ထပ်သို့ ဝင်ရောက်ပြီး ရတနာများရှာဖွေကာ လူငယ်မျိုးဆက်ကို မြှင့်တင်ပေးရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ မည်သူကမှ ဝံပုလွေတိုင်းပြည်နှင့် အပြင်းအထန်တိုက်ခိုက်ရလိမ့်မည်ဟု ထင်မထားကြပေ။ ဝံပုလွေတိုင်းပြည်၏ ကျင့်ကြံသူများသည်လည်း စစ်ပွဲအကြီးအကျယ် ဖြစ်ပွားလိုစိတ်မရှိသော်လည်း ဘုရင်သုံးယောက်၏ဖိအားကြောင့် တိုက်ခိုက်ခဲ့ရသည်။ ထိုသုံးယောက်က ခြင်္သေ့နန်းတော်ကို အလွန်အမင်းဖျက်ဆီးချင်စိတ် ပြင်းပျနေကြသည်။

ကျိမင်၏သေဆုံးမှုက ထုံတန်ကို အလွန်စိတ်ထိခိုက်စေခဲ့သည်။ နှစ်ပေါင်းများစွာခင်မင်လာခဲ့သော မိတ်ဆွေတစ်ယောက်၏သေဆုံးမှုကြောင့် ရန်သူများကို သူသေကိုယ်သေတိုက်ခိုက်ရန် ကြံစည်ခဲ့သည်။ သို့သော်လည်း လူငယ်တစ်ယောက်ကြောင့် အခြေအနေကပြောင်းလဲသွားပြီး ထိုလူငယ်လေးက သူ့ကို အသက်ဘေးမှကယ်တင်ပေးနိုင်ခဲ့သည်။

ထုံတန်သည် ယဲ့ချန်ကို ဤနေရာအကြောင်းစုံစမ်းရန် ပြင်လိုက်စဥ် အဝေးမှ ဧရာမအရှိန်အဝါကြီးတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက ခြင်္သေ့မတစ်ကောင်၏ခစားခြင်းကို ခံယူနေသော ခရမ်းရောင်မီးတောက်များခြံရံနေသည့် ဧရာမခြင်္သေ့ကြီးတစ်ကောင် ဖြစ်သည်။ ဤကား ဒဏ္ဍာရီလာ ခရမ်းမီးဗတောက်ကြယ်ခြင်္သေ့ဖြစ်ကြောင်း သူက ပြောနိုင်သည်။

"ကျွန်တော်က အညိုရောင်ကောင်းကင်ခြင်္သေ့မျိုးနွယ်ကပါ။ ဘိုးဘေးကိုတွေ့ရတာ ဂုဏ်ယူစရာကောင်းလွန်းပါတယ်"

ထုံတန်က ခြင်္သေ့ကြီး၏အရှိန်အဝါအောက်တွင် ဝိညာဥ်ပင် တုန်ခါနေခဲ့သည်။ သူက ရှေ့တက်သွားပြီး လက်နှစ်ဖက်ကိုဆုပ်ကာ အလွန်လေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။

"ဘိုးဘေးကို ဂါရဝပြုပါတယ်"

ထုံတန်၏အပြုအမူကြောင့် ကျိလေ့တို့လူစုက အလွန်အံ့သြသွားကြသော်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းအရိုအသေပေးလိုက်ကြသည်။

"အပိုတွေလုပ်နေစရာ မလိုဘူး။ မင်း ထုံတန် နတ်ဘုရင်ထိပ်ဆုံးအဆင့် ခြင်္သေ့နန်းတော်ရဲ့ လက်ရှိဘုရင် ဟုတ်လား။ ဘာမဟုတ်တဲ့ ဝံပုလွေလေးသုံးကောင်ကြောင့် မင်းကသေခါနီးဖြစ်ပြီး ရွှေကောင်းကင်လျှို့ဝှက်ကျင့်စဥ်ကိုတောင် ထုတ်သုံးနေရတယ်။ မင်းကြောင့် ခြင်္သေ့မျိုးနွယ် အရှက်ရတယ်။ ငါတို့မျိုးနွယ်က ဒီလောက်နိမ့်ကျသွားပြီလား"

ခြင်္သေ့ကြီးက ထုံတန်ကို စိတ်ပျက်လက်ပျက် ငေါက်ငမ်းလိုက်သည်။ ထုံတန်မှာ ရှက်ရွံ့လွန်းသဖြင့် တွင်းတစ်တွင်းတူးကာ ပုန်းအောင်းချင်စိတ်ပေါက်နေခဲ့သည်။

"ကျွန်တော်မျိုးက ခြင်္သေ့မျိုးနွယ်ကိုအရှက်ရစေခဲ့လို့ အပြစ်ရှိပါတယ်"

ထုံတန်က ခြင်္သေ့ကြီးရှေ့တွင် အလွန်ရိုကျိုးစွာဖြင့် ခေါင်းငုံ့နေခဲ့သည်။ ဤနေရာက အထူးနေရာလပ်တစ်ခုဖြစ်ပြီး ဘိုးဘေးက ရှေးခေတ်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူက ပြောနိုင်သည်။ အကယ်၍ ဘိုးဘေးသာ အပြင်ထွက်လာလျှင် ဝံပုလွေတိုင်းပြည်ကို လက်တစ်ဖက်တည်းနှင့် ဖြေရှင်းနိုင်ပေလိမ့်မည်။ သမာဓိကောင်စီပင် သူ့​​ကို လာရှုပ်ရဲမည်မဟုတ်ပေ။

"ငါ့မှာ မင်းလိုရှက်စရာ မျိုးဆက်တွေ မရှိချင်ဘူး။ အခု ငါ အိပ်တော့မယ်။ မင်းရဲ့ဒဏ်ရာတွေ သက်သာသွားရင် ငါ့ကို နှောင့်ယှက်နေတာရပ်ပြီး ထွက်သွားတော့"

ခြင်္သေ့ကြီးက လက်ယမ်းပြလိုက်ပြီး နေရာတွင် အိပ်စက်သွားခဲ့သည်။

ထုံတန်မှာ ခါးသက်သက်ပြုံး၍ ယဲ့ချန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ယဲ့ချန်က ခရမ်းရောင်မီးတောက်များကို ပိုင်ဆိုင်ထားသောကြောင့် ဘိုးဘေး၏ တိုက်ရိုက်မျိုးဆက်ဖြစ်နိုင်သည်။ သူ့အတွက် မျက်နှာသာရစေရန် ယဲ့ချန်ထံ အကူအညီတောင်းချင်ခဲ့သည်။ ကျိလေ့တို့လူစုမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဧရာမခြင်္သေ့ကြီးက မဟာဘိုးဘေးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့အရှင်ဖြစ်သော ထုံတန်ပင်လျှင် အလွန်နှိမ့်ချနေသောကြောင့် သိလိုစိတ်ကို မျိုသိပ်နေခဲ့ကြလေသည်။

All Chapters