← Chapters

- အဆင့်ကိုး နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်း

Vol. 26 Ch. 354

- အဆင့်ကိုး နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်း

Vol. 26 Ch. 354

ခြင်္သေ့ကြီး၏ဘေးတွင် ခစားနေသော ခြင်္သေ့မလေး၏ခြေထောက်များက တုန်ယင်နေခဲ့သည်။ သူမက ခြင်္သေ့ကြီး၏ကူညီပေးမှုဖြင့် အာကာသကျောက်နှစ်တုံးမှ အာကာသချီများကိုစုပ်ယူကာ မြေအဆင့်မှ ဆန်းကျယ်အဆင့်သို့ရောက်လုနီးပါး ကောင်းကင်ထိပ်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ သို့သော် သူမရှေ့တွင် အရိုအသေပေးနေသည်မှာ ခြင်္သေ့နန်းတော်၏ဘုရင်ဖြစ်သည်။ ကြီးကျယ်သော အစည်းအဝေးကြီးများတွင် သူမက ထုံတန်ကို အဝေးမှသာ မြင်တွေ့နိုင်သည်။ ထို့အပြင် ထုံတန်၏ကြီးစိုးသောဟန်ပန်က သူမကို အလွန်ရိုသေလေးစားစေသည်။ သို့သော် ထုံတန်က သူမ၏အရှင်ရှေ့တွင် ရိုကျိုးစွာပြုမူရမည်ဟု မျှော်လင့်မထားခဲ့ပေ။

"ဆရာ ခြင်္သေ့နန်းတော်ကလည်း ခြင်္သေ့မျိုးနွယ်ရဲ့အင်အားစုတစ်ခု ဖြစ်နေတယ်။ သူတို့က ဝံပုလွေတိုင်းပြည်ကြောင့် ချေမှုန်းခံလိုက်ရရင် ရှက်စရာကောင်းပါတယ်။ ဆရာက သူတို့ကို ကျင့်စဥ်နည်းနည်းသင်ပေးလိုက်ရင် ဝံပုလွေတိုင်းပြည်ကိုဖျက်ဆီးပြီး ခြင်္သေ့မျိုးနွယ်ရဲ့ဂုဏ်ကို ဆောင်နိုင်တာပေါ့"

ခြင်္သေ့ကြီး၏သဘောထားကို နားလည်သော ယဲ့ချန်က ထုံတန်ဘက်မှ ကူပြောပေးလိုက်သည်။

"ငါ သူတို့ကို ကျင့်စဥ်တွေ သင်ပေးနိုင်ပေမယ့် အာကာသကျောက် လုံးဝမပေးနိုင်ဘူး။ မင်းတို့အတွက် ကျင့်စဥ်နဲ့ လျှို့ဝှက်ကျင့်စဥ်တွေပေးမယ်။ ဘယ်လောက်နားလည်မလဲဆိုတာကတော့ မင်းတို့ရဲ့ကြိုးစားမှုအပေါ်မှာ မူတည်တယ်"

မျက်လုံးများမှိတ်၍ အိပ်နေသော ခြင်္သေ့က မျက်လုံးဖွင့်၍ နှာတစ်ချက်မှုတ်လိုက်သည်။ ထို့နောက် သူက တစ်လုံးချင်းပြောလိုက်သည်။ သူက ညာလက်ကိုယမ်းလိုက်သောအခါ ကျင့်စဥ်များစွာ၏ သရုပ်ဖော်ပုံရိပ်များ ထွက်ပေါ်လာ၍ ထုံတန်နှင့် နောက်လိုက်များ၏ကိုယ်တွင်းသို့ ပေါင်းစပ်သွားသည်။ ထုံတန်တစ်ယောက်တည်းသာမက ကျိလေ့နှင့်ချင်ယုကဲ့သို့ လူငယ်မျိုးဆက်များပင် လျှို့ဝှက်ကျင့်စဥ်ကိုယ်စီ အမွေရလိုက်ကြသည်။ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာသော ခြင်္သေ့ကြီး၏ကျင့်စဥ်များက ဟန်ပြမဟုတ်ဘဲ သားရဲများအတွက် သီးသန့်ဖန်တီးထားသော အစွမ်းထက်ကျင့်စဥ်များဖြစ်သည်။ ထို့ကြောင့် သူ့ထံတွင် လူသားများကျင့်ကြံနိုင်သော ကျင့်စဥ်မှာ လက်တစ်ဆုပ်စာပမာဏပင် မရှိချေ။

"မြေအဆင့်ကျင့်စဥ် ခြင်္သေ့ရူး"

ထုံတန်က စိတ်အတွင်း ထွက်ပေါ်လာသော ကျင့်စဥ်များကြောင့် မင်သက်သွားခဲ့သည်။ ဤကျင့်စဥ်က ခြင်္သေ့မျိုးနွယ် နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့သော အစွမ်းထက်ကျင့်စဥ်ဖြစ်သောကြောင့် သူက အပျော်လွန်နေသည်။ ဤကျင့်စဥ်က အဆင့်ကိုးနှင့် လူသားအဆင့်များထက် ကျော်လွန်နေသောကြောင့် ခြင်္သေ့မျိုးနွယ်တွင် ဆန်းကျယ်အဆင့်များကို ခဏအတွင်း ထွက်ပေါ်လာစေနိုင်သည့်အပြင် နတ်ဘုရင်များကိုပင် ဖြစ်ပေါ်လာနိုင်စေသည်။ အကယ်၍ ထုံတန်သာ ၎င်းကိုကျင့်ကြံလိုက်ပြီး ဆေးလုံးများသောက်သုံးလျှင် တိုက်ခိုက်ရေးစွမ်းအားက သုံးရက်အတွင်း ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။

ရွှေနေမင်းဖြိုခွဲ၊ ရွှေခြင်္သေ့ဟိန်းသံ၊ အရိပ်မဲ့ပုံရိပ်စသော လျှို့ဝှက်ကျင့်စဥ်များကို အသိစိတ်ဖြင့်စစ်ဆေးနေသော ထုံတန်မှာ ဆွံ့အသွားခဲ့ရသည်။ အားလုံးက ပျောက်ဆုံးနေသော ပြိုင်ဘက်ကင်းကျင့်စဥ်များဖြစ်နေပြီး တစ်ခုချင်းစီက ရွှေကောင်းကင်ကျင့်စဥ်ထက် ပို၍အစွမ်းထက်ပေသည်။ ရွှေကောင်းကင်ကျင့်စဥ်က အဆင့်မြင့် လျှို့ဝှက်ကျင့်စဥ်သာဖြစ်သော်လည်း ၎င်းတို့က မိုးကြိုးအဆင့် လျှို့ဝှက်ကျင့်စဥ်များ ဖြစ်ကြသည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘေး"

ထုံတန်က ခြင်္သေ့ကြီးကို ချက်ချင်းအရိုအသေပေးလိုက်သည်။ များပြားသော လျှို့ဝှက်ကျင့်စဥ်များကို တတ်မြောက်ရန် အချိန်များစွာလိုအပ်သော်လည်း သူက တစ်ခုကိုတတ်မြောက်ရုံဖြင့် ဝံပုလွေတိုင်းပြည်ကို အနိုင်ယူနိုင်စွမ်းရှိနေသည်။

ကျိလေ့နှင့်လူငယ်များက ထိတ်လန့်တုန်လှုပ်နေကြသော်လည်း ခြင်္သေ့ကြီးကို ချက်ချင်းအရိုအသေပေးလိုက်သည်။ သူတို့အမွေရလိုက်သော ကျင့်စဥ်နှင့် လျှို့ဝှက်ကျင့်စဥ်များက အမှန်တကယ်ပင် အဖိုးတန်သည်။ ထုံတန်၏မျက်လုံးထဲတွင် ခြင်္သေ့မျိုးနွယ် ပြန်လည်မြင့်တက်လာမည့် မျှော်လင့်ချက်ကို မြင်လိုက်ရသည်။

"ကောင်းပြီ။ မင်းတို့ဘာသာ ကျင့်ကြံစရာရှိတာ ကျင့်ကြံကြတော့။ အပြင်ထွက်ပြီဆိုရင် ငါ့အကြောင်း မပြောကြနဲ့။ ငါအိပ်နေတာကိုလည်း လာမနှောင့်ယှက်နဲ့"

ခြင်္သေ့ကြီးက တင်းတင်းကျပ်ကျပ် သတိပေးလိုက်ပြီး ပြန်လည်အိပ်စက်သွားခဲ့သည်။

"စိတ်ချပါ ဘိုးဘေး"

ထုံတန်နှင့်နောက်လိုက်များက ချက်ချင်းကတိပေးလိုက်ကြသည်။ သူတို့က သေချင်နေမှသာလျှင် ရှေးခေတ်မှ ဘိုးဘေးတစ်ယောက်ကို ရန်စကြမည်ဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းကိုထုတ်ဖော်ရန် လုံးဝမဖြစ်နိုင်ချေ။

အားလုံးက ယဲ့ချန်ကို အလွန်ကျေးဇူးတင်စွာဖြင့် ကြည့်နေခဲ့ကြသည်။ ယဲ့ချန်က သူတို့အားလုံးကို အသက်ဘေးမှ ကယ်တင်ခဲ့သည့်အပြင် ဘိုးဘေးထံမှကျင့်စဥ်များ ကူညီတောင်းခံပေးခဲ့သဖြင့် ခြင်္သေ့နန်းတော်၏ ကျေးဇူးရှင်ဖြစ်သည်။

"ညီလေးယဲ့ ဒီနေ့ကစလို့ မင်းရဲ့အမိန့်ကို ခြင်္သေ့နန်းတော်က လိုက်နာမယ်"

ထုံတန်က တစ်လုံးချင်းပြောလိုက်သည်။ ပုံမှန်ဆိုလျှင် သားရဲများက လူအသွင်ပြောင်းနိုင်ကြသော်လည်း ရုပ်ရည်သွင်ပြင်ကို မပြောင်းလဲနိုင်ကြပေ။ သို့သော် ထုံတန်က ယဲ့ချန်မှာ သူနှင့်ကျောက်စိမ်းမြို့တော်တွင် ဆုံဖူးသော လူငယ်ဖြစ်ကြောင်း သေချာနေခဲ့သည်။

"ခြင်္သေ့ဘုရင်က အားနာလွန်းနေပါပြီ"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"ညီလေးယဲ့​က ခြင်္သေ့နန်းတော် ပြန်လည်တည်ထောင်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ဒီလိုကျေးဇူးတရားကို ဘယ်လိုလုပ်မေ့နိုင်ပါ့မလဲ"

ထုံတန်က ခေါင်းယမ်းလိုက်သည်။

"ကျုပ်က အစ်ကိုကျိတို့နဲ့မှ မျိုးဆက်တူတစ်ယောက်ပါ။ ခင်ဗျား ကစီနီယာတစ်ယောက်ပါ"

ယဲ့ချန်က နှိမ့်ချစွာပြောလိုက်သည်။ ချင်ယုက အမွေးပွလေး၏အစ်ကိုဖြစ်သောကြောင့် သူက ထုံတန်နှင့် တန်းတူကျင့်ကြံသူတစ်​ယောက်အဖြစ် ဆက်ဆံခြင်းမခံလိုပေ။

"ဒီနေရာမှာ သာမန်လူတွေလို ပြောကြရအောင်ပါ။ ဒီအဆင့်အတန်းတွေက ဘာမှမဟုတ်ပါဘူး။ မေ့ထားလိုက်ပါ"

ထုံတန်က ပြောလိုက်သည်။ ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားပြီး နောက်ထပ်ငြင်းဆန်ခြင်း မရှိပေ။

ကျိလေ့၊ချင်ယုစသော လူငယ်များက ယဲ့ချန်ကို ပုံမှန်အတိုင်း ဆက်ဆံနေဆဲဖြစ်သော်လည်း သူတို့၏အမြင်တွင် သူက အစွမ်းထက်ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယဲ့ချန်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့ဆိုသော ရှေးဟောင်းဘိုးဘေး၏ ဆက်ခံသူဖြစ်နိုင်သောကြောင့် စော်ကားမိမည်ကိုစိုးရိမ်၍ သတိထားပြောဆိုလာကြသည်။

"ချိုးအာ ဝမ်းနည်းမနေနဲ့နော်"

ယဲ့ချန်က အဘိုးဆုံးသွားသဖြင့် ဝမ်းနည်းနေသော ရဲချိုးကို နှစ်သိမ့်လိုက်သည်။ သူမ၏မျက်ဝန်းများမှ မျက်ရည်မိုးများ တဖြိုင်ဖြိုင်ရွာနေခဲ့သည်။

"လူတိုင်း ဒီနေရာမှာ ရက်နည်းနည်းလောက် ကျင့်ကြံကြပါ။ အပြင်မှာ ဝံပုလွေတိုင်းပြည်က လက်မလျှော့ဘဲ လိုက်ရှာနေတုန်းပဲ။ အပြင်ထွက်ရင် အန္တရာယ်အများကြီးရှိတယ်"

ယဲ့ချန်က တိုက်တွန်းလိုက်သည်။

"ဒါဆိုရင် ညီလေးယဲ့ကို ဒုက္ခပေးမိပါပြီ"

ထုံတန်တို့လူစုက ခေါင်းညိတ်လိုက်ကြသည်။ မူလတွင် ယဲ့ချန်က အာကာသကျောက်များစွာရှိသောကြောင့် ထုံတန်တို့ကို ခွဲပေးလိုခဲ့သည်။ သို့သော်လည်း ခြင်္သေ့ကြီးက အာကာသကျောက်မပေးရန် မှာကြားခဲ့သည့်အပြင် သူတို့ကလည်း ယဲ့ချန်၏လက်ဆောင်ကို မယူလိုကြပေ။ ယဲ့ချန်က အသက်ကယ်ပေးသည့်အပြင် အဖိုးတန်ကျင့်စဥ်များရရှိရန် ကူညီပေးခဲ့သောကြောင့် ကျေးဇူးတရားက အလွန်ကြီးမားနေပြီဖြစ်သည်။ ထို့ကြောင့် မည်သူမှ ယဲ့ချန်၏အာကာသကျောက်များကို လက်မခံခဲ့ကြပေ။ သူတို့အားလုံးက အိပ်စက်နေသော ခြင်္သေ့ကြီးကို မနှောင့်ယှက်မိစေရန် ထောင့်တစ်နေရာတွင် တိတ်တဆိတ်ကျင့်ကြံလိုက်သည်။

"ညီလေးယဲ့ ဘိုးဘေးမှာ ဘယ်လိုဝါသနာမျိုးရှိလဲ။ သူက ဘာတွေ​ကြိုက်တတ်လဲ။ ငါက သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ပေးနိုင်တာများရှိလား"

ထုံတန်က ယဲ့ချန်အနားသို့ကပ်၍ ခပ်တိုးတိုးမေးလိုက်သည်။

"ခြင်္သေ့မငယ်ငယ်ချောချောလေးတွေ"

ယဲ့ချန်က ခဏတာစဥ်းစား၍ ခပ်တည်တည်ဖြေလိုက်သည်။

"ကျုပ် နားလည်ပြီ"

ယဲ့ချန်၏စကားကြောင့် ထုံတန်က မင်သက်သွားသော်လည်း ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။ ယဲ့ချန်က ခြင်္သေ့ကြီးအတွက် ပြည့်တန်ဆာခေါင်းဆက်လုပ်ရန် အဆင်မပြေသောကြောင့် ဤတာဝန်ကို ထုံတန်၏ခေါင်းပေါ်သို့ လွှဲပေးလိုက်သည်။ ခြင်္သေ့မျိုးနွယ်၏ ဘုရင်တစ်ပါးဖြစ်သော ထုံတန်က ခြင်္သေ့ကြီးအတွက် ကိုယ်လုပ်တော်များရှာဖွေပေးရန် အခက်အခဲမရှိချေ။

ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးကို တစ်ချက်ကြည့်လိုက်သည်။ ဆေးအိုးအတွင်း သရဲလင်းနို့မျိုးနွယ်၏နတ်ဘုရင်မှာ နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီဖြစ်သည်။ များမကြာမီအတွင်း သူက ဝိညာဥ်ဆေးလုံးအဖြစ် ဆေးဖော်စပ်ခံရပေလိမ့်မည်။ သူက နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်း၏တည်နေရာကို ထုံတန်ထံမှမေးမြန်းခဲ့ပြီး နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်ဖျက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သွားကာ ကောင်းကင်ကြယ်တာရာတံ​​ဆိပ်အတွင်းမှ လှစ်ခနဲ ထွက်ခွာသွားခဲ့လေသည်။

"ဆရာ ဒီအနီးအနားမှာ နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းတစ်ခုရှိတယ်။ ကျုပ်ကို ကူရှာပေးပါဦး"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ခြင်္သေ့ကြီးကို ဆက်သွယ်လိုက်သည်။

"ကောင်းပြီ"

ခြင်္သေ့ကြီးက ပြန်ဖြေလိုက်သည်။

ယဲ့ချန်က ထုံတန်ညွှန်ပြသော အရပ်မျက်နှာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ထိုပတ်ဝန်းကျင်တွင် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲတစ်ကောင်ကျက်စားနေပြီး သူ၏လက်ရှိအစွမ်းက ၎င်းကို အနိုင်မယူနိုင်ချေ။ ဝိညာဥ်မျှော်စင်ခုနစ်ထပ်၏ ဝိညာဥ်သားရဲများက အောက်အထပ်များထက် ပို၍အစွမ်းထက်ကြသဖြင့် နတ်ဘုရင်ထိပ်ဆုံးအဆင့် ခွန်အားမျိုး ပိုင်ဆိုင်ထားကြသည်။ ယဲ့ချန်ကမူ နတ်ဘုရင်စဦးအဆင့် စွမ်းအားကိုသာ ထုတ်ဖော်နိုင်သည်။

အမှောင်ထုအတွင်း မီးတောက်များက နေရာအနှံ့ထွက်ပေါ်နေသည်။ ခုနစ်ထပ်၏ ကျယ်ပြန့်သောနယ်မြေတွင် ဝံပုလွေတိုင်းပြည်၏ ကျင့်ကြံသူများ အချိန်တိုင်း ခြေချင်းလိမ်နေကြသည်။ ထို့ကြောင့် သူက ဂရုတစိုက်ဖြင့် ရန်သူများကိုရှောင်ရှားကာ ခရီးဆက်နေရသည်။

"ရှေ့က ဘယ်သူလဲ။ ရပ်စမ်း။ မင်း ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ"

လူအသွင်ပြောင်းထားသော ဆန်းကျယ်အဆင့် ဝံပုလွေသုံးကောင်က ယဲ့ချန်ကို တားမြစ်လိုက်ခြင်းဖြစ်သည်။

"ကျုပ်က ငွေလတောင်ကြားရဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ အဖော်တွေနဲ့ကွဲပြီး လမ်းပျောက်သွားလို့ပါ"

ယဲ့ချန်က ကြောက်စိတ်ကြောင့် တုန်ရီနေဟန်ဆောင်ပြလိုက်သည်။

နတ်ဘုရင်တစ်ယောက်၏ ဝိညာဥ်အသိစိတ်ကလည်း ယဲ့ချန်ထံ ချက်ချင်းကျရောက်လာခဲ့သည်။

"ဒါက သွေးဘုရင်ဖြစ်လိမ့်မယ်။ ယဲ့ချန် သတိထားဦး"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။

"ဟုတ်ကဲ့"

ယဲ့ချန်က သူ၏သရုပ်မှန် ထွက်ပေါ်သွားစေနိုင်သော သဲလွန်စမှန်သမျှကို လက်မောင်းကာအတွင်း သိမ်းဆည်းထားခဲ့သည်။ ထို့အပြင် သူက အဝတ်အစား၊ အရှိန်အဝါနှင့် ရုပ်သွင်ကို ပြောင်းလဲထားသောကြောင့် သွေးဘုရင်ပင် မှတ်မိနိုင်စရာမရှိချေ။

သွေးဘုရင်က ယဲ့ချန်ကို စစ်ဆေးလိုက်သော်လည်း သက်လတ်ပိုင်းလူတစ်ယောက်ဟုသာ အဖြေထွက်ခဲ့ပြီး ထုံတန်တို့ကိုကယ်တင်သွားသော လူငယ်လေး မဟုတ်ခဲ့ပေ။ ငွေလတောင်ကြားသည်လည်း အစွမ်းထက်အင်အားစုတစ်ခုဖြစ်ပြီး နတ်ဘုရင်ခုနစ်ယောက်အထိ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လက်ရှိတွင် အထိနာနေသော ဝံပုလွေတိုင်းပြည်က ငွေလတောင်ကြားကိုရန်စ၍ ကောင်းကျိုးမရှိပေ။

"မင်း သွားနိုင်ပြီ"

ဝိညာဥ်အသိစိတ်မှတဆင့် ဆက်သွယ်လာသော သွေးဘုရင်၏အမိန့်ကြောင့် ကျင့်ကြံသူသုံးယောက်က ယဲ့ချန်ကို လွှတ်ပေးလိုက်သည်။ ယဲ့ချန်က ပျော်ရွှင်သွားဟန်ဖြင့် ထိုနေရာမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။

"ဒီအရူးကောင် သွားနေတဲ့နေရာမှာ ဝိညာဥ်သားရဲတွေ ပြည့်နှက်နေတယ်။ သေလမ်းကို သူ့ဘာသာရွေးသွားပြီ"

"သူ့ထိုက်နဲ့သူ့ကံ သေပါစေကွာ"

ဆန်းကျယ်အဆင့် ကျင့်ကြံသူသုံးယောက်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ ထွက်ခွာသွားကြသည်။

သွေးဘုရင်၏အသိစိတ်က ယဲ့ချန်နောက်သို့ ကီလိုမီတာအနည်းငယ်အထိ လိုက်ပါလာခဲ့သည်။ သို့သော်လည်း သွေးဘုရင်မှာ ဤသာမန်သက်လတ်ပိုင်းကျင့်ကြံသူက ယဲ့ချန်ဖြစ်ကြောင်း သိမသွားခဲ့ပေ။

ဝိညာဥ်မျှော်စင်၏ ခုနစ်ထပ်တွင် နာရီဝက်ကြာခရီးနှင်ပြီးနောက် ယဲ့ချန်က ဧရာမဝိညာဥ်သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ကျောပေါ်တွင် ဖောက်ထွင်းမြင်ရသော အတောင်သုံးစုံရှိနေပြီး ပုတ်သင်ကြီးတစ်ကောင်၏ သဏ္ဍာန်ရှိသည်။ မျက်လုံးကြီးများကလည်း သွေးနီရောင်တောက်ပနေသည်။

"နတ်ဆိုးချပ်ဝတ်ကို ငါ တွေ့ပြီ။ ဒါက အဆင့်ကိုး လက်အိတ်တစ်စုံဖြစ်တယ်။ မင်းသာ ဒါကိုရယူနိုင်ပြီဆိုရင် အစိတ်အပိုင်းလေးခုရှိပြီ။ ဒါတွေကိုဝတ်ဆင်လိုက်ရင် မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မကာကွယ်ပေးနိုင်ပေမယ့် အဆင့်တူချင်းက ရန်သူတွေနဲ့တိုက်ခိုက်ရာမှာ အသုံးဝင်လိမ့်မယ်"

ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ပြဿနာက ဒီကောင်ကြီးကိုကျော်ပြီး ဘယ်လိုသွားယူရမလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လက်ရှိခွန်အားက ပုတ်သင်ကြီးကို မတိုက်ခိုက်နိုင်သကဲ့သို့ ဝှက်ဖဲများကို ထုတ်ဖော်လိုက်လျှင်လည်း ဝံပုလွေတိုင်းပြည်နှင့် ပိုလင်းတို့မှ သိရှိသွားနိုင်သည်။

"မင်းက ဆရာ့ကို မေ့နေတာလား။ တံဆိပ်ရဲ့အစီအရင်မှာ အက်ကြောင်းနည်းနည်း လုပ်ပေး။ ဒီပုတ်သင်လေးလောက်ကတော့ ခြောက်ထုတ်လိုက်မယ်"

ခြင်္သေ့ကြီးစကားက အကောင်းဆုံးအဖြေဖြစ်နိုင်သည်ဟု ယဲ့ချန်က ခံစားလိုက်ရသည်။

"ဝိညာဥ်သားရဲတွေက သွေးဆာပေမယ့် ဉာဏ်ရည်မြင့်ကြတယ်။ ငါ့အရှိန်အဝါနဲ့ ဒီကောင့်ကိုခြောက်ထုတ်ဖို့က လွယ်တယ်။ ဒါပေမယ့် ဝိညာဥ်သားရဲနတ်ဘုရင်တွေကြားမှာ ပိုင်နက်တွေရှိကြတယ်။ သူ့ရတနာကို မင်းက အလစ်သုတ်သွားတာသိရင် ချက်ချင်းပြန်ရောက်လာလိမ့်မယ်။ ရတနာကိုယူပြီးတာနဲ့ မင်းက အမြန်ဆုံးထွက်ပြေးဖို့ မမေ့နဲ့"

ခြင်္သေ့ကြီးက ယဲ့ချန်ကို ညွှန်ကြားလိုက်သည်။

"ဒါဆိုရင် ကျုပ်က တံဆိပ်ထဲမှာ ဝင်ပုန်းလို့ရမလား"

ယဲ့ချန်၏ခေါင်းထဲတွင် အကြံတစ်ခု ဖြတ်ခနဲထွက်ပေါ်လာသည်။

"ရတယ်။ ဒါပေမယ့် ဝိညာဥ်သားရဲက အကြီးအကျယ်ဒေါပွသွားလိမ့်မယ်။ အခြားကျင့်ကြံသူတွေရောက်လာမှာကို မင်း မစိုးရိမ်ဘူးလား"

"ကျုပ်မှာ အကြံတစ်ခုရှိတယ်။ အခုတော့ ဆရာ ကူညီပေးပေတော့"

ယဲ့ချန်၏မျက်နှာထက်တွင် ခပ်ညစ်ညစ်အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters