← Chapters

ပင်မတံဆိပ် သတ်စမ်း

Vol. 26 Ch. 355

ပင်မတံဆိပ် သတ်စမ်း

Vol. 26 Ch. 355

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ရှိ အစီအရင်ကို အက်ကြောင်းဖန်တီးလိုက်သည်။ ထို့နောက် ခြင်္သေ့ကြီး၏အရှိန်အဝါက ချက်ချင်းထွက်ပေါ်လာ၍ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲထံ ဦးတည်ထွက်ခွာသွားခဲ့သည်။ သူ၏ကျင့်ကြံဆင့်ကို တံဆိပ်က ဖိနှိပ်ထားသဖြင့် နတ်ဘုရင်ထိပ်ဆုံးအဆင့်လောက်သာ အစွမ်းထက်သော်လည်း ခြင်္သေ့ကြီးက သိုင်းလမ်းစဥ်တွင် အဆင့်မြင့်သူတစ်ဦးဖြစ်သည်။ ထို့အပြင် ဝိညာဥ်အသိစိတ်ကလည်း အလွန်အစွမ်းထက်နေသောအခါ သာမန်နတ်ဘုရင်ထိပ်ဆုံးအဆင့်များမှာ သူ၏အရှိန်အဝါ ကြောက်လန့်သွားပေလိမ့်မည်။

ခြင်္သေ့ကြီး၏အရှိန်အဝါ ထွက်ပေါ်လာသောအခါ ပုတ်သင်ကြီးက ​တုန်ယင်သွားပြီး ငှက်ကလေးတစ်ကောင်ကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

"မြန်မြန်လုပ်"

ယဲ့ချန်က အဝေးရှိတောင်တစ်လုံးထံ ချက်ချင်းပြေးသွားလိုက်သည်။ သူ၏ရှေ့သုံးမီတာတွင် ခရမ်းရောင်အလင်းတစ်ခုရှိနေပြီး ၎င်းက နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယဲ့ချန်က ညာလက်ဖြင့်တောက်ပနေသော ခရမ်းရောင်အလင်းကို ဖမ်းဆုပ်လိုက်သည်။

"ရပြီကွ"

ယဲ့ချန်က ပျော်ရွှင်စွာ ကြုံးဝါးလိုက်သည်။ အဝေးသို့ထွက်ပြေးသွားပြီဖြစ်သော ပုတ်သင်ကြီးက ၎င်းစောင့်ရှောက်နေသော ရတနာကို ယဲ့ချန်ယူသွားသည်ကို အာရုံံခံမိလိုက်သည်။ ၎င်းက ခြင်္သေ့ကြီး၏အရှိန်အဝါကို ဂရုမစိုက်အားတော့ဘဲ တဟုန်ထိုးပြန်လှည့်လာခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံးတွင် တိုက်စားနိုင်စွမ်းမြင့်သော အနက်ရောင်စွမ်းအင်များ ထွက်ပေါ်နေသည်။

ယဲ့ချန်က နေရာမှ ချက်ချင်းထွက်ပြေးလိုက်ပြီး အလွန်လျင်မြန်သော ပုတ်သင်ကြီးက အလွတ်မပေးဘဲ ပြေးလိုက်လာခဲ့သည်။

"ယဲ့ချန် မင်း အရမ်းနှေးတယ်ကွ။ နောက်ကျရင် အလျင်ကိုမြှင့်ပေးနိုင်တဲ့ လျှို့ဝှက်ကျင့်စဥ် ရှာရမယ်"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။ သူ့ထံသို့နီးကပ်လာသော ပုတ်သင်ကြီး၏လက်မှ အသက်လုထွက်ပြေးနေရသော ယဲ့ချန်မှာ ခြင်္သေ့ကြီး၏မှတ်ချက်ကြောင့် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

"ဆရာ့မှာ တစ်ခုလောက် မရှိဘူးလား"

"ငါ့ကျင့်စဥ်တွေက သားရဲတွေအတွက် ဖန်တီးထားတာဖြစ်လို့ မင်းလိုလူသားတစ်ယောက် မကျင့်ကြံနိုင်ဘူး"

ခြင်္သေ့ကြီး၏အဖြေကြောင့် ကူကယ်ရာမဲ့နေသော ယဲ့ချန်က ခြေကုန်သုတ်ထွက်ပြေးရန် တစ်ခုသာတတ်နိုင်သည်။ သူ၏ရှေ့တွင် လူအသွင်ပြောင်းထားသော ဆန်းကျယ်ဝံပုလွေသုံးကောင် ရှိနေခဲ့သည်။ သူတို့က ယဲ့ချန်နှင့် ဧရာမပုတ်သင်ကြီးကြောင့် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။ သူတို့က ယဲ့ချန်ကိုတားမြစ်ကာ စစ်ဆေးခဲ့သော ဝံပုလွေတိုင်းပြည်၏ ကျင့်ကြံသူများဖြစ်ကြသည်။

"ကျုပ်ကို ကူညီကြပါဦး"

ယဲ့ချန်က သူတို့ထံ တည့်တည့်မတ်မတ် ပျံသန်းသွားခဲ့သည်။

"ဒီကိုမလာနဲ့ ထွက်သွားစမ်း"

ကျင့်ကြံသူသုံးယောက်က ကြောက်လန့်တကြား လှည့်ပြေးလိုက်ကြသော်လည်း ယဲ့ချန်က သူတို့ထက် ပိုမြန်နေသဖြင့် ခဏအတွင်း လိုက်မီသွားခဲ့သည်။

ပုတ်သင်ကြီးက တစ်ချက်ဟိန်းဟောက်၍ မီးများ မှုတ်ထုတ်လာသဖြင့် ယဲ့ချန်က တံဆိပ်အတွင်း လှစ်ခနဲပြေးဝင်သွားခဲ့သည်။

"အား"

နာကျင်စွာအော်သံများ ထွက်ပေါ်လာပြီး ဆန်းကျယ်အဆင့် ကျင့်ကြံသူသုံး​ယောက်က မီးတောက်များကြားတွင် ပြာကျသွားခဲ့သည်။ သူတို့က မသေခင်တွင် နာကျင်မှုကို အပြင်းအထန်ခံစားသွားခဲ့ရသည်။ လှောင်ပြောင်ခဲ့ဖူးသော အရူးက သူတို့၏သေခြင်းကို သယ်ဆောင်လာမည်ဟု လုံးဝထင်မထားခဲ့ကြပေ။

ပုတ်သင်ကြီးက ယဲ့ချန် ပျောက်ကွယ်သွားသောကြောင့် ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။ သို့သော်လည်း ၎င်း၏ဉာဏ်ရည်က အကန့်အသတ်ရှိသောကြောင့် တံဆိပ်ကို ရှာမတွေ့ခဲ့ပေ။ ထိုအချိန်တွင် သွေးဘုရင်၏ဝိညာဥ်အသိစိတ်က စုံစမ်းထောက်လှမ်းရန် ရောက်ရှိလာခဲ့သည်။ ပုတ်သင်ကြီးက ၎င်းကို အာရုံခံမိသောအခါ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ထို့နောက် အနက်ရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝိညာဥ်အသိစိတ်၏နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။ ခဏအတွင်း နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲကြီးက မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားလေသည်။

"လခွမ်းဟေ့ ဒါကြီးက အတော်အန္တရာယ်များတယ်။ ကောင်းကင်ကြယ်တာရာတံဆိပ်ကို ကျေးဇူးတင်ရမယ်"

ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ပုတ်သင်ကြီးထံတွင် ခြေရာခံနိုင်သော လျှို့ဝှက်ကျင့်စဥ်မျိုး မရှိသောကြောင့် သူက အောင်မြင်စွာပထုတ်နိုင်ခဲ့သည်။ ဆန်းကျယ်အဆင့် ဝံပုလွေသုံးကောင်မှာမူ ဘုမသိဘမသိဖြင့် ကြားညှပ်သွားခဲ့ခြင်းဖြစ်သည်။

"ဒီကောင်ကြီး ဘယ်ရောက်သွားပြီလဲ"

"သွေးဘုရင်ရဲ့ ဝိညာဥ်အသိစိတ်ကိုတွေ့ပြီး လိုက်သွားပြီ။ မင်းက ကံဆိုးမှုတွေ ဖြန့်ဝေပေးတဲ့ကောင်လား။ သွေးဘုရင်ကတော့ ဒေါသထွက်လွန်းလို့ သွေးအန်နေလောက်ပြီ။ သူက ဒီပုတ်သင်ကြီးကိုသတ်ချင်ရင်တောင် ကြေးကြီးကြီးပေးဆပ်ရမှာပဲ။ ပြီးတော့ ဒီကောင်တွေက ခြင်္သေ့နန်းတော်နဲ့တိုက်ပွဲကြောင့်လည်း အထိနာထားသေးတယ်"

ခြင်္သေ့ကြီးက သွေးဘုရင်၏ကံဆိုးမှုအတွက် ဆုတောင်းပေးလိုက်သည်။

"ကျုပ်က သူတို့ကို လက်ဆောင်တစ်ခုပေးလိုက်တာပါ။ ပုတ်သင်ကြီးကိုသတ်ပြီး ကျင့်စဥ်ကျောက်စိမ်းတစ်ခုရယူနိုင်ရင် ဒီကောင်တွေ ကျုပ်ကို ကျေးဇူးတောင်တင်ရဦးမယ်။ ဆရာ နောက်ထပ်နတ်ဆိုးချပ်ဝတ်တွေများရှိမလား ရှာကြည့်ပေးပါဦး"

ယဲ့ချန်က တစ်ချက်ပြုံးကာ ခြင်္သေ့ကြီးကို တောင်းဆိုလိုက်သည်။

"ကောင်းပြီ"

"စကားမစပ် ပိုလင်းနဲ့စန်းလုက ခုနစ်ထပ်မှာမရှိဘူးလား ဆရာ"

"သူတို့က ဒီနေရာကို လာချင်တာပေါ့ကွ။ ဒါပေမယ့် မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတွေက တိုက်ခိုက်မယ်လို့ ငါ အာရုံရနေတယ်။ ဒီကောင်တွေက နတ်ဝိဇ္ဇာတွေနဲ့နတ်ဘုရင်တွေကို လျစ်လျူရှုထားပြီး မဟာသာလွန်အဆင့်နဲ့ ပြိုင်ဘက်ကင်းဝိဇ္ဇာတွေဝင်လာရင် သေချာပေါက်တိုက်ခိုက်လိမ့်မယ်။ မင်း ခြောက်ထပ်မှာရှိနေတုန်းက ပိုလင်းနဲ့စန်းလုက ဒီနေရာကို ရောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ဝင်ခဲ့တဲ့အကြိမ်တိုင်း နောက်ဆုတ်သွားရတာချည်းပဲ"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

"ဆရာက တကယ့်ကို အမြင်ကောင်းတယ်ဗျာ။ အစွမ်းထက်ပါပေတယ်"

"ယဲ့ချန် မင်း ငါ့ကို ဘောမမနေနဲ့"

ခြင်္သေ့ကြီးက ဤသို့ပြောလိုက်သော်လည်း ယဲ့ချန်၏ မြှောက်ထိုးပင့်ကော်စကားများကြောင့် ပျော်ရွှင်နေခဲ့သည်။

"ပိုလင်းနဲ့စန်းလု မရှိမှတော့ ကျုပ်ဝိညာဥ်အသိစိတ်ကို စိတ်ကြိုက်ထုတ်သုံးလို့ရပြီ"

ဝိညာဥ်မျှော်စင် ခုနစ်ထပ်၏တစ်နေရာတွင် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲအကောင်နှစ်ဆယ်ကျော် စုဝေးနေသဖြင့် မည်သည့်ကျင့်ကြံသူမှ မချဥ်းကပ်ရဲကြပေ။ သို့သော်လည်း ပုံရိပ်တစ်ခုက ထိုနေရာသို့ချဥ်းကပ်လာပြီး သက်လတ်ပိုင်းလူအဖြစ် ဟန်ဆောင်ထားသော ယဲ့ချန်ဖြစ်သည်။

"ယဲ့ချန် မင်း ဒီနေရာကို ဘာလာလုပ်တာတုန်း။ ကိုယ့်ကိုကိုယ်သတ်သေမလို့လား"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။ ဤနေရာတွင် ဝိညာဥ်သားရဲနှစ်ဆယ့်ခြောက်ကောင်ရှိကြောင်း သူက အာရုံခံမိနေသည်။ သူ၏စကားအဆုံးတွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။

နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲများက ၎င်းကို ချက်ချင်းအာရုံခံမိလိုက်ပြီး ဒေါသတကြီးဟိန်းဟောက်လိုက်ကြသည်။ ထို့နောက် အားလုံးက သူတို့၏ပိုင်နက်ကိုကျူးကျော်လာသော ယဲ့ချန်ကို ချေမွပစ်ရန် ချီတက်လာကြသည်။ ယဲ့ချန်က အလယ်တွင်ပိတ်မိသွားပြီး အရပ်မျက်နှာတိုင်းတွင် ဝိညာဥ်သားရဲကြီးများဝိုင်းနေသဖြင့် သေခြင်းတရားနှင့် လက်တစ်ကမ်းသာလိုတော့သည်။

"ယဲ့ချန် ငါ့ကောင်ရေ မင်းကတော့ ရူးနေပြီ"

ယဲ့ချန်၏အကြံကို ရိပ်မိသွားသော ခြင်္သေ့ကြီးက သက်ပြင်းတစ်ချက်ချလိုက်သည်။ အကြံက ကောင်းမွန်သော်လည်း အလွန်အန္တရာယ်များပြီး တစ်ချက်မှားသွားလျှင် ယဲ့ချန်က သေချာပေါက်သေရမည်ဖြစ်သည်။

ယဲ့ချန်၏ရင်ဘတ်၊ ခြေထောက်နှင့် လက်များတွင် နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းများ ထွက်ပေါ်လာသည်။ သူက လက်ဝါးထဲတွင် ကောင်းကင်ကြယ်တာရာ ပင်မတံ​ဆိပ်ကို ဆုပ်ကိုင်ထားသည်။ ဝိညာဥ်သားရဲကြီးများက တိုက်ခိုက်လာသောအခါ သူက ဝိညာဥ်အသိစိတ်နှင့် ပင်မတံဆိပ်ကို လှုံ့ဆော်လိုက်သည်။ ထို့နောက် ပြိုင်ဘက်ကင်းစွမ်းအားကြီးတစ်ခုက ပင်မတံဆိပ်အတွင်းမှ နေရာတိုင်းသို့ ပြန့်ထွက်လာခဲ့သည်။

"ဘုန်း"

ပေါက်ကွဲမှုဖြစ်ပွားသည်နှင့်တပြိုင်နက် ယဲ့ချန်က လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်လိုက်သည်။

ငါးကီလိုမီတာအတွင်းရှိ တောင်ကုန်းများနှင့် တောင်တန်းများအားလုံးက ပြောင်သလင်းခါသွားပြီး ခြောက်မီတာနက်သော တွင်းကြီးတစ်ခု မြေပြင်၌ ဖြစ်ပေါ်လာသည်။ ယဲ့ချန်နှင့်အနီးဆုံးဖြစ်သော ဝိညာဥ်သားရဲများက အပိုင်းပိုင်းအစစ ဖြစ်သွားကြသကဲ့သို့ မနီးမဝေးရှိဝိညာဥ်သားရဲများက လေပေါ်သို့ မြှောက်တက်သွားပြီး မြေပြင်သို့ပြန်အကျတွင် အသက်ပျောက်ကုန်သည်။ အဝေးဆုံးရှိ ဝိညာဥ်သားရဲတစ်ကောင်နှစ်ကောင်သာ အပြင်းအထန်ဒဏ်ရာရသွားပြီး အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့လေသည်။

ယဲ့ချန်က ဒဏ်ရာရှိသွားသော်လည်း ကံကောင်းစွာဖြင့် မပြင်းထန်ခဲ့ပေ။ သူက ကောင်းကင်ချီကိုလည်ပတ်၍ ဒဏ်ရာများကိုကုသနေရင်း လက်ထောက်တံဆိပ်အပြင်သို့ ခုန်ထွက်လိုက်သည်။

"ယဲ့ချန် မင်းလုပ်လိုက်တာက အန္တရာယ်များလွန်းတယ်။ မင်းသာ နည်းနည်းလောက်နှေးပြီး ပေါက်ကွဲမှုထဲပါဝင်သွားရင် သေချာပေါက်သေလိမ့်မယ်။ နတ်ဆိုးချပ်ဝတ်က မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပေမယ့် ခေါင်းက အလွတ်ကြီးဖြစ်နေတုန်းဟ"

ခြင်္သေ့ကြီးက ယဲ့ချန်ကိုယ်စား ခြေဖျားလက်ဖျားများ အေးစက်နေခဲ့သည်။

"ဆရာ ကျင့်ကြံခြင်းနဲ့ သေခြင်းတရားက မိတ်ဆွေတွေလိုပါပဲ။ ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်ကိုရောက်ပြီးရင် လူသားတစ်ယောက်ရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်ကို ရောက်နေပြီ။ သာမန်နည်းလမ်းတွေနဲ့ အဆင့်တက်လို့မရတဲ့အပြင် ရတနာတွေနဲ့ အစွမ်းထက်ကျင့်စဥ်သာ မပိုင်ဆိုင်ထားရင် အလယ်အဆင့်ကိုရောက်ဖို့ လပေါင်းများစွာ ကြာလိမ့်မယ်။ ကျုပ်အတွက်တော့ ဒီအချိန်တွေက ကြာလွန်းတယ်"

ယဲ့ချန်က ဝိညာဥ်သားရဲအလောင်းများကို စုစည်းနေရင်း ရှင်းပြလိုက်သည်။ လက်မောင်းကာအတွင်းရှိ နေရာလပ်က ပြည့်နှက်သွားသောကြောင့် အချို့ကို သူက စွန့်လွှတ်လိုက်ရပြီး ခေါင်းများကိုသာ ဖြတ်ယူလိုက်သည်။ ၎င်းတို့၏ခေါင်းများတွင် တန်ဖိုးရှစ်ဆယ်ရာခိုင်နှုန်း တည်ရှိနေသည်။

နှစ်လအတွင်း ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်မှ အလယ်အဆင့်သို့ တက်နိုင်လျှင်ပင် အလွန်မြန်သည်ဟု ဆိုနိုင်သောကြောင့် ခြင်္သေ့ကြီးက မျက်ခုံးပင့်လိုက်မိသည်။ ဤထက်ပို၍ တိုတောင်းစွာအဆင့်တက်လျှင် သဘာဝနှင့် ဆန့်ကျင်နေပေလိမ့်မည်။ သူက ယဲ့ချန်ထက် အဆများစွာပို၍အစွမ်းထက်သော်လည်း နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့ရခြင်းဖြစ်သည်။

"ကျင့်ကြံခြင်းက ကောင်းကင်ကိုဆန့်ကျင်ရတာဖြစ်လို့ အသက်ကိုရင်းပြီး စိန်ခေါ်ရမှာပဲ။ သေမှာကိုအရမ်းကြောက်နေရင် ရလဒ်ကောင်းကို ရမှာမဟုတ်ဘူး။ ကျုပ်က သူရဲဘောကြောင်ပြီး သေရမှာကြောက်တတ်တဲ့လူ မဟုတ်ဘူး။ ကျုပ်နဲ့မသက်ဆိုင်တဲ့ရတနာကို စွန့်လွှတ်နိုင်ပေမယ့် ကျုပ်ရယူနိုင်တာကိုတော့ လုံးဝအလွတ်မပေးနိုင်ဘူး။ အသက်ကိုရင်းပြီး စွန့်စားရတာက သိုင်းလမ်းစဥ်ရဲ့အဓိပ္ပါယ်လို့ ကျုပ် ယုံတယ်"

ယဲ့ချန်က ဤသို့ပြောနေရင်း လက်ထောက်တံဆိပ်အတွင်း ပြန်ရောက်လာကာ ဝိညာဥ်သားရဲခေါင်းများမှ ရတနာများကို ထုတ်ယူနေပြီဖြစ်သည်။ သူက ဆည်းဆာရွှေ၊ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းနှင့် အခြားရတနာများကို ရရှိခဲ့သည်။ ရတနာတစ်မျိုးက နက်ဖရိုက်သတ္တုဟုခေါ်ပြီး ခြင်္သေ့ကြီး၏စကားအရ အဆင့်မြင့်ဝိညာဥ်လက်နက်များ ထုလုပ်ရာတွင် အသုံးပြုနိုင်သည်။ ၎င်း၏တန်ဖိုးက ဆည်းဆာရွှေနှင့် တူညီပေသည်။

(မှတ်ချက် ။ ။ နက်ဖရိုက်သတ္တုသည် အဖြူရောင် သို့ အစိမ်းရောင်ရှိပြီး မာကျောကာ ကျောက်စိမ်းနှင့်တူညီသည်)

ယဲ့ချန်သည် ပင်မတံဆိပ်နှင့်တိုက်ခိုက်လိုက်ခြင်းက ခုနစ်ထပ်ရှိ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများကို လှုပ်ရှားလာစေမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် ၎င်းတို့အားလုံးက တိတ်တဆိတ်ရှိနေကြပြီး ဝိညာဥ်အသိစိတ်ဖြင့်ပင် ထောက်လှမ်းခြင်းမပြုပေ။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲများမှာမူ ဤစွမ်းအားကြီးကြောင့် ကြောက်လန့်စွာ ပုန်းအောင်းနေကြပြီဖြစ်သည်။

ဤအချက်က ယဲ့ချန်ကို စိတ်သက်သာရာရစေခဲ့သည်။ သူက ရတနာများကိုသိမ်းယူပြီးနောက် ထိုနေရာမှ လျင်မြန်စွာထွက်ခွာသွားခဲ့သည်။

ပင်မတံဆိပ်၏စွမ်းအားမှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးက ခုနစ်ထပ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ မိုးကြိုးချောက်နက်၊ ငွေလတောင်ကြား ၊ဝံပုလွေတိုင်းပြည်စသော အင်အားစုများမှာ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတစ်ကောင် ဒေါသထွက်နေသည်ဟု ထင်နေကြသဖြင့် ထိတ်လန့်နေကြသည်။ အချို့ကျင့်ကြံသူများ၏ဘောင်းဘီများတွင် ကျင်ငယ်ရေများစိုရွှဲနေကြပြီး ကျန်ကျင့်ကြံသူများမှာလည်း လက်ရှိတွင် ခုနစ်ထပ်အတွင်း ရှေ့ဆက်သွားရန်သတ္တိများ ပျောက်ကွယ်သွားလေသည်။

All Chapters