← Chapters

နတ်ဆိုးချပ်ဝတ်အရောင်းအဝယ်

Vol. 26 Ch. 356

နတ်ဆိုးချပ်ဝတ်အရောင်းအဝယ်

Vol. 26 Ch. 356

သုံးရက်အတွင်း ယဲ့ချန်သည် ပင်မတံဆိပ်၏အစွမ်းနှင့် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲအကောင်တစ်ရာကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ရတနာများစွာ သိမ်းဆည်းနိုင်ခဲ့သည်။ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းခြောက်ခု၊ ဆည်းဆာရွှေပြားခုနစ်ဆယ့်ခြောက်ခုနှင့် နက်ဖရိုက်သုံးဆယ့်နှစ်ခု ရရှိခဲ့သည်။ ထို့အပြင် သူက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းနှစ်ခု ထပ်မံရရှိခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် တစ်ခုက သူ့ထံတွင်ရှိပြီးသား ဒူးကာအစိတ်အပိုင်း ဖြစ်နေခဲ့သည်။ လက်ရှိတွင် သူက နတ်ဆိုးချပ်ဝတ်တစ်စုံ ပိုင်ဆိုင်နိုင်ရန်အတွက်အစိတ်အပိုင်းနှစ်ခုသာ လိုအပ်တော့သည်။

ယဲ့ချန်သည် ဝိညာဥ်မျှော်စင်၏ခုနစ်ထပ်တွင် အလယ်ပိုင်းမှလွဲ၍ နေရာတိုင်းတွင် ရတနာများ လိုက်လံရှာဖွေခဲ့သည်။ အလယ်ပိုင်းတွင် သူ၏လက်ရှိခွန်အားဖြင့် မယှဥ်နိုင်သော မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများရှိသောကြောင့် သူက မသွားရဲပေ။ အလယ်ပိုင်းတွင် ရတနာသွားရောက်ရှာဖွေရန်က အလွန်အန္တရာယ်များပြီး သူ့ထံတွင် ပင်မတံဆိပ်၏အကူအညီရှိသော်လည်း သားရဲများက သူ့ကို ပင်မတံဆိပ်အသုံးမပြုနိုင်ခင် သတ်ပစ်လိုက်နိုင်သည်။

"ကြည့်ရတာ ငါ့အနေနဲ့ ကျန်တဲ့အစိတ်အပိုင်းနှစ်ခုကို အပြင်ထွက်ရှာရတော့မယ်ထင်တယ်"

ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ယဲ့ချန် ခုနစ်ထပ်ရဲ့ဝင်ပေါက်မှာ မဟာသာလွန်အဆင့် သုံးဆယ့်နှစ်ယောက် ဝင်လာနေပြီ။ ထူးကဲအဆင့်တွေလည်း ပါနေတော့ မင်းအနေနဲ့ ပင်မတံဆိပ်ကိုထပ်မသုံးရင် ကောင်းလိမ့်မယ်"

ခြင်္သေ့၏သတိပေးသံက ရုတ်တရက်ထွက်ပေါ်လာသည်။

"ကျုပ်နားလည်ပြီ။ ကျုပ်လည်း ခုနစ်ထပ်ကနေ ထွက်ခွာသွားဖို့ စဥ်းစားနေတာ"

ဝိညာဥ်မျှော်စင်၏ ခုနစ်ထပ်တွင် ရတနာများစွာရှာဖွေနိုင်ခဲ့သော ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ မဟာသာလွန်အဆင့်ကျင့်ကြံသူများ ခုနစ်ထပ်သို့ဝင်ရောက်လာလျှင် သူတို့ထံမှလုယူရန် မဖြစ်နိုင်သောကြောင့် ထွက်ခွာသွားခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

"မင်းဆုံးဖြတ်ချက် မှန်တယ်။ အခုကထွက်သွားဖို့ အကောင်းဆုံးအချိန်ပဲ။ ဒီလူတွေက ဝိညာဥ်မျှော်စင်ရဲ့ခုနစ်ထပ်ကို ရှင်းလင်းဖို့ ဆုံးဖြတ်ထားကြတယ်။ သူတို့ရှာတွေ့သမျှကို ဘယ်သူလုယူတာကိုမှ သည်းခံမှာမဟုတ်ဘူး။ ကျင့်ကြံသူတစ်ယောက်က လောဘကြီးလွန်းရင် သေတတ်တယ်"

ယဲ့ချန်သည် ဤအချက်ကို နားလည်သဘောပေါက်ရန် ဆင်ခြင်တုံတရားရှိသောကြောင့် ခြင်္သေ့ကြီးက ခေါင်းညိတ်၍ ချီးကျူးလိုက်သည်။

ယဲ့ချန်က ခုနစ်ထပ်၏ထွက်ပေါက်ထံ ဦးတည်ပျံသန်းသွားခဲ့သည်။ သူက လက်ရှိတွင်လည်း သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသည်။

"သမာဓိကောင်စီ၊ မိုးကြိုးမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော်၊ ဝိညာဥ်လက်နက်ကောင်စီ၊ ဆေးဘုရင်မြို့တော်၊ မီးတောက်နက်ကျားသစ်မျိုးနွယ်နဲ့ နှင်းအရိပ်မျိုးနွယ်က ဝိညာဥ်မျှော်စင်ရဲ့ခုနစ်ထပ်ကို ရှင်းလင်းရေးလုပ်မယ်။ မဆိုင်တဲ့သူတွေ ချက်ချင်းထွက်သွားကြစမ်း"

ကျယ်လောင်သော အမိန့်ပေးသံတစ်ခု ကခုနစ်ထပ်၏နေရာတိုင်းသို့ လွင့်ပျံလာသည်။ ၎င်းက အာဏာရှင်ဆန်လွန်းသဖြင့် ကြားရသူအပေါင်း၏ နှလုံးသားများကို တုန်ယင်သွားစေသည်။

ဤကား အစွမ်းထက်အင်အားစု ခုနစ်ခု၏ ပေါင်းစည်းမှုဖြစ်သည်။ သူတို့က ဝိညာဥ်သားရဲများနှင့် အပြင်းအထန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။

"သမာဓိကောင်စီနဲ့ မိုးကြိုးမျိုးနွယ်က ရန်သူတွေ မဟုတ်ဘူးလား။ ဘာကြောင့် အတူတူပူးပေါင်းနေကြတာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"အမြဲတမ်းမိတ်ဆွေနဲ့ အမြဲတမ်းရန်သူဆိုတာ မရှိဘူး။ အမြဲတမ်းအကျိုးအမြတ်ဆိုတာပဲ ရှိတယ်။ ဒီအင်အားစုခုနစ်ခုလုံးက ခုနစ်ထပ်ကို တစ်ကိုယ်တော် ဖြေရှင်းနိုင်စွမ်းမရှိဘူး။ ဒါကြောင့် သူတို့က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ယာယီပူးပေါင်းလိုက်ကြတာဖြစ်တယ်"

ခြင်္သေ့ကြီးက ဖြေလိုက်သည်။

အစွမ်းထက်အင်အားစုများကြားတွင် ဝံပုလွေတိုင်းပြည်နှင့် ခြင်္သေ့နန်းတော်ကဲ့သို့ နက်ရှိုင်းသော ရန်ငြိုးများမရှိသောကြောင့် လက်ရှိအချိန်တွင် တိုက်ခိုက်ကြမည်မဟုတ်ပေ။ ကြီးမားသောရန်ငြိုးက နှစ်ဖက်လုံးကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ လက်ရှိတွင် သူတို့၌ ဘုံစိတ်ဝင်စားမှုတစ်ခုရှိလာသောအခါ ပူးပေါင်းလိုက်ကြသည်။ ကျန်တစ်ဖက်တွင် အားနည်းသောကျင့်ကြံသူများမှာ အနိုင်ကျင့်ခံလိုက်ရသဖြင့် ထွက်သွားရန်မှလွဲ၍ ရွေးစရာမရှိကြပေ။ ဤကား သန်မာသူသည်သာ အခွင့်အရေးနှင့်ထိုက်တန်သော ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းဖြစ်လေသည်။ အမျိုးမျိုးသောအင်အားစုများမှ ကျင့်ကြံသူများက ခုနစ်ထပ်၏ထွက်ပေါက်သို့ လျင်မြန်စွာဦးတည်လိုက်ကြသည်။

လူသားများနှင့် သားရဲများ၏ အစွမ်းထက်အရှိန်အဝါကို အာရုံခံမိလိုက်သောအခါ သားရဲဟိန်းသံကြီးများ ခုနစ်ထပ်၏နေရာတိုင်းမှ မြည်ဟီးလာသည်။ ၎င်းတို့ကမိုး ချုန်းသံကြီးများကဲ့သို့ ကျယ်လောင်နေပြီး မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြင်းထန်ရက်စက်သော တိုက်ပွဲတစ်ခုဖြစ်ပွားရန် အစချီလာသည်။

ကောင်းကင်ထက်တွင် ပုံရိပ်အချို့ လျင်မြန်စွာပျံသန်းသွားသည်ကို ယဲ့ချန်က မြင်လိုက်ရသည်။ ၎င်းတို့ထံမှထွက်ပေါ်လာသော နတ်အလင်းတန်းများကြောင့် နတ်ဘုရင်အဆင့်ဝိညာဥ်သားရဲများက တဘန်းဘန်းပေါက်ကွဲကုန်သည်။ နတ်ဘုရင်အဆင့်ဝိညာဥ်သားရဲများက လုံးဝကာကွယ်နိုင်စွမ်းကင်းမဲ့နေကာ တစ်ဖက်သတ် သတ်ဖြတ်ခံလိုက်ရသည်။

အဝေးရှိမိုးကုပ်စက်ဝိုင်းတွင် မဟာသာလွန်အဆင့် ကျင့်ကြံသူများနှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာများက ဝိညာဥ်သားရဲများကိုစိန်ခေါ်ရန် ပြင်ဆင်နေသည်။ ယဲ့ချန်သည် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ လျှပ်စီးမိုးကြိုးများ လွှမ်းခြုံနေသည့် ပိုလင်းပျံသန်းသွားသည်ကို မြင်လိုက်ရ၏။ ယဲ့ချန်က ဤတိုက်ပွဲ၏အခြေအနေနှင့် ရလဒ်ကို မျက်မြင်သိချင်သော်လည်း သူ၏အစွမ်းက မလုံလောက်ချေ။

ကျင့်ကြံသူများအကြား လိုက်ပါလာသော ယဲ့ချန်က ခုနစ်ထပ်၏ထွက်ပေါက်ထံ ရောက်လာခဲ့သည်။ ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးပါးက ထွက်ပေါက်အနီးတွင်ရပ်၍ ဝိညာဥ်အသိစိတ်နှင့် အားလုံးကို စစ်ဆေးနေသည်။ သူတို့က ယဲ့ချန်နှင့် ထုံတန်တို့လူစုကို ရှာဖွေနေခြင်းဖြစ်ကာ ယဲ့ချန်ကိုယ်ပေါ်သို့ ဝိညာဥ်အသိစိတ်တစ်ခု ကျဆင်းလာသည်။ သို့သော်လည်း လက်ရှိတွင် ယဲ့ချန်က အရှိန်အဝါရောရုပ်သွင်ကိုပါ ပြောင်းလဲထားခဲ့သည်။ ထို့ကြောင့် သူက ဘုရင်သုံးယောက် ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးနေသည့်ကြားမှပင် ထွက်ပေါက်မှ တည်ငြိမ်စွာထွက်လာနိုင်ခဲ့သည်။

လက်ထောက်တံဆိပ်၏ နေရာလပ်အတွင်း ရက်များ ကုန်လွန်သွားခဲ့သည်။ ထုံတန်တို့အဖွဲ့က ဒဏ်ရာအားလုံး ပျောက်ကင်းလုနီးပါးဖြစ်လာကြသည်။ သို့သော်လည်း သူတို့က ဝံပုလွေတိုင်းပြည်နှင့် တိုက်ခိုက်နိုင်သော အခြေအနေတွင်မရှိချေ။

ဝိညာဥ်မျှော်စင်ခြောက်ထပ်၏ ထွက်ပေါက်အနီးတွင် တဲအိမ်များစွာ တည်ဆောက်ထားပြီး စျေးတစ်ခု ခင်းကျင်းထားသည်။ များပြားသောကျင့်ကြံသူများက ရတနာများ လဲလှယ်ရောင်းဝယ်နေကြသည်။ သို့သော်လည်း ဤနေရာတွင် ရောင်းဝယ်ခြင်းက လုံခြုံမှုမရှိဘဲ အချိန်တိုင်း သတ်ဖြတ်လုယူခြင်းများ ဖြစ်ပွားနေသည်။

"ခြင်္သေ့ဘုရင် လက်နက်ကောင်စီနဲ့ အရောင်းအဝယ်လုပ်ရင် စိတ်ချရလား"

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က တံ​ဆိပ်အတွင်း ကျင့်ကြံနေသော ထုံတန်ကို မေးလိုက်ခြင်းဖြစ်သည်။

"ဝိညာဥ်လက်နက်ကောင်စီက ဂုဏ်သတင်းကြီးမားတယ်။ သူတို့နဲ့ အရောင်းအဝယ်လုပ်ရင် စိတ်ချရပါတယ်"

ထုံတန်က ဖြေလိုက်သည်။ သူက တံဆိပ်အတွင်း ရက်အနည်းငယ် ရောက်ရှိနေသောကြောင့် ပြင်ပရှိအခြေအနေများကို မသိပေ။ သူက ဝိညာဥ်လက်နက်ကောင်စီတွင် ယဲ့ချန် မည်သည်ကိုရောင်းဝယ်လိုကြောင်း မသိထားချေ။

ဝိညာဥ်လက်နက်ကောင်စီ၏ စခန်းအပြင်ဘက်တွင် ကျင့်ကြံသူများစွာက ရတနာများ ရောင်းဝယ်နေကြသည်။ အများစုက ထျန်းယွမ်ငွေပြားများနှင့် ဝိညာဥ်လက်နက်များ လဲလှယ်နေကြသည်။ ယဲ့ချန်က ထိုစခန်း၏ အဓိကဝင်ပေါက်ထံ လျှောက်လှမ်းလာခဲ့သည်။

"မိတ်ဆွေက လက်နက်ကောင်စီနဲ့ အရောင်းအဝယ်လုပ်ချင်ရင် တပည့်တွေကို သွားရှာလိုက်ပါခင်ဗျာ။ ကျုပ်တို့က ခင်ဗျားကိုစိတ်ကျေနပ်မယ့် စျေးပေးမှာပါ။ ဒီနေရာက ခေါင်းဆောင်တွေ နေထိုင်တဲ့စခန်းဖြစ်ပြီး အပြင်လူတွေကို ဝင်ခွင့်မပေးနိုင်တာ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသော ဝိညာဥ်လက်နက်ကောင်စီ၏ တပည့်တစ်ဦးက ယဲ့ချန်ကို ယဥ်ကျေးစွာတားမြစ်လိုက်သည်။

"ကျုပ်က ဝိညာဥ်ကောင်စီရဲ့ တာဝန်ရှိသူနဲ့တွေ့ပြီး ရတနာတွေ ရောင်းဝယ်ချင်တယ်"

ယဲ့ချန်က ညာလက်ကို ယမ်းလိုက်သောအခါ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်း၊ ဆည်းဆာရွှေနှင့် နက်ဖရိုက်သတ္တုအချို့ သူ၏လက်ဝါးတွင် ထွက်ပေါ်လာသည်။

"ကျင့်စဥ်ကျောက်စိမ်း ဆည်းဆာရွှေ"

အစောင့်တပည့်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်မိသည်။ အားလုံးက ရှားပါးသောရတနာများဖြစ်သောကြောင့် နတ်ဘုရင်များပင် အနည်းငယ်သာ ပိုင်ဆိုင်ထားကြ၏။ ယဲ့ချန်ထံတွင် အရေအတွက်များစွာရှိသောကြောင့် ထူးခြားသူတစ်ယောက် ဖြစ်နိုင်သည်။ ယဲ့ချန်က သက်လတ်ပိုင်းအရွယ် သာမန်ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူနေသည်။ သူက ကျော်ကြားသော ကျင့်ကြံသူအများစုကို သိရှိထားသော်လည်း သူက ယဲ့ချန်မည်သူဖြစ်ကြောင်း မသိပေ။

"ကျေးဇူးပြုပြီး စောင့်နေပေးပါခင်ဗျာ။ ကျုပ်က အကြီးအကဲတစ်ယောက်ကို သွားခေါ်ပေးပါမယ်"

လက်နက်ကောင်စီ၏ တပည့်က ယဲ့ချန်ကို ယဥ်ကျေးစွာပြော၍ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ခဏအကြာတွင် အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က ထိုတပည့်နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

"မိတ်ဆွေက ဝိညာဥ်လက်နက်ကောင်စီနဲ့ အရောင်းအဝယ်လုပ်ချင်တဲ့ ကျင့်ကြံသူပါလား"

အဘိုးအိုက ယဲ့ချန်ကို တစ်ချက်အကဲခတ်လိုက်သည်။ ယဲ့ချန်၏ကျင့်ကြံဆင့်က နိမ့်ကျနေသော်လည်း အတွေ့အကြုံပြည့်ဝသော အဘိုးအိုက အစွမ်းထက်နောက်ခံတစ်ခု သေချာပေါက်ရှိမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်က လက်နက်ကောင်စီကဲ့သို့ အစွမ်းထက်အင်အားစုတစ်ခုကို ပေါ့ပေါ့ပါးပါးပြောဆို ဆက်ဆံရဲမည် မဟုတ်ချေ။

"ဟုတ်ပါတယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ်က လက်နက်ကောင်စီရဲ့ တာဝန်ရှိအကြီးအကဲ ကျိလင်ပါ။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ"

ကျိလင်က ယဲ့ချန်ကို လက်နက်ကောင်စီ၏တဲအတွင်း ခေါ်ဆောင်သွားခဲ့သည်။ တပည့်က ဝင်ပေါက်တွင် တိတ်တဆိတ်ကျန်ရစ်ခဲ့ပြီး ယဲ့ချန်နှင့်ကျိလင်ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်သည်။

အသံလုံအောင်စီစဥ်ထားသော လက်နက်ကောင်စီ၏ တဲတစ်ခုအတွင်း ဖြစ်သည်။ အပြင်လူများက နံရံကို အပြင်ဘက်မှကပ်၍ နားထောင်လျှင်ပင် မည်သည်ကိုမှ ကြားနိုင်မည်မဟုတ်ပေ။ ကျိလင်က ဤအရောင်းအဝယ်ကို သတိကြီးကြီးနှင့်စီစဥ်ထားရသော အကြောင်းအရင်းမှာ တပည့်ထံမှ ယဲ့ချန်တွင် အဖိုးတန်ရတနာများစွာပါလာကြောင်း သိထားသောကြောင့်ပင်ဖြစ်သည်။

"မိတ်ဆွေက ဘာတွေအရောင်းအဝယ် လုပ်ချင်တာလဲ"

ကျိလင်က ယဲ့ချန်အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကိုယ်တိုင်ငှဲ့ပေးလိုက်သည်။

"ကျုပ် စာရင်းတစ်ခု ရေးပေးမယ်။ ဒါတွေကိုရှာပေးနိုင်ရင် ကျင့်စဥ်ကျောက်စိမ်း ၊ဆည်းဆာရွှေ၊ နက်ဖရိုက်သတ္တုစတာတွေနဲ့ အလဲအလှယ်လုပ်မယ်"

ယဲ့ချန်က ကမ်းလှမ်းလိုက်သည်။

"ကောင်းပြီ"

ကျိလင်က စုတ်တံတစ်ချောင်းနှင့်မင်ကို အလျင်အမြန်စီစဥ်ပေးလို​က်သည်။

"ခင်ဗျားလိုချင်တဲ့ရတနာတွေက အမှန်တကယ်ရှားပါးတယ်။ နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းတွေက အစွမ်းထက်အင်အားစုတွေလက်ထဲကို ရောက်နေတယ်။ အဆင့်ကိုး မပြောနဲ့ အဆင့်ရှစ်အစိတ်အပိုင်းတစ်ခုက မြို့တစ်ခုကိုဝယ်နိုင်လောက်အောင် တန်ဖိုးရှိတယ်။ မိတ်ဆွေလိုချင်တဲ့ ခေါင်းနဲ့ဖိနပ် အစိတ်အပိုင်းတွေက ပိုပြီးရှားပါးတယ်"

ယဲ့ချန်က စာရင်းတစ်ခုချရေးလိုက်ပြီး ကျိလင်ထံ ကမ်းပေးလိုက်သည်။ ကျိလင်က စာရင်းကိုဖတ်ပြီးနောက် မျက်နှာထားပြောင်းလဲသွားကာ ခါးသက်သက်ပြုံးလိုက်မိသည်။

"ကျုပ်မှာ အဆင့်ကိုးနတ်ဆိုးချပ်ဝတ် ဒူးကာအစိတ်အပိုင်းရှိတယ်။ ဒါတွေကို အဆင့်ရှစ်အစိတ်အပိုင်းနှစ်ခုနဲ့လဲလှယ်မယ်။ အကြီးအကဲက ကျုပ်ကို ကူညီပေးနိုင်မလား"

ယဲ့ချန်က တိတ်တဆိတ်စဥ်းစားပြီးနောက် ငြင်းဆန်မရနိုင်သော ကမ်းလှမ်းမှုတစ်ခု လုပ်လိုက်သည်။ သူက စကားအဆုံးတွင် နတ်ဆိုးချပ်ဝတ်ဒူးကာကို ထုတ်ပြလိုက်သည်။ ထုံတန်က ဝိညာဥ်လက်နက်ကောင်စီကို ယုံကြည်စိတ်ချရကြောင်း ပြောထားသဖြင့် ယဲ့ချန်က သူတို့ကို စိုးရိမ်မနေခဲ့ပေ။

ကျိလင်၏အကြည့်က ဒူးကာတစ်စုံထံ ကျရောက်သွားပြီး အလွန်အံ့သြမင်သက်သွားခဲ့သည်။ အဆင့်ကိုးချပ်ဝတ်အစိတ်အပိုင်းက အလွန်အစွမ်းထက်ပြီး ဂိုဏ်းတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိကြောင်း သူ ကောင်းစွာသိထားသည်။ ၎င်းက အဆင့်ရှစ်အစိတ်အပိုင်းများထက် ပို၍အဖိုးတန်သည်။ အကယ်၍ ယဲ့ချန်က အဆင့်ကိုးအစိတ်အပိုင်းကို အဆင့်ရှစ်အစိတ်အပိုင်းသုံးခုနှင့် လဲလှယ်ချင်လျှင်ပင် ပြဿနာမရှိပေ။ ဝိညာဥ်လက်နက်ကောင်စီသည်လည်း ဤအရောင်းအဝယ်မှ အကျိုးအမြတ်များစွာရမည်ဖြစ်သည်။

"ဝိညာဥ်လက်နက်ကောင်စီက ဒီအရောင်းအဝယ်ကို လက်ခံပါတယ်။ ဒါပေမယ့် မိတ်ဆွေက အချိန်တစ်ခုတော့ စောင့်ပေးရပါမယ်။ ကျုပ်က အင်အားစုအများကြီးကိုဆယ်သွယ်ပြီး ရတနာတွေကိုရောင်းမရောင်း မေးမြန်းဖို့ အချိန်လိုပါတယ်"

ကျိလင်က နေရာတွင် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပြီ"

ယဲ့ချန်ကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters