← Chapters

ခြင်္သေ့ဘုရင်ထုံတန် အဆင့်တက်ခြင်း

Vol. 26 Ch. 357

ခြင်္သေ့ဘုရင်ထုံတန် အဆင့်တက်ခြင်း

Vol. 26 Ch. 357

"နောက်ထပ်ရောင်းဝယ်မှုအတွက် မိတ်ဆွေလိုချင်တဲ့ အဆင့်ရှစ်နဲ့အဆင့်ကိုး ဝိညာဥ်လက်နက်ဓားရှည်တွေနဲ့ ဓားအစီအရင် ရေးထွင်းပေးဖို့ဆိုရင် ဒါက လုံးဝမှန်တဲ့နေရာဖြစ်တယ်။ ဝိညာဥ်လက်နက်ကောင်စီက အများကြီးအစွမ်းမထက်ပေမယ့် ဝိညာဥ်လက်နက်တွေကတော့ ပေါများတယ်။ မင်းကို အဆင့်ကိုးလက်နက်နှစ်ခု ပြုလုပ်ပေးနိုင်တယ်။ ဓားတွေပေါ်မှာ ဘယ်လိုအစီအရင်မျိုးကို ထွင်းပေးစေချင်ပါသလဲ"

ကျိလင်က ယဲ့ချန်ကို မေးလိုက်ခြင်းဖြစ်သည်။

"အစီအရင်ရဲ့ရုန်းတွေကို ကျုပ် ထောက်ပံ့ပေးမယ်"

ယဲ့ချန်က ဖြေလိုက်သည်။ ကန့်သတ်ဒေသတွင် ယဲ့ချန်က ထို့ပါရန်ကိုသတ်ဖြတ်ပြီးနောက် အစီအရင်စာအုပ်တစ်ခုကို ရရှိခဲ့သည်။ ၎င်းအတွင်း အစီအရင်သုံးခုမှတ်တမ်းတင်ထားပြီး ဓားသုံးလက်အစီအရင်၊ ချုပ်နှောင်အစီအရင်နှင့် ထောင်ချီဓားအစီအရင်တို့ဖြစ်ကြသည်။ ယဲ့ချန်က ဤတစ်ကြိမ်တွင် ဓားသုံးလက်အစီအရင်နှင့် ထောင်ချီဓားအစီအရင်ကိုဖန်တီးရန် ကြိုးစားချင်ခဲ့သည်။

"စျေးနှုန်းက....."

ကျိလင်က စကားပြောနေရင်း တုံ့ဆိုင်းသွားခဲ့သည်။

"ရပါတယ် ​ပြောပါ"

ယဲ့ချန်က လုံးဝစိုးရိမ်စိတ်မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

"အဆင့်ကိုးဝိညာဥ်လက်နက်တွေက သွန်းလုပ်ဖို့ အလွန်အမင်းခက်ခဲတဲ့အတွက် တစ်ခုကို ကျင့်စဥ်ကျောက်စိမ်းတစ်ခု မဟုတ်ရင် ဆည်းဆာရွှေပြားသုံးဆယ် ကျသင့်ပါမယ်။ ဆည်းဆာရွှေမလုံလောက်ရင် နက်ဖရိုက်သတ္တုတွေ အစားထိုးနိုင်ပါတယ်။ ဓားအစီအရင်ရေးထွင်းပေးတာကိုတော့ အလကားဝန်ဆောင်မှုပေးပါမယ်"

ကျိလင်က တစ်လုံးချင်းပြောလိုက်သည်။ ကုန်ကြမ်းလုံလောက်စွာရှိနေလျှင် အဆင့်ရှစ်နှင့်အဆင့်ကိုးလက်နက်များ သွန်းလုပ်ရန်က ဝိညာဥ်လက်နက်ကောင်စီအတွက် မခက်ခဲသောကြောင့် အလွန်အကျိုးအမြတ်များသော အလုပ်တစ်ခုဖြစ်သည်။ လက်နက်များအတွင်း လက်နက်ဝိညာဥ် ထည့်သွင်းရန်အတွက်လည်း အထူးနည်းလမ်းတစ်ခုရှိသောကြောင့် စိုးရိမ်စရာမလိုပေ။ လူသား၊ မြေနှင့် ကောင်းကင်အဆင့် လက်နက်များမဟုတ်လျှင် လက်နက်ကောင်စီက ထုတ်ပေးနိုင်သည်။

"ကောင်းပြီ။ သဘောတူတယ်"

ယဲ့ချန်ထံတွင် ဆည်းဆာရွှေများစွာနှင့် နက်ဖရိုက်သတ္တုများစွာရှိသောကြောင့် လက်ခံလိုက်သည်။

ယဲ့ချန်က အလွန်လက်ဖွာသော စျေးဝယ်သူတစ်ယောက်ဖြစ်နေသည့်အတွက် ကျိလင်က အလွန်ဝမ်းသာသွားခဲ့သည်။ အကျိုးအမြတ်များသော အရောင်းအဝယ်တစ်ခုပြုလုပ်ရန် သူက များစွာအားမထုတ်ခဲ့ရပေ။ လက်နက်ကောင်စီ၏ ကျွမ်းကျင်ပန်းပဲဆရာများက အဆင့်ကိုးလက်နက်တစ်ခုကို ဆည်းဆာရွှေပြားတစ်ဆယ်နှင့်သာ ဖန်တီးနိုင်ကြသည်။ ကျန်တစ်ဖက်တွင် ဆည်းဆာရွှေပြားသုံးဆယ်ရယူရန်အတွက် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲအကောင်းသုံးဆယ်ကို သတ်ဖြတ်ခဲ့ရသည်။ ဤအရောင်းအဝယ်၏ကျေးဇူးကြောင့် ကျိလင်၏အဆင့်အတန်းက လက်နက်ကောင်စီ၏ အကြီးအကဲများကြားတွင် အဆင့်သစ်တစ်ခုသို့ တက်ရောက်သွားပေလိမ့်မည်။

"အဆင့်ငါးဓားပျံတစ်သောင်းကိုလည်း ကျုပ်တို့ ပြုလုပ်ပေးနိုင်တယ်။ ဒါပေမယ့် အရေအတွက်ကများလွန်းလို့ လေးငါးရက်လောက် အချိန်ယူရမယ်။ စျေးကလည်း နည်းနည်းကြီးလိမ့်မယ်။ မိတ်ဆွေက ကျုပ်တို့လက်နက်ကောင်စီနဲ့ အရောင်းအဝယ်လုပ်ချင်မှတော့ ဖြည့်ဆည်းပေးပါမယ်။ စျေးနှုန်းက....."

ကျိလင်က အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ ယဲ့ချန်ကိုအကဲခတ်ကာ ဆက်ပြောလိုက်သည်။

"ကျင့်စဥ်ကျောက်စိမ်းဆယ်ခု မဟုတ်ရင် ဆည်းဆာရွှေပြားသုံးရာ ကျသင့်ပါလိမ့်မယ်။ မင်းမှာ ဒီလောက်အများကြီးမရှိရင် နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်း၊ အာကာသကျောက်တွေနဲ့ ပေးချေလို့ရပါတယ်"

"ဒီအဘိုးကြီးက ငါ့ကို ငတုံးထင်နေတာလား"

ယဲ့ချန်က ခေါင်းယမ်း၍ ခပ်တင်းတင်းပြောလိုက်သည်။

"အဆင့်ကိုးလက်နက်တစ်ခုက အဖိုးတန်ပြီး အဆင့်ငါးလက်နက် သုံးထောင်တန်တယ်။ ဒီလိုတွက်ချက်လိုက်ရင် စျေးနှုန်းက ကျင့်စဥ်ကျောက်စိမ်းသုံးခုလေးခုထက် မပိုသင့်ဘူး။ ပြီးတော့ အဆင့်ငါးလက်နက်တွေပေါ်မှာ ရုန်းတွေရေးထွင်းချင်ရင် သာမန်တပည့်တစ်ယောက်သာ လိုအပ်လို့ ကျွမ်းကျင်ပညာရှင်တွေ မလိုအပ်ဘူး။ လူအင်အားအများကြီးသုံးရမှာကို ထည့်တွက်ရင် ကျင့်စဥ်ကျောက်စိမ်းလေးခုက လုံလောက်နေပြီ။ အဆင့်ကိုးလက်နက်ကို ဝိညာဥ်လက်နက်ကောင်စီတစ်ခုတည်းက သွန်းလုပ်ပေးနိုင်လို့ စျေးမြင့်တာကို ငါ နားလည်တယ်။ ဒါပေမယ့် အဆင့်ငါးလက်နက်တွေကို လုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ မင်းကမရိုးသားဘူးဆိုရင် ငါက ဒီအလုပ်အပ်ဖို့ အခြားအင်အားစုတစ်ခုကို သွားရှာလိုက်တော့မယ်။ ငါ အများဆုံးပေးနိုင်တဲ့စျေးက ကျင့်စဥ်ကျောက်စိမ်းသုံးခုပဲ"

ကျိလင်မှာ စိတ်ထဲတွင် ခါးသက်စွာပြုံးလိုက်သည်။ တစ်ဖက်လူက ကြွယ်ဝချမ်းသာ၍ လက်ဖွာတတ်သော်လည်း အလွန်ဉာဏ်ကောင်းသူဖြစ်သည်။ ဤသို့သောဧည့်သည်များနှင့်ဆက်ဆံရာတွင် အရေးအကြီးဆုံးအချက်က သူတို့ကို မစော်ကားမိစေရန်ဖြစ်သည်။

"ကျန်တဲ့အင်အားစုတွေက အဆင့်ငါးဓားပျံတစ်သောင်းပေါ်မှာ ရုန်းတွေရေးထွင်းပေးနိုင်ပေမယ့် တစ်သောင်းလုံးကို ပြုလုပ်ပေးနိုင်ဖို့ခက်တယ်။ ကျုပ်တို့သမာဓိကောင်စီက အလုပ်အပ်သူရဲ့အချက်အလက်တွေကိုလည်း ဖုံးကွယ်ပေးထားမယ်။ ဒါကြောင့် ကျင့်စဥ်ကျောက်စိမ်းငါးခုနဲ့ စျေးတည့်လိုက်ကြမလား"

ကျိလင်က ယဲ့ချန်ကို ဖော်ရွေစွာပြုံးပြ၍ စျေးခေါ်လိုက်သည်။

ယဲ့ချန်က တိတ်တဆိတ်စဥ်းစားနေစဥ် ကျိလင်က တစ်ကိုယ်လုံး ချွေးများစိုရွှဲနေခဲ့သည်။ ကျင့်စဥ်ကျောက်စိမ်းတစ်ခုချင်းစီက သူ့အတွက် အလွန်အရေးကြီးသောကြောင့် သူက ယဲ့ချန်ကို စိုးရိမ်တကြီးစိုက်ကြည့်နေမိသည်။

"ကောင်းပြီ။ ဒီစျေးနှုန်းကို လက်ခံပေးမယ်။ ဒါပေမယ့် အကုန်လုံးကို ဆယ်ရက်အတွင်းလိုချင်တယ်။ ပြီးရင် တစ်ယောက်ယောက်ကိုလွှတ်ပြီး လာယူခိုင်းလိုက်မယ်"

ယဲ့ချန်က နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်၏စကားကြောင့် ကျိလင်မှာ အလွန်ဝမ်းသာသွားခဲ့သည်။ ဤအရောင်းအဝယ်မှရသော အကျိုးအမြတ်များကြောင့် သူ၏အဆင့်အတန်းက သေချာပေါက်မြင့်တက်လာတော့မည်ဖြစ်သည်။

"ဆယ်ရက်အတွင်း ရစေရပါမယ်။ ဝိညာဥ်လက်နက်ကောင်စီက မိတ်ဆွေဆီ ရတနာတွေကို ပို့ဆောင်ပေးပါမယ်။ မိတ်ဆွေက ရုန်းတွေပို့ပေးရင် ကျုပ်တို့က ချက်ချင်းရေးထွင်းပေးပါမယ်။ ဒီနေရာမှာ ရက်အနည်းငယ်လောက် စောင့်ယူသွားနိုင်ပါတယ်။ ဘယ်သူမှ မနှောင့်ယှက်စေရပါဘူး။ မိတ်ဆွေလိုချင်တာရှိရင် ကျုပ်ကို တပည့်တွေကနေတဆင့် ဆက်သွယ်နိုင်ပါတယ်"

ကျိလင်က ယဲ့ချန်ကို ဖိတ်ခေါ်လိုက်သည်။ သူက ယဲ့ချန်ကိုကြည့်လေလေ ပို၍ကျေနပ်လေလေဖြစ်သည်။ ရက်ရောသော အဖိုးတန်စျေးဝယ်တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသော ကံကောင်းမှုကို သူက ကျေးဇူးတင်နေခဲ့သည်။

ယဲ့ချန်က အစီအရင်၏ရုန်းများကို ရေးဆွဲပေးလိုက်သည်။ ထို့နောက် ကျိလင်က ရုန်းများကိုယူပြီး ချက်ချင်းထွက်ခွာသွားခဲ့သည်။

"ဒီနေရာကို စောင့်ကြပ်ထားကြ။ ငါ့အမိန့်မရှိရင် ဘယ်သူမှ တဲထဲကိုဝင်ခွင့်မရှိဘူး။ အထဲကဧည့်သည်ကိုလည်း မနှောင့်ယှက်ကြနဲ့။ တကယ်လို့ ဧည့်သည်က အပြင်ထွက်လာရင် ကောင်းကောင်းဆက်ဆံကြ။ ပြဿနာဖြစ်ရင် မင်းတို့အားလုံး အပြစ်ပေးခံရမယ်"

တဲအိမ်၏အပြင်ဘက်တွင် ကျိလင်က တပည့်အချို့ကိုခေါ်ဆောင်ပြီး တင်းကျပ်စွာအမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ အကြီးအကဲ"

တပည့်များက ရိုသေစွာဖြင့် ပြိုင်တူအော်လိုက်ကြသည်။ ကျိလင်က ဝိညာဥ်လက်နက်ကောင်စီ၏ အထက်ပိုင်းအကြီးအကဲများနေထိုင်သော တဲအိမ်သို့ ဦးတည်သွားလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်က ဆန်းကျယ်သော ကျင့်ကြံသူတစ်ယောက်​ဖြစ်သည်။ သူက ကျင့်စဥ်ကျောက်စိမ်းများ၊ ဆည်းဆာရွှေနှင့် နက်ဖရိုက်သတ္တုများကို ထုတ်ပေးနိုင်ရုံသာမက နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းတစ်ခုကိုပါ ကုန်သွယ်ရန် ထုတ်ပေးနိုင်စွမ်းရှိသည်။ ဖြစ်နိုင်သည်မှာ ယဲ့ချန်ထံတွင် ချပ်ဝတ်တစ်စုံလုံးရရန်အတွက် အစိတ်ပိုင်းနှစ်ခုသာ လိုတော့ခြင်းဖြစ်သည်။ ကျိလင်က ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၏ရှားပါးမှုကို ကောင်းစွာသိရှိထားပြီး လက်ရှိတွင် ပိုလင်းတစ်ယောက်တည်းသာ ချပ်ဝတ်တစ်စုံလုံးကို ပိုင်ဆိုင်ထားခဲ့သည်။ အဓိကဂိုဏ်းကြီးများပင်လျှင် နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းများကို အရေအတွက်နှစ်ခုသုံးခုသာ ရှာဖွေရယူထားနိုင်ခဲ့ကြသည်။

ဝိညာဥ်လက်နက်ကောင်စီသည် စီးပွားရေးပြုလုပ်ရာတွင် နှစ်ပေါင်းများစွာတည်ထောင်လာသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားခဲ့၏။ သူတို့၏ဧည့်သည်များအပေါ်တွင် ဖောက်ပြန်သောအကြံများ မရှိတတ်ကြပေ။ အကယ်၍ သူတို့က အစွမ်းထက်ဖောက်သည်တစ်ယောက်ကို စော်ကားမိလျှင် ဝိညာဥ်လက်နက်ကောင်စီမှာ သိသာထင်ရှားစွာ ဆုံးရှုံးရပေလိမ့်မည်။ ကျိလင်၏သတင်းပေးမှုကြောင့် လက်နက်ကောင်စီက ချက်ချင်းလှုပ်ရှားလိုက်သည်။ သူတို့က အင်အားစုတိုင်းနှင့် အဆက်အသွယ်များရှိကာ အရေးကြီးသောဖောက်သည်များစွာလည်း ပိုင်ဆိုင်ထားသည်။ များစွာသောကျင့်ကြံသူများက အဆင့်ကိုးနတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းကို အလွန်စိတ်ဝင်စားလာကြလေသည်။

"ဆရာ လက်နက်ကောင်စီရဲ့အကြီးအကဲက ယုံရလောက်လား"

ယဲ့ချန်က ခြင်္သေ့ကြီးကို မေးလိုက်ခြင်းဖြစ်သည်။ သူက ဝိညာဥ်အသိစိတ်ကို မထုတ်ဖော်လိုသောကြောင့် ဆရာဖြစ်သူကိုသာ အားကိုးလိုက်ရသည်။

"သူက အစွမ်းထက်ဂိုဏ်းကြီးတွေနဲ့ဆက်သွယ်ပြီး မင်းအတွက် ချပ်ဝတ်အစိတ်အပိုင်းတွေရှာပေးနေပြီ။ ငါ့အထင် သူ့ကို ယုံကြည်လို့ရလောက်ပါတယ်"

ခြင်္သေ့ကြီးက ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်က နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းနှစ်ခုရှာဖွေရန် အချိန်များစွာမလိုအပ်ပါစေနှင့်ဟု မျှော်လင့်ထားခဲ့သည်။ အကယ်၍ သူက နတ်ဆိုးချပ်ဝတ်တစ်ခုလုံးကို အပြည့်အစုံရရှိနိုင်လျှင် နတ်ဘုရင်တစ်ယောက်ပင် သူ့ကိုထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ချေ။ ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးပါးပင်လျှင် နတ်ဆိုးချပ်ဝတ်ကိုဝတ်ဆင်ထားသော ယဲ့ချန်က ရှေ့တည့်တည့်မှ ဖြတ်လျှောက်သွားလျှင် ထိုင်ကြည့်နေရပေလိမ့်မည်။ သူတို့၏အစွမ်းက နတ်ဆိုးချပ်ဝတ်၏ကာကွယ်မှုကို ထိုးဖောက်နိုင်စွမ်းမရှိချေ။

"ယဲ့ချန် မင်းရဲ့နတ်ဆိုးချပ်ဝတ်ကို အပြည့်အစုံစုဆောင်းနိုင်ပြီဆိုရင် အဆင့်ကိုးအစိတ်အပိုင်းတွေပါဝင်လို့ သာမန်နတ်ဘုရင်ထိပ်ဆုံးတစ်ယောက်က မင်းကို ဒုက္ခမပေးနိုင်ဘူး။ အဆုံးမဲ့အဆင့်တစ် ကျင့်ကြံသူ​တောင် မင်းကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်း ဂရုစိုက်ရမယ်။ သွေးဘုရင်မှာ မိစ္ဆာဝံပုလွေဆေဘာရှိနေတယ်"

ခြင်္သေ့ကြီးက သတိပေးလိုက်ခြင်းဖြစ်သည်။

"ဒါဆိုရင် မိစ္ဆာဝံပုလွေဆေဘာက ကျုပ်ရဲ့နတ်ဆိုးချပ်ဝတ်ကို ထိုးဖောက်နိုင်တာလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။

"သေချာပေါက်မထိုးဖောက်နိုင်ပေမယ့် ချပ်ဝတ်ကို အနည်းနဲ့အများထိခိုက်စေနိုင်လိမ့်မယ်။ တကယ်အစွမ်းထက်တာက အဲ့ဒီဆေဘာမဟုတ်ဘဲ အစောင့်ဝိညာဥ်သာဖြစ်တယ်။ ဒီလိုကိစ္စမျိုးဖြစ်လာရင် မင်းရဲ့ရတနာတစ်ခုနဲ့ အဲ့ဒီဝိညာဥ်ကို ဖမ်းချုပ်ရမယ်"

"ကောင်းကင်တုန်ခါဆေးအိုး"

ယဲ့ချန်၏မျက်လုံးများ တောက်ပလာခဲ့သည်။

"ဒါပေါ့ကွ"​

ခြင်္သေ့ကြီးက တစ်ချက်ပြုံးလိုက်သည်။

မိစ္ဆာဝံပုလွေဆေဘာကိုရင်ဆိုင်ရန် နည်းလမ်းရှိပြီဖြစ်သောကြောင့် ယဲ့ချန်က စိုးရိမ်စရာမလိုတော့ပေ။ သူက လက်ရှိအခြေအနေတွင် ဝံပုလွေတိုင်းပြည်ကိုဖြေရှင်းရန် မရည်ရွယ်ထားသော်လည်း တစ်ဖက်မှ သတ်ဖြတ်လာနိုင်သည်။ ထို့ကြောင့် သူက အသက်ဝှက်ဖဲများစုစည်းထားရမည်ဖြစ်သည်။

ဤရက်အနည်းငယ်အတွင်း ထုံတန်က အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း တိတ်တဆိတ်ကျင့်ကြံနေခဲ့သည်။ ထုံတန်အပြင် ကျိလေ့တို့ကလည်း ကျင့်စဥ်အသစ်ကို စတင်ကျင့်ကြံလိုက်သောကြောင့် အားလုံးကို စွမ်းအင်များ လွှမ်းခြုံလာခဲ့သည်။ သို့သော်လည်း သူတို့က ခြင်္သေ့ကြီးအား နှောင့်ယှက်မိမည်ကိုစိုးရိမ်သောကြောင့် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာကျင့်ကြံနေကြသည်။

ခြင်္သေ့ကြီးက ထုံတန်နှင့်အခြားကျင့်ကြံသူများကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ထုံတန်တို့၏ကျင့်ကြံနေပုံကို စောင့်ကြည့်ပြီးသောအခါ လက်ခံ၍ရနိုင်သည်ဟု သူက ဆုံးဖြတ်လိုက်သည်။

"ကောင်စုတ်ကလေးထုံတန် ဒီကိုလာစမ်း"

ခြင်္သေ့ကြီးက ပြောလိုက်သည်။

"ဘိုးဘေး ကျွန်တော့်ကို ခေါ်လိုက်တာလား"

ထုံတန်က ချက်ချင်းမတ်တပ်ရပ်၍ ရိုရိုသေသေပြန်မေးလိုက်သည်။ သူက အသက်တစ်ထောင်ကျော်သော်လည်း ဘိုးဘေးက အသက်တစ်သောင်းကျော်နေပြီဖြစ်သည်။ ထို့ကြောင့် သူက ဘိုးဘေးအတွက် ဂျူနီယာတစ်ယောက်သာဖြစ်သည်။

"အေး"

ခြင်္သေ့ကြီးက ခေါင်းညိတ်လိုက်သည်။ ထုံတန်သည် သူ့အပေါ် ရိုရိုသေသေဆက်ဆံနေသောကြောင့် သူက ကျေနပ်နေခဲ့သည်။

ထုံတန်က ခြင်္သေ့ကြီး၏ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ၏စိတ်ထဲတွင် ခြင်္သေ့ကြီးမှဆင့်ခေါ်လိုက်သော အကြောင်းအရင်းကို သိချင်နေသည်။ သူက ခြင်္သေ့နန်းတော်၏အုပ်ချုပ်သူဖြစ်သော်လည်း ဘိုးဘေး၏ရှေ့တွင် အသက်ပင်ရဲရဲမရှူရဲပေ။ ဘိုးဘေး၏ကိုယ်တွင်းမှ ထွက်ပေါ်နေသော ကြီးစိုးမှုနှင့် ရှေးဆန်ကာပြိုင်ဘက်ကင်းသော အရှိန်အဝါက သူ၏ဝိညာဥ်ကို အဆက်မပြတ်တုန်ခါစေသည်။ ကျိလေ့နှင့်အခြားလူများက အဝေးမှစောင့်ကြည့်နေကြပြီး စကားတစ်ခွန်းပင် မပြောရဲကြချေ။

ခြင်္သေ့ကြီးက ညာလက်ကိုဆန့်ထုတ်၍ ထုံတန်၏နဖူးကို ထိလိုက်သည်။ ထို့နောက် ကြီးကျယ်ခမ်းနားသော မီးပွားလေးတစ်ခုက ထုံတန်၏ကိုယ်ပေါ်သို့ ကျရောက်လာကာ တစ်ကိုယ်လုံးကို ခရမ်းရောင်မီးများ စွဲလောင်စေသည်။

အလွန်အမင်းပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးသို့ ပြန့်ထွက်လာသောကြောင့် ထုံတန်မှာ ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း သူက နာကျင်မှုကို အသံတစ်ချက်ပင်မထွက်ဘဲ သည်းခံနေခဲ့သည်။ ထုံတန်၏ကိုယ်တွင်း၌ အဆုံးမဲ့သောစွမ်းအင်များ ပြည့်နှက်လာချိန်တွင် သူ့ကို နှစ်ထောင်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော ကျင့်ကြံဆင့်အတားအဆီးက နောက်ဆုံးတွင် ပျက်စီးသွားခဲ့၏။ ထုံတန်မှာ ပျော်ရွှင်လွန်းသောကြောင့် ခုန်ပေါက်လုမတတ်ဖြစ်နေခဲ့သည်။

"ဘာဖြစ်ဖြစ် မင်းက ခြင်္သေ့မျိုးနွယ်ရဲ့ ဆက်ခံသူတစ်ယောက်ဖြစ်တယ်။ ငါက မင်းကြောင့် ခြင်္သေ့မျိုးနွယ်ကို အရှက်မရစေချင်ဘူး"

ခြင်္သေ့ကြီးက ထုံတန်ကို တစ်ချက်စိုက်ကြည့်ကာ ပြန်လည်အိပ်စက်သွားခဲ့သည်။

ထုံတန်၏ကိုယ်ပေါ်ရှိ ခရမ်းရောက်မီးတောက်များက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကြသည်။ သူ၏မျက်လုံးများတွင် အလင်းရောင်တစ်ခု တောက်ပဖြစ်တည်လာသည်။ သူက အသက်ထောင်ချီနေသောကြောင့် ရင့်ကျက်သူတစ်ယောက်ဖြစ်သော်လည်း ဝမ်းသာစိတ်ကို မထိန်းချုပ်နိုင်ပေ။ နောက်ဆုံးတွင် သူက မဟာသာလွန်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အဆုံးမဲ့အဆင့်တစ်သို့ ရောက်ရှိလာခဲ့သည်။ ဤကား ထုံတန်နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသော အခိုက်အတန့်ဖြစ်လေသည်။

All Chapters