← Chapters

နတ်ဆိုးချပ်ဝတ်အပြည့်အစုံ

Vol. 26 Ch. 358

နတ်ဆိုးချပ်ဝတ်အပြည့်အစုံ

Vol. 26 Ch. 358

သက်တမ်းအရာတွင် သားရဲများ၏ဆယ်နှစ်က လူသားများ၏တစ်နှစ်နှင့် ညီမျှသည်။ ၎င်းတို့၏သက်တမ်း နှစ်တစ်ထောင်က လူသားများ၏သက်တမ်း နှစ်တစ်ရာနှင့် တူညီသော်လ​ည်း သားရဲများက အလွန်အသက်ရှည်ကြသည်။ ထုံတန်က ဤဘဝတွင် မဟာသာလွန်အဆင့်သို့တက်နိုင်မည်ဟု မျှော်လင့်မထားသော်လည်း ဘိုးဘေးက အမည်မသိသောနည်းလမ်းတစ်မျိုးဖြင့် အဆင့်တက်နိုင်ရန် ကူညီပေးခဲ့သည်။ ထုံတန်က ခေါင်းမော့၍ ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် ဆန့်ဆန့်ကြီးအိပ်မောကျနေသော ဘိုးဘေးကို မြင်လိုက်ရသည်။ သူက ဘိုးဘေးကို အလွန်ရိုသေလေးစားစွာ ဂါရဝပြုပြီး ထိုနေရာမှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။

လက်ရှိတွင် ထုံတန်က အဆုံးမဲ့အဆင့်တစ် ကျင့်ကြံသူတစ်ယောက်ဖြစ်လာသော​ကြောင့် ခြင်္သေ့နန်းတော်က ဝံပုလွေတိုင်းပြည်ကို ကြောက်စရာမလိုတော့ပေ။ ဤအရာအားလုံးက ယဲ့ချန်ဆိုသော လူငယ်လေးတစ်ယောက်ကြောင့်ဖြစ်သည်။ သူက အဝေးတွင်ရှိနေသော ယဲ့ချန်ကို အလွန်ကျေးဇူးတင်သော မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ယဲ့ချန်က တံဆိပ်အတွင်းနယ်မြေ၏ ထောင့်တစ်နေရာတွင်ထိုင်၍ ကျင့်စဥ်ကျောက်စိမ်းများနှင့် အလုပ်ရှုပ်နေသည်။ သူဖွင့်လှစ်ရန် ကြိုးစားပြီးဖြစ်သော ကျောက်စိမ်းနှစ်ခုအပါအဝင် လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်း စုစုပေါင်းရှစ်ခုအထိ ပိုင်ဆိုင်ထားသည်။ နှစ်ခုကို စမ်းသပ်ပြီးဖြစ်၍ သူက သွေးဖြင့် ကျန်ခြောက်ခုကို ဖွင့်လှစ်ရပေလိမ့်မည်။

"မပွင့်ဘူး"

"ဒါလည်း မရပြန်ဘူး"

ကျောက်စိမ်းလေးခု ဆက်တိုက်ဖွင့်မရသောအခါ ယဲ့ချန်၏စိတ်ထဲတွင် စတင်စိုးရိမ်လာသည်။ အကယ်၍ သူသာ ကျင့်စဥ်ကျောက်စိမ်းခြောက်ခုလုံးကို ဖွင့်မရလျှင် ကြိုးစားမှုများအားလုံး အလဟဿဖြစ်သွားနိုင်သည်။ သူက နောက်ထပ်ကျောက်စိမ်းတစ်ခုပေါ်သို့ သွေးတစ်စက်ချလိုက်သည်။ ထို့နောက် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၍ ယဲ့ချန်က အတွင်းမှ အစွမ်းထက်အရှိန်အဝါကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။

"အောင်မြင်ပြီကွ"

ယဲ့ချန်က ပျော်ရွှင်စွာဖြင့် ဝိညာဥ်အသိစိတ်ကို ၎င်းအတွင်း ချက်ချင်းဝင်ခိုင်းလိုက်၏။ သူ၏နားအတွင်း တန်းကျိ၏စကားသံ ဝင်ရောက်လာခဲ့သည်။

"လူငယ်လေး ဒီတစ်ခေါက် မင်း ဘယ်လျှို့ဝှက်ကျင့်စဥ်ကို လိုချင်သေးလဲ"

အဘိုးအိုတန်းကျိက မေးမြန်းလိုက်သည်။

အခြားသောကျင့်ကြံသူများက လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းအတွင်း ဝင်ရောက်နိုင်လျှင် မည်သည့်ကျင့်စဥ်များကို ရွေးချယ်ကြောင်း ယဲ့ချန်က မသိထားပေ။ အများအားဖြင့် သူတို့က မိုးကြိုးအဆင့် ၊နတ်အဆင့်နှင့် ထျန်းယွမ်အဆင့်ကဲ့သို့ အချိန်များစွာပေးရသော ကျင့်စဥ်များကို လက်ရှောင်တတ်ကြသည်။ ၎င်းတို့ကိုကျွမ်းကျင်ရန် နှစ်ပေါင်းရာချီဆယ်ချီ လိုအပ်သည်။ သို့သော်လည်း ယဲ့ချန်က ဤပြဿနာကို ဂရုစိုက်စရာမလိုအပ်ပေ။

ဥပမာအားဖြင့် နတ်ကျင့်စဥ်ဖြစ်သော နေရောင်အောက်မှသူခိုးကိုကျင့်ကြံရန် ယဲ့ချန်က နာရီအနည်းငယ်သာ လိုအပ်ခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကြောင့်ဖြစ်ပြီး လျှို့ဝှက်ကျင့်စဥ်အားလုံးကို လွယ်ကူစွာကျင့်ကြံနိုင်ပေလိမ့်မည်။

"စီနီယာ တိုက်ခိုက်ရေးစွမ်းအားပြင်းထန်တဲ့ ထျန်းယွမ်ကျင့်စဥ် ရှိပါသလား"

ယဲ့ချန်က မေးလိုက်သည်။ တန်းကျိက ကျင့်စဥ်၏အဆင့်မြင့်လျှင် ကျင့်ကြံရန် ခက်ခဲလေဖြစ်ကြောင်း ပြောထားသော်လည်း ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်အားကိုးကြောင့် သူက အမြင့်ဆုံးအဆင့်ကို ရွေးချယ်လိုက်သည်။

ယဲ့ချန်၏တောင်းဆိုချက်ကို ကြားသောအခါ တန်းကျိက အလွန်အံ့သြသွားခဲ့သည်။ ယဲ့ချန်က သူ့ထံမှ နတ်ကျင့်စဥ်တစ်ခုကို တောင်းယူသွားပြီးဖြစ်သောကြောင့် အဆင့်မြင့်လျှို့ဝှက်ကျင့်စဥ်များအား ကျင့်ကြံရန် မည်မျှခက်ခဲကြောင်း သိရှိသွားပေလိမ့်မည်။ သို့သော် ဤတစ်ကြိမ်တွင် အဆင့်အမြင့်ဆုံးကျင့်စဥ်ကို တောင်းဆိုလာခဲ့သောအခါ ယဲချန်က နေရောင်အောက်မှသူခိုးကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပုံပေါ်သည်။

"ငါ့မှာ ထျန်းယွမ်ကျင့်စဥ် ၁၇ခု ရှိတယ်။ ဒါပေမယ့် ကျင့်စဥ်တစ်ခုချင်းစီမှာ တင်းကျပ်တဲ့ လိုအပ်ချက်တွေရှိတယ်"

"ဘယ်လိုလိုအပ်ချက်တွေလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဥပမာပြောရရင် လေဟာနယ်ထိုးဖောက်ကျင့်စဥ်ကို ကျင့်ကြံချင်ရင် မဟာသာလွန်အဆင့်ဝိညာဥ်သုံးဆယ်ကို စတေးရလိမ့်မယ်"

"စီနီယာပြောချင်တာက ဒီကျင့်စဥ်ကိုကျင့်ကြံဖို့ မဟာသာလွန်အဆင့် ကျင့်ကြံသူအယောက်သုံးဆယ်ကို သတ်ရမှာလား။ နောက်ထပ်ဘာတွေများရှိသေးလဲ"

ယဲ့ချန်က ချက်ချင်းခေါင်းယမ်းလိုက်သည်။ သူက မဟာသာလွန်အဆင့်ကျင့်ကြံသူများကို သတ်နိုင်မသတ်နိုင်က အဓိကပြဿနာမဟုတ်ပေ။ သူလက်မခံနိုင်သော အချက်က မိမိခွန်အား တိုးတက်လာရန်အတွက် အပြစ်မဲ့သော ကျင့်ကြံသူအယောက်သုံးဆယ်ကို သတ်ရမည့်ကိစ္စဖြစ်သည်။

"မိုးကြိုးရိုက်ချက်ကျင့်စဥ်ကို ကျင့်ကြံဖို့ မိုးကြိုးနဲ့ပတ်သက်တဲ့ လိပ်ပြာလက်နက်ခြောက်ခု လိုအပ်တယ်"

"လိပ်ပြာလက်နက်ခြောက်ခု။ ဒီလိုအပ်ချက်က ကောင်းကင်ထက်တောင် မြင့်နေပြီ"

ယဲ့ချန်က တန်းကျိ၏စကားကို တိတ်တဆိတ်နားထောင်နေရင်း စိတ်ထဲမှရေရွတ်လိုက်မိသည်။ ထျန်းယွမ်ကျင့်စဥ်များ၏ လိုအပ်ချက်များက အလွန်အမင်းမြင့်မားသည်။ အချို့က အစွမ်းထက်ကျင့်ကြံသူများကို စတေးရမည်ဖြစ်ကာ အချို့က လိပ်ပြာလက်နက်များလိုအပ်၍ အချို့က ထူးခြားသော သားရဲခန္ဓာအစိတ်အပိုင်းများ လိုအပ်သည်။ မည်သည့်ထျန်းယွမ်ကျင့်စဥ်ဖြစ်စေ အားလုံးက အလွန်အမင်းခက်ခဲပြီး ယဲ့ချန်အတွက် ကျင့်ကြံနိုင်ရန် လုံးဝမလွယ်ချေ။

"ထျန်းယွမ်ကျင့်စဥ်တစ်ခုက လောကဝိညာဥ်တွေကို ပေါင်းစည်းပေးရမယ်တဲ့။ ငါ့မှာ ကောင်းကင်သိုင်းဝိညာဥ် ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒီကျင့်စဥ်အတွက် အနည်းဆုံး သုံးခုလိုအပ်တယ်"

ယဲ့ချန်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ လက်ရှိတွင် သူက မည်သည့်ထျန်းယွမ်ကျင့်စဥ်ကိုမှ အောင်မြင်စွာကျင့်ကြံနိုင်မည် မဟုတ်ချေ။ သို့သော်လည်း လေးနက်စွာစဥ်းစားပြီးနောက် ယဲ့ချန်က လက်ရှိတွင် ပြဿနာမဟုတ်ကြောင်း ခံစားလိုက်ရသည်။ အနာဂတ်တွင် သူက လိုအပ်ချက်များကို ပြည့်စုံစွာရှာဖွေနိုင်လျှင် လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတစ်ခုကို ရှာဖွေလိုက်ရုံသာဖြစ်လေသည်။

"ဒါဆိုရင် နတ်အဆင့်ကျင့်စဥ်တွေအကြောင်း ပြောပေးပါဦး။ ကျုပ်ကျင့်ကြံဖို့ သင့်တော်မယ့် နတ်အဆင့်ကျင့်စဥ်တွေ ရှိမလားဗျ"

ယဲ့ချန်ကစုံစမ်းလိုက်သည်။

"ငါ့မှာ မင်းနဲ့သက်ဆိုင်တဲ့ ကျင့်စဥ်တစ်ခု တကယ်ရှိတယ်။ ဒီကျင့်စဥ်ကို ကောင်းကင်သိုင်းလှောင်အိမ်လို့ခေါ်ပြီး ကောင်းကင်သိုင်းချီနဲ့ ပတ်သက်နေတယ်"

တန်းကျိ၏စကားအဆုံးတွင် ယဲ့ချန်က ကောင်းကင်သိုင်းလှောင်အိမ်၏ သရုပ်ဖော်ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ ဤကျင့်စဥ်က ရန်သူများကိုချုပ်လှောင်နိုင်သော ဧရာမလှောင်အိမ်တစ်ခုကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ အပြင်ဘက်မှလူများလည်း မဝင်ရောက်နိုင်သကဲ့သို့ အတွင်းမှကျင့်ကြံသူများမှာလည်း အပြင်မထွက်နိုင်ချေ။ အကယ်၍ ယဲ့ချန်၌ အခြားတိုက်ခိုက်ရေး လျှို့ဝှက်ကျင့်စဥ်များရှိလျှင် ၎င်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သို့သော် သူ့၌ လက်ရှိတွင် အခွင့်အရေးတစ်ကြိမ်သာရှိသောကြောင့် ကောင်းကင်သိုင်းလှောင်အိမ်ကိုလက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းကင်ထွက်သက်ကျင့်စဥ် ကိုယ်ယောင်ဖျောက်ပြီး ရန်သူကို တိတ်တဆိတ်သတ်ဖြတ်နိုင်တယ်"

"တဟုန်ထိုးလျှပ်စီး မိုးကြိုးချီကိုကျင့်ကြံတဲ့သူတွေက ဒီလျှို့ဝှက်ကျင့်စဥ်ကို အသုံးချလိုက်ရင် အလွန်မြန်လာမယ်။ ဒါပေမယ့် ဒီကျင့်စဥ်အသုံးချဖို့အတွက် မိုးကြိုးချီပမာဏ အများကြီးလိုအပ်တယ်"

တဟုန်ထိုးလျှပ်စီးကျင့်စဥ်က ပိုလင်း၏ လျှပ်တပြက်မိုးကြိုးကျင့်စဥ်နှင့် တူညီပြီး အသုံးပြုသူ၏အလျင်ကို များစွာမြှင့်တင်ပေးကာ အန္တရာယ်မှလွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်းကို ထုတ်ဖော်ပေးသည်။ ထို့အပြင် ၎င်းက ပိုလင်း၏ကျင့်စဥ်ထက် ပို၍အဆင့်မြင့်သောကြောင့် အဆင့်တစ်ကိုအောင်မြင်လျှင် ပိုလင်း၏အရှိန်နှင့် ယှဥ်ပြိုင်နိုင်သည်။ အကယ်၍ ယဲ့ချန်သာ ၎င်းကို အဆင့်မြင့်မြင့်ကျင့်ကြံနိုင်လျှင် မိုင်တစ်ထောင်ကို မျက်တောင်တစ်ခတ်အတွင်း သွားလာနိုင်ပေလိမ့်မည်။ ဤကား အလွန်အသုံးဝင်သော အသက်ကယ်ကျင့်စဥ်တစ်ခုဖြစ်ကာ သာမန်အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ပင် လိုက်မမီနိုင်ချေ။ ကောင်းကင်သိုင်းလှောင်အိမ်ကဲ့သို့ တစ်ဖက်လူကိုချုပ်နှောင်နိုင်သော လျှို့ဝှက်ကျင့်စဥ်များနှင့် အရှိန်အဝါကို အာရုံခံနိုင်သော ကျင့်စဥ်များသာ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို တန်ပြန်နိုင်မည်ဖြစ်သည်။

ကောင်းကင်ထွက်သက်ကလည်း အလွန်အစွမ်းထက်ပြီး ရန်သူကို တိတ်တဆိတ်သတ်ဖြတ်နိုင်သော လုပ်ကြံသူအကြိုက် ကျင့်စဥ်မျိုးဖြစ်သည်။ ယဲ့ချန်၏စိတ်က ဤကျင့်စဥ်နှစ်ခုအကြား လွန်ဆွဲနေပြီး နောက်ဆုံးတွင် တဟုန်ထိုးလျှပ်စီးကို ရွေးချယ်လိုက်သည်။ မည်သည့်အခြေအနေတွင်မဆို ကိုယ့်အသက်ကိုကာကွယ်ခြင်းက ပဓာနကျသည်။ အကယ်၍ သူသာသေဆုံးသွားလျှင် လျှို့ဝှက်ကျင့်စဥ်က မည်မျှအစွမ်းထက်ပါစေ အသုံးမဝင်တော့ပေ။ နောက်တစ်ကြိမ်တွင် အခွင့်အရေးရှိမှသာ သူက ကောင်းကင်ထွက်သက်ကိုရယူရန် ဆုံးဖြတ်လိုက်သည်။

ကျင့်စဥ်ကျောက်စိမ်းတစ်ခုကို ရှာဖွေနိုင်သူများကြားတွင် နတ်အဆင့်ကျင့်စဥ်ကို ရွေးချယ်ရဲသူက များစွာမရှိချေ။ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို ကျင့်ကြံရန်အတွက် ပါရမီရှင်တစ်ယောက်ပင် ဆယ်စုနှစ်များအချိန်ယူမှ အဆင့်တစ်ကို အောင်မြင်နိုင်သည်။ သာမန်ကျင့်ကြံသူများဆိုလျှင် နှစ်ပေါင်းရာချီ အချိန်ယူရမည်ဖြစ်ကာ တစ်ဘဝလုံး ကျင့်စဥ်ကို အောင်မြင်မည်မဟုတ်ပေ။

ကျင့်စဥ်ကျောက်စိမ်းများထံမှ ရယူနိုင်သော လျှို့ဝှက်ကျင့်စဥ်တိုင်းက ရှေးဟောင်းအမွေအနှစ်များဖြစ်သောကြောင့် အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများသာ ကျင့်ကြံနိုင်သည်။ အကယ်၍ ကျင့်ကြံသူက ကျင့်စဥ်ကိုကျရှုံးသွားလျှင်လည်း အခြားလူများကို လက်လွှဲပြောင်းပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကျရှုံးရန် ရာခိုင်နှုန်းများသော အဆင့်မြင့်ကျင့်စဥ်များအတွက် သာမန်လူများက ကျင့်စဥ်ကျောက်စိမ်းများကို မရင်းရဲကြချေ။

တဟုန်ထိုးလျှပ်စီးကျင့်စဥ်၏ သရုပ်ဖော်ပုံများက ယဲ့ချန်၏ခေါင်းအတွင်း ဝင်ရောက်သည်နှင့်တပြိုင်နက် ကျင့်စဥ်ကျောက်စိမ်းမှာ ကွဲကြေသွားခဲ့သည်။ သူက နောက်ဆုံးကျင့်စဥ်ကျောက်စိမ်းကို ကောက်ယူ၍ သွေးနှင့်စမ်းသပ်လိုက်သော်လည်း မအောင်မြင်ခဲ့ပေ။ ကျင့်စဥ်ကျောက်စိမ်းခြောက်ခုတွင် ယဲ့ချန်က တစ်ခုကိုသာ အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့သည်။ အောင်မြင်နှုန်းက အလွန်နိမ့်နေသောကြောင့် သူက ခါးသက်သက်ပြုံးလိုက်မိသည်။

သူက ရှောင်ရိကို ဤကျောက်စိမ်းများအား ဖွင့်လှစ်စေခဲ့သော်လည်း ထူးခြားသော ရှေးဟောင်းမျိုးဆက်နှင့်ကိုက်ညီသည့် ကျောက်စိမ်းပြားမရှိခဲ့ပေ။ ယဲ့ချန်က ဝိညာဥ်ကျောက်စိမ်းခုနစ်ခုလုံးကို ပြန်သိမ်းထားရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ သို့သော် ၎င်းတို့က သူ့အတွက် အသုံးမဝင်သော်လည်း တစ်ခုချင်းစီက အလွန်အဖိုးတန်သောကြောင့် ရတနာများရောင်းဝယ်ရာတွင် အသုံးချနိုင်ပေသည်။

ယဲ့ချန်က တဟုန်ထိုးလျှပ်စီးကျင့်စဥ်၏ အဆင့်တစ်ကို စတင်ကျင့်ကြံလိုက်သည်။ သူ၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံးက စတင်လည်ပတ်လာ၍ မိုးကြိုးချီများကို အဆက်မပြတ် ထုတ်လုပ်ပေးလာသည်။ သုံးနာရီအကြာတွင် ယဲ့ချန်က တိုးတက်မှုအချို့ကို ခံစားလိုက်ရသည်။ ခြောက်နာရီအကြာတွင် ကျင့်စဥ်အဆင့်တစ်ကို သူက စတင်ထိတွေ့နိုင်လာခဲ့သည်။ နှစ်ရက်အကြာတွင် ယဲ့ချန်၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးတစ်ခုဖြစ်ပေါ်လာပြီး အဆင့်တစ်ကို အောင်မြင်သွားခဲ့သည်။ သို့သော် ယဲ့ချန်၏ကျင့်ကြံဆင့်က အဆင့်နှစ်ကိုကျင့်ကြံရန် မလုံလောက်သည့်အပြင် ၎င်းက အလွန်အမင်းခက်ခဲနေခဲ့သည်။ မည်သိုပ့င်ဆိုစေကာမူ လျှပ်စီးကျင့်စဥ်၏အဆင့်တစ်က ယဲ့ချန်ကို အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နိုင်စွမ်းရှိလာစေသည်။ တစ်ဖက်လူမှ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို တန်ပြန်နိုင်သော ကျင့်စဥ်မျိုး မတတ်မြောက်ထားလျှင် သူ့ကို လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။

တဟုန်ထိုးလျှပ်စီးကျင့်စဥ်၏ခက်ခဲမှုက နေရောင်အောက်မှသူခိုးကျင့်စဥ်ထက် အဆများစွာပိုသည်။ ယဲ့ချန်က လျှို့ဝှက်ကျင့်စဥ်များကျင့်ကြံရင်းဖြင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ ဆန်းကျယ်မှုကို ပိုမိုတွေ့ရှိလာရသည်။ သူက အဆင့်တစ်ကိုသာ အောင်မြင်ထားသော်လည်း လျှို့ဝှက်ကျင့်စဥ်များနှင့် သိုင်းပညာများကို လွယ်လွယ်ကူကူကျင့်ကြံနိုင်လာပြီး အလွန်လျင်မြန်စွာ အောင်မြင်ခဲ့သည်။ နတ်အဆင့်လျှို့ဝှက်ကျင့်စဥ်များမှာ အခြားကျင့်ကြံသူများအတွက် နှစ်ပေါင်းဆယ်ချီ အချိန်ယူ၍ကျင့်ကြံရသော အရာများဖြစ်သည်။

ယဲ့ချန်က တံဆိပ်အတွင်းမှပြန်ထွက်၍ တဲအိမ်အတွင်း ကျင့်စဥ်များကို ပြန်လည်လေ့လာနေခဲ့သည်။ သူက ကောင်းကင်တုန်ခါဆေးအိုးနှင့် ဧကရာဇ်မင်ခါးပတ်၏ အသုံးဝင်ပုံများကိုလည်း လေ့လာလိုက်သည်။

ယဲ့ချန်က ကျင့်ကြံရေးတွင် အာရုံစိုက်နေချိန်၌ ပျော်ရွှင်သောမျက်နှာထားနှင့် ကျိလင်က အပြေးအလွှားရောက်ရှိလာသည်။

"အခြေအနေ ဘယ်လိုလဲ"

ယဲ့ချန်က ချက်ချင်းစုံစမ်းလိုက်သည်။ လက်ရှိတွင် သူအစိုးရိမ်ဆုံးကိစ္စမှာ နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းနှစ်ခုသာဖြစ်သည်။ သူသာ ၎င်းတို့ကိုရယူနိုင်ပြီး ချပ်ဝတ်ကပြည့်စုံသွားလျှင် နတ်ဘုရင်တစ်ယောက်ကို ကြောက်နေရန်မလိုအပ်တော့ပေ။ ထို့အပြင် သူ၏တဟုန်ထိုးလျှပ်စီးကျင့်စဥ်နှင့် ပေါင်းစပ်လိုက်ပါက အဆုံးမဲ့အဆင့်ကျင့်ကြံသူများကို သွားရှုပ်မိလျှင်ပင် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်သည်။

"အခြေအနေကောင်းတယ်။ ငါက ဝိညာဥ်လက်နက်ကောင်စီရဲ့ ဂုဏ်သိက္ခာကို အာမခံထားပြီး သူတို့ဆီက ခေါင်းဆောင်းနဲ့ဖိနပ်အစိတ်အပိုင်းတွေကို ရယူနိုင်ခဲ့တယ်။ နှစ်ခုလုံးက အဆင့်ရှစ်တွေဖြစ်ပြီး မိတ်ဆွေ စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်"

ကျိလင်က ပြောပြောဆိုဆိုနှင့် နတ်ဆိုးချပ်ဝတ်၏ ခေါင်းဆောင်းနှင့်ဖိနပ်တစ်စုံကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ၎င်းတို့ထံမှ ခရမ်းရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာသဖြင့် တဲအိမ်တစ်ခုလုံး ခရမ်းရောင် လင်းလက်သွားခဲ့သည်။

ယဲ့ချန်က ခေါင်းဆောင်းနှင့်ဖိနပ်ကို ကောက်ယူစစ်ဆေးလိုက်ပြီး အဆင့်ရှစ် အမှန်တကယ်ဖြစ်ကြောင်း သိလိုက်ရသည်။

"ယဲ့ချန်"​

ခြင်္သေ့ကြီး၏စကားသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျုပ်လည်းသိတယ် ဆရာ"

ယဲ့ချန်က ခြင်္သေ့ကြီးထက် စက္ကန့်အနည်းငယ်သာနောက်ကျ၍ ခေါင်းဆောင်းနှင့်ဖိနပ်ထံမှ မူမမှန်မှုကို တွေ့ရှိခဲ့သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အပေါ်တွင် လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် စွမ်းအင်နှစ်ခုကို ဖုံးကွယ်ထားခဲ့သည်။ ဝိညာဥ်အသိစိတ်နှင့် ကောင်းကင်ချီအရာတွင် အလွန်အမင်းအာရုံခံနိုင်စွမ်းမရှိလျှင် ဤအချက်ကို ရှာမတွေ့နိုင်ပေ။ ယဲ့ချန်က ကျိလင်ကို တစ်ချက်ကြည့်၍ အတွေးနက်သွားခဲ့သည်။ သူက ဝိညာဥ်လက်နက်ကောင်စီ၏ အရေးကြီးဖောက်သည် ဖြစ်လာသောကြောင့် တရားခံက ကျိလင်မဖြစ်နိုင်ပေ။ အကယ်၍ ဤသို့ပြုလုပ်ကြောင်း ရှာဖွေတွေ့ရှိသွားလျှင် လက်နက်ကောင်စီ၏ဂုဏ်သိက္ခာက များစွာကျဆင်းသွားပေလိမ့်မည်။

"ဝိညာဥ်လက်နက်ကောင်စီရဲ့လက်ချက် မဟုတ်ဘူး"

ခြင်္သေ့ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

"အကြီးအကဲ ဘယ်သူက ဒီအပိုင်းနှစ်ခုကို ရောင်းတာလဲ"

ယဲ့ချန်က ကျိလင်ကို မေးမြန်းလိုက်သည်။

"စိတ်မရှိပါနဲ့ဗျာ။ ဝိညာဥ်လက်နက်ကောင်စီက ဖောက်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖုံးကွယ်ထားရပါတယ်"

ကျိလင်းက ခေါင်းငုံ့၍ တောင်းပန်စကားပြောလိုက်သည်။

ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်အတွက် သူက ကျိလင်ကို အပြစ်တင်၍မရချေ။ အကယ်၍ လက်နက်ကောင်စီသာ ဖောက်သည်များ၏ အချက်အလက်များကိုထုတ်ဖော်လျှင် သူ၏ကိုယ်ရေးအချက်အလက်များသည်လည်း လက်ရှိတွင် ရန်သူများထံ ရောက်သွားပေလိမ့်မည်။

"ဒီကိစ္စရဲ့တရားခံက ထူးကဲအဆင့် လူသားကျင့်ကြံသူတစ်ယောက်ဖြစ်တယ်"

ခြင်္သေ့ကြီး၏သုံးသပ်ချက်က ယဲ့ချန်၏နားအတွင်း ထွက်ပေါ်လာခဲ့လေသည်။

All Chapters