← Chapters

ဓားသုံးလက်အစီအရင်

Vol. 26 Ch. 359

ဓားသုံးလက်အစီအရင်

Vol. 26 Ch. 359

ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်ထားသည်မှာ သမာဓိကောင်စီ၊ မိုးကြိုးမျိုးနွယ် ၊စစ်နတ်ဘုရားကျောင်းတော်စသော အင်အားစုကြီးအနည်းငယ်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ကောင်းကင်ချီနှစ်မျှင်ကို နတ်ဆိုးချပ်ဝတ်တွင် လျှို့ဝှက်ကျင့်စဥ်ဖြင့် ဖုံးကွယ်ထားခဲ့သည်။ တစ်ဖက်လူ၏ရည်ရွယ်ချက်က အရောင်းအဝယ်လုပ်သူကို ထောက်လှမ်းကာ ပြန်လည်လုယူရန်ဖြစ်ကြောင်း ထင်ရှားနေသည်။

ယဲ့ချန်က ကောင်းကင်ချီကိုထုတ်ဖော်၍ နတ်ဆိုးချပ်ဝတ်၏ ခေါင်းဆောင်းနှင့်ဖိနပ်ရှိ ကောင်းကင်ချီနှစ်မျှင်ထံ ထုတ်လွှတ်ကာ ဝါးမျိုစေသည်။ သူ၏ကောင်းကင်ချီက ထူးခြားအစွမ်းထက်သောကြောင့် ပိုင်ရှင်နှင့်ဝေးကွာနေသော ကောင်းကင်ချီများက မခုခံနိုင်ခဲ့ပေ။ အချိန်ခဏတွင် ဖုံးကွယ်ထားသော ကောင်းကင်ချီများက ယဲ့ချန်၏ကောင်းကင်ချီအောက်တွင် လုံးဝချေဖျက်ခံလိုက်ရသည်။ ယဲ့ချန်က အကြံတစ်ခုကို ရုတ်တရက်တွေးမိလိုက်သဖြင့် သူ၏အစိတ်အပိုင်းပေါ်တွင်လည်း ကောင်းကင်ချီတစ်မျှင်ကို ထည့်သွင်းပြီးမှ ကျိလင်ထံ လွှဲပေးလိုက်သည်။

"အရောင်းအဝယ် အောင်မြင်တယ်"

"ဧည့်သည်တော်နဲ့ အရောင်းအဝယ်လုပ်ရတာ တကယ်ဂုဏ်ယူစရာကောင်းပါတယ်။ အဆင့်ကိုးဓားနှစ်လက်ကလည်း အဆင်သင့်ဖြစ်ပါပြီ။ မကြာခင် လက်နက်တွေပေါ်မှာ အစီအရင်ရုန်းတွေထွင်းပေးဖို့ ပန်းပဲဆရာတစ်ယောက်ကို ခေါ်လာပေးပါ့မယ်"

ကျိလင်က လက်ရှိတွင် ဝမ်းသာလုံးဆို့နေခဲ့သည်။ ဤအရောင်းအဝယ်အတွက်ဝိညာဥ်လက်နက်ကောင်စီက များစွာအကျိုးဖြစ်ထွန်းခဲ့သည်။

"ကျုပ်မှာ ဝိညာဥ်လက်နက်တစ်ခုရှိတယ်။ သုံးခုလုံးကို ရုန်းတွေ အတူတကွရေးထွင်းပေးနိုင်မလား"

ယဲ့ချန်က တောင်းဆိုလိုက်သည်။

"ရတာပေါ့ဗျာ။ ပြဿနာမရှိပါဘူး"

"ဒါဆိုရင် အကြီးအကဲကျိကို ကျေးဇူးတင်ပါတယ်"

ထို့နောက် ကျိလင်က ယဲ့ချန်ကိုနှုတ်ဆက်ပြီး အဆင့်ကိုးဒူးကာတစ်စုံကိုသယ်ဆောင်၍ ထွက်ခွာသွားခဲ့သည်။ ကျိလင် ထွက်သွားသည်နှင့်တပြိုင်နက် ယဲ့ချန်က ညာလက်ကိုဖောက်၍ သွေးနှစ်စက်ကို ခေါင်းဆောင်းနှင့်ဖိနပ်များအပေါ် ချလိုက်သည်။ နောက်ဆုံးတွင် နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းခုနစ်ခုလုံးကို သူကစုဆောင်းနိုင်ခဲ့ပြီး အဆင့်ကိုးအစိတ်အပိုင်းသုံးခုနှင့် အဆင့်ရှစ်အစိတ်အပိုင်းလေးခုပါဝင်သော နတ်ဆိုးချပ်ဝတ်တစ်ခု ပြည့်စုံစွာဖြစ်ပေါ်လာသည်။ ယဲ့ချန်၏အတွေးတစ်ချက်တွင် နတ်ဆိုးချပ်ဝတ်ထွက်ပေါ်လာ၍ သူ၏တစ်ကိုယ်လုံးကို ကာကွယ်ပေးလိုက်သည်။ ချပ်ဝတ်က ခမ်းနားလှပစွာတောက်ပနေပြီး အစိတ်အပိုင်းများကြားရှိ ဆက်ကြောင်းများတွင် ရေပင်ဖြတ်သန်းမရနိုင်လောက်အောင် အပြစ်အနာဆာကင်းမဲ့နေသည်။ ချပ်ဝတ်က ဝတ်ဆင်သူ၏ခန္ဓာကိုယ်နှင့် သင့်တော်သောအရွယ်အစားသို့ အလိုအလျောက်ပြောင်းလဲနိုင်ပြီး အစိတ်အပိုင်းတစ်ခုချင်းစီတွင် ဆန်းကျယ်သော ရုန်းတစ်ခုစီ ပိုင်ဆိုင်ထားသည်။

"ဒီရုန်းတွေကို ခရမ်းရောင်မျက်လုံးမျိုးနွယ်က ဖန်တီးထားတာဖြစ်လို့ ဘယ်သူမှ အတုမလုပ်နိုင်ဘူး။ ဒါက အဆင့်ရှစ်နဲ့ကိုး ဖက်စပ်ချပ်ဝတ်လေးသာဖြစ်တယ်။ ပိုမြင့်တဲ့အဆင့်သာဆိုရင် အစိတ်အပိုင်းတစ်ခုချင်းစီက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို ရူးသွပ်သွားစေလိမ့်မယ်"

ခြင်္သေ့ကြီးက ချီးကျူးလိုက်သည်။

ယဲ့ချန်က လမ်းအနည်းငယ် လျှောက်ကြည့်လိုက်သောအခါ ချပ်ဝတ်က လေကဲ့သို့ပေါ့ပါးသောကြောင့် သူ၏လှုပ်ရှားမှုများက ပုံမှန်အတိုင်း ချောမွေ့နေသည်။ သူ၏မျက်လုံးများကို ခေါင်းဆောင်းက ကာကွယ်ပေးထားသော်လည်း အမြင်အာရုံကို လုံးဝနှောင့်ယှက်ခြင်းမရှိပေ။

"ဒါက လုံးဝပြီးပြည့်စုံတဲ့ ကာကွယ်ရေးရတနာဖြစ်တယ်"

ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို ကျင့်ကြံသူတိုင်းက ငမ်းငမ်းတက်လိုချင်နေသည်မှာ အဆန်းမဟုတ်တော့ပေ။ ဤကဲ့သို့ချပ်ဝတ်မျိုးကို ဝတ်ဆင်ထားလျှင် အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်က နတ်ဘုရင်တစ်ယောက်ကို ရန်စနိုင်သည်။ နတ်ဘုရင်များတွင် အစွမ်းထက်လက်နက်များ မပိုင်ဆိုင်ထားလျှင် နတ်ဆိုးချပ်ဝတ်၏ခံစစ်ကို ဖြိုခွဲရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုချင်းစီက မြို့တစ်မြို့ကို ဝယ်ယူနိုင်လောက်အောင် စျေးမြင့်နေခြင်းဖြစ်သည်။

နောက်ဆုံးတွင် ယဲ့ချန်သည် နောက်ထပ်အသက်ကယ်ဝှက်ဖဲတစ်ခု ထပ်မံရရှိခဲ့ပြီဖြစ်သည်။ သူက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို အတွေးတစ်ချက်နှင့် ပြန်လည်ရုတ်သိမ်းလိုက်သည်။

"ဆရာ ကျိလင် ဘယ်ကိုသွားတာလဲ"

ယဲ့ချန်က တစ်ဖက်လူ၏အခြေအနေကို စုံစမ်းလိုက်သည်။

"သူက နောက်ထပ်စခန်းတစ်ခုကို ထွက်သွားတယ်"

ကျိလင်၏အရှိန်အဝါကို နောက်ယောင်ခံလိုက်နေသော ခြင်္သေ့ကြီး ကဖြေလိုက်သည်။

စစ်နတ်ဘုရားကျောင်းတော်စခန်းအတွင်းရှိ အကြီးဆုံးတဲတွင် သံချပ်ဝတ်ကျင့်ကြံသူများက စုဝေးဆွေးနွေးနေကြသည်။

"ကျောင်းတော်သခင်က ဝိညာဥ်မျှော်စင်ရဲ့ခုနစ်ထပ်မှာ ဘာသွားလုပ်တာလဲ"

ရှီလုံဟု အမည်တွင်သော ထူးကဲအဆင့်တစ် ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်သည်။ သူက စစ်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲဖြစ်သောကြောင့် ကျောင်းတော်သခင်မရှိသောအခါ သူ၏ရာထူးက အမြင့်ဆုံးဖြစ်သည်။

"သခင်က ခုနစ်ထပ်မှာ ရတနာတွေကို ရိတ်သိမ်းနေတာဖြစ်ရမယ်။ အဆင့်ကိုး နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းတွေတောင် ရလာနိုင်တယ်"

နောက်ထပ်အကြီးအကဲတစ်ယောက်က တွေးတွေးဆဆ ဖြေလိုက်သည်။

ရှီလုံက တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူက နတ်ဆိုးချပ်ဝတ်၏ ခေါင်းဆောင်းနှင့်ဖိနပ်တွင် လျှို့ဝှက်ကျင့်စဥ်ဖြင့် ထည့်သွင်းပေးလိုက်သော ကောင်းကင်ချီများကို အာရုံမခံနိုင်တော့ပေ။ တစ်ဖက်လူမှ သူ၏ကောင်းကင်ချီများကို ရှာဖွေတွေ့ရှိသွားကာ တစ်နည်းနည်းဖြင့် ဖြေရှင်းလိုက်နိုင်ပုံပေါ်သည်။

"လိ"

ရှီလုံက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ထိုအချိန်တွင် ကျိလင်က စစ်နတ်ဘုရားကျောင်းတော်စခန်း၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။ သူက တပည့်တစ်ဦး၏လမ်းပြမှုဖြင့် ရှီလုံတို့၏တဲကြီးထံ ဦးတည်လာသည်။

"အကြီးအကဲရှီ ကျုပ် ပြန်လာပြီ။ ဒီမှာ အဆင့်ကိုးနတ်ဆိုးချပ်ဝတ် ဒူးကာတစ်စုံပါ။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး"

ကျိလင်က ပြောပြောဆိုဆိုနှင့် ဒူးကာအစိတ်အပိုင်းများကို ရှီလုံထံ ကမ်းပေးလိုက်သည်။ ဤအရောင်းအဝယ်တွင် သူက ယဲ့ချန်၏ရတနာအတွက် ရှီလုံကို အဆင့်ရှစ်ချပ်ဝတ် အစိတ်အပိုင်းသုံးခု တောင်းယူခဲ့သည်။ ထို့ကြောင့် ဝိညာဥ်လက်နက်ကောင်စီက အဆင့်ရှစ်ချပ်ဝတ်အပိုင်းတစ်ခု အမြတ်ထွက်ခဲ့သောကြောင့် အလွန်ပျော်ရွှင်နေသည်။

"ဒီဒူးကာတွေက အဆင့်ကိုးနတ်ဆိုးချပ်ဝတ်ဆိုတာ မှန်ပါတယ်။ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲကျိ"

ရှီလုံက ဒူးကာများကိုစစ်ဆေး၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ခုခု မှားနေလို့လား"

ကျိလင်က ရင်ထိတ်သွားသည်။

"မဟုတ်ဘူး။ ဘာမှမမှားပါဘူး"

ရှီလုံက ခေါင်းယမ်း၍ ခါးသက်သက်ပြုံးလိုက်သည်။ နတ်ဆိုးချပ်ဝတ်၏ ဒူးကာတစ်စုံတွင် ကောင်းကင်ချီတစ်မျှင်ရှိနေသည်ကို သူက အာရုံခံမိလိုက်သည်။ ၎င်းကို လျှို့ဝှက်ကျင့်စဥ်ဖြင့် ဖုံးကွယ်ထားခြင်းမဟုတ်ဘဲ သာမန်ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ ရှီလုံက ၎င်းကိုချေဖျက်ရန် သူ၏ကောင်းကင်ချီများနှင့် ကြိုးစားခဲ့သော်လည်း နာရီနှင့်ချီကြာသွားခဲ့သည်။ ၎င်း၏သန့်စင်မှုနှင့်အစွမ်းက သူ၏ကျောရိုးတလျှောက် စိမ့်တက်သွားစေပြီး နဖူးတွင် ချွေးစို့လာစေခဲ့သည်။

တစ်ဖက်လူမှာ ကောင်းကင်ချီသက်သက်ဖြင့် သူ၏အကြံကိုဖျက်ဆီးခဲ့ပြီး ဒူးကာတစ်စုံပေါ်တွင် ကောင်းကင်ချီ ပြန်လည်ထည့်သွင်းပေးလိုက်ခြင်းမှာ သတိပေးချက်တစ်ခုဖြစ်သည်။ ၎င်း၏သန့်စင်မှုနှင့်အစွမ်းအရ တစ်ဖက်လူက သူ့ထက် ပို၍အစွမ်းထက်ကြောင်း ရှီလုံ သိလိုက်ရသည်။ လက်နက်ကောင်စီ၏ကြီးမြတ်မှုအဆင့် ကျင့်ကြံသူများတွင် ဤမျှသန့်စင်သော ကောင်းကင်ချီကို ပိုင်ဆိုင်ထားသူမရှိနိုင်ချေ။ ထို့ကြောင့် ကောင်းကင်ချီကိုထည့်သွင်းပေးလိုက်သူမှာ အရောင်းအဝယ်လုပ်သူဖြစ်နိုင်၍ သူ့ကိုပင် ထောက်လှမ်းသိရှိပြီး ဖြစ်နေနိုင်သည်။

"ဘာပြဿနာမှမရှိဘူးဆိုရင် ကျုပ်ကို ခွင့်ပြုပါဦး"

ကျိလင်က ပြုံးရွှင်စွာဖြင့် စစ်နတ်ဘုရားကျောင်းတော်၏ စခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ရှီလုံက ပို၍တွေးလေလေ ပို၍ကြောက်ရွံ့လေလေဖြစ်သောကြောင့် နေရာမှပင်မလှုပ်ရဲချေ။ မူလတွင် သူက အဆင့်ရှစ်နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းများတွင် လျှို့ဝှက်ကျင့်စဥ်ကိုသုံးပြီး တစ်ဖက်လူအားသတ်ဖြတ်ကာ ပြန်လည်လုယူရန် ကြံစည်ခဲ့သည်။ သို့သော် သူ၏လျှို့ဝှက်ကျင့်စဥ်ကို ဖျက်ဆီးကာ တန်ပြန်သတိပေးလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ အကယ်၍ ရှီလုံအနေဖြင့် ကိုယ့်နေရာကိုမသိဘဲ ဆက်လက်ရန်စနေလျှင် အစွမ်းထက်ရန်သူတစ်ယောက် သေချာပေါက်ထွက်ပေါ်လာနိုင်သည်။ သူက စိတ်မလုံခြုံမှုကို ခံစားနေရသဖြင့် ဒူးကာအစိတ်အပိုင်းများကို သယ်ဆောင်ပြီး စစ်နတ်ဘုရားကျောင်းတော်သခင် ရှီခွမ်းကိုရှာဖွေရန် ချက်ချင်းထွက်ခွာသွားလေသည်။

ယဲ့ချန်က သူ၏ကောင်းကင်ချီကို ဒူးကာတစ်စုံတွင် ထည့်သွင်းပေးလိုက်ရသော အကြောင်းအရင်းမှာ ရှီလုံ၏အကြံကို သိထားကြောင်း ခြောက်လှန့်လိုရုံသာဖြစ်သည်။ သို့သော် သူ၏ကောင်းကင်ချီက အစွမ်းထက်လွန်းနေသဖြင့် ရှီလုံမှာ အကြောက်လွန်နေပြီး စစ်နတ်ဘုရားကျောင်းတော်၏စခန်းအတွင်းမှ ချက်ချင်းထွက်ပြေးသွားခဲ့ရသည်။

"တစ်ဖက်လူက စစ်နတ်ဘုရားကျောင်းတော်ရဲ့ အကြီးအကဲတစ်​ယောက်ဖြစ်တယ်။ သူက မင်းကိုကြောက်လန့်သွားပြီး အခုထွက်ပြေးသွားတယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို သတင်းပေးလိုက်သည်။

ယဲ့ချန်ကခေါင်းညိတ်၍ ကောင်းကင်တုန်ခါဆေးအိုးအတွင်း စစ်ဆေးနေခဲ့သည်။ ဆေးအိုးအတွင်း မီးတောက်များမရှိတော့ဘဲ ဆေးနံ့ပြင်းပြင်းထွက်ပေါ်နေသည့် အနက်ရောင်ဆေးတစ်လုံးသာ တိတ်တဆိတ်တည်ရှိနေသည်။ ၎င်းက သရဲလင်းနို့မျိုးနွယ်၏ နတ်ဘုရင်ကို ကောင်းကင်တုန်ခါဆေးအိုးမှ အသွင်ပြောင်းပေးလိုက်သော ဝိညာဥ်ဆေးလုံးဖြစ်သည်။

"ဆရာ ဒီဝိညာဥ်ဆေးလုံးကို ဘယ်လိုသုံးရမလဲ"

"ဝိညာဥ်ဆေးလုံးက အာကာသကျောက်ထက် ပိုအစွမ်းထက်ပေမယ့် ဝိညာဥ်အသိစိတ်ရဲ့အစွမ်းကိုသာ တိုးမြှင့်ပေးနိုင်တယ်။ ဆန်းကျယ်အဆင့်ထိပ်ဆုံး ကျင့်ကြံသူတစ်ယောက်က ဒါကိုစားလိုက်ရင် နတ်ဘုရင်စဦးအဆင့်ကို ရောက်သွားမယ်။ ဘာပဲပြောပြော ဒီဆေးလုံးမှာ နတ်ဘုရင်တစ်ယောက်ရဲ့ အဆီအနှစ်စွမ်းအင်တွေ ပါဝင်နေတယ်။ မင်းရဲ့ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်စဦးအဆင့်ကိုရောက်နေပြီဆိုတော့ အဆင့်မတက်နိုင်လောက်ဘူး။ ဒါပေမယ့် အကျိုးရှိပါလိမ့်မယ်"

ခြင်္သေ့ကြီးက ဝိညာဥ်ဆေးလုံးအကြောင်း ရှင်းပြလိုက်သည်။

ယဲ့ချန်သည် သူ၏ခွန်အားကိုမြှင့်တင်ပေးနိုင်သော အရာတစ်ခုကို လက်လွှတ်လိုစိတ်မရှိသဖြင့် ပါးစပ်ကိုဟကာ ဆေးလုံးအား မျိုချလိုက်သည်။ ဆေးလုံးက ဒန်တန်အတွင်း ကြေပျက်သွားပြီး ဝိညာဥ်အသိစိတ်ထံ ဝိညာဥ်စွမ်းအင်များ ချက်ချင်းထောက်ပံ့ပေးလိုက်သည်။ မူလတွင် ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်စဦးအဆင့်တွင် အခြေတည်ခြင်းမရှိခဲ့ပေ။ ဝိညာဥ်ဆေးလုံး၏အာနိသင်ကြောင့် ၎င်း၏ကျင့်ကြံဆင့်က တည်ငြိမ်လာပြီး အလယ်အဆင့်သို့ရောက်လုနီးပါး အဆင့်မြင့်လာသည်။ နတ်ဘုရင်တစ်ယောက်ဖြစ်လာလျှင် ဝိညာဥ်၏ခွန်အားကို အနည်းငယ်မြှင့်တင်ရန်ကပင် အလွန်ခက်ခဲသည်။ ထို့ကြောင့် ဝိညာဥ်ဆေးလုံးက အလွန်အကျိုးရှိပြီး ယဲ့ချန်မျှော်လင့်ထားသည်ထက် ပို၍အသုံးဝင်နေသည်။ အကယ်၍ သူသာ ဆေးလုံးတစ်လုံးနှစ်လုံးခန့် ထပ်မံသောက်သုံးနိုင်လျှင် ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်အလယ်အဆင့်သို့ ချက်ချင်းရောက်သွားပေလိမ့်မည်။

ဝိညာဥ်ဆေးလုံးကို သန့်စင်ပြီးနောက် ယဲ့ချန်က ခဏတာအနားယူလိုက်သည်။

ထို့နောက် ကျိလင်က အညိုရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်ကို ယဲ့ချန်ထံ ခေါ်ဆောင်လာခဲ့သည်။ ထိုလူကအရပ်ပု၍ အလွန်ပိန်သော်လည်း မျက်လုံးများက အလင်းများထွက်ပေါ်နေသည်။ သူ၏ကျင့်ကြံဆင့်က ဆန်းကျယ်ဝိဇ္ဇာဖြစ်သော်လည်း ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည်။ နတ်အဆင့်ကျင့်ကြံသူများပင် ဤကဲ့သို့ဖြစ်တည်မှုမျိုးကို လျစ်လျူရှုရဲမည်မဟုတ်ပေ။

"ဒါက ဝိညာဥ်လက်နက်ကောင်စီရဲ့ ပန်းပဲဆရာခုနစ်ယောက်ထဲက ဆရာမင်ဟွာဖြစ်ပါတယ်။ သူက မင်းအတွက် အစီအရင်ရုန်းတွေ ရေးထွင်းပေးပါလိမ့်မယ်။ ဒီအဆင့်ကိုးဓားရှည်နှစ်လက်ကိုလည်း ဆရာမင်ဟွာက သွန်းလုပ်ထားတာပါ။ နှစ်ခုလုံးက အစွမ်းထက်ပြီး အပြစ်အနာဆာကင်းမဲ့တယ်။ တစ်ချက်လောက်စစ်ဆေးကြည့်ပါ"

ကျိလင်က မင်ဟွာအကြောင်း မိတ်ဆက်ပေးပြီးနောက် ဓားရှည်နှစ်လက်ကို စားပွဲပေါ် တင်ထားလိုက်သည်။ အေးစက်သောအရှိန်အဝါနှင့် ပူလောင်သောအရှိန်အဝါက တဲအတွင်း ပြည့်နှက်သွားကာ စွမ်းအင်နှစ်ခုက အချင်းချင်းရောထွေး ယှက်နွယ်နေသည်။ အနီးတွင် သာမန်ကျင့်ကြံသူများရပ်နေလျှင် အေးစက်သောရေခဲနှင့် ပူလောင်သောမီးလျှံကြောင့် တုန်ယင်သွားပေလိမ့်မည်။

ဓားနှစ်လက်တွင် တစ်လက်က ထွင်းဖောက်မြင်ရလုနီးပါး ကြည်လင်နေကာ ဓားသွားပေါ်တွင် ရေခဲစများ ကပ်ငြိနေသည်။ နောက်တစ်ချောင်းက အနီရောင်ထွန်းလင်းနေပြီး မီးလျှံများ တောက်လောင်နေသယောင် ထင်မှတ်ရသည်။ နှစ်ခုလုံးက အဆင့်ကိုးလက်နက်များဖြစ်ကြပြီး ထက်ရှမှုနှင့်စွမ်းအားတွင် မုန်တိုင်းဓားကို ယှဥ်ပြိုင်နိုင်ကြသည်။ လစ်ဟာနေသည့် တစ်ခုတည်းသောအရာမှာ လျှို့ဝှက်ကျင့်စဥ်များနှင့် အဆင့်မြှင့်တင်မထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏တန်ဖိုးက မုန်တိုင်းဓားအောက် အနည်းငယ်နိမ့်ကျသွားခဲ့သည်။

"ဓားကောင်းတွေပဲ"

ယဲ့ချန်က ချီးကျူးလိုက်သည်။

သူ၏ချီးကျူးစကားကြောင့် မင်ဟွာ၏မျက်နှာတွင် ဂုဏ်ယူသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ဒီတစ်ခုက ကောင်းကင်ရေခဲဓားလို့ခေါ်ပြီး နောက်တစ်ခုက နေမီးတောက်ဓားလို့ ခေါ်ပါတယ်။ မိတ်ဆွေမှာ ဓားအစီအရင်ရုန်းတွေ ရေးထွင်းဖို့ ဓားတစ်လက်ရှိတယ်လို့ ပြောခဲ့တယ်မလား။ ကျေးဇူးပြုပြီး ဆရာမင်ဟွာကို ထုတ်ပြပေးလိုက်ပါ"

ကျိလင်က ရိုရိုသေသေ​ပြောလိုက်သည်။ မင်ဟွာသည် ယဲ့ချန်ကဲ့သို့ လက်နက်ကောင်စီ၏ အရေးကြီးဧည့်သည်တော်နှင့် မျက်နှာချင်းဆိုင်နေရသော်လည်း တည်ငြိမ်စွာရှိနေခဲ့သည်။ ကျန်တစ်ဖက်တွင် ကျိလင်က အလွန်သတိထားနေခဲ့သည်။ ဤအချက်က မထူးဆန်းပေ။ မင်ဟွာကဲ့သို့ ပန်းပဲဆရာတစ်ယောက်က မည်သည့်နေရာတွင်ဖြစ်စေ ရိုသေလေးစားခံရမည်ဖြစ်သောကြောင့် ​​မောက်မာခြင်းက အဆန်းမဟုတ်ပေ။ ကျိလင်မှာမူ ကုန်သွယ်ရေးအတွက် တာဝန်ယူရသော အကြီးအကဲတစ်ယောက်သာဖြစ်၍ မင်ဟွာနှင့် အဆင့်ချင်းကွာခြားသည်။

ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ မုန်တိုင်းဓားကို ဆွဲထုတ်လိုက်သည်။ ရေချီစွမ်းအင်များက သာတူညီမျှယှဥ်ပြိုင်နေသော ရေခဲနှင့်မီးတောက်ကြားတွင် ထွက်ပေါ်လာသည်။

"မုန်တိုင်းဓား"

ကျိလင်က ၎င်းကို အကြည့်တစ်ချက်ဖြင့် မှတ်မိသွားသောကြောင့် မျက်နှာထားပြောင်းလဲသွားလေသည်။

All Chapters