← Chapters

သဲသားရဲမျိုးနွယ်

Vol. 26 Ch. 360

သဲသားရဲမျိုးနွယ်

Vol. 26 Ch. 360

"မှန်တယ်။ မုန်တိုင်းဓား"

ယဲ့ချန်က တစ်ချက်ပြုံးပြလို​က်သည်။

"မုန်တိုင်းအိမ်တော်ရဲ့ မုန်တိုင်းဓားပျောက်သွားတာက ပြဿနာတစ်ခုဖြစ်ခဲ့သေးတယ်။ ဒီဓားက ဧည့်သည်ရဲ့လက်ထဲကို ရောက်နေမယ်မထင်ထားဘူး"

ကျိလင်က ယဲ့ချန်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

"ဒါဆိုရင် ခင်ဗျားက မုန်တိုင်းအိမ်တော်ကို ဒီဓားအကြောင်း ပြောမှာလား"

ယဲ့ချန်က အေးစက်စက်ပြန်ကြည့်သည်။

"စိတ်အေးလက်အေးသာနေပါ။ ဝိညာဥ်လက်နက်ကောင်စီက ဘာလုပ်ရမယ်ဆိုတာကို နားလည်ပါတယ်။ ကျုပ်တို့နဲ့ မုန်တိုင်းအိမ်တော်က ဘာမှမပတ်သက်တဲ့အပြင် ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့က ပထမဦးစားပေးပါ။ ဖောက်သည်တစ်ယောက်ကို ကာကွယ်ရမှာ ကျုပ်တို့တာဝန်ပါ"

ကျိလင်ကခေါင်းယမ်း၍ လေးနက်စွာပြောလိုက်သည်။ နတ်ဆိုးချပ်ဝတ်အရောင်းအဝယ်မှတဆင့် ယဲ့ချန်သည် လက်နက်ကောင်စီ၏သဘောထားကို သေချာစွာနားလည်ခဲ့သည်။ ထို့ကြောင့် သူက မုန်တိုင်းဓားကို အကြောက်အလန့်ကင်းကင်းနှင့် ထုတ်ပြရဲခြင်းဖြစ်သည်။

"ဒီမုန်တိုင်းဓားက ကောင်းကင်ရေခဲဓား၊ နေမီးတောက်ဓားတို့နဲ့ယှဥ်ရင် အစွမ်းချင်းတူညီတယ်။ ဒါပေမယ့် ဒါက လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ထုတ်ဖော်နိုင်တယ်ဆိုတော့ ပိုပြီးအဖိုးတန်တယ်။ဒါက အစွမ်းထက်ရတနာတစ်ခုလို့ ပြောနိုင်ပါတယ်"

မုန်တိုင်းဓားကို ကြည့်ရှုစစ်ဆေးနေသော မင်ဟွာ၏မျက်နှာက အလွန်အေးဆေးတည်ငြိမ်နေသည်။ သူက ဝိညာဥ်လက်နက်ပေါင်းများစွာကို တွေ့မြင်ဖူးသောကြောင့် မုန်တိုင်းဓားက အံ့သြစေရန် မစွမ်းဆောင်နိုင်ချေ။

"ဆရာမင်ဟွာ ကျေးဇူးပြုပြီး ဒီဓားသုံးလက်မှာ အစီအရင်ရုန်းတွေရေးထွင်းပေးဖို့ ကူညီပေးပါ။ တကယ့်ကိုကျေးဇူးတင်ပါတယ်"

ယဲ့ချန်က မုန်တိုင်းဓားကို မင်ဟွာထံကမ်းပေးလိုက်သည်။

မင်ဟွာကခေါင်းညိတ်၍ ဓားသုံးလက်ကိုကောက်ယူ၍ မျက်နှာပြင်ပေါ်တွင် အစီအရင်ရုန်းများ ရေးထွင်းနေသည်။ ထိုအချိန်တွင် ယဲ့ချန်က ဆည်းဆာရွှေပြားခြောက်ဆယ်ကို ကျိလင်အားပေးလိုက်သဖြင့် နောက်ထပ်အရောင်းအဝယ်တစ်ခု ပြီးမြောက်သွားပြန်သည်။ နှစ်နာရီအကြာတွင် ဓားသုံးလက်အစီအရင်၏ရုန်းများက ဓားသုံးလက်ပေါ်တွင် အောင်မြင်စွာထွက်ပေါ်လာခဲ့သည်။

ယဲ့ချန်က ဓားများကိုကောက်ယူ၍ သွေးစက်များချကာ အစီအရင်ရုန်းများနှင့် ဆက်သွယ်လိုက်သည်။ အစီအရင်အသက်ဝင်လာသောအခါ ဓားများက အသက်ဝင်လာသကဲ့သို့ တုန်ခါလာကာ တဲအတွင်း ပျံသန်းလိုက်ကြသည်။ မုန်တိုင်းဓားက ပင်မဓားဖြစ်ပြီး ကျန်ဓားနှစ်လက်က အ​ကူဓားများဖြစ်ကြသည်။ ယဲ့ချန်၏စိတ်အလိုအတိုင်း ၎င်းတို့ကပျံသန်းသွားပြီး သူ၏ဘေးတွင် သက်တော်စောင့်များပမာ ရပ်တန့်သွားကြသည်။ ယဲ့ချန်က ကျေနပ်စွာပြုံးလိုက်သည်။ ဓားသုံးလက်အစီအရင်တွင် အဆင့်ကိုးဓားသုံးလက်ကို အသုံးပြုလိုက်သောအခါ ထို့ပါရန်၏အစီအရင်ထက် ဆယ်ဆမက ပိုမိုအစွမ်းထက်လာခဲ့သည်။ နတ်ဘုရင်တစ်ယောက်၏ရုပ်ခန္ဓာသည်ပင် ဤဓားများနှင့် တိုက်ခိုက်ခံရလျှင် သက်သာမည်မဟုတ်ပေ။

"ကျွန်တော်က ဧည့်သည်လိုချင်တဲ့ အဆင့်ငါးဓားရှည်တစ်သောင်းကို သွန်းလုပ်ပေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။ ကံကောင်းတာက လက်နက်ကောင်စီရဲ့ အကြီးအကဲတွေဆီမှာ ကုန်ကြမ်းတွေအများကြီးရှိနေပြီး အခြားအင်အားစုတွေဆီကနေလည်း ဝယ်ယူနိုင်ခဲ့တော့ အရေအတွက်က နောက်ဆုံးမှာပြည့်သွားခဲ့ပါပြီ။ ရက်အနည်းငယ်အတွင်း ဓားတွေကို အချောသတ်ထုတ်လုပ်ပြီးပါလိမ့်မယ်"

ကျိလင်က ဆည်းဆာရွှေပြားများကိုသိမ်းဆည်း၍ ယဲ့ချန်ကို ပြောလိုက်သည်။

"အချိန် ဘယ်လောက်ကြာမယ်လို့ထင်လဲ"

"အများဆုံးငါးရက်နဲ့ အမြန်ဆုံးသုံးရက်ပါ"

ကျိလင်က ဖြေလိုက်သည်။

"ဒါဆိုငါးရက်နေရင် ကျုပ် ဓားတွေကိုလာယူမယ်"

"ကောင်းပါပြီ။ တကယ်လို့ ကျုပ်တို့က ငါးရက်အကြာမှာဝိညာဥ်မျှော်စင်ထဲမှာမရှိတော့ရင် ဌာနခွဲတွေကို ဆက်သွယ်နိုင်ပါတယ်။ ဧည့်သည်တော်ကိုလိုက်ပို့ပေးဖို့ ကျင့်ကြံသူတွေ စီစဥ်ပေးရမလားခင်ဗျာ"

ကျိလင်က ခေါင်းညိတ်လိုက်သည်။ လက်နက်ကောင်စီက ယဲ့ချန်ထံမှ အကျိုးအမြတ်များစွာရခဲ့သည်။ ထို့ကြောင့် သူက ဓားများကို ပြန်လာမယူလျှင်လည်း အစီအရင်ရုန်းများကိုဖျက်၍ ပြန်လည်ရောင်းချရုံသာဖြစ်သောကြောင့် လက်နက်ကောင်စီအတွက် စိုးရိမ်စရာမရှိချေ။

"မလိုဘူး"

ယဲ့ချန်ကခေါင်းယမ်း၍ ဓားရှည်သုံးလက်ကို လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။

"ဒါက ကျုပ်ရဲ့နာမည်ကတ်ပါ။ တကယ်လို့ ဧည့်သည်က ဌာနခွဲတွေကိုရောက်ခဲ့ရင် ကျုပ်ကို ဆက်သွယ်နိုင်ပါတယ်။ ကျေးဇူးပြုပြီးလက်ခံပေးပါ"

ကျိလင်က အနီရောင်ကတ်ပြားတစ်ခုကို ရိုသေစွာပေးလိုက်သည်။ ယဲ့ချန်ကဲ့သို့ ရက်ရောချမ်းသာသော ဖောက်သည်မျိုးကို လက်နက်ကောင်စီက လုံးဝလက်လွှတ်မခံနိုင်ချေ။ ယဲ့ချန်က နာမည်ကတ်ကိုလက်ခံလိုက်ပြီး ကျိလင်နှင့်မင်ဟွာကိုနှုတ်ဆက်ကာ ဝိညာဥ်လက်နက်ကောင်စီ၏ စခန်းအတွင်းမှ ထွက်လာခဲ့သည်။

သူက လက်နက်ကောင်စီ၏ဝတ်ရုံကို ဝတ်ဆင်မထားသောကြောင့် စခန်းအတွင်းမှထွက်လာသောအခါ အများ၏အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ သူသွားသမျှနေရာတိုင်းတွင် ကျင့်ကြံသူများက စိုက်ကြည့်နေကြသည်။

"ယဲ့ချန် မင်းကိုစိတ်ဝင်စားနေတဲ့ ကျင့်ကြံသူတွေနဲ့ ဂိုဏ်းတွေ အများကြီးရှိနေတယ်။ သေချာပေါက်သတိထားရမယ်။ ဒါနဲ့ ကောင်စုတ်လေးထုံတန်နဲ့ သူ့တပည့်ကလေးတွေကို မြန်မြန်အပြင်ထုတ်ပေးစမ်းပါဟ။ ငါက ခြင်္သေ့မလေးနဲ့မပျော်ပါးရတာ အတော်ကြာနေပြီ။ ငါ့ဘောတွေကွဲထွက်ပြီး သေသွားမှာကိုတော့ မင်း မမြင်ချင်ဘူးမလား"

ခြင်္သေ့ကြီး၏စကားကြောင့် လမ်းလျှောက်နေသော ယဲ့ချန်မှာ ခလုတ်တိုက်မတတ်ဖြစ်သွားခဲ့သည်။ ရက်အနည်းငယ်သာရှိသေးသော်လည်း ခြင်္သေ့ကြီးက ရမ္မက်ကို မထိန်းချုပ်ထားနိုင်တော့ပေ။ သူက တောင်ကုန်းတစ်ခုထံ ရောက်သောအခါ ထုံတန်နှင့်အခြားလူများကို ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထုတ်ပေးလိုက်သည်။ သူတို့အားလုံး၏ဒဏ်ရာများက လက်ရှိတွင် ပျောက်ကင်းသွားပြီဖြစ်သည်။

"ဒါက ဝိညာဥ်မျှော်စင်ရဲ့ခြောက်ထပ်မှာလား"

ထုံတန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ ယဲ့ချန်ထံ မေးလိုက်သည်။ သူသည် တံဆိပ်အတွင်း ယဲ့ချန်က လျှို့ဝှက်ကျင့်စဥ်တစ်မျိုးဖြင့် ရုပ်ဖျက်သည်ကိုမြင်ဖူးထားသောကြောင့် လက်ရှိအသွင်အပြင်အပေါ် စပ်စုမနေခဲ့ပေ။

"ဟုတ်တယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။

"ဝိညာဥ်မျှော်စင်မှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ခြင်္သေ့နန်းတော်က ညီလေးယဲ့အပေါ် ကျေးဇူးကြွေးတင်နေပြီ။ မင်းအမိန့်ပေးမယ်ဆိုရင် ငါတို့က ငရဲအထိဆင်းရပါစေ နောက်တွန့်နေမှာမဟုတ်ဘူး"

ထုံတန်က ရင်ဘတ်ရှေ့တွင် လက်သီးနှင့်လက်ဝါးကိုထိကပ်၍ ခါးကိုင်းကာ အရိုအသေပေးလိုက်သည်။

"ခင်ဗျားက အားနာလွန်းနေပါပြီ။ အခုရော ဘာဆက်လုပ်ဖို့စီစဥ်ထားလဲ"

ထုံတန်၏ လေးနက်လွန်းသောအပြုအမူကြောင့် ယဲ့ချန်က မနေတတ်အောင်ဖြစ်သွားခဲ့သည်။

"ကျုပ် လက်အောက်ငယ်သားတွေကို မိုးကြိုးချောက်နက်မှာသွားခေါ်ပြီး ခြင်္သေ့နန်းတော်ကို ပြန်တော့မယ်။ အခွင့်အရေးရရင် ဝံပုလွေတိုင်းပြည်ကို ဖျက်ဆီးပစ်မယ်"

ထုံတန်၏မျက်လုံးများတွင် အေးစက်စက်သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်နေသည်။ သူ၏ညီအစ်ကိုနှင့် နောက်လိုက်များ အသတ်ခံခဲ့ရသော သွေးကြွေးကို သေချာပေါက်လက်စားချေရန် ဆုံးဖြတ်ထားသည်။

"ဒါဆိုရင် ကျုပ်တို့ လမ်းခွဲကြတာပေါ့။ ကံမကုန်ရင် ပြန်ဆုံဦးမှာပါ။ ဒါနဲ့ ကျုပ်သူငယ်ချင်းရဲ့ အစ်ကိုချင်ယုကို ဂရုစိုက်ပေးဖို့ တောင်းဆိုပါတယ်"

ယဲ့ချန်က နှုတ်ဆက်စကားပြောလိုက်သည်။

"စိတ်ချပါ ညီလေးယဲ့"

ထုံတန်က ကတိပေးလိုက်သည်။

"ဒါဆိုရင် အားလုံးကို နှုတ်ဆက်ပါတယ်"

ယဲ့ချန်က လက်ဝါးနှင့်လက်သီးကိုထိကပ်ကာ ထုံတန် ၊ကျိလေ့နှင့် အခြားကျင့်ကြံသူများကို နှုတ်ဆက်လိုက်၏။

"ညီလေးယဲ့ နင်အာကိုတွေ့ရင် တစ်ခါလောက်လာတွေ့ဖို့ ပြောပေးပါဦး"

ချင်ယုက ယဲ့ချန်ထံ အကူအညီတောင်းလိုက်သည်။

"ကျုပ် သေချာပေါက် သူ့ကို ခေါ်လာပေးပါမယ်"

အမွေးပွလေး၏အကြောင်း တွေးမိသောအခါ ယဲ့ချန်၏ရင်ထဲတွင် ဟာတာတာခံစားလိုက်ရသည်။

ထိုအချိန်တွင် တင်းကျပ်သော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရဲချိုးက ယဲ့ချန်ထံ လျှောက်လှမ်းလာသည်။ သူမက အသက်ဆယ့်ငါးနှစ်ခန့်သာရှိသော်လည်း မိန်းမလှတစ်ယောက်ဖြစ်နေပြီး တစ်ကိုယ်လုံးတွင် ကောက်ကြောင်းများ လှပစွာထွက်ပေါ်နေသည်။ ရဲချိုးက ယဲ့ချန်ထက် ခေါင်းတစ်လုံးနိမ့်သောကြောင့် ခြေဖျားထောက်ကာ ပါးပြင်ကို ရုတ်တရက်နမ်းလိုက်သည်။ မွှေးပျံ့သောကိုယ်သင်းရနံ့လေးက ယဲ့ချန်ကို မင်သက်သွားစေသည်။ ရဲချိုးက ဤမျှရဲတင်းပွင့်လင်းမည်ဟု ထင်မထားခဲ့ပေ။

"အစ်ကိုယဲ့က ချိုးအာကိုကြိုက်တယ်ဆိုတာ တကယ်ပြောတာလားဟင်"

ရဲချိုး၏ ကြည်လင်ဝိုင်းစက်သော မျက်ဝန်းလေးများက မျှော်လင့်တကြီးမော့ကြည့်လာသည်။

"အာ ငါ ဘယ်လိုပြောရမလဲ"

ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်မိသည်။ သူက ရဲချိုးကို စနောက်ခဲ့ရုံသက်သက်သာဖြစ်သည်။

"အစ်ကိုယဲ့က စနောက်နေတယ်ဆိုတာကို ချိုးအာ သိပါတယ်။ ဒါပေမယ့် အစ်ကိုက ချိုးအာကိုလိုချင်ရင် အချိန်မရွေးပါ။ ချိုးအာ အစ်ကို့ကို အမြဲတမ်းစောင့်နေမယ်နော်"

ရဲချိုးက ရှက်သွေးကြောင့် ပါးလေးနှစ်ဖက် နီမြန်းနေခဲ့သည်။ သူမက ယဲ့ချန်၏နားသို့ကပ်ကာ ချိုသာစွာပြောလိုက်သည်။ ထို့နောက် သူမက လှပစွာပြုံးလိုက်ပြီး အဝေးသို့ရောက်နေပြီဖြစ်သော ထုံတန်တို့ထံ ပျံသန်းပျောက်ကွယ်သွားလေသည်။

ယဲ့ချန်၏အနီးအနားတွင် ရဲချိုး၏ကိုယ်သင်းရနံ့လေး ကျန်ရစ်ခဲ့သည်။ သူမ၏ ပွင့်လင်းရဲတင်းသော လုပ်ရပ်ကြောင့် ယဲ့ချန်က ခေါင်းယမ်းလိုက်မိသည်။ သူတို့က ရက်အနည်းငယ်သာ သိကျွမ်းခဲ့ခြင်းဖြစ်သောကြောင့် နှစ်အနည်းငယ်အတွင်း ရဲချိုးက မေ့လျော့သွားပေလိမ့်မည်။ ထို့အပြင် သူက သူမအပေါ် ချစ်စဖွယ်ညီမလေးတစ်ယောက်ဟု သဘောထားခြင်းဖြစ်သည်။

ယဲ့ချန်က ထုံတန်တို့ကို တစ်ချက်လှမ်းကြည့်၍ နောက်သို့ပြန်လှည့်လာခဲ့သည်။ သူက စျေးအတွင်းသို့သွားရောက်ကာ အသုံးဝင်သောရတနာများကို လိုက်လံရှာဖွေခဲ့သည်။ ထို့အပြင် သူက ဝိညာဥ်မျှော်စင်၏ခုနစ်ထပ်သို့ ရောက်ရှိနေသော ဂိုဏ်းကြီးများ၏အခြေအနေနှင့် ရှစ်ထပ်သို့ ဝင်ရောက်နိုင်ခြင်းရှိမရှိကို စောင့်ကြည့်လိုနေခဲ့သည်။

နာရီအနည်းငယ်က ခဏအတွင်း ကုန်လွန်သွားခဲ့သည်။ စျေးအတွင်း လှည့်ပတ်သွားလာနေသော ယဲ့ချန်ကို ဆန်းကျယ်အဆင့်ကျင့်ကြံသူများက စောင့်ကြည့်နေကြသည်။ သူက ထိုကျင့်ကြံသူများကို ဂရုစိုက်စရာမလိုသောကြောင့် တစ်ကိုယ်တော်ရှေ့ဆက်နေသည်။ စျေးအတွင်း ရတနာများစွာ ရောင်းဝယ်နေကြပြီး ငွေကြေးအဖြစ် ထျန်းယွမ်ငွေပြားနှင့် ဆေးလုံးများကို အသုံးချနေကြသည်။ ထျန်းယွမ်ငွေပြားများကို အင်အားစုတစ်ခုက အကြီးအကျယ်စုဆောင်းနေပုံပေါ်ပြီး ဝိညာဥ်လက်နက်ကောင်စီ ဖြစ်နိုင်သည်။ သူတို့က ငွေပြားများကိုအရည်ဖျော်၍ ဝိညာဥ်လက်နက်များ ပြုလုပ်နိုင်သောကြောင့် အလွန်အမြတ်ထွက်သည့် အလုပ်ဖြစ်ပေသည်။ မူလတွင် ပုန်းအောင်းပျောက်ကွယ်နေသော ဝိညာဥ်လက်နက်ကောင်စီက ဝိညာဥ်မျှော်စင်၏ရတနာများကြောင့် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ပျောက်ကွယ်နေသော အင်အားစုကြီးများလည်း အလျှိုလျှိုထွက်ပေါ်လာခဲ့ကြသည်။ ဝိညာဥ်မျှော်စင်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မည်သူမှ အတပ်မပြောနိုင်ကြပေ။ ခြင်္သေ့ကြီးပင် အလန့်တကြားဖျက်ဆီးစေခဲ့သော ရွှေရောင်ဥများကဲ့သို့ ပဟေဠိများက ယဲ့ချန်၏ခေါင်းအတွင်း ဝင်ရောက်လာသည်။

လက်ရှိတွင် ဆန်းကျယ်အဆင့် ကျင့်ကြံသူအချို့က ယဲ့ချန်ကို စောင့်ကြည့်နေကြသည်။ အရေအတွက်က ဆယ်ယောက်ကျော်၍ ခေါင်းဆောင်လုပ်သူမှာ ငွေရောင်သံချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဆံပင်များကို မဖြီးလိမ်းထားသောကြောင့် လူရိုင်းတစ်ယောက်နှင့်ပင် တူညီနေသည်။

"ဒီကောင်မှာ နောက်ခံရှိလား"

"သူ့ကို နောက်ယောင်ခံလိုက်နေတာ နာရီနဲ့ချီနေပါပြီ။ အမြဲတမ်း တစ်ယောက်တည်းသွားလာနေပြီး ဘယ်ဂိုဏ်းနဲ့ဆက်သွယ်တာကိုမှ မတွေ့ပါဘူး"

ငွေချပ်ဝတ်ခေါင်းဆောင်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ ဓားပြတိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏အမိန့်ဖြင့် ကျင့်ကြံသူများက ယဲ့ချန်ကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံပိတ်ဆို့လိုက်ကြသည်။ ဤအခြေအနေကြောင့် လမ်းသွားလမ်းလာများမှာ ရှဲခနဲဖြစ်သွားပြီး ပြဿနာမတက်စေရန် ဘေးဖယ်ပေးလိုက်ကြသည်။

"ဒီကောင်တော့ သေချာပေါက်ပြဿနာတက်ပြီ။ ဒီကျင့်ကြံသူတွေက သဲသားရဲမျိုးနွယ်ဝင်တွေ"

"သဲသားရဲမျိုးနွယ်က ရှေးဟောင်းမျိုးနွယ်တစ်ခုဖြစ်ပြီး ရက်စက်ကြတယ်။ သူတို့ကိုစော်ကားမိပြီဆိုရင် သေတဲ့အထိ လက်စားချတတ်ကြတယ်။ ပြီးတော့ ဒီမျိုးနွယ်မှာ ပုန်းကွယ်နေတဲ့ ကျင့်ကြံသူတွေရှိလို့ သမာဓိကောင်စီတောင် သတိထားဆက်ဆံရတယ်တဲ့"

"ဒီတစ်ခေါက် သဲသားရဲမျိုးနွယ်က နတ်ဘုရင်ငါးယောက်တည်းရောက်လာလို့ ခုနစ်ထပ်ကိုဝင်ရောက်ဖို့ အဆင့်မမီခဲ့ဘူး။ ဒီကောင်က သဲသားရဲမျိုးနွယ် ပစ်မှတ်ထားခံရမှတော့ သေပြီ"

ကျင့်ကြံသူများ၏ တီးတိုးဆွေးနွေးသံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာခဲ့လေသည်။

All Chapters