← Chapters

သဲသားရဲနတ်ဘုရင်ငါးယောက်

Vol. 26 Ch. 361

သဲသားရဲနတ်ဘုရင်ငါးယောက်

Vol. 26 Ch. 361

ဆန်းကျယ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်က ယဲ့ချန်ကို ထိုးဖောက်မရနိုင်သော ဒိုင်းပမာ ဝိုင်းလိုက်ကြသည်။ သူ့ထံသို့ ချဥ်းကပ်လာနေသော ကျင့်ကြံသူများကြောင့် ယဲ့ချန်၏မျက်ဝန်းများ ကျဥ်းမြောင်းကုန်သည်။ သူက ဤလူများ နောက်ယောင်ခံလိုက်လာသည်ကို သိရှိထားပြီးဖြစ်သည်။

"ဟေ့ ခွေးကောင် ငါက သဲသားရဲမျိုးနွယ်ရဲ့ ရှနန်တန်းပဲ။ မင်းက ငါ့ညီအစ်ကိုကို ဓားပြတိုက်သွားတယ်မလား။ ဒူးထောက်ပြီး ဦးသုံးကြိမ်ချရှိခိုးရင် အသက်ချမ်းသာပေးမယ်"

ငွေချပ်ဝတ်ကိုဝတ်ဆင်ထားသော ခေါင်းဆောင်က ယဲ့ချန်ကို စိုက်ကြည့်လိုက်သည်။ သူ၏အဝါရောင်မျက်လုံးများက လောဘမီး တောက်လောင်နေသည်။

"ဟုတ်တယ်။ ဒီကောင်ပဲ"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သဲသားရဲမျိုးနွယ်ဝင်တစ်ယောက်က ယဲ့ချန်ကို လက်ညှိုးထိုး၍ စွပ်စွဲလိုက်သည်။

"ဒီကောင်က ငါ့ညီအစ်ကိုကိုရိုက်နှက်ပြီး သူ့ပိုင်ဆိုင်မှုတွေကို ဓားပြတိုက်သွားတယ်"

နောက်ထပ်သဲသားရဲမျိုးနွယ်ဝင်တစ်ယောက်က ယဲ့ချန်ကို ထပ်မံစွပ်စွဲလိုက်၏။ လူမြင်ကွင်းတွင် သဲသားရဲမျိုးနွယ်က လူတစ်ယောက်ကို ပေါ်တင်သတ်ဖြတ်၍ မဖြစ်နိုင်သောကြောင့် အကွက်ချကြံစည်၍ ပိုင်ဆိုင်မှုများကိုလုယူရန် ကြိုးစားခြင်းဖြစ်သည်။ သူတို့၏စွပ်စွဲစကားများကြောင့် စပ်စုနေကြသော ကျင့်ကြံသူများက အထင်လွဲသွားကြသည်။ သဲသားရဲမျိုးနွယ်ဝင်တစ်ယောက်ထံမှ လုယူသွားသောကြောင့် သဲသားရဲမျိုးနွယ်က သေချာပေါက်လက်စားချေပေလိမ့်မည်။

"သူက သဲသားရဲမျိုးနွယ်ကနေ ခိုးရဲရအောင် ရူးနေလား"

"သဲသားရဲမျိုးနွယ်ကို ရန်စလို့မရဘူးဆိုတာ နားမလည်ဘူးလား"

"သူက သဲသားရဲမျိုးနွယ်ကိုစော်ကားမှတော့ သေလူဖြစ်ပြီ"

ပတ်ဝန်းကျင်ရှိလူစုက တီးတိုးဆွေးနွေးနေကြသည်။ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သောကြောင့် သူတို့အားလုံးက နောက်ဆုတ်သွားကြသောအခါ အလယ်တွင် ကျယ်ဝန်းသည့်နေရာလပ်တစ်ခု ဖြစ်ပေါ်လာသည်။

ရှနန်တန်းက ယဲ့ချန်ကိုရှင်းပြရန် အချိန်မပေးလိုက်သောကြောင့် တဟုန်ထိုးပြေးထွက်၍ ကုတ်ဆွဲလိုက်သည်။ ယဲ့ချန်က ဘေးသို့လှည့်ထွက်သွားကာ ရှနန်တန်းက လေကိုသာဖမ်းမိလိုက်သဖြင့် အနည်းငယ်အံ့သြသွားခဲ့သည်။

"ဒီကောင်က မရိုးရှင်းဘူး။ ကြည့်ရတာ ဆန်းကျယ်ထိပ်ဆုံးအဆင့် ဖြစ်လိမ့်မယ်"

ရှနန်တန်းက တွေးမိလိုက်သည်။

"ငါက မင်းတို့ရဲ့ရတနာကို ခိုးယူခဲ့တယ်ဆိုတော့ အဲ့တာကဘာလဲ"

ယဲ့ချန်က အေးစက်စက်မေးလိုက်သည်။

ရှနန်တန်းက နေရာတွင်ရပ်တန့်သွားပြီး ယဲ့ချန်ကို ထက်ရှသောအကြည့်နှင့် စိုက်ကြည့်လိုက်သည်။ သဲသားရဲမျိုးနွယ်ဝင်နှစ်​ယောက်ကလည်း ယဲ့ချန်၏မေးခွန်းကြောင့် မင်သက်သွားကြသည်။

"ဆည်းဆာရွှေပြား"

"လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်း"

နှစ်ယောက်လုံးက ပြိုင်တူဖြေလိုက်သော်လည်း အဖြေက ကွဲပြားနေသည်။

"ဘယ်ဟာကအမှန်လဲ ပြောစမ်းပါဦး"

ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်သည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများက အကြည့်ချင်းဖလှယ်လိုက်ပြီး အမှန်တရားကို သိရှိသွားခဲ့သည်။ ယဲ့ချန်က သဲသားရဲမျိုးနွယ်ကို ဓားပြတိုက်ခဲ့ခြင်းမဟုတ်ဘဲ သဲသားရဲမျိုးနွယ်ကသာ သူ့ကိုဓားပြတိုက်ရန် အကွက်ချနေခြင်းဖြစ်သည်။

"ဒီလူမှာ သဲသားရဲမျိုးနွယ် မျက်စိကျနေတဲ့ ရတနာတစ်ခုခုရှိရမယ်"

"ကျင့်ကြံသူတစ်​ယောက်က ကြွယ်ဝမှုကို ဖုံးကွယ်ထားသင့်တယ်။ သနားစရာကောင်းတဲ့လူ မသေချင်ရင် သူ့ရတနာကို ထုတ်ပေးလိုက်တာကောင်းမယ်"

သဲသားရဲမျိုးနွယ်က အစွမ်းထက်အင်အားစုတစ်ခုဖြစ်သည်။ သူတို့၏အကွက်ချကြံစည်မှု ထွက်ပေါ်သွားသော်လည်း ယဲ့ချန်ကို တိုက်ခိုက်မည်ဖြစ်သောကြောင့် လူတိုင်းက အတော်ဝေးဝေးသို့ နောက်ဆုတ်သွားကြပြန်သည်။

"ဆည်းဆာရွှေပြားနဲ့ ကျင့်စဥ်ကျောက်စိမ်းကို ထုတ်ပေးစမ်း။ မဟုတ်ရင် မင်း သေရမယ်။ ဒီသူခိုးကိုဝိုင်းထားပြီး မလွတ်စေနဲ့"

ရှနန်တန်းက အေးစက်စက်အမိန့်ပေးလိုက်သောအခါ သူ၏နောက်လိုက်များက လက်နက်ကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။ အချို့က ဆူးချွန်တပ်ထားသော လက်သီးကွင်းများနှင့် အချို့က ဓားရှည်များ ကိုင်ဆောင်ထားကြ၏။ သူတို့အားလုံးက လှောင်ပြုံးပြုံး၍ ယဲ့ချန်ကို ချောင်ပိတ်မိနေသော သားရဲငယ်တစ်ကောင်ပမာ စိုက်ကြည့်နေကြသည်။

"မင်းတို့လို ဆန်းကျယ်အဆင့် ကျင့်ကြံသူလေးတွေက ငါတို့ကိုတိုက်ခိုက်ချင်တာလား တော်တော်အမြင်ကျဥ်းတဲ့ကောင်တွေ။ ငါ့မှာ ဆည်းဆာရွှေပြားတွေရော ကျင့်စဥ်ကျောက်စိမ်းတွေရော ရှိတယ်။ မေးခွန်းက မင်းတို့ ငါ့ဆီကယူနိုင်မှာလား"

ယဲ့ချန်၏စကားအဆုံးတွင် ဓားသုံးလက်အစီအရင် ထွက်ပေါ်လာခဲ့သည်။ ဓားရှည်သုံးချောင်းက ယဲ့ချန်၏ဘေးတွင် ပျံသန်းထွက်ပေါ်လာသည်။

"ဝိညာဥ်မျှော်စင်ရဲ့ခြောက်ထပ်မှာ မဟာသာလွန်အဆင့်နဲ့ ပြိုင်ဘက်ကင်းဝိဇ္ဇာတွေ မရှိဘူး။ ငါ ယဲ့ချန်ကို ဘယ်သူတားမြစ်နိုင်မှာလဲ"

ဓားရှည်သုံးလက်က လေထဲတွင် တိတ်တဆိတ်ရပ်တန့်နေသည်။ ကောင်းကင်ရေခဲဓားက အဖြူရောင်တောက်ပနေပြီး အေးစက်သောရေခဲချီကို ထုတ်ဖော်ထားကာ ကောင်းကင်မီးတောက်ဓားက ရဲရဲနီနေပြီး အလွန်မြင့်သော အပူချိန် ထွက်ပေါ်နေသည်။ မုန်တိုင်းဓားထံမှ ကြည်လင်သောရေချီများကလည်း လေထဲတွင် လှိုင်းထနေသည်။ ဓားသုံးလက်အစီအရင် အသက်ဝင်လာသောအခါ အချင်းမီတာရာချီအတွင်း အစွမ်းထက်ဓားချီများ ထွက်ပေါ်လာသည်။ သဲသားရဲမျိုးနွယ်များက ဤဖိအားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်မိသည်။

"တော်တော်အစွမ်းထက်တဲ့ ဝိညာဥ်လက်နက်တွေပါလား။ ဒီဓားရှည်သုံးလက်က သေချာပေါက် အဆင့်ရှစ်ဖြစ်ရမယ်။ အဆင့်ကိုးဓားတွေတောင် ဖြစ်နိုင်တယ်"

"ဒါက ဓားအစီအရင်လား။ တော်တော်အစွမ်းထက်တာပဲ"

လေထုကိုပင် အေးခဲစေသော ကောင်းကင်ရေခဲဓား၊ ပတ်ဝန်းကျင်တွင် မီးဟုန်းဟုန်းတောက်လောင်စေသော ကောင်းကင်မီးတောက်ဓားနှင့် သိမ်မွေ့သောရေချီကို ထုတ်ဖော်ထားသော မုန်တိုင်းဓားသုံးက ယဲ့ချန်၏အနီးတွင် ဆက်သွယ်နေကြသည်။ ၎င်းတို့ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်များက ရှနန်တန်းနှင့်နောက်လိုက်များတွင် နေရာတွင် ချုပ်နှောင်ပစ်လိုက်သည်။

ဓားတစ်လက်ချင်းစီက အစွမ်းထက်ပြီး အလယ်အင်ပါယာ၏ ဂိုဏ်းကြီးများ၌ပင် ဂိုဏ်းကိုအုပ်ချုပ်ရန်အတွက် တစ်ချောင်းသာ လိုအပ်သည်။ သို့သော် ယဲ့ချန်က သုံးလက်အထိ ပိုင်ဆိုင်ထားသည်။ ပို၍ကြောက်စရာကောင်းသည်မှာ ဓားသုံးလက်လုံးက အလွန်အစွမ်းထက်သော အစီအရင်တစ်ခုကို ခင်းကျင်းထားခြင်းဖြစ်သည်။ မီတာတစ်ရာအဝေးတွင် ရပ်နေသူများပင် ကြမ်းတမ်းသောအရှိန်အဝါကို အာရုံခံမိနေပြီး မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ထပ်မံနောက်ဆုတ်သွားကြလေသည်။ လက်ရှိတွင် အခြေအနေဆိုးသည်မှာ ဓားသုံးလက်အစီအရင်၏ ဖိအားအောက်တွင် တိုက်ရိုက်ကျရောက်နေသော ရှနန်းတန်းတို့အဖွဲ့ ဖြစ်သည်။ သူတို့က ခြေတစ်လှမ်းရွှေ့ရန်ပင် ခက်ခဲနေပြီး ကြောက်စိတ်ကြောင့် မျက်လုံးများ ပြူးထွက်နေသည်။

"ဒီကောင်ကဘယ်သူလဲ။ ဘယ်လိုလုပ် အစွမ်းထက်ဓားအစီအရင်တစ်ခုကို ပိုင်ဆိုင်ထားတာလဲ"

"ခွေးကောင် သဲသားရဲမျိုးနွယ် နတ်ဘုရင်တွေ ဒီအနီးအနားမှာရှိတယ်။ မင်းရဲ့ဓားတွေကိုထားခဲ့ရင် သဲသားရဲမျိုးနွယ်က ဒီကိစ္စကို ပြဿနာမရှာတော့ဘူး။ နတ်ဘုရင်တစ်ယောက်ရောက်လာရင် မင်း အသက်မရှင်နိုင်ဘူး"

ရှနန်တန်းသည် သေရေးရှင်ရေးအခြေအနေများကို တွေ့ကြုံဖူးသောကြောင့် ဓားသုံးလက်၏ဖိအားကို ကြံ့ကြံ့ခံရင်း ယဲ့ချန်ကို ခြိမ်းခြောက်လိုက်သည်။

"စောက်ရူး နတ်ဘုရင်တွေ ရောက်လာတော့ရော ငါကဘာလုပ်ရမှာလဲ။ ဒီဓားတွေကို လိုချင်တာလား။ မင်းမှာ ဒီဓားတွေနဲ့ထိုက်တန်တဲ့ အစွမ်းရှိမရှိ ကြည့်ရသေးတာပေါ့"

ယဲ့ချန်က အေးစက်စက်ငေါက်ငမ်းလိုက်သည်။ ဓားအစီအရင်၏စွမ်းအားက သဲသားရဲမျိုးနွယ်ဝင်များထံ စတင်ကျဆင်းလာသည်။

"မင်းကများ သဲသားရဲမျိုးနွယ်ကို စော်ကားရဲတယ်။ မင်း အသက်ရှင်မှာမဟုတ်ဘူး။ မင်း ငါတို့ကိုသတ်ရဲရင် သဲသားရဲမျိုးနွယ်က မင်းကို ဝိညာဥ်မျှော်စင်အပြင်ဘက် မထွက်နိုင်စေရဘူး"

ရှနန်တန်းက ယဲ့ချန်ကို အေးစက်စက်ကြည့်လိုက်သည်။ တစ်ဖက်လူမှ တိုက်ခိုက်လာခြင်းမရှိသောကြောင့် သူ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက သေခြင်းကို မကြောက်မလန့်ဖြင့် စိန်ခေါ်လိုက်သည်။

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများက ဤမြင်ကွင်းကြောင့် ထပ်မံဆွေးနွေးလိုက်ကြပြန်သည်။

"သဲသားရဲမျိုးနွယ်က ရှေးဟောင်းမျိုးနွယ်တွေထဲမှာ ပြဿနာအရှာဆုံးဖြစ်တယ်။ ဒီလူက သူတို့ကိုသတ်လိုက်ရင် သေချာပေါက်ဒုက္ခရောက်လိမ့်မယ်"

"ကျင့်ကြံသူတွေက သဲသားရဲမျိုးနွယ်ကို မစော်ကားရဲကြဘူး။ သူ့ကံဆိုးတာကိုပဲ အပြစ်တင်ရတော့မယ်"

"သူ့အသက်ကိုတော့ သူကာကွယ်နိုင်တာ တော်သေးတယ်။ ဓားအစီအရင်သာမရှိရင် ဒီလူက အလောင်းဖြစ်နေလိမ့်မယ်"

ရှနန်တန်းနှင့်နောက်လိုက်များက ယဲ့ချန်မှာ သူတို့ကိုမသတ်ရဲဟု အပိုင်တွက်ထားခဲ့ကြသည်။

ထိုအချိန်တွင် ဝိညာဥ်အသိစိတ်နှစ်ခု ထွက်ပေါ်လာပြီး တစ်ခုက ကောင်းကင်ထက်တွင် အဝါရောင် ဧရာမသားရဲကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်သည်။ ၎င်းက ဧရာမဝက်ဝံကြီးတစ်ကောင်နှင့် တူညီသော်လည်း တစ်ကိုယ်လုံးတွင် သဲများပြည့်နှက်နေသည်။ သဲများက ၎င်းထံမှ ရေတံခွန်တစ်ခုပမာ အချိန်တိုင်းစီးကျနေသည်။ ဝိညာဥ်က ဟိန်းဟောက်လိုက်သောအခါ အော်သံကြီးက မိုးချုန်းသံကဲ့သို့ မြည်ဟီးသွားသည်။

"မိတ်ဆွေ သဲသားရဲမျိုးနွယ်နဲ့ ပြဿနာမတက်ချင်စမ်းပါနဲ့။ ငါ့နောက်လိုက်တွေကို လွှတ်ပေးပါ"

ဝိညာဥ်က ယဲ့ချန်ကိုစိုက်ကြည့်၍ အမိန့်ပေးလိုက်သည်။ ယဲ့ချန်က အဆင့်ကိုးဓားသုံးလက်နှင့် ဓားအစီအရင်တစ်ခု ခင်းကျင်းထားသောကြောင့် နတ်ဘုရင်တစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်းရှိနေသည်။ ထို့ကြောင့် သဲသားရဲနတ်ဘုရင်က အလောတကြီး တိုက်ခိုက်ခြင်းမရှိပေ။

"ဒီကောင်တွေက ကျုပ်ကိုဓားပြတိုက်ဖို့ လုပ်ခဲ့တာကို ဘယ်လိုဖြေရှင်းပေးမှာလဲ"

ယဲ့ချန်၏ အေးစက်သောအကြည့်က ဝိညာဥ်အသွင်ဖြစ်တည်လာသော သဲသားရဲကြီးကို ပြန်ကြည့်လိုက်သည်။

"သဲသားရဲမျိုးနွယ်က ဘယ်တုန်းကမှ လူတစ်ယောက်ကို မှားယွင်းမစွပ်စွဲဖူးဘူး။ မင်းလုယူထားတဲ့ ရတနာတွေကိုထားပြီး ထွက်သွားစမ်း။ မဟုတ်ရင် မင်းက ပြာကျသွားပြီး သေခြင်းနဲ့အဆုံးသတ်ရမယ်"

သဲသားရဲကြီးက ယဲ့ချန်ကို သတ်ဖြတ်လိုစိတ်အပြည့်နှင့် ခြိမ်းခြောက်လိုက်သည်။ သူသည်လည်း ယဲ့ချန်၏ရတနာများအပေါ် လောဘတက်နေခြင်းဖြစ်သည်။ နတ်ဘုရင်တစ်ယောက်၏ဝိညာဥ်မှ ထွက်ပေါ်လာသော ဖိအားကြောင့် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများမှာ ကြောက်လန့်တကြားဖြင့် မီတာတစ်ရာကျော်အဝေးအထိ ထွက်ပြေးသွားခဲ့ကြသည်။

"သဲသားရဲမျိုးနွယ်ရဲ့နတ်ဘုရင်တွေ ရောက်လာပြီ"

"ကြောက်စရာကောင်းလိုက်တဲ့ ဖိအား"

"နတ်ဘုရင် ရောက်လာပြီဆိုတော့ ဒီကောင် ထွက်မပြေးနိုင်တော့ဘူး"

"သဲသားရဲမျိုးနွယ်က ဒီတစ်ခေါက် နတ်ဘုရင်ငါးယောက်ရောက်လာတယ်လို့ ကြားတယ်"

"သဲသားရဲမျိုးနွယ်က တော်တော်မောက်မာတာပဲ။ သူတို့က လူတစ်ယောက်ကို ပေါ်တင်ဓားပြတိုက်ပြီး မှန်ကန်သလိုလို လုပ်နေသေးတယ်"

သဲသားရဲမျိုးနွယ်၏ မကောင်းကြောင်းကို ပြောလိုက်သော ကျင့်ကြံသူမှာ အေးစက်စက်အလင်းတန်းတစ်ခုနှင့် ပစ်ခတ်ခံလိုက်ရသည်။ သူက သွေးများအဖြစ် ဘန်းခနဲပေါက်ကွဲသွားခဲ့သည်။

"သဲသားရဲမျိုးနွယ်ကို စော်ကားရင် အကုန်သေရမယ်"

ကောင်းကင်ရှိဝိညာဥ်က ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကို သတိပေးလိုက်သည်။ သဲသားရဲမျိုးနွယ်က အမှန်တကယ်ရက်စက်ကြမ်းကြုတ်သောကြောင့် သာမန်ကျင့်ကြံသူများ တိတ်ဆိတ်သွားကြသည်။ မှတ်ချက်တစ်ခုပေးရုံဖြင့် လူသတ်ပြလိုက်သောအခါ မည်သူမှ နတ်ဘုရင်တစ်ယောက်၏စွမ်းအားကို စိန်ခေါ်ရဲခြင်းမရှိတော့ပေ။

"မင်းက တော်တော်အစွမ်းထက်တာပဲ။ သဲသားရဲမျိုးနွယ်ကို စော်ကားရင် သေရမယ်ဟုတ်လား။ ကြည့်ရတာ မင်းတို့က တော်တော်အစွမ်းထက်နေတယ်ပေါ့။ ဒီနေ့ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်။ မင်းက နတ်ဘုရင်တစ်ယောက်ဖြစ်နေတာနဲ့ ငါ့ရတနာတွေကို လုယူလို့ရမယ်ထင်နေတာလား ခွေးမသားတွေ"

ယဲ့ချန်သည် အပြစ်မရှိသော ကျင့်ကြံသူတစ်ယောက်ကို သဲသားရဲမျိုးနွယ်မှ ရက်စက်စွာသတ်ပစ်လိုက်သဖြင့် ဒေါသူပုန်ထသွားခဲ့သည်။

"သေစမ်း"

သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းများ တောက်ပလာပြီး ခေါင်းပြတ်များက လေပေါ်သို့ မြောက်တက်လာသည်။ ခေါင်းပြတ်တစ်လုံးက ရှနန်တန်း၏ခေါင်းဖြစ်သည်။ သူတို့က ယဲ့ချန်အနေဖြင့် သဲသားရဲနတ်ဘုရင်များရှေ့တွင် သတ်ဖြတ်လာမည်ဟု မျှော်လင့်မထားခဲ့ကြပေ။ သို့သော်လည်း လူသေများက နောင်တအတွက် ငိုယိုရန်ပင် အခွင့်အရေးမရှိချေ။ ယဲ့ချန်က ဓားသုံးလက်အစီအရင်ကိုအသုံးချပြီး ဆန်းကျယ်အဆင့် သဲသားရဲဆယ်ယောက်ကျော်ကို ချက်ချင်းသတ်ဖြတ်ပစ်လိုက်သည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများမှာ ဤမြင်ကွင်းကြောင့် မင်သက်သွားကြသည်။ သဲသားရဲနတ်ဘုရင်ငါး​ယောက် ဝိုင်းရံထားသည့်ကြားမှပင် ယဲ့ချန်က သဲသားရဲများကိုသတ်ဖြတ်ရဲမည်ဟု မထင်ထားခဲ့ကြပေ။ ဤကား ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြစ်သော်လည်း သဲသားရဲများကို သတ်လိုက်သည့်​အတွက် ကျင့်ကြံသူတိုင်း၏စိတ်ထဲတွင် ယဲ့ချန်ကို လက်မထောင်ပြလိုက်ကြသည်။

"ခွေးကောင်"

"မင်းကများ သဲသားရဲမျိုးနွယ်ဝင်တွေကို သတ်ရဲတယ်။ သေချင်နေတာလား"

နတ်ဘုရင်များက ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။ ကောင်းကင်တွင် ဧရာမဝိညာဥ်ကြီးနှစ်ခု ထွက်ပေါ်လာသကဲ့သို့ မြေပြင်တွင်လည်း ပုံရိပ်သုံးခု အလျင်အမြန် ပြေးထွက်လာကြသည်။

ကောင်းကင်သားရဲ နတ်ဘုရင်နှစ်ယောက်နှင့် မှော်သားရဲ နတ်ဘုရင်သုံးယောက်၏ အရှိန်အဝါက ပေါက်ကွဲထွက်ပေါ်လာသည်။ ဓားသုံးလက်အစီအရင်၏ ပတ်ဝန်းကျင်ရှိ ချီစီးဆင်းမှုမှာ နေရာတွင် အေးခဲရပ်တန့်သွားခဲ့သည်။

"ဒီနေ့ သဲသားရဲမျိုးနွယ်က မင်းကို အသေသတ်မယ်။ ထွက်ပြေးဖို့ စဥ်းတောင်မစဥ်းစားနဲ့"

"သဲသားရဲမျိုးနွယ် အကြီးအကဲ ငါ ရှမိုလင်က မင်းကိုမသတ်နိုင်ရင် ကိုယ့်လက်ကိုဖြတ်ပစ်မယ်ကွ"

ရှမိုလင်က ယဲ့ချန်ကိုစိုက်ကြည့်၍ ကျိန်ဆိုလိုက်သည်။

"သေစမ်း"

ကောင်းကင်ရှိ ဧရာမဝိညာဥ်ကြီးနှစ်ကောင်က ယဲ့ချန်ကိုထိုးနှက်လိုက်ပြီး ကမ္ဘာမြေပြင်အက်ကွဲသွားသကဲ့သို့ ထင်မှတ်ရလေသည်။

All Chapters