← Chapters

နတ်ဆိုးချပ်ဝတ်၏အစွမ်း

Vol. 26 Ch. 362

နတ်ဆိုးချပ်ဝတ်၏အစွမ်း

Vol. 26 Ch. 362

သဲသားရဲများ၏ရုပ်ခန္ဓာကို သဲနှင့်ကျောက်များ ပေါင်းစပ်၍ ဖွဲ့စည်းထားသည်။ အလွန်အမင်းသန်မာသော ရုပ်ခန္ဓာနှင့် အရပ်က ခြောက်မီတာခန့်မြင့်သည်။ ၎င်း၏ဟိန်းသံက တောင်တစ်လုံးကို ချေမွပစ်နိုင်သည်အထိ ပြင်းထန်သောကြောင့် ကျင့်ကြံသူတိုင်းကို တုန်ခါသွားစေသည်။ ဤကား နတ်ဘုရင်တစ်ယောက်ဖြစ်ပြီး ခြောက်ထပ်တွင် ထိပ်ဆုံးအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ နတ်ဘုရင် ထွက်ပေါ်လာတိုင်းတွင် ကပ်ဘေးတစ်ခုဖြစ်ပေါ်လာပြီး ၎င်းတို့အကြောင်း ဒဏ္ဍာရီများစွာရှိသော်လည်း လက်တွေ့မြင်ဖူးသူက ရှားပါးလေသည်။

ဂိုဏ်းအသီးသီးမှ ဆန်းကျယ်အဆင့်ကျင့်ကြံသူများက ဂိုဏ်း၏နတ်ဘုရင်များကို မြင်ဖူးသော်လည်း တိုက်ခိုက်ခြင်းကို မမြင်ဖူးကြပေ။ နတ်ဘုရင်တစ်ယောက် တိုက်ခိုက်လာလျှင် ကောင်းကင်က ပြောင်းပြန်လန်သွား၍ ရာသီဥတုများပင် ပြောင်းလဲသည်ဟု ကောလဟာလများရှိသည်။

"အစွမ်းထက်လှချည်လား"

"ကြောက်စရာကောင်းလိုက်တာ"

အဆုံးမရှိသော စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏စိတ်ကို ကြောက်လန့်သွားစေသည်။ တစ်ကိုယ်လုံးရှိ အမွေးများအားလုံးပင် ထောင်မတ်သွားခဲ့သည်။

"သူတို့ရဲ့အစွမ်းလေးတစ်ခုတည်းက ငါ့ကို ချေမွပစ်လိုက်နိုင်တယ်လို့ ခံစားနေရတယ်။ ဒီလူက စွမ်းအင်အားလုံးရဲ့ အလယ်မှာရှိနေတော့ သူခံစားနေရတဲ့ ဖိအားကို စိတ်ကူးကြည့်လို့တောင်မရဘူး"

"ဒီကောင် သေလောက်ပါပြီ"

"ကောင်းကင်သားရဲ နတ်ဘုရင်နှစ်ယောက်နဲ့ မှော်သားရဲ နတ်ဘုရင်သုံးယောက်ရောက်နေတာကို သူက ဘယ်လိုလုပ် အသက်ရှင်နိုင်ပါ့မလဲ"

"သဲသားရဲမျိုးနွယ်နဲ့ သွားရှုပ်မိတာ ဒီလူ တကယ်ကံဆိုးတယ်။ သူတို့က အကျိုးအကြောင်းမကြည့်ဘဲ ချက်ချင်းသတ်ဖြတ်တတ်ကြတယ်"

ကြည့်ရှုနေသော ကျင့်ကြံသူများက ဖိအားကိုကြောက်လန့်သဖြင့် မီတာရာချီအဝေးသို့ ထွက်ပြေးသွားခဲ့ကြသည်။

လက်ရှိတွင် နတ်ဘုရင်ငါးယောက်၏အလယ်တွင် ရောက်နေသော ယဲ့ချန်၏ကိုယ်ပေါ်သို့ ဧရာမဖိအားကြီးတစ်ခု ကျရောက်နေသည်။ သူ၏အရိုးများပင် ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။ သူက မော့ကြည့်လိုက်သောအခါ ဝိညာဥ်အသိစိတ်များမှ ဖြစ်ပေါ်လာသော သဲသားရဲနှစ်ကောင်ကို မြင်လိုက်ရသည်။

"သဲသားရဲမျိုးနွယ်က ရှမိုလင် ငါ့ကိုမသတ်နိုင်ရင် မင်းလက်ကိုမင်း ဖြတ်မယ်လို့ ပြောထားတယ်နော်။ ကိုယ့်စကားကို ပြန်မသိမ်းနဲ့"

ကြောက်မက်ဖွယ် ဖိအားအောက်တွင် ယဲ့ချန်က အလွန်အမင်းတည်ငြိမ်နေသည့်အပြင် အေးစက်စက်ပြုံးကာ စိန်ခေါ်လိုက်သည်။

"ခွေးကောင် အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ သေစမ်း"

ရှမိုလင်၏ဝိညာဥ်ဖြစ်သော သားရဲကြီးက သူ၏ထက်ရှသော လက်သည်းများနှင့် ကုတ်ချလိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ယဲ့ချန်၏ ဓားသုံးလက်အစီအရင်က လွင့်ထွက်သွားခဲ့သည်။ ယဲ့ချန်၏ကျင့်ကြံဆင့်က နိမ့်သောကြောင့် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသော ဓားသုံးလက်အစီအရင်မှာ အများဆုံး နတ်ဘုရင်အလယ်အဆင့်ကိုသာ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ နတ်ဘုရင်ထိပ်ဆုံးအဆင့်ဖြစ်သော ရှမိုလင်၏ခွန်အားအရ ဓားသုံးလက်အစီအရင်ကို ကြောက်လန့်နေစရာ မလိုချေ။

ဝိညာဥ်ကြီး၏ လက်ဝါးချက်ကြောင့် မြေပြင်က ဘုန်းခနဲမြည်ဟီးသွားကာ လေထဲသို့ ဖုန်မှုန့်များ မြင့်တက်လာသည်။ ယဲ့ချန်ကိုဗဟိုပြု၍ အချင်းမီတာအနည်းငယ်အတွင်း မြေပြင်က နိမ့်ကျသွားခဲ့သည်။

"ကြောက်စရာကောင်းလိုက်တာ။ ဒါက နတ်ဘုရင်တစ်ယောက်ရဲ့ ခွန်အားလား"

"ဒီကောင်သေပြီ မဟုတ်ဘူးလား"

"ငါလည်း မပြောတတ်ဘူး။ ဖုန်မှုန့်တွေကြောင့် မြင်ကွင်းမရှင်းဘူး"

"အစွမ်းထက်နတ်ဘုရင်တစ်ယောက်ရဲ့ လက်ဝါးချက်အောက်မှာ ဒီကောင် အသားပြားဖြစ်လောက်ပြီ"

"နတ်ဘုရင်တွေနဲ့ ရန်သူမဖြစ်စေနဲ့"

ကျင့်ကြံသူများ၏အမြင်တွင် နတ်ဘုရင်၏လက်ဝါးချက် ထိမှန်ခံလိုက်ရသော ယဲ့ချန်က သေချာပေါက်သေရမည်ဟု တွက်ဆလိုက်ကြသည်။ သဲသားရဲမျိုးနွယ်က အမှန်တကယ်ရက်စက်ကြမ်းကြုတ်ပြီး နတ်ဘုရင်တစ်ယောက်၏ခွန်အားက သူတို့ကို ထိတ်လန့်သွားစေသည်။

သို့သော်လည်း ဝိညာဥ်ဖြင့် ယဲ့ချန်ကိုရိုက်ချလိုက်သော ရှမိုလင်က ကျေနပ်စွာပြုံးနေရမည့်အစား မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ချန်၏အရှိန်အဝါက ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ဖုန်မှုန့်များကြားမှ အစွမ်းထက်အရှိန်အဝါတစ်ခုပင် ထွက်ပေါ်လာခဲ့သည်။

"ဘုရားရေ ဒီကောင် မသေသေးဘူး"

ကျင့်ကြံသူများ ကြည့်နေချိန်တွင် ဖုန်မှုန့်နှင့်မြူခိုးများ လွင့်ပြယ်သွားကာ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

"ဒီခရမ်းရောင်အလင်းက ဘာလဲ"

"ဒီလူက ဒီလောက်ရက်ရက်စက်စက် တိုက်ခိုက်ခံရတာတောင် မသေဘူးလား"

"သူက ဘယ်လိုကျင့်ကြံသူမျိုးလဲ"

"သူက အစွမ်းထက်ဂိုဏ်းတစ်ခုက ကျင့်ကြံသူများလား"

ကျင့်ကြံသူများ တီးတိုးဆွေးနွေးနေစဥ် ရှမိုလင်က နှာခေါင်းရှုံ့လိုက်သည်။ သူက အဖော်ဖြစ်သူ နတ်ဘုရင်နှင့်အတူ ယဲ့ချန်ကို အာရုံစိုက်လိုက်သည်။ မှော်သားရဲနတ်ဘုရင်သုံးယောက်က ပစ်မှတ်ထွက်ပြေးမသွားစေနိုင်ရန် တြိဂံသဏ္ဍာန် နေရာယူလိုက်ကြသည်။

"ဒါက...."

ရှမိုလင်က ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့် ကြည့်လိုက်သောအခါ မျက်နှာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်တွင် ခရမ်းရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသော ယဲ့ချန်က ခေါင်းကိုမော့၊ရင်ကိုကော့၍ မောက်မာစွာ မတ်တပ်ရပ်နေခဲ့သည်။ ချပ်ဝတ်၏အသွင်က ကြီးကျယ်ခမ်းနား၍ အပြစ်အနာဆာကင်းမဲ့ကာ လင်းလက်တောက်ပနေသည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများက ချက်ချင်းအုံးအုံးထအောင် ဆူညံသွားခဲ့သည်။

"ဘုရားရေ ငါ ဘာတွေမြင်လိုက်ရတာလဲ"

"ဒါက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကြီးဟ"

"အစိတ်အပိုင်းတောင် မဟုတ်ဘူး။ တစ်ခုလုံး အပြည့်အစုံရှိနေတယ်"

ကျင့်ကြံသူများက ယဲ့ချန်ကို မျက်တောင်မခတ်စိုက်ကြည့်နေကြပြီး မတည်ငြိမ်နိုင်ကြတော့ပေ။ အားလုံး၏ပါးစပ်များက ကြက်ဥတစ်လုံး ပစ်ထည့်၍ရသည်အထိ အဟောင်းသားဖြစ်သွားခဲ့ကြသည်။

"ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ဆိုတာက ဘာလဲ"

.

ဂိုဏ်းများနှင့် ပတ်သက်ခြင်းမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများက အနီးအနားမှ ကျင့်ကြံသူများကို မေးမြန်းလိုက်ကြသည်။

"နတ်ဆိုးချပ်ဝတ်ရဲ့တန်ဖိုးကို မင်းတွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး။ အဆင့်ရှစ်ဖြစ်ဖြစ် အဆင့်ကိုးဖြစ်ဖြစ် ဂိုဏ်းတိုင်း လိုချင်နေကြတာချည်းပဲ။ လက်ရှိမှာ နတ်ဆိုးချပ်ဝတ်တစ်ခုလုံးကို ပိုင်ဆိုင်ထားတာဆိုလို့ မိုးကြိုးမျိုးနွယ်ရဲ့ ပိုလင်းတစ်ယောက်တည်း ရှိတယ်။ သူမက မဟာသာလွန်အဆင့် ကျင့်ကြံသူဖြစ်လို့ ငါတို့မှာ အဝေးကတောင် မော်မကြည့်ရဲဘူး။ ဒီနေရာမှာ ဒုတိယမြောက်နတ်ဆိုးချပ်ဝတ်တစ်ခု ထွက်ပေါ်လာပြီ"

"နတ်ဆိုးချပ်ဝတ်က အသုံးပြုသူရဲ့သွေးမျိုးဆက်နဲ့ ချိတ်ဆက်ကာကွယ်ပေးထားတယ်။ နတ်ဘုရင်ထိပ်ဆုံးတစ်ယောက်တောင် အဆင့်ရှစ်နတ်ဆိုးချပ်ဝတ်ကို အထူးလက်နက်မျိုးမရှိရင် မထိုးဖောက်နိုင်ဘူး။ အဆင့်ကိုး နတ်ဆိုးချပ်ဝတ်သာဆိုလို့ကတော့ မဟာသာလွန်အဆင့်နဲ့ ပြိုင်ဘက်ကင်းဝိဇ္ဇာအဆင့်တွေကိုတောင် ခုခံနိုင်တယ်"

"နတ်ဘုရင်ထိပ်ဆုံးအဆင့် တစ်ယောက်တောင် မထိုးဖောက်နိုင်ဘူးလား"

ကျင့်ကြံသူများစွာက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်မိကြသည်။

"ဒါပေါ့ကွ။ ရှေးဟောင်းချပ်ဝတ်တွေထဲမှာ နတ်ဆိုးချပ်ဝတ်က ထိပ်ဆုံးဖြစ်တယ်"

"ငါ့အမြင်ပြောရရင် နတ်ဆိုးချပ်ဝတ်က​ကြောက်စရာ အကောင်းဆုံးမဟုတ်ဘူး။ ဂိုဏ်းတိုင်းက နတ်ဆိုးချပ်ဝတ်အတွက် တိုက်ခိုက်နေကြပေမယ့် အများစုက အစိတ်အပိုင်းတစ်ခုနှစ်ခုအထိသာ စုဆောင်းနိုင်ခဲ့ကြတယ်။ ဒီလူဆီမှာ ချပ်ဝတ်အပြည့်အစုံရှိနေတယ်ဆိုတော့ သူ့နောက်ခံက သေချာပေါက်အစွမ်းထက်လိမ့်မယ်"

ဒုတိယ​မြောက် နတ်ဆိုးချပ်ဝတ်ထွက်ပေါ်လာခြင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ နတ်ဆိုးချပ်ဝတ်၏ပိုင်ရှင် မည်သူဖြစ်ကြောင်းနှင့် ထိုပိုင်ရှင်နှင့် သဲသားရဲမျိုးနွယ်ကြားရှိ တိုက်ပွဲအခြေအနေကိုသိလိုသော ကောင်းကင်သားရဲနတ်ဘုရင်များ၏ ဝိညာဥ်အသိစိတ်များပင် ထောက်လှမ်းရန် ရောက်ရှိလာကြသည်။ သူတို့အားလုံးက နတ်ဆိုးချပ်ဝတ်ကို အလွန်အမင်းလောဘတက်နေကြသော်လည်း နောက်ခံကို အရင်ဆုံးစစ်ဆေးရန် စောင့်ဆိုင်းလိုက်ကြသည်။ နတ်ဆိုးချပ်ဝတ်၏ပိုင်ရှင်က သေချာပေါက် အစွမ်းထက်နောက်ခံတစ်ခု ရှိနေနိုင်သောကြောင့် သဲသားရဲမျိုးနွယ် မည်သို့ဆက်ဖြစ်မည်ကို သိချင်နေခဲ့ကြသည်။

ရှမိုလင်နှင့် နတ်ဘုရင်လေးယောက်က ယဲ့ချန်ဝတ်ဆင်ထားသော နတ်ဆိုးချပ်ဝတ်ကြောင့် အံ့သြသွားကြသည်။ ဤကား အစွမ်းထက်နတ်ဆိုးချပ်ဝတ် ဖြစ်သောကြောင့် သူတို့၏မျက်လုံးများတွင် မနာလိုစိတ်နှင့် လောဘမီးများ တဟုန်းဟုန်းတောက်လောင်လာသည်။ နတ်ဆိုးချပ်ဝတ်အပြည့်အစုံ၏ တန်ဖိုးကို သူတို့အားလုံး ကောင်းကောင်းကြီးသိထားလေသည်။

လေထဲတွင်ရပ်နေသော ယဲ့ချန်က များစွာသောကာကွယ်ရေးရုန်းများကြောင့် ဘေးကင်းလုံခြုံမှုကို ခံစားလိုက်ရသည်။ ရှမိုလင်၏လက်ဝါးချက်တွင် နတ်ဘုရင်ထိပ်ဆုံးအဆင့်၏စွမ်းအားများ ပါဝင်သောကြောင့် အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ သူ၏လက်ဝါးက ယဲ့ချန်၏ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ နတ်ဆိုးချပ်ဝတ်ထံမှ စွမ်းအင်လှိုင်းများ ပြန့်ထွက်လာသည်။ ကာကွယ်ရေးရုန်းခြောက်ခုထက်မနည်း အသက်ဝင်လာ၍ ရှမိုလင်၏လက်ဝါးချက်ကို တစ်လွှာပြီးတစ်လွှာ ချေဖျက်ပစ်လိုက်ကြသည်။ လက်ဝါး၏စွမ်းအားက ယဲ့ချန်၏ခန္ဓာကိုယ်သို့ ရောက်လာချိန်တွင် ညှင်သာစွာထိလိုက်သည်နှင့် မခြားတော့ပေ။

"ခရမ်းရောင်မျက်လုံးမျိုးနွယ်ရဲ့ အကောင်းဆုံးထုတ်ကုန် နတ်ဆိုးချပ်ဝတ်က တကယ်အစွမ်းထက်တယ်"

ယဲ့ချန်က ကျေနပ်စွာပြုံး၍ ချီးကျူးလိုက်သည်။ သူ၏ချပ်ဝတ်တွင် အဆင့်ကိုးအစိတ်အပိုင်း သုံးခုပါဝင်နေသောကြောင့် နတ်ဘုရင်တစ်ယောက်မဆိုထားနှင့်၊ အဆုံးမဲ့အဆင့်တစ်ကျင့်ကြံသူပင် ထိုးဖောက်နိုင်မည်မဟုတ်ပေ။ ရှမိုလင်က ယဲ့ချန်ကိုထိခိုက်အောင် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

"ရှမိုလင် မင်းက ငါ့ကိုမသတ်နိုင်ရင် လက်ဖြတ်ပစ်မယ်လို့ ပြောထားတယ်မလား။ သဲသားရဲတွေက လက်ပြတ်ကို မြန်မြန်ပြန်ပေါက်အောင်လုပ်နိုင်တာ ငါ သိပေမယ့် ကိုယ့်လက်ကိုယ်ဖြတ်တဲ့မြင်ကွင်းက အတော်ကြည့်လို့ကောင်းမှာကွ"

ယဲ့ချန်က လှောင်ပြုံးတစ်ခုဖြင့် ရှမိုလင်၏ဝိညာဥ်ဖြစ်သော သဲသားရဲကြီးကို စိုက်ကြည့်လိုက်သည်။ ယဲ့ချန်၏စကားကြောင့် ရှမိုလင်မှာ သွေးအန်မတတ် ဒေါသထွက်သွားခဲ့သည်။

"ခွေးကောင်လေး မင်းရဲ့နောက်ခံက သမာဓိကောင်စီဖြစ်ဖြစ် မိုးကြိုးသားရဲမျိုးနွယ်ဖြစ်ဖြစ် ငါတို့မကြောက်ဘူး။ မင်းကို မသတ်နိုင်မချင်း ငါ မရပ်ဘူး"

"နတ်ဆိုးချပ်ဝတ်က နတ်ဘုရင်ငါးယောက်တိုက်ခိုက်တာကို ခုခံနိုင်မယ်လို့ မယုံဘူး"

"သတ်ကြစမ်း"

ကောင်းကင်ထက်မှ သွေးဆာသော ဝိညာဥ်ကြီးနှစ်ခုက ယဲ့ချန်ဝင်ရောက်လာသကဲ့သို့ မြေပြင်မှ မှော်သားရဲနတ်ဘုရင်သုံးကောင်လည်း ခုန်တက်လာကြသည်။ လက်ဝါးချက်များက ယဲ့ချန်ထံ မရပ်မနားထွက်ပေါ်လာခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

အစွမ်းထက်စွမ်းအင်လှိုင်းများက ကောင်းကင်တွင် ပြည့်နှက်လာသည်။ မီတာရာချီအဝေးတွင် ရပ်နေသူများပင် ဤစွမ်းအင်များကြောင့် ဖိအားများခံစားလိုက်ရသည်။ ထွက်ပြေးရာတွင် နောက်ကျကျန်ရစ်သော ဆန်းကျယ်အဆင့် ကျင့်ကြံသူတစ်ယောက်က တိုက်ပွဲမှစွမ်းအင်များနှင့် အဖျားခတ်ခံလိုက်ရသည်။ သူက သွေးများအန်ထွက်၍ အပြင်းအထန်ဒဏ်ရာရသွားကာ ဘန်းခနဲလွင့်ထွက်သွားခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်သော ကျင့်ကြံသူများက မီတာတစ်ထောင်အဝေးအထိ ချက်ချင်းထွက်ပြေးလိုက်ကြသည်။

ဤကား အလွန်ကြောက်စရာကောင်းသော တိုက်ပွဲတစ်ခုဖြစ်သည်။ လက်ဝါးချက်၏အစွမ်းက မီတာရာချီအဝေးရှိ ဆန်းကျယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် လွင့်ထွက်သွားစေသည်။ နတ်ဘုရင်ငါးယောက်လုံး၏ လက်ဝါးချက်များကို ခုခံနေရသော ယဲ့ချန်ခံစားရမည့် စွမ်းအင်ပမာဏက ကြောက်ခမန်းလိလိဖြစ်သည်။ နတ်ဆိုးချပ်ဝတ်အပေါ်တွင် စွမ်းအင်များလှိုင်းထနေသည်မှာ ကန်ရေပြင်အတွင်း ကျောက်ခဲများ ပြုတ်ကျလာသကဲ့သို့ဖြစ်သည်။ ၎င်းက လက်ဝါးချက်များအောက်တွင် မျက်စိကျိန်းစပ်လောက်အောင် တောက်ပနေပြီး ကောင်းကင်တွင် ခရမ်းရောင်နေတစ်စင်း ထွက်ပေါ်လာသည်နှင့် တူညီနေသည်။

မိုးသီးမိုးပေါက်များပမာ တရစပ်ကျဆင်းလာသော လက်ဝါးချက်များအောက်တွင် ခရမ်းရောင်ချပ်ဝတ်မှ ကာကွယ်ပေးထားသော ယဲ့ချန်မှာ ကလေးများရိုက်နှက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူက အနည်းငယ်ထုံသွားသည်မှလွဲ၍ မည်သည်ကိုမှမခံစားရပေ။ သူ၏သေကွင်းသေကွက်များဖြစ်သော ခေါင်း၊ လည်ပင်း၊ ဒန်တန်စသော နေရာများသို့ တိုက်ကွက်များ ပြင်းထန်စွာကျရောက်လာသည်။ သို့သော်လည်း မည်သည့်နေရာတွင် တိုက်ခိုက်ခံရသည်ဖြစ်စေ နတ်ဆိုးချပ်ဝတ်က ကာကွယ်ပေးထားနိုင်ခဲ့သည်။

"အစွမ်းထက်လိုက်တာ"

ယဲ့ချန်က နတ်ဆိုးချပ်ဝတ်၏အစွမ်းကို လက်တွေ့ကျကျမြင်လိုက်ရသည်။ သူ၏ချပ်ဝတ်က အဆင့်ရှစ်နှင့် အဆင့်ကိုးအစိတ်အပိုင်းများ ရောစပ်ထားခြင်းသာဖြစ်သည်။ ပိုလင်း၏ချပ်ဝတ်က အဆင့်ကိုးချပ်ဝတ်ဖြစ်သောကြောင့် သူမချပ်ဝတ်၏ကာကွယ်နိုင်စွမ်းက ပို၍မြင့်မားသည်။ ထို့ကြောင့် အဆုံးမဲ့အဆင့်ခုနစ်ဖြစ်သော စန်းလုပင်လျှင် ပိုလင်းကိုထိခိုက်အောင် မတိုက်ခိုက်နိုင်ခဲ့ပေ။

အကယ်၍ ကျင့်ကြံသူတစ်ယောက်က လူသားအဆင့်နတ်ဆိုးချပ်ဝတ်ကို ရယူနိုင်ခဲ့လျှင် ဤလောကကြီးတွင် ပြိုင်ဘက်ကင်းတစ်ယောက်ပင် ဖြစ်လာနိုင်သည်။

မရပ်မနားတိုက်ခိုက်နေသော ရှမိုလင်တို့လူစုမှာ ပို၍တိုက်ခိုက်လေလေ အံ့သြမှုက တိုးလာလေလေဖြစ်သည်။ သူတို့၏ ဒေါသတကြီးတိုက်ကွက်များအောက်တွင် နတ်ဆိုးချပ်ဝတ်က အနည်းငယ်မျှပင် ထိခိုက်ခြင်းမရှိချေ။

"ရှမိုလင် မင်းတို့တွေ အစာမစားရသေးဘူးလား။ ဘယ်လိုလုပ် ဒီလောက်အားနည်းနေရတာလဲ။ မင်းတို့ ဆက်ပြီးတိုက်ခိုက်ဦးမှာလား။ မဟုတ်ရင်လည်း ငါ သွားတော့မယ်။ ရှမိုလင်ကတော့ လက်ဖြတ်ပေးဖို့ မမေ့နဲ့နော်"

ယဲ့ချန်၏အသံက လှောင်သံစွက်၍ ထွက်ပေါ်လာသည်။

"အား ငါ သေလောက်အောင် ဒေါသထွက်နေပြီ"

ယဲ့ချန်၏စကားကြောင့် ရှမိုလင်က သူ၏ဝိညာဥ်ကို ဒေါသထွက်နေသော ခြင်္သေ့ကြီးတစ်ကောင်ပမာ ယဲ့ချန်ထံ ခုန်ဝင်သွားစေခဲ့လေသည်။

All Chapters