← Chapters

နတ်ဘုရင်တစ်ယောက်ကို အနိုင်ယူခြင်း

Vol. 26 Ch. 363

နတ်ဘုရင်တစ်ယောက်ကို အနိုင်ယူခြင်း

Vol. 26 Ch. 363

ရှမိုလင်က နောက်တစ်ကြိမ် စတင်တိုက်ခိုက်လိုက်ပြန်သည်။ သို့သော်လည်း ယဲ့ချန်က မည်သည်ကိုမှ ဂရုမစိုက်ဟန်ဖြင့် မတ်တပ်ရပ်နေပြီး သူ မည်မျှတိုက်ခိုက်ပါစေ အရာမရောက်ချေ။

"အရူးကြီးရှ လာစမ်းပါ အားနည်းနည်းပိုထည့်ပေး။ ဟုတ်တယ် အဲ့နားလေးက ယားနေတာ။ ကူပြီးကုတ်ပေးစမ်းပါ"

ယဲ့ချန်က ရှမိုလင်ကို ကျောပေး၍မတ်တပ်ရပ်ကာ ရည်ရွယ်ချက်ရှိရှိ လှောင်​ပြောင်နေခဲ့သည်။

"မင်း"

ရှမိုလင်၏ဝိညာဥ်ပင်လျှင် ဒေါသကြောင့် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသည်။ သူက ဤရန်သူကို အပိုင်းတစ်ထောင်ခန့် ခုတ်ပိုင်းပစ်ချင်သော်လည်း အစွမ်းကုန်တိုက်ခိုက်သည့်တိုင်အောင် မည်သည်မှမလုပ်နိုင်ခဲ့ပေ။

ယဲ့ချန်၏စကားကို ကြားသောအခါ လူတိုင်းက ဆွံ့အသွားကြသည်။ ဤလူက သူ၏စွမ်းရည်များအပေါ် ရာနှုန်းပြည့်ယုံကြည်နေကာ မျိုးနွယ်တစ်ခု၏ အကြီးအကဲတစ်ယောက်ကို ဤအခြေအနေထိရောက်အောင် ပြက်ရယ်ပြုခဲ့သည်။

"အကြီးအကဲရှ နောက်ဆုတ်ပါ။ ကျုပ် ဒီကောင့်ကိုသတ်မယ်"

မှော်သားရဲနတ်ဘုရင်တစ်ယောက်က သိုလှောင်အိတ်အတွင်းမှ အဆင့်ကိုးဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။ ၎င်းက သလင်းကျောက်ဖြင့် ပြုလုပ်ထားသကဲ့သို့ ကြည်လင်နေပြီး ငှက်အော်သံတစ်ခု ထွက်ပေါ်နေသည်။

"အဆင့်ကိုးဓားရှည်လား"

ယဲ့ချန်က အနည်းငယ်စိုးရိမ်သွားခဲ့သည်။ သူ၏နတ်ဆိုးချပ်ဝတ်တွင် အဆင့်ရှစ်အပိုင်းလေးခု ပါဝင်သောကြောင့် အဆင့်ကိုးဓားရှည်တစ်လက်နှင့် နတ်ဘုရင်ကို ယှဥ်နိုင်ခြင်းရှိမရှိ မသေချာပေ။

"ယဲ့ချန် အစိုးရိမ်လွန်မနေစမ်းပါနဲ့။ မဟာသာလွန်အဆင့် ကျင့်ကြံသူမဟုတ်ရင် အဆင့်ကိုးဓားရှည်နဲ့ ကြိုက်သလောက်တိုက်ခိုက်ပါစေ။ အဆင့်ရှစ်နတ်ဆိုးချပ်ဝတ်ကိုတောင် မထိုးဖောက်နိုင်ဘူး။ မင်းရဲ့ချပ်ဝတ်မှာ အဆင့်ကိုးအစိတ်အပိုင်းသုံးခုတောင် ပါနေသေးတယ်။ ပြီးတော့ ခရမ်းရောင်မျက်လုံးမျိုးနွယ်ရဲ့ချပ်ဝတ်ကို သာမန်ပန်းပဲဆရာတွေရဲ့လက်နက်တွေက ခုတ်ပိုင်းနိုင်စရာ မရှိဘူး။ နတ်ဘုရင်တစ်ယောက်က လူသားအဆင့် ဝိညာဥ်လက်နက်ကိုင်မထားရင် မင်းရဲ့နတ်ဆိုးချပ်ဝတ်ကို မကျော်ဖြတ်နိုင်ဘူး။ ဒီချပ်ဝတ်မှာ ကာကွယ်ရေးရုန်းဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ"

ခြင်္သေ့ကြီးက ယဲ့ချန်၏စိုးရိမ်စိတ်ကို သိနေသည့်အလား နှစ်သိမ့်ပေးလိုက်သည်။

"ဘယ်လောက်လဲ"

"မင်းတိုက်ခိုက်ခံနေရတုန်းက အသက်ဝင်လာတဲ့ရုန်းတွေကို ငါ ရေထားတာ စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်တစ်ခု ရှိတယ်။ ဒါတွေက မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ကာကွယ်ပေးထားတယ်။ ပြီးတော့ အသက်မဝင်လာသေးတဲ့ ရုန်းတွေ ဘယ်လောက်ကျန်မလဲဆိုတာ ငါ မသိဘူး။ ဒီရုန်းတစ်ခုချင်းစီက သာမန်အဆင့်ကိုးချပ်ဝတ်ရဲ့ ခုခံနိုင်စွမ်းနဲ့ညီမျှတယ်။ အဆင့်ရှစ်ကုန်ကြမ်းတွေကို အသုံးပြုပြီး အဆင့်ကိုးဝိညာဥ်လက်နက်ကို ယှဥ်ပြိုင်နိုင်မယ့်ချပ်ဝတ်ကို ပြုလုပ်နိုင်တယ်။ ဒါက ခရမ်းရောင်မျက်လုံးမျိုးနွယ်ရဲ့ လုပ်နိုင်စွမ်းပဲ"

ယဲ့ချန်က ခြင်္သေ့ကြီး၏စကားကို ကြားသောအခါ စိတ်ချလက်ချဖြစ်သွားပြီး ရန်သူကို ရင်ဆိုင်လိုက်သည်။

"ခွေးကောင် မင်း သေစမ်း။ ငါ့အဆင့်ကိုးဓားက မင်းရဲ့နတ်ဆိုးချပ်ဝတ်ကို ဖျက်ဆီးပြမယ်"

နတ်ဘုရင်က ဒေါသတကြီးကြုံးဝါး၍ လေပေါ်သို့ခုန်တက်ကာ ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ လေထဲတွင် ဓားရောင်တစ်ချက် လက်သွားသည်။ ယဲ့ချန်က နတ်ဘုရင်ထိပ်ဆုံးတစ်ယောက်၏ဓားချက်ကို ရှောင်နေလျှင်လည်း အကြောင်းမထူးသောကြောင့် မင်သေသေရပ်နေလိုက်သည်။ ထန်ဟူသော အသံတစ်ခုထွက်ပေါ်လာကာ နတ်ဘုရင်၏ဓားရှည်က ယဲ့ချန်၏ခေါင်းဆောင်းပေါ်သို့ ကျရောက်လာခဲ့သည်။ နတ်ဆိုးချပ်ဝတ်က ပျက်စီးမသွားသည့်အပြင် ခရမ်းရောင်အလင်းများ တောက်ပလာ၍ အဆင့်ကိုးဓားရှည်၌ အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

"ငါ့ဓားလေး မဖြစ်နိုင်ဘူး"

နတ်ဘုရင်၏မျက်နှာက ငိုမဲ့မဲ့ဖြစ်သွားခဲ့သည်။ ဤဓားကို သူက မျိုးနွယ်ထံမှ အမွေရခဲ့ခြင်းဖြစ်သည်။ ယဲ့ချန်၏နတ်ဆိုးချပ်ဝတ်ကြောင့် သူ၏အဆင့်ကိုးဓားရှည် ပျက်စီးသွားရခြင်းကို မယုံနိုင်ခဲ့ပေ။

"စောက်ရူး လူသားခန္ဓာကိုယ်မှာ ခေါင်းက အရေးအကြီးဆုံးနေရာဖြစ်တယ်။ လက်တွေခြေတွေ ပြတ်သွားရင် ပြန်ပေါက်နိုင်ပေမယ့် ခေါင်းကို ဓားနဲ့ခုတ်ခံရရင် သေချာပေါက်သေတယ်။ ခရမ်းရောင်မျက်လုံးမျိုးနွယ်က ဒီအချက်ကိုသဘောပေါက်လို့ ခေါင်းဆောင်းကို အမာကျောဆုံးအဖြစ် ပြုလုပ်ထားတယ်။ တကယ်လို့ ဒီကောင်သာ တခြားနေရာတွေကိုတိုက်ခိုက်ခဲ့ရင် အဆင့်ကိုးဓားရှည် ပျက်စီးသွားမှာမဟုတ်ပေမယ့် ဒီအရူးက နတ်ဆိုးချပ်ဝတ်ရဲ့ အမာကျောဆုံးနေရာကို တိုက်ခိုက်ခဲ့တယ်။ နတ်ဆိုးချပ်ဝတ်ပေါ်မှာ စက်ဝိုင်းသဏ္ဍာန် သတ္တုရုန်းထွက်ပေါ်လာတာကိုလည်း ငါ အာရုံခံမိလိုက်တယ်။ ဒီရုန်းက အလွန်မာကျောပြီး တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိတယ်။ ငါ့အထင် လူသားအဆင့်လက်နက်တွေတောင် တန်ပြန်အားကြောင့် ပျက်စီးသွားနိုင်တယ်။ ဒီအရူးက သူ့ဒုက္ခသူ ရှာသွားတယ်။ အဆင့်ကိုးဓားရှည်ရဲ့ လက်နက်ဝိညာဥ်က တန်ပြန်အားကြောင့် သေသွားပြီး ဓားကလည်း အသုံးမဝင်တော့ဘူး"

ခြင်္သေ့ကြီးက ရန်သူနတ်ဘုရင်၏ကံဆိုးမှုကို လှောင်ပြောင်လိုက်သည်။

"ဒဏ္ဍာရီလာ ပန်းပဲဆရာမျိုးနွယ်ဖြစ်တဲ့ ခရမ်းရောင်မျက်လုံးမျိုးနွယ်က တကယ်အစွမ်းထက်တာပဲ"

ယဲ့ချန်ကလည်း ပျော်ရွှင်စွာဖြင့် နတ်ဆိုးချပ်ဝတ်ကို ငုံ့ကြည့်လိုက်သည်။ ဤချပ်ဝတ်ကား အမှန်တကယ်အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းပေသည်။

"အား ငါ မင်းကိုသတ်ပစ်မယ်"

ဓားပိုင်ရှင်နတ်ဘုရင်က ရူးသွပ်သွားပုံပေါ်ပြီး ယဲ့ချန်ကို လက်ဗလာနှင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ဤဓားက သူ၏အမွေပစ္စည်းဖြစ်သောကြောင့် ဖျက်ဆီးခံလိုက်ရသောအခါ စိတ်ကို ပြင်းထန်စွာ ထိခိုက်နာကျင်စေခဲ့သည်။ သူက ကြမ်းကြုတ်စွာတိုက်ခိုက်လာသဖြင့် ဆံပင်များပင် ရှုပ်ပွကုန်သည်။

တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာသော်လည်း လက်သီးချက်များအောက်တွင် နတ်ဆိုးချပ်ဝတ်ကြောင့် ယဲ့ချန်က အထိအခိုက်မရှိပေ။

"ရပ်စမ်း"

ရှမိုလင်က သူ၏နောက်လိုက်ကို အမိန့်ပေးလိုက်သည်။ တိုက်ကွက်များက အလွန်အစွမ်းထက်သော်လည်း နတ်ဆိုးချပ်ဝတ်၏ ကာကွယ်နိုင်စွမ်းကို မကျော်ဖြတ်နိုင်ခဲ့ပေ။ နတ်ဘုရင်ငါးယောက်ပူးပေါင်း၍ အစွမ်းကုန်တိုက်ခိုက်ခဲ့သည့်တိုင်အောင် နတ်ဆိုးချပ်ဝတ်က ယဲ့ချန်ကို အပြည့်အဝကာကွယ်ပေးနိုင်ခဲ့သည်။ အဆင့်ကိုးဓားရှည်တစ်လက်ပင်လျှင် ဤချပ်ဝတ်ကြောင့် ပျက်စီးသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများမှာ အလွန်အံ့သြနေကြပြီး ယဲ့ချန်ကို အလွန်အားကျနေကြသည်။ အကယ်၍ သူတို့သည်သာ ဤချပ်ဝတ်မျိုးပိုင်ဆိုင်ထားလျှင်လည်း နတ်ဘုရင်များနှင့်ရင်ဆိုင်ရာတွင် ကြောက်စရာမလိုတော့ပေ။

"ဒီလောက်လွယ်လွယ်နဲ့ နောက်ပြန်ဆုတ်ချင်လို့ ဘယ်ရမလဲ"

ရှမိုလင်က သူ၏နောက်လိုက်ကို အမိန့်ပေးလိုက်ချိန်တွင် ယဲ့ချန်က အေးစက်စက်ပြုံးလိုက်သည်။ သူ၏အတွေးတစ်ချက်နှင့် မနီးမဝေးတွင် ငြိမ်သက်နေသော အဆင့်ကိုးဓားသုံးလက်က လေကိုထိုးဖောက် ၍ မှော်သားရဲနတ်ဘုရင်ထံ တဟုန်ထိုး​ပြေးဝင်လာကြသည်။

"သေစမ်း"

ယဲ့ချန်၏အသံတွင် စာနာသနားစိတ်လုံးဝမရှိဘဲ ငရဲမှတက်လာသော သေမင်း၏အသံကဲ့သို့ သတ်ဖြတ်လိုစိတ်များ ဖြစ်တည်နေသည်။

ဓားသုံးလက်က ခုတ်ပိုင်းလာသည်ကို အာရုံခံမိသောကြောင့် နတ်ဘုရင်က ကြောက်လန့်သွားပြီး လျင်မြန်စွာဆုတ်ခွာသွားခဲ့သည်။

"ရပ်နေစမ်း"

ယဲ့ချန်က ညာလက်ဖြင့် ညွှန်ပြလိုက်သောအခါ ဓားသုံးလက်က အဆိပ်ပြင်းမြွေများကဲ့သို့ လိုက်ပါသွားကြသည်။ ကျန်နတ်ဘုရင်လေးယောက်က သူတို့အဖော်ကို အချိန်မီလိုက်လံမကယ်တင်နိုင်ခဲ့ပေ။ ဓားသုံးလက်က ခန့်မှန်းမရနိုင်သော အလျင်မျိုးနှင့် ပစ်မှတ်ကို ခုတ်ပိုင်းလာသည်။ နတ်ဘုရင်က အလန့်တကြားဖြင့် ဓားနှစ်လက်ကို ခုန်ရှောင်နိုင်ခဲ့သော်လည်း ကောင်းကင်မီးတောက်ဓားချက်အောက်တွင် သွေးများ ပြန့်ကြဲသွားလေသည်။ နတ်ဘုရင်က နာကျင်စွာအော်ဟစ်၍ သွေးများပန်းထွက်နေရင်း ထွက်ပြေးလိုက်သည်။ သူ၏လက်တစ်ဖက်က ကောင်းကင်မီးတောက်ဓားကြောင့် ဖြတ်တောက်ခံလိုက်ရပြီး ဓား၏အပူချိန်ကြောင့် ဒဏ်ရာမှာ မည်းနက်နေအောင် လောင်ကျွမ်းခံလိုက်ရကာ အသားကင်ညှော်နံ့ပင် ထွက်ပေါ်နေသည်။

နတ်ဘုရင်မှာ ဓားသုံးလက်ကို လက်ဝါး​စွမ်းအင်ဖြင့် ရိုက်ထုတ်လိုက်သည်။ ၎င်းတို့လက်မှလွတ်မြောက်ရန် သူက ဒရောသောပါးထွက်ပြေးလိုက်၏။

"ဒီလောက်လွယ်လွယ်နဲ့ မလွတ်ဘူး"

ယဲ့ချန်က အေးစက်စက်ရေရွတ်လိုက်ချိန်တွင် ဓားသုံးလက်၏ ဓားအလင်းများက ပစ်မှတ်ထံ ဝင်ရောက်သွားပြန်သည်။ ပစ်မှတ်က ကြွေကျလာသော ကြယ်တစ်လုံးကဲ့သို့ ယဲ့ချန်၏အဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။

"တဟုန်ထိုးလျှပ်စီး"

ယဲ့ချန်၏ခန္ဓာကိုယ်က လျှပ်စီးများထွက်ပေါ်လာ၍ ဖြတ်ခနဲပျောက်ကွယ်သွားကာ ရန်သူအနီးတွင် ပြန်ပေါ်လာခဲ့သည်။ ဓားသုံးလက်က သူ၏အရှိန်ကိုမမီသဖြင့် ပြတ်ကျန်ခဲ့သော်လည်း ၎င်းတို့အပြင် ယဲ့ချန်၌ အစွမ်းထက်တိုက်ကွက်များ ရှိနေခဲ့သည်။ သူ၏ညာလက်တွင် ကောင်းကင်ဓားပျံသုံးလက် ထွက်ပေါ်လာပြီး ၎င်းတို့က ပစ်မှတ်၏ကျောထံ အလျင်အမြန်ပြေးဝင်သွားပေသည်။

"ခွေးကောင် မင်းကိုယ်မင်း အစွမ်းထက်တယ်ထင်နေလား"

ကောင်းကင်ရှိ နတ်ဘုရင်ဝိညာဥ်နှစ်ယောက်က ယဲ့ချန်ကို လက်သီးဖြင့် ပြိုင်တူထိုးချလိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ပျံသန်းနေသော ယဲ့ချန်က နေရာတွင် ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ကောင်းကင်ဓားပျံသုံးချောင်းက ပစ်မှတ်ကို ထိမှန်သွားသဖြင့် နတ်ဘုရင်၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြန်သည်။ သူက ပါးစပ်အပြည့် သွေးများအန်ချလိုက်ပြီး ကောင်းကင်တွင် ထွက်ပြေးနေရာမှ မြေပြင်ပေါ်သို့ ထိုးကျသွားခဲ့သည်။

ယဲ့ချန်က လေထဲတွင် မတ်တပ်ရပ်နေလိုက်ပြီး သူ၏အဆင့်ကိုးဓားဦးများက ဝိညာဥ်များကို ချိန်ရွယ်ထားသည်။ မြေပြင်တွင် ကောင်းကင်ဓားပျံများ ထိမှန်ခြင်းခံလိုက်ရသော နတ်ဘုရင်က လဲကျနေသည်။ နတ်ဘုရင်ငါးယောက် တိုက်ခိုက်နေသည့်ကြားမှပင် သူက အလစ်ချောင်းတိုက်ခိုက်၍ တစ်ယောက်ကို အလဲထိုးနိုင်ခဲ့သည်။ ယဲ့ချန်၏ အစွမ်းထက်အရည်အချင်းများကြောင့် ပတ်ဝန်းကျင်ရှိပရိသတ်က ကြောင်အသွားခဲ့ကြသည်။

ဝိညာဥ်ဖြင့် တိုက်ခိုက်နေကြသော နတ်ဘုရင်နှစ်ယောက်က ကောင်းကင်ဓားပျံများကို သေချာစွာမြင်လိုက်ရသဖြင့် အလွန်တုန်လှုပ်သွားကြသည်။ ၎င်းတို့က အလွန်ထက်ရှပြီး မှော်သားရဲနတ်ဘုရင်၏ရုပ်ခန္ဓာကို တိုက်ရိုက်ထိုးဖောက်နိုင်ကြသည်။ နတ်ဘုရင်တစ်ယောက်၏ ရုပ်ခန္ဓာကို အဆင့်ခုနစ် ဝိညာဥ်လက်နက်များဖြင့်ပင် အလွယ်တကူမထိုးဖောက်နိုင်ပေ။

"ဆက်ချချင်သေးလား"

ယဲ့ချန်က အေးစက်စက် ရယ်မောလိုက်သည်။ သူက မုန်တိုင်းဓား၏ ရေဝိညာဥ်ဓားသိုင်းကို ထုတ်ဖော်လိုက်သောအခါ ကောင်းကင်ထက်တွင် ဓားအရိပ်များစွာ ပြည့်နှက်လာခဲ့သည်။

"မုန်တိုင်းဓား မင်းက မုန်တိုင်းအိမ်တော်ရဲ့လူလား။ သဲသားရဲမျိုးနွယ်က မုန်တိုင်းအိမ်တော်ကို မဖျက်ဆီးနိုင်ရင် အနားမယူဘူးကွ။ မင်းရဲ့နတ်ဆိုးချပ်ဝတ်ကြောင့် မင်းကိုယ်မင်း ပြိုင်ဘက်ကင်းထင်နေတာလား။ ငါတို့မျိုးနွယ်မှာ မဟာသာလွန်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိတယ်။ မင်းရဲ့ချပ်ဝတ်က နတ်ဘုရင်တွေကိုသာ ခုခံနိုင်လိမ့်မယ်။ မဟာသာလွန်အဆင့် တစ်​ယောက်နဲ့တိုက်ခိုက်ရင် မင်း သေမှာပဲ။ မင်းက မြုပ်စရာမြေမရှိဘဲ ဆိုးဆိုးရွားရွားသေရလိမ့်မယ်"

ရှမိုလင်၏မျက်နှာထက်တွင် ဆိုးယုတ်သော အကြည့်တစ်ချက်ဖြ စ်ပေါ်လာသည်။

"ဒီကောင်တွေက မုန်တိုင်းအိမ်တော်ကို ပြဿနာသွားရှာရင် ငါ့အတွက် ပိုတောင်ကောင်းသေးတယ်"

ယဲ့ချန်၏အတွေးထဲတွင် မုန်တိုင်းအိမ်တော်က ပစ်မှတ်တစ်ခု ဖြစ်နေဆဲပင်။

"အဘိုးကြီး မင်းကိုယ်မင်း ဘယ်သူထင်နေလို့ မုန်တိုင်းအိမ်တော်ကို ခြိမ်းခြောက်နေတာလဲ။ မုန်တိုင်းအိမ်တော်က မင်းတို့ အပေါ်ယံမှာမြင်ရသလောက် မရိုးရှင်းဘူး။ မုန်တိုင်းအိမ်တော်ရဲ့ အစွမ်းထက်ကျင့်ကြံသူ အရေအတွက်က မင်းရဲ့မျိုးနွယ်ထက် ပိုများတယ်။ မင်းမှာသတ္တိရှိရင် ကြိုက်တဲ့အချိန် လာခဲ့စမ်းပါ"

ယဲ့ချန်က ရှမိုလင်ကို မုန်တိုင်းအိမ်တော်၏နာမည် အသုံးပြုကာ စိန်ခေါ်လိုက်သည်။ ရှမိုလင်မှာ ယဲ့ချန် ဤမျှရဲတင်းမည်ဟု ထင်မထားသောကြောင့် ဒေါသ အလွန်ထွက်သွားခဲ့သည်။ သို့သော်လည်း သူက ယဲ့ချန်ကို မည်သို့မှမလုပ်နိုင်ပေ။

"မင်းတို့ကရော တိုက်ခိုက်ဦးမှာလား။ မဟုတ်ရင် ငါ သွားတော့မယ်"

ယဲ့ချန်၏ပတ်ဝန်းကျင်ရှိ ဓားအရိပ်များက အချိန်တိုင်းတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

အကယ်၍ ဆက်လက်တိုက်ခိုက်လျှင်လည်း နတ်ဘုရင်လေးယောက်က ယဲ့ချန်ကိုထိခိုက်အောင် မလုပ်နိုင်ချေ။ ထို့အပြင် တစ်ဖက်လူ၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် သူတို့ပင် ဒုက္ခရောက်သွားနိုင်သည်။ လက်ရှိတွင် နတ်ဘုရင်ထိပ်ဆုံးတစ်​ယောက်မှာ ယဲ့ချန်လက်ချက်နှင့် မြေကြီးကို ကုန်းနမ်းသွားရပြီဖြစ်သည်။ ရှမိုလင်ကတွေးလေလေ ဒေါသထွက်လေလေဖြစ်သောကြောင့် ပင်မခန္ဓာမှာ သွေးတစ်လုတ် အန်ချလိုက်ရသည်။ ယဲ့ချန်က ရှမိုလင်ကို စကားလုံးများနှင့် သွေးအန်သည်အထိ အရှက်ခွဲနိုင်ခဲ့သည်။

"မုန်တိုင်းအိမ်တော် သဲသားရဲမျိုးနွယ်က တစ်သက်မကြေဘူးကွ"

သဲသားရဲမျိုးနွယ်၏ နတ်ဘုရင်များမျက်စိရှေ့တွင် ယဲ့ချန်က အေးအေးဆေးဆေး ထွက်ခွာသွားခဲ့သည်။ သူက ရည်ရွယ်ချက်ရှိရှိနှင့် တစ်လှမ်းချင်းလျှောက်လှမ်းနေပြီး နတ်ဘုရင်လေးယောက်က ဒေါသူပုန်ထနေသော်လည်း ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။

"မင်းရဲ့အရှိန်အဝါနဲ့ ရုပ်ရည်ကို ငါ မှတ်ထားလိုက်ပြီ။ တစ်နေ့ကျရင် သဲသားရဲမျိုးနွယ်က မင်းကို အပိုင်းပိုင်းအစစလုပ်ပစ်မယ်"

ရှမိုလင်က ကြုံးဝါးလိုက်ခြင်းဖြစ်သည်။

သို့သော် ယဲ့ချန်က ရုပ်ရည်အစစ်အမှန်ကို ထုတ်ဖော်ထားခြင်းမဟုတ်ကြောင်း ရှမိုလင် မသိခဲ့ပေ။ ဤနတ်ဘုရင်များမှာ ယဲ့ချန်တွင် နေရောင်အောက်မှသူခိုးဟူသော နတ်ကျင့်စဥ်တစ်ခုရှိနေမည်ကို အိပ်မက်ပင် မက်ဖူးကြမည်မဟုတ်ပေ။ အရှိန်အဝါနှင့်ရုပ်သွင်ကို မှတ်သားထားလျှင်လည်း ယဲ့ချန်ကို ရှာဖွေနိုင်မည်မဟုတ်ပေ။

ယဲ့ချန်က လေပေါ်သို့ခုန်တက်၍ မိုးကုပ်စက်ဝိုင်းထံ ပျံသန်းပျောက်ကွယ်သွားသည်ကို သဲသားရဲမျိူးနွယ် နတ်ဘုရင်များက ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။

All Chapters