မုန်တိုင်းအိမ်တော် ကြားညှပ်ခြင်း
Vol. 26 Ch. 364
"ခရမ်းရောင်နတ်ဆိုးချပ်ဝတ်က တကယ်အစွမ်းထက်လွန်းတယ်"
"နတ်ဘုရင်ငါးယောက် ပေါင်းတိုက်တာတောင် မဖျက်ဆီးနိုင်မှတော့ သေချာပေါက်အဖိုးတန်တာပေါ့"
"ငါ့မှာ ဒီလိုချပ်ဝတ်မျိုးရှိရင် နတ်ဘုရင်တွေနဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းကြည့်ချင်တယ်"
"နေ့ခင်းကြောင်တောင် အိပ်မက်မက်မနေနဲ့။ အစိတ်အပိုင်းတစ်ခုချင်းစီကတင် အများကြီးစျေးမြင့်နေတယ်။ ချပ်ဝတ်တစ်စုံလုံးကို ရနိုင်ဖို့ဆိုတာက အများကြီးခက်ခဲတယ်"
ကျင့်ကြံသူများက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်အကြောင်း ဆက်လက်ဆွေးနွေးနေကြသည်။ သူတို့က အလွန်ကာကွယ်ရေး စွမ်းအားမြင့်သော နတ်ဆိုးချပ်ဝတ်ကို လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်နေကြသည်။ သို့သော် ချပ်ဝတ်အတွက် ပြိုင်ဆိုင်နေသော ဂိုဏ်းများစွာရှိနေပြီး ကံအလွန်ကောင်းမှသာလျှင် အစိတ်အပိုင်းတစ်ခုနှစ်ခုသာ ပိုင်ဆိုင်ထားကြသည်။ ချပ်ဝတ်တစ်ခုလုံးကို ရှာဖွေရန်က မဖြစ်နိုင်သော အလုပ်တစ်ခုပင်။
"ဟိုမှာ ကြည့်လိုက်စမ်း"
ကျင့်ကြံသူတစ်ယောက်၏ အော်သံကြောင့် လူတိုင်းက ဤနေရာသို့ ဥက္ကာပျံတစ်လုံးပမာ အရှိန်ပြင်းပြင်းပျံသန်းလာသော ပုံရိပ်တစ်ခုကို သတိထားမိလိုက်ကြသည်။
"နတ်ဝိဇ္ဇာတစ်ယောက်ပါလား"
"သူက မုန်တိုင်းအိမ်တော်သခင် ကုန်းချန်တန်းမလား"
"ကုန်းချန်တန်းက ဘာလို့ရောက်လာတာလဲ"
ရှမိုလင်၏ဝိညာဥ်အသိစိတ်က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် ကုန်းချန်တန်းရောက်လာသည်ဟု သိလိုက်သောအခါ ဒေါသမီး တောက်သွားခဲ့သည်။ မုန်တိုင်းအိမ်တော်သခင်က ဤနေရာသို့ မျက်နှာပြောင်တိုက်လာရဲပေသည်။ နတ်ဘုရင်နှစ်ယောက်၏ ဝိညာဥ်အသိစိတ်နှစ်ခုနှင့် မှော်သားရဲနတ်ဘုရင်နှစ်ယောက်က ကုန်းချန်တန်းကို ဝိုင်းဝန်းပိတ်ဆို့လိုက်ကြပြီး ဒေါသတကြီး စိုက်ကြည့်နေကြသည်။
"သဲသားရဲမျိုးနွယ်နဲ့ မုန်တိုင်းအိမ်တော် နောက်ထပ်ပွဲကြီးပွဲကောင်း ကြည့်ရဦးမယ်ထင်တယ်"
ပရိသတ်များက ရှားပါးသော အစွမ်းထက်ကျင့်ကြံသူများ၏တိုက်ပွဲကို ကြည့်ရမည်ဖြစ်သောကြောင့် စိတ်ဓာတ်တက်ကြွနေကြသည်။ သာမန်အားဖြင့်ဆိုလျှင် သူတို့က အစွမ်းထက်ကျင့်ကြံသူများ တိုက်ခိုက်သည်ကို မမြင်ဖူးကြပေ။ နတ်ဝိဇ္ဇာနှင့်နတ်ဘုရင်များက သိုင်းလမ်းစဥ်တွင် နက်ရှိုင်းစွာ နားလည်ထားသောကြောင့် သူတို့၏တိုက်ကွက်များထံမှ ဉာဏ်အလင်းပွင့်ပြီး အဆင့်တက်နိုင်ရန် မျှော်လင့်နေကြသည်။
ရွှေရောင်ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသော ကုန်းချန်တန်းက လေထဲတွင် မောက်မာစွာရပ်နေခဲ့သည်။ သူ၏ကိုယ်တွင်းမှ အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး နတ်ဘုရင်လေးယောက်နှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ကြောက်လန့်ခြင်းမရှိဘဲ ခေါင်းဆောင်တစ်ယောက်၏ဟန်ပန်မျိုး ထုတ်ဖော်ထားသည်။
"သဲသားရဲမျိုးနွယ်က နတ်ဘုရင်တွေ ကျုပ်က မင်းတို့ကို မစော်ကားဖူးပါဘူး။ ဘာကြောင့်ဒီလိုလုပ်ရတာလဲ"
ကုန်းချန်တန်းက မျက်မှောင်ကြုတ်၍ နတ်ဘုရင်လေးယောက်ကို ဝေ့ကြည့်လိုက်သည်။ သူ ကကောင်းကင်ချီများကိုလည်ပတ်၍ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားသည်။
"ကုန်းချန်တန်း မင်းရဲ့မုန်တိုင်းအိမ်တော်က တော်တော်ရဲတင်းလာတာပဲ။ မင်းကများ သဲသားရဲမျိုးနွယ်ကို ရန်စရဲတယ်"
မျက်လုံးများတွင် ဒေါသမီးတောက်လောင်နေသော ရှမိုလင်က ဟိန်းဟောက်လိုက်သည်။
"မုန်တိုင်းအိမ်တော်က သဲသားရဲမျိုးနွယ်ကို ဘယ်လိုစော်ကားမိတယ်ဆိုတာ ကျုပ် တကယ်မသိဘူး။ ဒါပေမယ့် မင်းတို့က မုန်တိုင်းအိမ်တော်ကိုအနိုင်ကျင့်ချင်ရင် ဒီလောက်မလွယ်ဘူး။ မုန်တိုင်းအိမ်တော်က ဘယ်သူ့ကိုမှရန်မစချင်ပေမယ့် ရည်ရွက်ချက်ရှိရှိ ပြဿနာလာရှာရင်တော့ ကြောက်နေမယ် မထင်နဲ့"
ကုန်းချန်တန်းက အေးစက်စက်တုံ့ပြန်လိုက်သည်။
"ဟမ့် လေကြီးတဲ့ကောင် မုန်တိုင်းအိမ်တော်က တကယ့်ကိုရဲတင်းလာပြီ။ အလယ်အင်ပါယာရဲ့ နိမ့်ကျတဲ့ဂိုဏ်းလေးတစ်ခုက ငါတို့မျိုးနွယ်ကို စော်ကားရဲတယ်။ သဲသားရဲမျိုးနွယ်က မင်းတို့ကိုအပြတ်ရှင်းချင်ရင် ကလေးကစားသလောက်တောင် မခက်ဘူး။ ဂိုဏ်းချုပ်လေးတစ်ယောက်က ငါ့ကို ဒီလေသံမျိုးနဲ့ပြောနေမှတော့ သေစမ်း"
ရှမိုလင်၏ဝိညာဥ်က သဲသားရဲကြီးအဖြစ် အသွင်ပြောင်းသွားကာ စတင်တိုက်ခိုက်လိုက်သည်။ ရှမိုလင်တစ်ယောက်တည်းက နတ်ဝိဇ္ဇာတစ်ယောက်ကို ကိုင်တွယ်နိုင်သဖြင့် ကျန်နတ်ဘုရင်များက မလှုပ်ရှားခဲ့ပေ။ သို့သော် ထိုအချိန်တွင် ရေချီများက အစီအရင်ရုန်းများအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ချီစီးဆင်းမှုက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
"ဒါက ဘာလျှို့ဝှက်ကျင့်စဥ်လဲ"
"ချီစီဆင်းမှုက အရမ်းပြင်းထန်လာတယ်"
အလင်းကွင်းတစ်ခုနှင့်တူညီသော အစီအရင်တစ်ခုက ကုန်းချန်တန်းကို လွှမ်းခြုံသွားခဲ့သည်။ ဧရာမသားရဲဝိညာဥ်ကြီးက ၎င်းနှင့်ထိမှန်သွားသဖြင့် ဘုန်းခနဲမြည်ဟီးကာ နောက်သို့ လွင့်ထွက်သွားသည်။ ကျန်တစ်ဖက်တွင် အစီအရင်၏ကာကွယ်ပေးမှုကြောင့် ကုန်းချန်တန်းမှာ အထိအခိုက်မရှိပေ။
"ရှေးကောင်းကင်အစီအရင်"
ရှမိုလင်က ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။
"ငါတို့မုန်တိုင်းအိမ်တော်မှာလည်း ရှေးဟောင်းအမွေအနှစ်တွေရှိတယ်။ သဲသားရဲမျိုးနွယ်တောင် ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
ကုန်းချန်တန်းက မောက်မာစွာပြောလိုက်သည်။
"ဒါက အစီအရင်တစ်ခုတည်းကို မင်းက ဘာတွေမောက်မာနေတာလဲ။ ငါတို့မျိုးနွယ်ရဲ့ မဟာသာလွန်အဆင့်ကျင့်ကြံသူရောက်လာရင် ရှေးကောင်းကင်အစီအရင်က ခုခံနိုင်မယ် ထင်နေတာလား"
ရှမိုလင်၏မျက်နှာက အလွန်အရုပ်ဆိုးနေသည်။ ပထမဆုံး သူ့ကို ခရမ်းရောင်ချပ်ဝတ် ဝတ်ဆင်ထားသူတစ်ယောက်က အရှက်ခွဲခဲ့ပြီး အချိန်ခဏအတွင်း မုန်တိုင်းအိမ်တော်သခင်က အစွမ်းထက်ကာကွယ်ရေးအစီအရင်အားကိုးဖြင့် ရန်စလာပြန်သည်။ လက်ရှိတွင် သူ၏ဒေါသကိုဖြေဖျောက်ရန် တစ်ယောက်ယောက်အား သတ်ကိုသတ်ရမှ ကျေနပ်ပေလိမ့်မည်။
"ရှေးကောင်းကင်အစီအရင်က ဘယ်လိုအစီအရင်လဲ"
မှော်သားရဲ နတ်ဘုရင်နှစ်ယောက်က ထိုအကြောင်းကို မကြားဖူးပေ။
"ရှေးခေတ်မှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိပြီး အစီအရင်တွေလည်း အများကြီးရှိတယ်။ ရှေးကောင်းကင်အစီအရင်က ပြိုင်ဘက်ကင်းအစီအရင် ခုနစ်ရာရှစ်ဆယ့်တစ်ခုထဲက အစီအရင်တစ်မျိုးဖြစ်တယ်။ ဒါကြောင့် အစီအရင်ကို အမွေဆက်ခံရထားတဲ့ ကျင့်ကြံသူတွေ အလွန်နည်းတယ်။ ရှေးကောင်းကင်အစီအရင်ကြောင့် ငါတို့တွေ ကုန်းချန်တန်းကို တိုက်ခိုက်လို့မရလောက်တော့ဘူး။ မုန်တိုင်းအိမ်တော်သခင်က နတ်ဝိဇ္ဇာစဦးအဆင့်လို့ ကြားထားတဲ့သတင်းက မှားနေပြီ။ ကုန်းချန်တန်းက စဦးအဆင့် မဟုတ်ဘူး။ အလယ်အဆင့်နဲ့ ထိပ်ဆုံးအဆင့်ကိုတောင် ရောက်နေနိုင်တယ်"
ကျန်ကောင်းကင်သားရဲ နတ်ဘုရင်တစ်ယောက်က ရှေးကောင်းကင်အစီအရင်အကြောင်း ရှင်းပြလိုက်သည်။
"အကြီးအကဲရှ မုန်တိုင်းအိမ်တော်နဲ့ သဲသားရဲမျိုးနွယ်မှာ ဘာရန်ငြိုးမှမရှိဘူး။ ဘာကြောင့် ခင်ဗျားတို့နတ်ဘုရင်လေးယောက်က ကျုပ်ကို ရန်လိုနေရတာလဲ"
ကုန်းချန်တန်းက စိတ်ရှုပ်ထွေးနေဟန်တူသည်။ အကယ်၍ သူသာ နှိမ့်ချပြီးဆက်ဆံခဲ့လျှင် သဲသားရဲမျိုးနွယ်က မုန်တိုင်းအိမ်တော်ကို အနိုင်ကျင့်၍ရသော ဓားစာခံအဖြစ် ထင်မှတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူက ရှမိုလင်ကိုတားမြစ်ရန် ရှေးကောင်းကင်အစီအရင်ကို ထုတ်သုံး၍ အစွမ်းပြခဲ့ခြင်းဖြစ်သည်။ ထို့နောက် လက်ရှိအချိန်ရောက်သောအခါ နှိမ့်ချစွာ မေးမြန်းလိုက်သည်။ ဤကား ဂိုဏ်းခေါင်းဆောင်ကောင်းတစ်ယောက်၏ ဉာဏ်ထက်မှုမျိုးပင်ဖြစ်သည်။
"မုန်တိုင်းအိမ်တော်အဖွဲ့ဝင်တစ်ယောက်က သဲသားရဲမျိုးနွယ်ရဲ့ ဆန်းကျယ်အဆင့် ဆယ်ယောက်ကိုသတ်သွားပြီး နတ်ဘုရင်တစ်ယောက်ကို အလဲထိုးခဲ့တယ်။ ဒီရန်ကြွေးကို မင်း ဘယ်လိုပြန်ပေးဆပ်မှာလဲ"
ရှမိုလင်က နှာခေါင်းရှုံ့၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"သဲသားရဲမျိုးနွယ်ဝင်ဆယ်ယောက်ကို သတ်သွားတယ် ဟုတ်လား။ ပြီးတော့ နတ်ဘုရင်တစ်ယောက်ကိုလည်း အနိုင်ယူသွားတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ခုခု အထင်လွဲနေတာဖြစ်ရမယ်"
ရှမိုလင်၏စကားကြောင့် ကုန်းချန်တန်း၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
"အထင်လွဲတာ တော်တော်ကောင်းတဲ့ အကြောင်းပြချက်ပဲ။ မုန်တိုင်းအိမ်တော်က လုပ်ရဲပြီး အပြစ်ကျ ဝန်မခံရဲဘူးလား"
ရှမိုလင်၏မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။
"တကယ်အထင်လွဲနေတာ ဖြစ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ရှင်းပြခွင့်ပေးပါ"
ကောင်းကင်သားရဲ နတ်ဘုရင်နှစ်ယောက်၏ အရှိန်အဝါကြောင့် ကုန်းချန်တန်းမှာ ဖိအားကိုခံစားနေရပြီး အလျင်စလိုတောင်းဆိုလိုက်သည်။
"မင်းက ဘာတွေရှင်းပြချင်နေတာလဲ။ မုန်တိုင်းအိမ်တော်စခန်းကို တိုက်ခိုက်ဖို့ ငါ့နောက်လိုက်တွေကို အမိန့်ပေးလိုက်ပြီ။ ရှေးကောင်းကင်အစီအရင်က မင်းတစ်ယောက်တည်းကို ကာကွယ်ပေးနိုင်ပေမယ့် မုန်တိုင်းအိမ်တော်က သဲသားရဲမျိုးနွယ်ရဲ့ဒေါသကို ခံစားရမယ်"
ရှမိုလင်က အေးစက်စက်ပြောလိုက်သည်။
မုန်တိုင်းအိမ်တော်၏စခန်းထံမှ ဓားခုတ်သံများနှင့် မီးတောက်များ ထွက်ပေါ်လာသည်။ သဲသားရဲမျိုးနွယ်က ရှင်းပြချက်ကိုပင် နားမထောင်တော့ဘဲ မုန်တိုင်းအိမ်တော်၏စခန်းကို တိုက်ခိုက်သည်အထိ ကြမ်းကြုတ်မည်ဟု ကုန်းချန်တန်းက မထင်ထားခဲ့ပေ။ မုန်တိုင်းအိမ်တော်တွင် အစွမ်းထက်ကျင့်ကြံသူများရှိသော်လည်း ခွန်အားအရာတွင် သဲသားရဲမျိုးနွယ်အောက်နိမ့်ကျပြီး နောက်ခံလည်း မရှိချေ။
"အကြီးအကဲရှ မုန်တိုင်းအိမ်တော်မှာ ကျုပ်နဲ့ အကြီးအကဲနည်းနည်းလောက်ကလွဲရင် နတ်ဝိဇ္ဇာအဆင့်ကိုရောက်နေတာ မရှိဘူး။ ဒီအဘိုးကြီးတွေကလည်း ရာစုနှစ်ချီအောင် ပုန်းအောင်းနေကြတာမို့ သူတို့မဖြစ်နိုင်ဘူး။ ကျုပ်က အခုမှ ဒီကိုရောက်လာတာပါ။ မုန်တိုင်းအိမ်တော်က ဘယ်လိုလုပ် သဲသားရဲမျိုးနွယ်က နတ်ဘုရင်နဲ့ ဆန်းကျယ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကို အနိုင်ယူနိုင်မှာလဲ"
ကုန်းချန်တန်းက အလန့်တကြား ရှင်းပြလိုက်သည်။
"ဒါပေမယ့် တရားခံမှာ မုန်တိုင်းအိမ်တော်ရဲ့ မုန်တိုင်းဓားရှိနေတယ်"
ရှမိုလင်က ဒေါသထွက်နေသော်လည်း ကုန်းချန်တန်း၏စကားကြောင့် အနည်းငယ်တည်ငြိမ်သွားခဲ့သည်။ ကုန်းချန်တန်းက အမှန်တရားကို ပြောနေခြင်းဟုတ်မဟုတ် သူ သေချာမသိသော်လည်း မုန်တိုင်းအိမ်တော်တွင် ဘိုးဘေးများမှလွဲလျှင် ကုန်းချန်တန်းတစ်ယောက်တည်းသာ နတ်ဝိဇ္ဇာဖြစ်သည်။ သူက နှာခေါင်းရှုံ့ ၍ မုန်တိုင်းဓားအကြောင်း ထုတ်ပြောလိုက်သည်။
"အကြီးအကဲရှ ဒါက သေချာပေါက်အထင်လွဲတာပါ။ ကျေးဇူးပြုပြီး မုန်တိုင်းအိမ်တော်စခန်းကို တိုက်ခိုက်နေတဲ့ ကျင့်ကြံသူတွေကို တားပေးပါ။ ခင်ဗျားက ရန်သူလှည့်စားတာကို ခံလိုက်ရပြီ"
ကုန်းချန်တန်းက အလောတကြီး ပြောလိုက်သည်။ လက်ရှိတွင် မုန်တိုင်းအိမ်တော်ကို သဲသားရဲမျိုးနွယ်က ဝင်တိုက်နေသည်။ သဲသားရဲမျိုးနွယ်က ရက်စက်ကြမ်းကြုတ်ပြီး အကျိုးအကြောင်းမဆင်ခြင်မှုကြောင့် နာမည်ကြီးသည်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေလျှင် မုန်တိုင်းအိမ်တော် တပည့်ပေါင်းများစွာ အသက်ဆုံးရှုံးရပေလိမ့်မည်။
"လွန်ခဲ့တဲ့ဆယ်ရက်က မုန်တိုင်းဓား ပျောက်ကွယ်သွားခဲ့တယ်။ တစ်ယောက်ယောက်က မုန်တိုင်းဓား ဒီမှာရှိနေတယ်ဆိုပြီး သတင်းပေးလာလို့ ကျုပ် ချက်ချင်းလာခဲ့တာပါ။ ဒီဓားက အဆင့်ကိုး ဝိညာဥ်လက်နက်ဖြစ်ပြီး ဂိုဏ်းကိုအုပ်ချုပ်ရာမှာ အသုံးပြုပါတယ်။ ကျုပ်က အခြားလက်နက်တစ်ခုရပြီးတဲ့နောက်မှာ မုန်တိုင်းဓားကို ကျုပ်ရဲ့ဆက်ခံသူ ကုန်းရီဆီ လွှဲပြောင်းပေးလိုက်တယ်။ သူက မီးတောက်နီဂိုဏ်းရဲ့ တိုက်ပွဲတစ်ခုမှာရှုံးနိမ့်ခဲ့ပြီး ဓားလည်း ပျောက်ကွယ်သွားခဲ့တယ်။ ကျုပ်က မုန်တိုင်းဓားပျောက်ကွယ်သွားကြောင်း ဂိုဏ်းအသီးသီးကို သတိပေးခဲ့ပါတယ်။ ခင်ဗျား ကျုပ်ကိုမယုံရင် တခြားဂိုဏ်းတွေကို မေးကြည့်လိုက်ပါ"
ရှမိလင် စကားပြန်မပြောနိုင်ခင် ကုန်းချန်တန်းက မရပ်မနားရှင်းပြလိုက်သည်။
"မုန်တိုင်းဓားက ပျောက်နေတာလား။ မုန်တိုင်းအိမ်တော်မှာ နတ်ဆိုးချပ်ဝတ် အပြည့်အစုံရှိလား"
ကုန်းချန်တန်းက လိမ်လည်နေခြင်းမဟုတ်ကြောင်း ရှမိုလင် ခံစားလိုက်ရသည်။ ဤအလိမ်အညာမျိုးက အခြားဂိုဏ်းများကို ဆက်သွယ်လိုက်လျှင် ချက်ချင်းထွက်ပေါ်သွားနိုင်သည်။
"အကြီးအကဲရှ မုန်တိုင်းအိမ်တော်က သမာဓိကောင်စီလို အစွမ်းထက်အင်အားစုကြီး မဟုတ်ဘူးလေ။ သမာဓိကောင်စီမှာတောင် နတ်ဆိုးချပ်ဝတ်အပြည့်အစုံမရှိတာ ကျုပ်တို့က ဘယ်လိုလုပ်ရှာနိုင်မှာလဲ"
ကုန်းချန်တန်းက ခေါင်းယမ်းလိုက်သည်။ သဲသားရဲမျိုးနွယ်၏ နတ်ဘုရင်များက ဖြစ်ကြောင်းကုန်စင်မသိရသေးခင် မုန်တိုင်းအိမ်တော်စခန်းကို နောက်လိုက်များအား တိုက်ခိုက်စေခဲ့သည်။ သို့သော်လည်း မုန်တိုင်းအိမ်တော်က သဲသားရဲမျိုးနွယ်ကဲ့သို့ အင်အားစုကြီးနှင့် ရန်သူဖြစ်၍မရသောကြောင့် ကုန်းချန်တန်းမှာ ဒေါသကို မျိုချလိုက်ရသည်။
"ဒီတစ်ခေါက် မုန်တိုင်းအိမ်တော်ကို ခွင့်လွှတ်ပေးလိုက်မယ်။ တစ်ယောက်ယောက်ကိုလွှတ်ပြီး ဒီကိစ္စကို စုံစမ်းမယ်။ မုန်တိုင်းအိမ်တော် ပါဝင်နေတယ်ဆိုရင် ဖျက်ဆီးခံရမယ်"
ကုန်းချန်တန်း၏စကားကြောင့် မှားယွင်စွပ်စွဲမိကြောင်း သေချာသွားသော်လည်း ရှမိုလင်က အမှားကို ဝန်မခံသည့်အပြင် မုန်တိုင်းအိမ်တော်ကို သတိပေးလိုက်သည်။
"မုန်တိုင်းအိမ်တော်က ဒီနေ့ကိစ္စအတွက် တာဝန်မရှိဘူးဆိုရင် အယောင်ဆောင်လူကို တွေ့တာနဲ့ သဲသားရဲမျိုးနွယ်ကို ချက်ချင်းအကြောင်းကြားပါ။ ဒီကောင့်ကို ငါတို့မျိုးနွယ်က ဖြေရှင်းမယ်"
သဲသားရဲမျိုးနွယ်၏ ကျင့်ကြံသူများက မုန်တိုင်းအိမ်တော်၏စခန်းမှ ဆုတ်ခွာလာကြပြီး နတ်ဘုရင်လေးယောက်လည်း ထွက်ခွာသွားကြသည်။ ထိုအချိန်တွင် ရှမိုလင်၏စကားသံက လေထဲတွင် ပျံ့လွင့်လာခဲ့သည်။ သူတို့က ယဲ့ချန်၏ရတနာများအပေါ် လောဘတက်နေကြသောကြောင့်ဖြစ်သည်။
သဲသားရဲမျိုးနွယ် ထွက်ခွာသွားသည်နှင့်တပြိုင်နက် ကုန်းချန်တန်းက မုန်တိုင်းအိမ်တော်စခန်းထံ ချက်ချင်းပြန်လာခဲ့သည်။ စခန်းတစ်ခုလုံးတွင် သနားစရာအော်သံများ ထွက်ပေါ်နေပြီး မြင်မြင်သမျှ ဖျက်ဆီးခံထားရသည်။ ဆန်းကျယ်အဆင့် အကြီးအကဲအချို့လည်း သတ်ဖြတ်ခံလိုက်ရသည်။
"စောက်သဲသားရဲမျိုးနွယ်"
ကုန်းချန်တန်းက ဒေါသတကြီး ဆဲရေးလိုက်သည်။ သူက မုန်တိုင်းအိမ်တော်အဖွဲ့ဝင်များကို သတ်ဖြတ်သွားသော သဲသားရဲမျိုးနွယ်အပေါ် မုန်းတီးနေသော်လည်း မုန်တိုင်းဓားကိုအသုံးချ၍ အကွက်ချကြံစည်ခဲ့သော တရားခံကို ပို၍မုန်းတီးပေသည်။
"ငါ မင်းကိုရှာတွေ့ရင် အရိုးတွေကို အကြိမ်တစ်သောင်းလောက် ချိုးပစ်မယ်ကွ"
ကုန်းချန်တန်းက လက်သီးဆုပ်ပြီး အံကြိတ်၍ ကြုံးဝါးလိုက်သည်။ အကြောအပြိုင်းပြိုင်းထနေသော သူ၏လက်နှစ်ဖက်မှ နတ်ဝိဇ္ဇာအရှိန်အဝါကြီး ပေါက်ကွဲထွက်ပေါ်လာလေသည်။