← Chapters

မှော်သားရဲနတ်ဘုရင် ဧရာမဝက်ဝံ

Vol. 26 Ch. 365

မှော်သားရဲနတ်ဘုရင် ဧရာမဝက်ဝံ

Vol. 26 Ch. 365

ဝိညာဥ်မျှော်စင် ခြောက်ထပ်၏ တစ်နေရာတွင် ယဲ့ချန်က နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် သူ၏ရုပ်သွင်ကို သာမန်လူငယ်တစ်ယောက်ပမာ ပြောင်းလဲလိုက်သည်။ သူက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်နှင့် အခြားရတနာများကို သိမ်းဆည်းလိုက်သည်။ သူက အဆင့်ငါးဓားပျံတစ်သောင်းကိုယူပြီးလျှင် ထွက်ခွာသွားနိုင်ပြီဖြစ်သည်။ ဤရက်များအတွင်း သူက ခြောက်ထပ်တွင် စောင့်ဆိုင်းနေရသော အကြောင်းအရင်းမှာ အစွမ်းထက်ဂိုဏ်းကြီးခုနစ်ခု၏သတင်းကို စောင့်နေခြင်းဖြစ်သည်။

သူက ဝိညာဥ်မျှော်စင်၏အပြင်သို့ရောက်လျှင် ဤဂိုဏ်းကြီးများနှင့် ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယဲ့ချန်အနေဖြင့် အစွမ်းထက်အင်အားစုကြီးများ၏ အနာဂတ်အစီအစဥ်များကို သိလိုသောကြောင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။

ယဲ့ချန်သည် ခြောက်ထပ်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် ဂိုဏ်းကြီးခုနစ်ခုက ဝိညာဥ်မျှော်စင်ခုနစ်ထပ်ရှိ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲအားလုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရခဲ့သည်။ သူတို့အားလုံးက ရတနာအနည်းငယ် ကိုယ်စီရရှိခဲ့ကြပြီး ရှစ်ထပ်သို့ဝင်ရောက်ရန် အဖွဲ့တစ်ခုပင် ထပ်မံဖွဲ့စည်းခဲ့သည်။ သို့သော် နှစ်ရက်အတွင်း သူတို့က ရှစ်ထပ်တွင် သေလုမျောပါးရိုက်နှက်ခံရပြီး ပြန်ထွက်ပြေးလာရသည်။ စစ်နတ်ဘုရားကျောင်းတော်၏ ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်ပင် ထိုနေရာ၌ အသက်ဆုံးရှုံးခဲ့လေသည်။ ထို့ကြောင့် အစွမ်းထက်ဂိုဏ်းကြီးများက ဝိညာဥ်မျှော်စင်မှ ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

ကျင့်ကြံသူတိုင်းက ဝိညာဥ်မျှော်စင်၏ရှစ်ထပ်တွင် မည်သည်များရှိနေကြောင်း ဆွေးနွေးခဲ့ကြသည်။ သို့သော် မည်သည့်သတင်းအချက်အလက်မှ ထွက်ပေါ်မလာသောကြောင့် ကောလဟာလများနှင့် ခန့်မှန်းချက်များ သက်သက်သာဖြစ်သည်။ ယဲ့ချန်သည်လည်း တစ်ကိုယ်တော်ကျင့်ကြံသူများနှင့်အတူ ဝိညာဥ်မျှော်စင်အပြင်သို့ ရောနှောလိုက်ပါလာခဲ့သည်။

"အမည်မသိကျင့်ကြံသူတစ်​ယောက်က နတ်ဆိုးချပ်ဝတ် အပြည့်အစုံရခဲ့တယ်ဆိုတာ မင်းတို့ ကြားပြီးပြီလား။ မိုးကြိုးမျိုးနွယ်ရဲ့ ပိုလင်းပြီးရင် သူက နတ်ဆိုးချပ်ဝတ်ကို ပြည့်စုံအောင်စုဆောင်းနိုင်ခဲ့တဲ့ ဒုတိယလူဖြစ်တယ်။ လက်ရှိမှာ မဟာလွန်အဆင့်နဲ့ ပြိုင်ဘက်ကင်းဝိဇ္ဇာတွေက သူ့ကို လိုက်ရှာနေကြတယ်။ သူတို့က နတ်ဆိုးချပ်ဝတ်နဲ့ရတနာတွေကို လုယူချင်နေကြတယ်"

"ဒါဆိုရင် သူ့ကို တွေ့ပြီလား"

"နတ်ဆိုးချပ်ဝတ်ပိုင်ရှင်က လေထဲမှာ ဒီအတိုင်း ပျောက်ကွယ်သွားတယ်။ ဘယ်သူမှ သဲလွန်စရှာမရခဲ့ဘူး"

ယဲ့ချန်သည် တစ်ကိုယ်တော်ကျင့်ကြံသူများအကြားရှိ စကားများကို ကြားလိုက်သောအခါ လှောင်ပြုံးပြုံးလိုက်မိသည်။ သူက ဝိညာဥ်မျှော်စင်အပြင်ဘက်ရှိ ဝိညာဥ်လက်နက်ကောင်စီ၏စခန်းထံ ဦးတည်နေခြင်းဖြစ်သည်။ သူက ကျိလင်၏နာမည်ကတ်ကို ထုတ်ပြလိုက်သောအခါ တပည့်တစ်ယောက်သည် အကြီးအကဲကျိလင်ကို လျင်မြန်စွာ ခေါ်ဆောင်လာခဲ့သည်။

"လူငယ်လေး မင်းက အဆင့်ငါးဓားပျံတွေကို လာယူတာလား"

ကျိလင်က ယဲ့ချန်ကို စေ့စပ်စွာအကဲခတ်၍​ မေးလိုက်သည်။ ယဲ့ချန်က ရုပ်ရည်နှင့်အရှိန်အဝါကို ပြောင်းလဲထားသောကြောင့် သူက မမှတ်မိခဲ့ပေ။

"ဟုတ်တယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

ကျိလင်က ယဲ့ချန်ကို တောင်တစ်လုံးပမာမြင့်သော အဆင့်ငါးဓားများ အပုံလိုက်ရှိနေသည့် တဲတစ်လုံးထံ ခေါ်ဆောင်သွားခဲ့သည်။ ဓားတိုင်းပေါ်တွင် အစီအရင်ရုန်းများ ရေးထွင်းထားပြီး အရေအတွက်က စုစုပေါင်း တစ်သောင်းတိတိဖြစ်၏။ ၎င်းတို့အားလုံးကို သယ်ဆောင်သွားရန် အခက်အခဲရှိသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သိုလှောင်အိတ်တစ်ခုတွင် ဓားပျံတစ်ဒါဇင်ကျော်သာ ထည့်သိမ်းနိုင်သောအခါ အားလုံးကိုသယ်ဆောင်သွားရန် သိုလှောင်အိတ်ပေါင်းရာချီ လိုအပ်ပေလိမ့်မည်။ ဒုက္ခများသော ဤလုပ်ငန်းစဥ်ပြီးသည့်နောက် ယဲ့ချန်က ကျင့်စဥ်ကျောက်စိမ်း၊ ဆည်းဆာရွှေပြားနှင့် နက်ဖရိုက်သတ္တုများကို ကျိလင်ထံ ကျသင့်ငွေအဖြစ် ပေးချေလိုက်သည်။ သူက များပြားလှသော သိုလှောင်အိတ်များကို သယ်ဆောင်၍ ဝိညာဥ်လက်နက်ကောင်စီစခန်းမှ ထွက်ခွာသွားခဲ့လေသည်။

စခန်းအတွင်းမှ ထွက်လာပြီးနောက် ယဲ့ချန်က လူအုပ်အကြားတွင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက နေလင်းယုန်ကို ဆင့်ခေါ်စီးနင်း၍ အဝေးသို့ ချက်ချင်းထွက်ခွာလိုက်သည်။ သူ၏မြင်ကွင်းအတွင်း တောတောင်ရေမြေသစ်တောများ ပြန်လည်ဝင်ရောက်လာသည်။ အလွန်များပြားသော သိုလှောင်အိတ်များကို သယ်ဆောင်လာရသဖြင့် သူက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ လက်မောင်းကာအတွင်းရှိ နေရာလပ်၌ ရတနာအမျိုးမျိုး ပြည့်နှက်နေသောကြောင့် ထပ်ထည့်ရန် မဖြစ်နိုင်တော့ပေ။

ယဲ့ချန်၏အကြည့်က မီးတောက်ကဲ့သို့ အနီရောင်တောက်ပနေသော ကောင်းကင်မီးလက်မောင်းကာထံ ကျရောက်သွားခဲ့သည်။ သူက ၎င်းအတွင်း မီးချီများ တစ်ကြိမ်သာ ထည့်သွင်းပေးဖူးပြီးနောက် ထပ်မစမ်းသပ်ရသေးသည်ကို ရုတ်တရက် သတိရမိလိုက်သည်။ အတိတ်တွင် သူ၏ကျင့်ကြံဆင့်နှင့်ရုပ်ခန္ဓာက အားနည်းနေသောကြောင့် ကောင်းကင်မီးချပ်ကာ၏အပူကို မခုခံနိုင်ခဲ့ပေ။ သို့သော်လည်း လက်ရှိတွင် သူက ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်နေပြီး ရုပ်ခန္ဓာကလည်း အလွန်အမင်း အစွမ်းထက်လာပြီဖြစ်သည်။

ထိုအတွေးကြောင့် ယဲ့ချန်သည် ကောင်းကင်ချီများကို မီးချီများအဖြစ်ပြောင်းလဲ၍ ကောင်းကင်မီးလက်မောင်းကာအတွင်း ထည့်သွင်းလိုက်သည်။ လတ်ဆတ်များပြားသော မီးတောက်ချီများကို စုပ်ယူလိုက်ရသောအခါ ရတနာဝိညာဥ်က ပျော်ရွှင်သွားဟန်ဖြင့် မရပ်မနားစုပ်ယူလာခဲ့သည်။ အချိန်ခဏအတွင်း ရတနာဝိညာဥ်က များပြားလှသော ဆန်းကျယ်ဝိဇ္ဇာများ၏ ကိုယ်တွင်းချီပမာဏနှင့်တူညီသော မီးချီပမာဏကို စုပ်ယူလိုက်၏။ လက်မောင်းကာပေါ်ရှိ လျှို့ဝှက်ရုန်းများက မျက်စိကျိန်းစပ်လောက်အောင် တောက်ပလာခဲ့သည်။ ကောင်းကင်မီးလက်မောင်းကာက စတင်ပူလောင်လာပြီး အချိန်ခဏအကြာတွင် ယဲ့ချန်သည်းခံနိုင်သော အကန့်အသတ်အထိ ရောက်ရှိလာခဲ့သည်။

ယဲ့ချန်က မီးချီပမာဏများစွာနှင့် ထောက်ပံ့ပေးလိုက်သောအခါ ကောင်းကင်မီးလက်မောင်းကာက စတင်ပြောင်းလဲလာခဲ့သည်။ ၎င်း၏အတွင်းနယ်မြေက မီးဖုတ်ခံရသော သံပူကဲ့သို့ ရဲရဲနီလာပြီး အပူလှိုင်းများ ပြန့်ထွက်လာသည်။ သူက ရတနာထံမှ ဆန်းကျယ်သောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ အချိန်ကြာမြင့်လာသောအခါ လက်မောင်းကာ၏အတွင်းနယ်မြေက ဘက်ပေါင်းစုံသို့ စတင်ပြန့်ထွက်လာခဲ့သည်။

ကောင်းကင်မီးလက်မောင်းကာ၏ ပြောင်းလဲမှုက ယဲ့ချန်ကို အံ့သြလာစေခဲ့သည်။ ၎င်းက ကောင်းကင်တုန်ခါဆေးအိုးနှင့်တန်းတူ ရတနာတစ်ခုဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်က ကောင်းကင်မီးလက်မောင်းကာကို ရာနှုန်းပြည့် အသုံးချနိုင်စွမ်းမရှိပေ။ သူက လက်သီးတစ်ချက်ထိုးလိုက်သောအခါ မီးတောက်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သာမန်ကာလျှံကာထိုးလိုက်သော လက်သီးတစ်ချက်က မည်သည့်ဆန်းကျယ်ဝိဇ္ဇာ၏ အားကုန်တိုက်ခိုက်မှုနှင့်မဆို ယှဥ်ပြိုင်နိုင်နေသည်။ ယဲ့ချန်သာ ကောင်းကင်မီးလက်မောင်းကာကို မီးချီများ လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်လျှင် ဤသို့သော လက်သီးမျိုး ဆယ်ချက်ခန့် ဆက်တိုက်ထုတ်ဖော်ရန်က ပြဿနာမဟုတ်နိုင်ချေ။

ထိုအချိန်တွင် ကောင်းကင်မီးလက်မောင်းကာအတွင်းမှ ရှေးကျကာခမ်းနားသော အရှိန်အဝါ ထွက်ပေါ်လာသည်ကို ယဲ့ချန်က ခံစားလိုက်ရသည်။ အမှန်တွင် ၎င်း၏ရတနာဝိညာဥ်က အလွန်အစွမ်းထက်သော်လည်း နှစ်ပေါင်းများစွာအကြာ၌ ၎င်းစုစည်းထားသော မီးချီများ ကုန်ဆုံးသွားခဲ့သဖြင့် သာမန်ဖြစ်လာခဲ့သည်။ သူက မီးချီများစွာဖြင့် ထောက်ပံ့ပေးလိုက်သောအခါ လက်နက်ဝိညာဥ်က ပြန်လည်အစွမ်းထက်လာပြီဖြစ်သည်။ အတွင်းနယ်မြေကလည်း ဖြည်းညှင်းစွာကျယ်ပြန့်လာပြီး ကီလိုမီတာအနည်းငယ်အထိ ရောက်လာခဲ့သည်။ လက်မောင်းကာအတွင်း၌ ကမ္ဘာငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်နှင့် တူညီနေသောကြောင့် ယဲ့ချန်ပင် အလွန်အံ့သြသွားပေသည်။ ကောင်းကင်မီးလက်မောင်းကာ မည်မျှအထိ အစွမ်းထက်လာနိုင်မည်ကို သူလည်း မခန့်မှန်းနိုင်ချေ။

ယဲ့ချန်က လက်ရှိတွင် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ကျင့်ကြံဆင့် ပိုမိုမြင့်တက်လာလျှင် ကောင်းကင်မီးလက်မောင်းကာအတွင်း ကမ္ဘာတစ်ခုပင် ဖြစ်ပေါ်လာနိုင်ချေရှိသည်။ သူက လက်မောင်းကာကို နှစ်သက်သဖြင့် ညာလက်နှင့် ပွတ်သပ်လိုက်မိသည်။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ပင် တန်ဖိုးအရာတွင် ၎င်းနှင့် မယှဥ်ပြိုင်ပေ။ ဖြစ်နိုင်သည်မှာ ကောင်းကင်တုန်ခါဆေးအိုးသာလျှင် ယှဥ်နိုင်လောက်သည်။

ကောင်းကင်မီးလက်မောင်းကာ၏ အတွင်းနယ်​မြေ ကျယ်ဝန်းလာသောကြောင့် အနာဂတ်၌ ပစ္စည်းများသိမ်းဆည်းရန် ပိုမိုလွယ်ကူလာတော့မည်ဖြစ်သည်။ သူက အဆင့်ငါးဓားအားလုံးကို သိုလှောင်အိတ်များအတွင်းမှ လက်မောင်းကာအတွင်း ပို့ဆောင်လိုက်သည်။ ၎င်းတို့ကို ထောင့်တစ်ခုတွင် ပုံထားလိုက်သောအခါ တောင်ကုန်းလေးတစ်ခုပမာ ထင်မှတ်ရသည်။ ယဲ့ချန်က ယဲ့တောင်ကြားသို့ပြန်ရောက်လျှင် အနီးအနားရှိ တောင်တန်းများပေါ်တွင် ထောင်ချီဓားအစီအရင်ကို ခင်းကျင်းမည်ဖြစ်သည်။ အဆင့်ငါးဓားပေါင်းတစ်သောင်းနှင့် ခင်းကျင်းထားသော အစီအရင်ကိုချိုးဖျက်ရန် အဆုံးမဲ့ကျင့်ကြံသူများအတွက်ပင် မလွယ်ကူသောအခါ နတ်ဘုရင်များကို ကြောက်စရာမလိုတော့ပေ။

ယဲ့ချန်က ထောင်ချီဓားအစီအရင်များစွာ ပြုလုပ်ထားလိုသော်လည်း ဆည်းဆာရွှေနှင့် နက်ဖရိုက်သတ္တုများ အလွန်နည်းနေခဲ့သည်။ ကျင့်စဥ်ကျောက်စိမ်းမှာလည်း လေးခုတည်းသာ ကျန်ရစ်တော့သည်။ အကယ်၍ သူ့ထံတွင် ထိုရတနာများ လုံလုံလောက်လောက်ရှိလျှင် လက်နက်ကောင်စီနှင့် အရောင်းအဝယ် ပြုလုပ်နိုင်ပေလိမ့်မည်။ သို့သော် သူက အရောင်းအဝယ်လုပ်ရန်အတွက် ရတနာများ မလုံလောက်ချေ။

တောင်တန်းများအပေါ်တွင် နာရီပေါင်းများစွာ ပျံသန်းပြီးနောက် ယဲ့ချန်က ဝိညာဥ်မျှော်စင်နှင့် အလွန်ဝေးကွာနေပြီဖြစ်သည်။ ပိုလင်း၏ဝိညာဥ်အသိစိတ်က သူ့ကိုအာရုံခံရန် မဖြစ်နိုင်သောကြောင့် လမ်းမပျောက်စေရန် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်လေသည်။ ၎င်းက တောင်တန်းများနှင့်ကျေးရွာများကို ထောက်လှမ်းလိုက်ချိန်တွင် အရှိန်အဝါတစ်ခုက ယဲ့ချန်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ နတ်ဘုရင်များစွာနှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူက ၎င်းအရှိန်အဝါကို နတ်ဘုရင်တစ်ယောက်ပိုင်ဆိုင်ကြောင်း ချက်ချင်းသိလိုက်သည်။

"မှော်သားရဲနတ်ဘုရင် ဒီကောင့်မှာ ကောင်းကင်သားရဲ နတ်ဘုရင်သခင် ရှိနေပြီလား"

ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ၎င်း၏ကျင့်ကြံဆင့်ကို အတိအကျမခန့်မှန်းနိုင်သော်လည်း နတ်ဘုရင်အလယ်အဆင့်အောက် မနိမ့်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၊ ကောင်းကင်တုန်ခါဆေးအိုးစသော ရတနာများ​​ကြောင့် နတ်ဘုရင်တစ်ယောက် မည်မျှသန်မာပါစေ ယဲ့ချန်က လုံးဝကြောက်လန့်ခြင်းမရှိပေ။

"ဝေါင်း"

သစ်တော၏အနက်ပိုင်းအတွင်းမှ သားရဲဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ကျယ်လောင်လွန်းသဖြင့် အနီးရှိတောင်ကြီးကိုပင် တုန်ခါသွားစေသည်။ ယဲ့ချန်၏မြင်ကွင်းအတွင်း ခြောက်မီတာမြင့်သော ဧရာမအညိုရောင် ဝက်ဝံကြီးတစ်ကောင် ဝင်ရောက်လာသည်။ ၎င်း၏တုတ်ခိုင်သန်မာသော လက်ကြီးများက သတ္တုတိုင်လုံးကြီးများနှင့်ပင် တူညီနေသည်။ ဝက်ဝံကြီး၏ဘေးတွင် ကျားနှင့်ကျားသစ်များ ဝပ်နေကြပြီး အားလုံးက ဆန်းကျယ်အဆင့်များဖြစ်ကြသည်။ ၎င်းတို့က ဝက်ဝံကြီးကိုခစားနေရင်း ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။

"မင်းတို့အမှိုက်ကောင်တွေ ငါ အတော်ဒေါသထွက်နေပြီ။ မင်းတို့က ဝက်တစ်ကောင်ကိုတောင် မနိုင်ဘူးလား"

ဝက်ဝံကြီးက ဒေါသတကြီးငေါက်ငမ်းလိုက်သည်။

"အရှင် ဒီဝက်က နတ်ဘုရင်အဆင့်ဖြစ်လို့ ကျုပ်တို့ အနိုင်မယူနိုင်ပါဘူး"

"ဒီဝက်က မိန်းမတွေကို ဘယ်လိုနှောင့်ယှက်ရမလဲဆိုတာ တစ်ခုတည်းသိတဲ့ အမှိုက်ကွ။ ဒီကောင်ကမြန်လွန်းလို့ ငါ လိုက်မဖမ်းနိုင်ခဲ့ဘူး။ မဟုတ်ရင် ငါ ဒီကောင့်ကို ရိုက်သတ်ပြီးနေပြီ"

ဝက်ဝံကြီးကစိတ်ရှုပ်နေသဖြင့် သူ့ခေါင်းကိုသူ လက်ဖြင့်ရိုက်ချလိုက်သည်။ ဤလက်ဝါးကြီးက ကျောက်တုံးကြီးများကို အမှုန့်ဖြစ်သွားစေနိုင်သော်လည်း သူက မည်သည့်နာကျင်မှုကိုမှ ခံစားရပုံမပေါ်ချေ။

ဝက်ဝံကြီး၏စကားကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ရတနာများ ဝတ်ဆင်ထားသော ပန်းရောင်ဝက်ကြီးဖြစ်သည့် ကျူကုန်းကုန်း၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။

"အရှင် ဒီဝက်က ဂူတစ်ခုထဲကိုဝင်သွားတယ် မဟုတ်ဘူးလား။ ကျုပ်တို့က သူ့ကို ချောင်ပိတ်ပြီး ဖမ်းဆီးကြရင် မကောင်းဘူးလား"

"အဲ့ဒီဂူထဲမှာ ယန္တရားတွေ အပြည့်ရှိနေတယ်။ အတိတ်တုန်းက ငါ ဂူထဲကို အကြိမ်အနည်းငယ်ဝင်ဖူးပေမယ့် အသားပြားဖြစ်ခါနီးအခြေအနေနဲ့ ပြန်ထွက်လာရတာချည်းပဲ။ ဒီဝက်က ယန္တရားတွေကိုရှောင်တိမ်းပြီး အန္တရာယ်ကင်းကင်း ဝင်သွားနိုင်နေတယ်"

ဝက်ဝံကြီးက စကားပြောရင်း ဒေါသူပုန်ထနေခဲ့သည်။

ကျူကုန်းကုန်းက ဝက်ဝံကြီးနှင့် ပြဿနာတက်ခဲ့ပြီး မယှဥ်နိုင်သောကြောင့် ယန္တရားဂူအတွင်း ထွက်ပြေးသွားပုံပေါ်သည်။ ထို့အပြင် ဝက်ဝံကြီး၌ ကောင်းကင်သားရဲသခင်လည်း ရှိပုံမပေါ်ချေ။ ယနေ့တွင် နတ်ဘုရင်တစ်ကောင်ကို နောက်လိုက်အဖြစ်ယဥ်ပါးစေမည်ဟု ဆုံးဖြတ်ထားသော ယဲ့ချန်က လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်လိုက်သည်။ အနာဂတ်တွင် သူ၏လမ်းကြောင်း၌ ကူညီတိုက်ခိုက်ပေးရန် နောက်လိုက်များ လိုအပ်နေသည်။

ယဲ့ချန်က ကောင်းကင်ချီကိုလည်ပတ်၍ ဝိညာဥ်အသိစိတ်ကို ကောင်းကင်ထက်မှ ကျဆင်းစေလိုက်ပြီး ဝက်ဝံကြီးကို လွှမ်းခြုံစေသည်။

"ကောင်းကင်သားရဲ နတ်ဘုရင်"

ဝက်ဝံကြီးမှာ ပြိုင်ဘက်ကင်း ဝိညာဥ်အသိစိတ်တစ်ခု ထွက်ပေါ်လာသောကြောင့် ဖိအားကို ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားလေသည်။

***

All Chapters