နန်ရှင်းတစ်
Vol. 26 Ch. 366
ဝက်ဝံကြီးက သူ၏ဦးနှောက်ကို အပ်ထောင်ပေါင်းများစွာ ထိုးစိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းက ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်ပြီး ဧရာမခန္ဓာကိုယ်ကြီးနှင့် လျှပ်တပြက်ပြေးထွက်သွားခဲ့သည်။ ဘန်းခနဲမြည်သံနှင့်အတူ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က နောက်သို့ ပြန်ကန်ထွက်လာသည်။
"မင်း ငါ့ကို ဖမ်းလို့မရဘူး။ ငါက လေလိုလျင်မြန်တဲ့ နတ်ဝက်ကွ။ မဟုတ်သေးပါဘူး။ နတ်ဝက်ဝံကွ"
ဝက်ဝံကြီးက ဤသို့အော်ဟစ်၍ တရကြမ်းထွက်ပြေးလိုက်သည်။ ၎င်းက ဧရာမစစ်ရထားကြီးကဲ့သို့ လမ်းတလျှောက် ရှိသမျှအရာအားလုံးကို ဖြတ်တိုက်သွားခဲ့သည်။ မြေပြင်က ငလျင်လှုပ်သကဲ့သို့ တုန်ခါနေပြီး သစ်ပင်များနှင့် ကျောက်တုံးများ လေပေါ်သို့ မြောက်တက်လာကြသည်။
"တော်တော်အစွမ်းထက်တဲ့ ကောင်ကြီးပါလား"
ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ် ပြန်ကန်ထွက်လာမည်ကို မမျှော်လင့်ထားပေ။ ဤဝက်ဝံကြီးက ကောင်းကင်သားရဲ၏အစေခံ မဖြစ်ရသောအကြောင်းမှာ ကိုယ်ပိုင်အစွမ်းအစကြောင့် ဖြစ်နိုင်သည်။ သို့သော် ၎င်း၏စကားပြောဆိုပုံက ကျူကုန်းကုန်းနှင့် အလွန်ဆင်တူသည်။ ၎င်းက နတ်ဘုရင်ထိပ်ဆုံးအဆင့် ဖြစ်သောကြောင့် အရှိန်က မမြန်သော်လည်း ရုပ်ခန္ဓာက သတ္တုခံတပ်ကြီးပမာ မာကျောလှသည်။
ဝက်ဝံကြီး ထွက်ပြေးသွားသည်နှင့်တပြိုင်နက် ခစားနေကြသော ဆန်းကျယ်အဆင့် သားရဲများက ချက်ချင်းထွက်ပြေးလိုက်ကြသည်။ သစ္စာရှိစွာဖြင့် စောင့်ဆိုင်းနေသော သားရဲတစ်ကောင်တလေပင် မရှိချေ။
"ဝက်ဝံသခင်ကြီးကတော့ သေပြီ"
"ဒီကောင်ကြီး အသားကင်လုပ်ခံရမယ် ထင်တယ်။ ဒါပေမယ့် သူ့အသားက မာလွန်းတော့ ဝါးရခက်မှာ"
"ဝက်ဝံလက်က အရမ်းအရသာရှိတယ်လို့ ငါ ကြားဖူးတယ်"
ထိုသားရဲများက ခြေကုန်သုတ်ထွက်ပြေးနေရင်းပင် ဝက်ဝံကြီးအတင်းကို ပြောသွားကြသည်။ ထို့နောက် နက်ရှိုင်းသော သစ်တောအတွင်း တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားခဲ့သည်။
"မင်းကိုနာခံအောင် ငါ လုပ်ပြမယ်ကွ"
ယဲ့ချန်က အေးစက်စက်ရေရွတ်ပြီး ဝိညာဥ်အသိစိတ်ကိုစုစည်းကာ ဝက်ဝံကြီး၏ဦးနှောက်ကို တိုက်ခိုက်လိုက်ပြန်သည်။
"အမေရေ ဒီကောင်းကင်သားရဲနတ်ဘုရင်က ဘယ်သူဖြစ်ဖြစ် ကျုပ်ကိုလွှတ်ပေးစမ်းပါဗျာ။ ကျုပ်က အိုမင်းမစွမ်းဖြစ်နေလို့ လေတိုက်ရင်တောင် လဲကျသွားမှာ သေချာတယ်။ ခင်ဗျား ကျုပ်ကို လက်အောက်ခံအဖြစ်ရလည်း အသုံးမဝင်ဘူး"
ဝက်ဝံကြီးက ကြောက်လန့်တကြားအော်ဟစ်၍ ဆက်လက်ထွက်ပြေးနေသည်။
"ဒီကောင်ကြီးက တော်တော်ရယ်စရာကောင်းတယ်။ သူ့လမ်းတလျှောက်လုံး ရှိသမျှသစ်ပင်တွေ ကျောက်တုံးတွေကို တိုက်ချသွားတာတောင် လေတိုက်ရင် လဲမယ်တဲ့လား"
ဝက်ဝံကြီး၏စကားကြောင့် ယဲ့ချန်မှာ ဆွံ့အသွားခဲ့သည်။
"ယဲ့ချန် ဘာတွေငိုင်နေတာလဲ။ ဒီဝက်ဝံလေးကို ယဥ်ပါးအောင် လုပ်လိုက်စမ်းပါ။ ငါ့အတွက် ပစ္စည်းတွေသယ်ပေးဖို့ ဆက်သားတစ်ယောက် လိုတယ်"
ခြင်္သေ့ကြီး၏အသံက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထွက်ပေါ်လာသည်။
"ဒါပေမယ့် သူက လက်မခံချင်ဘူးလေ။ မြင်းကို မြစ်ဆီခေါ်သွားလို့ရပေမယ့် ရေအတင်းသောက်ခိုင်းလို့မှ မရတာဗျာ"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်မိသည်။ ဝက်ဝံကြီးကို သူ၏လက်အောက်ခံ လိုလိုလားလား ဖြစ်စေချင်ခဲ့သည်။ သို့မဟုတ်လျှင် အနာဂတ်၌ သူ့ကို ကလန်ကဆန်လုပ်လာပါက ပြဿနာရှိနိုင်သည်။
"ဒီကောင်လက်ခံခံမခံခံ စောက်ဂရုစိုက်မနေနဲ့ဟ။ အင်အားသုံးပြီး ဖိနှိပ်ပစ်လိုက်။ ဒီကောင်က ပြန်တိုက်ခိုက်ရဲရင် ငါကိုယ်တိုင် ဖိချေပစ်မယ်။ ငါ့အတွက် ဆက်သားလုပ်ပေးရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းတယ်ထင်လဲ။ ဒီနေရာကိုရမယ်ဆိုရင် နတ်ဘုရင်တွေအများကြီး ထသတ်ကြလိမ့်မယ်"
ခြင်္သေ့ကြီးက အေးစက်စက် အမိန့်ပေးလိုက်သည်။ သူ၏မောက်မာကာ ကြီးစိုးသော ဘက်ခြမ်းက ဝက်ဝံကြီးကိုလိုချင်သောကြောင့် ထွက်ပေါ်လာခဲ့သည်။
"အဘိုးကြီး မင်း ငါ့နောက်ကိုလိုက်လာရင် ပျော်စရာကောင်းတဲ့ဘဝကို ရမှာပါ"
ယဲ့ချန်က ဝိညာဥ်အသိစိတ်မှတဆင့် ပြောလိုက်ခြင်းဖြစ်သည်။ သူက ကလေးတစ်ယောက်ကို လိမ်လည်ရန် ကြိုးစားနေသော လူကြီးတစ်ယောက်ဟု သူ့ကိုယ်သူ ခံစားနေရသည်။
"မင်းစကားကို ကျုပ် မယုံဘူး။ ဝက်ဝံမျိုးနွယ်က သူများလက်အောက်ခံဖြစ်လာတဲ့ နတ်ဘုရင်တွေအများကြီး ဘယ်တော့မှအဆုံးသတ်မကောင်းဘူး။ မင်းလိမ်ဖို့ ကြိုးစားမနေပါနဲ့"
ဝက်ဝံကြီးက ခေါင်းယမ်း၍ ခြေကုန်သုတ်ထွက်ပြေးနေသည်။
"ငါက ကျန်တဲ့ကောင်းကင်သားရဲတွေလို မဟုတ်ဘူး။ မင်းသာ ငါ့နောက်လိုက်ဖြစ်လာရင် ကြိုက်သလောက်စားလို့ရမယ်။ ပြီးတော့ မင်းလိုချင်တာတွေကိုလည်း တောင်းဆိုနိုင်တယ်"
ယဲ့ချန်က ကမ်းလှမ်းလိုက်သည်။
"ငါ့မှာ စားစရာမရှားဘူး။ ဒီတောင်ရဲ့ဘုရင်အဖြစ်နဲ့ အသားစား၊အရက်သောက်ပြီး ပျော်ပါးချင်ရင် ရွာတွေကမိန်းမလှတွေကို အလစ်သုတ်လာရုံပဲ။ ငါ့ဘဝလေးက အပူအပင်ကင်းပြီး အေးချမ်းတယ်ကွ"
ဝက်ဝံကြီးက ယဲ့ချန်၏စကားကို နားမယောင်ခဲ့ပေ။
"ယဲ့ချန်ရေ ဒီကောင်က စောက်စကားတော်တော်များတာပဲကွ"
ခြင်္သေ့ကြီးက မကျေမနပ်ရေရွတ်လိုက်သည်။ ကျေးရွာများမှ မိန်းမလှလေးများကို ခိုးယူသည်ဟူသော စကားက သူလုပ်ချင်သည့်အရာကို ဝက်ဝံကြီးမှ ပထမဆုံးလုပ်လိုက်ပုံ ပေါ်နေသောကြောင့်ဖြစ်သည်။
"ဒါဆိုရင် အတင်းအကျပ် လုပ်ရတော့မှာပဲ"
ယဲ့ချန်ကခေါင်းညိတ်၍ ဝိညာဥ်အသိစိတ်ကို စွမ်းအားမြှင့်တင်လိုက်သည်။ ဝက်ဝံကြီးသည် ယဲ့ချန်၏ဝိညာဥ် ပိုမိုကြီးမားလာသည်ကို အာရုံခံမိလိုက်သည်။ ကောင်းကင်သားရဲတစ်ယောက်၏ ဝိညာဥ်ဖိအားက မှော်သားရဲများအပေါ်တွင် အကျိုးသက်ရောက်နိုင်စွမ်း မြင့်မားသည်။ ကံကောင်းစွာဖြင့် ယဲ့ချန်၏ဝိညာဥ်က နတ်ဘုရင်စဦးအဆင့် ဖြစ်နေသောကြောင့် နတ်ဘုရင်ထိပ်ဆုံးအဆင့်ဖြစ်သော ဝက်ဝံကြီး၏ဝိညာဥ်အောက် နိမ့်ကျနေခဲ့သည်။
"အတိတ်တုန်းက နတ်ဘုရင်ထိပ်ဆုံးအဆင့် ကောင်းကင်သားရဲတွေတောင် ငါ့ကိုသိမ်းသွင်းဖို့ မအောင်မြင်ခဲ့ဘူး။ နတ်ဘုရင်စဦးအဆင့်လေးက အောင်မြင်ချင်တယ်ဆိုရင် အိပ်မက်မက်နေတာ ဖြစ်ရမယ်"
ဝက်ဝံကြီးက အော်ဟစ်ကြုံးဝါးနေသော်လည်း နောက်ပြန်လှည့်၍ ယဲ့ချန်ကို ရင်မဆိုင်ရဲပေ။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အခြားသော ကောင်းကင်သားရဲများနှင့်ကွာခြားနေပြီး အချို့နတ်ဘုရင်ထိပ်ဆုံးအဆင့်များထက်ပင် ပို၍ကြောက်စရာကောင်းနေသည်။
ယဲ့ချန်၏ဝိညာဥ်က ဝက်ဝံကြီး၏ဦးနှောက်သို့ နောက်တစ်ကြိမ် ထိုးဖောက်လာပြန်သည်။
"ဝေါင်း"
ဝက်ဝံကြီးက ဟိန်းဟောက်လိုက်ပြီး ၎င်း၏လည်ပင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် စွမ်းအင်တစ်ခုက ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို နောက်ပြန်တွန်းထုတ်လိုက်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် ၎င်းကို သိမ်းသွင်းရန် မလွယ်သောကြောင့် တိုက်ခိုက်ရမည့် အခြေအနေဖြစ်လာခဲ့သည်။ နတ်ဆိုးချပ်ဝတ်နှင့် ဓားသုံးလက်အစီအရင်ကို ထုတ်ဖော်ရန် အသင့်ပြင်လိုက်သည်။ တိုက်ပွဲစတင်သည်နှင့်တပြိုင်နက် ဝက်ဝံကြီးမှာ ဒဏ်ရာအကြီးအကျယ် ရသွားပေလိမ့်မည်။
"ဒီခွေးကောင်က ဝိညာဥ်ကျောက်စိမ်းရှိနေလို့ ရိုးရိုးမှော်သားရဲတွေထက် ကိုင်တွယ်ရခက်နေတာကိုး။ ဒီကောင့်လည်ပင်းမှာ ဝိညာဥ်ကျောက်စိမ်း ရှိနေတယ်။ ယဲ့ချန် မင်း ဒီကောင်နဲ့ တိုက်ခိုက်စရာမလိုဘူး။ ငါ လုပ်ပေးမယ်"
ခြင်္သေ့ကြီးက အေးစက်စက်ညွှန်ကြားလိုက်သည်။
"ဆရာက ဘယ်လိုလုပ်စေချင်တာလဲ"
"ကောင်းကင်ကြယ်တာရာအစီအရင်မှာ အက်ကြောင်းတစ်ခုသာ လုပ်ပေးလိုက်"
"ကောင်းပါပြီဗျာ"
ယဲ့ချန်က အစီအရင်တွင် အက်ကြောင်းတစ်ခု ဖန်တီးပေးလိုက်သောအခါ ခြင်္သေ့ကြီး၏အရှိန်အဝါက ထွက်ပြေးနေသော ဝက်ဝံကြီးထံ ကျရောက်သွားခဲ့သည်။ ထိုအရှိန်အဝါကြောင့် ၎င်းက တစ်ကိုယ်လုံးတုန်ယင်သွားကာ ခြေလက်များပင် မခိုင်တော့ချေ။ ၎င်း၏ခန္ဓာကိုယ်ကြီး ရှေ့သို့လွင့်ထွက်သွားကာ သစ်ပင်ကြီးများနှင့် ဝင်ဆောင့်လိုက်မိသဖြင့် တဘုန်းဘုန်းမြည်ဟီးသွားခဲ့သည်။ ဝက်ဝံကြီးက တုန်ယင်စွာဖြင့် မတ်တပ်ရပ်လာပြီး ထွက်ပြေးရန် သတ္တိမရှိတော့ပေ။
"အစွမ်းထက်လိုက်တဲ့ အရှိန်အဝါ"
ဝက်ဝံကြီး၏နှလုံးသားက ငလျင်ကဲ့သို့ လှုပ်ခါနေသည်။ ၎င်းက ဤမျှအစွမ်းထက်သောဖြစ်တည်မှုမျိုးကို လုံးဝမတွေ့ဖူးပေ။ ဤအရှိန်အဝါတွင်ပါဝင်နေသော စွမ်းအင်က သူ့ကို ကူကယ်ရာမဲ့စေခဲ့သည်။ ၎င်းက ခေါင်းကိုမော့ကြည့်လိုက်သောအခါ မျက်လုံး၌ ခရမ်းရောင်မီးများ တောက်လောင်နေသော ယဲ့ချန်ကို နတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်သွားခဲ့သည်။
"ဝက်ဝံကြီး မင်း အရှုံးမပေးရင် တိုက်ခိုက်ဖို့ကလွဲလို့ ရွေးစရာမရှိဘူး။ မင်းမှာ အသက်ဆယ်ရှိုက် စဥ်းစားချိန်ရမယ်။ ငါ့ကိုအညံ့မခံရင် မင်းကို အဝတ်စုတ်လိုမျိုး လိမ်ချိုးပစ်မယ်"
ရှေးခေတ်ဟောင်းများကို ဖြတ်သန်းလာသော ခြင်္သေ့ကြီး၏အသံက ဝက်ဝံကြီး၏နားအတွင်း ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းက ဤအသံကို ငရဲမှထွက်ပေါ်လာသည်ဟု ထင်သွားသဖြင့် နေရာတွင် တစ်လက်မပင် မလှုပ်ရဲချေ။ ၎င်း၏ဝိညာဥ်သည်လည်း ဖိအားအောက်တွင် ဆက်တိုက်တုန်ယင်နေသည်။
ဝက်ဝံကြီးမှာ တစ်ကိုယ်လုံး ကြက်သီးများထနေသည်ကို ခံစားလိုက်ရပြီး ဤစီနီယာက နောက်ပြောင်နေခြင်းမဟုတ်ကြောင်း ယုံကြည်သွားသည်။ ၎င်းက အလွန်အရေထူးသော်လည်း ခြင်္သေ့ကြီးကို မစော်ကားရဲပေ။ ခြင်္သေ့ကြီး၏အရှိန်အဝါက ရှေးဟောင်းသားရဲကြီးများ ပိုင်ဆိုင်သော ကြမ်းကြုတ်သည့် အရှိန်အဝါမျိုးဖြစ်သည်။
"ကျုပ် အရှုံးပေးပါတယ်"
ဝက်ဝံကြီးက နောက်ဆုံးတွင် နာခံစွာဖြင့် ဒူးထောက်လိုက်သည်။ ခြင်္သေ့ကြီးဝင်ပါလာသောအခါ ကိစ္စက အလွယ်တကူပြီးမြောက်သွားပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသော ဝက်ဝံကြီးက ယဲ့ချန်လက်အောက်ခိုဝင်ရန် သဘောတူလာခဲ့သည်။ ထို့နောက် သူ၏ဝိညာဥ်အသိစိတ်က အကာအကွယ်မဲ့နေသော ဝက်ဝံကြီးဦးနှောက်အတွင်း ဝင်ရောက်သွားခဲ့သည်။ လက်ဝါးအရွယ်ဝိညာဥ်နှင့် ဆက်သွယ်ပြီးနောက် ယဲ့ချန်မှာ သူ၏ဝိညာဥ် ဟာလာဟင်းလင်းဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏လက်ရှိခွန်အားက နတ်ဘုရင်ထိပ်ဆုံးအဆင့်တစ်ယောက်ကို ထိန်းချုပ်ရာတွင် အလွန်သတိပြုနေရသည်။ ကံကောင်းစွာဖြင့် ဝိညာဥ်အသိစိတ်က လုံလောက်အောင် အစွမ်းထက်နေခဲ့သည်။
ယဲ့ချန်က နတ်ဘုရင်ထိပ်ဆုံးအဆင့် ဧရာမဝက်ဝံကြီးကို လက်အောက်ခံအဖြစ် ရလိုက်သောကြောင့် ဝမ်းသာနေသည်။ ၎င်း၏ခွန်အားက ထုံတန်၏လက်အောက်ရှိ မှော်သားရဲသုံးကောင်နှင့်ယှဥ်လျှင် အနည်းငယ်နိမ့်ကျသော်လည်း အစွမ်းထက်မှော်သားရဲတစ်ကောင်ဖြစ်နေဆဲပင်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
လက်အောက်ခံဖြစ်လာသော ဝက်ဝံကြီးကို ယဲ့ချန်က ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"သခင်က ကျုပ်ကို ဝက်ဝံအိုကြီးလို့ခေါ်နိုင်ပါတယ်။ ကျုပ်ရဲ့ငယ်သားတွေကတော့ ဝက်ဝံသခင်ကြီးလို့ ခေါ်ပါတယ်"
ဝက်ဝံကြီးက အလျင်အမြန် ဖြေလိုက်သည်။ သူက ရက်စက်ရိုင်းစိုင်းသော်လည်း လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။
"ဝက်ဝံအိုကြီးဆိုတာက ခေါ်လို့မကောင်းဘူး"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျေးဇူးပြုပြီး ကျုပ်ကို နာမည်မှည့်ပေးပါ သခင်"
ဝက်ဝံကြီးက ရိုသေစွာတောင်းဆိုလာသည်။
"ငါ့မှာ မင်းအရင် မှော်သားရဲကိုးကောင်ရှိပြီး အားဖန်တစ်ကနေ အားဖန်ကိုးအထိဖြစ်တယ်။ ဒီလိုဆိုမှတော့ မင်းကို နန်ရှင်းတစ်လို့ခေါ်မယ်"
ယဲ့ချန်က ဝက်ဝံကြီး၏ ကြီးထွားသန်မာသော ကိုယ်ကာယာကို တစ်ချက်စိုက်ကြည့်၍ ဖြေလိုက်သည်။
(မှတ်ချက်။ ။ နန်ရှင်းက အထီးဟု အဓိပ္ပါယ်ရသော တရုတ်အမည်ဖြစ်သည်)
"အားဖန်ကိုးပြီးရင် အားဖန်တစ်ဆယ်ဖြစ်ရမှာလေ။ ဘာလို့ နန်ရှင်းတစ် ဖြစ်သွားတာတုန်း။ အားဖန်တစ်ဆယ်ဆိုတာက တကယ်မိုက်တဲ့ နာမည်လေး ဖြစ်မှာကွာ"
"ကျေးဇူးအများကြီးတင်ပါတယ် သခင်"
ဝက်ဝံကြီးက စိတ်ရှုပ်စွာတွေးနေမိသော်လည်း ယဲ့ချန်ကို ပြန်လည်မေးခွန်းမထုတ်ရဲပေ။ သူက ချိုသာစွာပြုံး၍ ပြောလိုက်သည်။
"ဒါနဲ့ သခင်က ဘယ်လောက်တောင် အစွမ်းထက်လို့ မှော်သားရဲတွေအများကြီး သိမ်းသွင်းထားနိုင်တာလဲ။ ပုံမှန်ကောင်းကင်သားရဲတစ်ကောင်က မှော်သားရဲသုံးကောင်အထိပဲ သိမ်းသွင်းနိုင်တာ မဟုတ်ဘူးလား။ သခင်က ဘယ်လိုလုပ် အများကြီးရှိနေရတာလဲ"
ဝက်ဝံကြီး၏စိတ်ထဲတွင် ဤကိစ္စက ပဟေဠိတစ်ခု ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ခြင်္သေ့ကြီးက သူ၏အရှိန်အဝါကို ပြန်လည်သိမ်းဆည်းလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဝက်ဝံကြီးက ကိုယ်ပေါ်ရှိဖိအားကြီး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူက ယဲ့ချန်ကို မော့ကြည့်လိုက်သည်။ ဤအရှိန်အဝါက မည်သည်ဖြစ်ကြောင်း သေချာမပြောနိုင်သော်လည်း အလွန်အစွမ်းထက်ပြီး သူ့သခင်၏ကိုယ်ထဲတွင် ရှိနေခြင်းဖြစ်နိုင်သည်။
နန်ရှင်းတစ်က ယဲ့ချန်၏နောက်လိုက် ဖြစ်လာသောကြောင့် မေးခွန်းများစွာ မမေးရဲခဲ့ပေ။ သူ၏သခင်ခိုင်းစေလာသမျှကို ကျေပွန်စွာ လုပ်ပေးရမည်ဖြစ်သည်။ ယဲ့ချန်၏အတွေးတစ်ချက်က သူ၏ဦးနှောက်ကို ဘန်းခနဲ ကွဲထွက်သွားစေနိုင်သည်။ သက်ပြင်းတစ်ချက်ချလိုက်သော နန်ရှင်းတစ်က သူ၏ငယ်ရွယ်ကာ ပျော်စရာကောင်းသော ဘုရင်ဘဝ နောက်တစ်ကြိမ် ပြန်မရနိုင်တော့သည်ကို သဘောပေါက်နေပြီဖြစ်သည်။
"နန်ရှင်းတစ် မင်းက ငါ့နောက်လိုက်ဖြစ်လာလည်း ပျော်စရာကောင်းတဲ့ဘဝမှာ နေရမှာပါ။ မင်းမှာ တောင်းဆိုချင်တာရှိရင် ပြောလို့ရတယ်။ ဒါနဲ့ မင်း လူအသွင်ပြောင်းနိုင်ပြီလား"
ယဲ့ချန်က နန်ရှင်းတစ်ကို စိုက်ကြည့်၍ မေးလိုက်လေသည်။
***