← Chapters

အစားထိုးခြင်း

Vol. 32 Ch. 436

အစားထိုးခြင်း

Vol. 32 Ch. 436

ဖုန်းတုမြို့ထဲတွင် နတ်ဘုရားများ၊ မိစ္ဆာများ ပျံသန်းလာကြပြီး ယမမင်းကို ခြံရံလျက် တံတားအောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ လေပွေကို မြင်လျှင် မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲကုန်ကြ၏။ သူတို့ လှုပ်ရှားရန် ပြင်လိုက်သော်လည်း ယမမင်းက လက်ကာ၍ အလေးအနက် ပြောလိုက်သည်။ “မလိုဘူး လွှတ်ပေးလိုက်”

ဖုန်းတု၏ နတ်ဘုရားများ၊ မိစ္ဆာများ ဇဝေဇဝါ ဖြစ်သွားကြသည်။

“တံတားအောက်က ကောင်းကင်နတ်သိုင်းက ယိုတုရဲ့ ကောင်းကင်နတ်သိုင်းပါ အရှင်။ ယိုတုက ကျုပ်တို့ဖုန်းတုရဲ့ လူတွေကို လုဖို့ လာတာပဲ။ ကျုပ်တို့  ဘယ်လိုလုပ် သည်းခံပေးရမှာလဲ”

နတ်ဘုရားနောက်တစ်ပါးက ဆက်ပြောသည်။ “ယိုတုသာ ဒီအတိုင်း ရဲတင်းနေရင် ဖုန်းတုကို ကျွန်တော်မျိုးတို့ စောင့်ရှောက်ထားနိုင်မှာ မဟုတ်ပါဘူး အရှင်ယမမင်း။ ယိုတုကို တိုက်ခိုက်ကြရအောင်”

ယမမင်းက ခေါင်းယမ်းလိုက်သည်။ သူ စကားပြောလိုက်သည့်အချိန်တွင် သူ့အသံသည် အတန်ငယ် ထူးဆန်း‌နေ၏။ “ယိုတုရဲ့ ကောင်းကင်နတ်သိုင်းကို သုံးလိုက်တဲ့သူက ယိုတုကမ္ဘာသား နတ်ဘုရားလည်း မဟုတ်ဘူး။ မိစ္ဆာလည်း မဟုတ်ဘူး။ ရွှင်ပျော်ပျော်ကျေးရွာက ဧည့်သည်တစ်ယောက်ပဲ။ ငါ ဒီမျက်နှာကို မြင်ခဲ့ဖူးတယ်။ ဒီလူ့ကိုလည်း အင်မတန် ရင်းနှီးတယ်... ရှေ့ဆက်တိုးစရာမလိုဘူး”

အမှောင်ခြုံလွှာအောက်တွင် သူ၏အကြည့်က ဖယောင်းတိုင်မီးပမာ တစ္ဆေရောင် တောက်နေသည်။ “ရွှင်ပျော်ပျော်ကျေးရွာသားတစ်ယောက် ပေါ်လာပြီ။ ခေတ်ဟောင်းရဲ့ ပျံလွှားငှက်အိုကြီး ပြန်လာပြီး အိမ်မက်‌ဟောင်းတွေနဲ့အတူ အသိုက်ဆောက်မှာကို ငါ စောင့်နေမိပေမယ့် ငှက်အိုကြီးအစား ပျံလွှားငှက်အသစ်တစ်ကောင် ပြန်ရောက်လာတဲ့အချိန်မှာ ဘာတတ်နိုင်တော့မလဲ”

“ပျံလွှားငှက်တွေ ပြန်ချိန်တန်ပြီပဲ။ ငှက်အိုတွေ ပြန်တာလား၊ ငှက်အသစ်တွေ ပြန်တာလား ပြောရခက်တယ်” ရွာလူကြီးက ပြောလိုက်သည်။

ယမမင်းက သူ့ကို ငုံ့ကြည့်လိုက်သည်။ သူ၏ခြံထည်က ဖုန်းတုမြို့အပေါ်ယံတွင် လွင့်မျောလှုပ်ခတ်နေပြီး ယမမင်း၏ပုံရိပ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

ရွာလူကြီး တံတား‌အောက်သို့ ငုံ့ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ “ဆေးဆရာတို့တွေနဲ့ ပြန်ဆုံရတော့မယ် ထင်ထားပေမယ့် ချင်မူက သူတို့ကို ပြန်လာခေါ်သွားပြီ။ သူတို့ရုပ်ခန္ဓာတွေ သေပြီမလား၊ ရှင်နေသေးလား မသိဘူး။ သေသွားပြီဆိုရင်တော့ ဖုန်းတုမှာ ပြန်ဆုံရဦးမှာပဲ... ဆရာ၊ ကူရာမဲ့တံတားအောက်က မြစ်က ဘာမြစ်လဲ”

“ဒဏ္ဍာရီတွေကတော့ ဒီမြစ်က ယိုတုကမ္ဘာက မြစ်တဲ့။ မေ့လျော့ခြင်းမြစ်လို့ ခေါ်တယ်” သူ့ဆရာလူသားဧကရာဇ်က သူ့ဘေးသို့ ရောက်လာကာ မြစ်ကို ငုံ့ကြည့်လိုက်သည်။ “ဒီမြစ်ထဲမှာ ဇာတ်လမ်းတွေ ရှိတယ်။ မင်းကို ပြောပြလို့တောင် ကုန်မှာမဟုတ်ဘူး။ မကောင်းဆိုးဝါးတွေလည်း ဒီမြစ်ထဲမှာ နေကြတယ်။ သူတို့က ယိုတုကမ္ဘာက လာတာ။ အင်မတန် ကြောက်စရာကောင်းတယ်

“စောစောက ယိုတုကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်တဲ့ အဆင့်မြင့်သိုင်းပညာရှင်က မေ့လျော့ခြင်းမြစ်ကနေ သူ့လူတွေကို ပြန်ခေါ်လိုက်တာပဲ။ မင်း အဲဒီလူနဲ့ ရင်းနှီးတယ်မဟုတ်လား”

သူက ရွာလူကြီး၏မျက်နှာကို ကြည့်လိုက်ပြီး သူ့အကြည့်များ လှုပ်ခတ်သွားသည်။ “မင်းက မြစ်နဲ့ အနီးဆုံးပေမယ့် သူ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ သူ့ကို မတားခဲ့ဘူး”

ရွာလူကြီးက ခေါင်းညိတ်လိုက်ကာ ဂုဏ်ယူနေသောအသံဖြင့် ပြောလိုက်၏။ “သူက ကျွန်တော့်တပည့်လေ လက်ရှိလူသားဧကရာဇ်ပေါ့။ ဘယ်လိုလဲ သောက်အဘိုးကြီး။ ကျွန်တော် ရွေးလိုက်တဲ့ တပည့်က ခင်ဗျား ရွေးလိုက်တဲ့ တပည့်ထက် ပိုတော်နေတယ်မလား”

“ဖွီ၊ ငါ ရွေးလိုက်တဲ့ တပည့်က မင်း မဟုတ်ဘူးလား သောက်ပိန်းရဲ့”

“သောက်အဘိုးကြီး၊ သေပေတော့”

***

မဟာကြယ်လွှမ်းခြုံသိုင်းကွက်၏ စက်ကွင်းထဲတွင်

ဆေးဆရာ၊ ထော့ကျိုး၊ ဘုရင်ခွန်နှင့် ကျန်ရှိသူများ ရုတ်တရက် မျက်လုံးပွင့်လာကြသည်။

“သေစမ်း၊ ငါ့ရုပ်ခန္ဓာက သေနေပြီဟ၊ မူလဝိညာဉ်ကို မကာကွယ်နိုင်တော့ဘူး” နားကန်းက ကောက်ကာငင်ကာ ထပြောလိုက်၏။

ဘုရင်ခွန်နှင့် ကြွက်နတ်မင်းလည်း နိုးလာသည်နှင့် မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲကုန်ကြသည်။ မူလဝိညာဉ်များ ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်မှာ ကြာပြီဖြစ်သည့်အတွက် ရုပ်ခန္ဓာများမှာ ပုပ်စပြုလာခဲ့ချေပြီ။

သူတို့တွင် အသက်မရှိတော့ကြောင်း ကောင်းကင်ရေနဂါးမင်း သတိထားမိသည့်အကြောင်းရင်းမှာ ရုပ်ခန္ဓာများ သေဆုံးနေ၍ဖြစ်သည်။

“မူအာ၊ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်လဲ” ဆေးဆရာက ကပျာကယာ ထပြီး ပရဆေးပင်မျိုးစုံ၊ ငွေအပ်မျိုးစုံ ထုတ်လိုက်သည်။ “နည်းနည်းလောက် ထပ်အချိန်ဆွဲပေးနိုင်ရင် ငါ ငါတို့အသက်ကို ဆွဲဆန့်ပြီး ရုပ်ခန္ဓာကို ပြန်အသက်သွင်းပေးနိုင်တယ်” သူက စိုးရိမ်ထိတ်လန့်နေသောအမူအရာဖြင့် ပြောလာသည်။

ချင်မူက ကောင်းကင်ရေနဂါးမင်းနှင့် နဂါးအုပ်ဆီမှ မှော်စွမ်းအင်ကို ဆက်လက် ငှားယူ၍ ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထိန်းရင်း ကောင်းကင်အလိုတော်မုခ်ဝအ‌ရှေ့တွင် ရပ်နေသည်။ “ဘိုးဘိုးဆေးဆရာ၊ စိတ်မပူနဲ့။ ကျွန်တော် ရက်ပိုင်းလောက် တောင့်ခံနိုင်သေးတယ်”

“အဲဒီလောက်ကြာစရာမလိုဘူး” ဆေးဆရာက ပျားအိမ်တစ်ခု ထုတ်ကာ ပြောလိုက်သည်။ “အရင်ဆုံး ဝိညာဉ်ခြတွေနဲ့ ငါတို့ရုပ်ခန္ဓာတွေနဲ့ မူလဝိညာဉ်ကို ပြန်ချိတ်ဆက်မယ်။ ပြီးရင် အဆိပ်နဲ့ ရုပ်ခန္ဓာကို ကုသမယ်။ အဆိပ်က မူလဝိညာဉ်နဲ့ ဖုန်းတု၊ ယိုတုကြားက ဆက်သွယ်မှုကို ဖြတ်တောက်ပေးလိမ့်မယ်။ ဒါဆို ငါတို့အစား အသက်အစားထိုးပိုးကောင်တွေကို သေခိုင်းလိုက်လို့ရပြီ”

သူ ပျားအိမ်ကို မြှောက်လိုက်သည့်အခါ ပျားအိမ်သည် လျင်မြန်စွာ ကြီးမားလာ၏။ အထဲ၌ ပိုးကောင်ဥများနှင့် ထူးဆန်းသော အစေ့များ အရွယ်အစားစုံလင်စွာ ရှိနေသည်။ နို့နှစ်ရောင်ဥများအတွင်းရှိ ပိုးကောင်များကလည်း တစ်ကောင်နှင့်တစ်ကောင် မတူပေ။

ဆေးဆရာက အဆိပ်ကို သွက်လက်ကျွမ်းကျင်စွာ ရောစပ်၍ ဆေးဖော်လိုက်သည်။ သူက ခန့်မှန်းမရသည့် လက်ဟန်နည်းစနစ်မျိုးစုံဖြင့် အားလုံး၏ ရုပ်ခန္ဓာကို ထိလိုက်သည့်အခါ များစွာမကြာလိုက်ဘဲ သူတို့၏ခန္ဓာကိုယ်များဆီမှ နှလုံးခုန်သံ ထွက်လာကြသည်။

ထိုအခါ ‌‌ဆေးဆရာသည် ငွေအပ်များဖြင့် ခန္ဓာကိုယ်အနှံ့အပြားသို့ ထိုးစိုက်လိုက်၏။ နားကန်းမှာ ပိုးကောင်ဥကို ထိတ်လန့်စွာ ကြည့်နေသော်လည်း နောက်တခဏတွင် သူ့ပါးစပ်အား ဆေးဆရာက ဖြစ်ညစ်ဖွင့်ကာ ပိုးကောင်ဥအား ထိုးထည့်လိုက်သည်။

နားကန်း၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။

ဆေးဆရာက မြေကြီးတွင် တွင်းများ တူး၍ အစေ့တချို့ စိုက်လိုက်သည်။ တအောင့်ကြာသော် အညှောင့်များ ပေါက်လာပြီး ပန်းဖူးများ ထွက်လာ၏။ ပန်းပွင့်များ ယိမ်းနွဲ့နေပြီး ပွင့်ချပ်များ ပွင့်အာလာသည်။

“အားလုံး ၊ ပန်းပွင့်ထဲ ဝင်ကြ”

အားလုံး ပြောသည့်အတိုင်း လုပ်လိုက်ကြပြီး ‌ထော့ကျိုးက စပ်စပ်စုစု လှမ်းမေးလိုက်သည်။ “သိုင်းလောကရဲ့ သမားတော်ကြီး၊ ဒါက ဘာပန်းပွင့်လဲ။ အထိအတွေ့က အသားနဲ့ ထိရတဲ့အတိုင်းပဲ”

ဆေးဆရာ၏အမူအရာက စိုးရိမ်ကြောင့်ကြနေဆဲ ဖြစ်သည်။ “ပန်းပွင့်တွေ မဟုတ်ဘူး။ အသက်အစားထိုးပိုးကောင်တွေဟ။ မလှုပ်နဲ့ မင်းတို့တွေကို မြိုချခွင့်ပေးလိုက်”

“အသက်အစားထိုးပိုးကောင် ဟုတ်လား”

လူတိုင်း မှင်သက်သွားကြသည်။ ပန်းပွင့်ကြီးများ၏ ပွင့်ချပ်များက ပြန်စုသွားပြီး အထဲရှိ လူတိုင်းအား တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်ကြသည်။

ထိုပန်းပွင့်များသည် အမှန်တကယ်ပင် ပန်းပွင့်များမဟုတ်ဘဲ ထူးဆန်းသော ပိုးကောင်တစ်မျိုး ဖြစ်၏။ အားလုံးကို မြိုချပြီးနောက်တွင် သူတို့က တွန့်လိမ်ကွေးကောက်လာပြီး တဖြည်းဖြည်း ခေါင်းတစ်ခေါင်း၊ ခြေလက်လေးချောင်း ပေါ်လာကာ ခန္ဓာကိုယ်ရှိလာသည်။ သူတို့၏ရုပ်သွင်များက မြိုချလိုက်သူများနှင့် ချွတ်စွပ်တူနေသည်။

ချင်မူ ကြက်သေသေသွားသည်။ ဘုရင်ခွန်၊ ဆေးဆရာနှင့် ကျန်ရှိသူများသည် အစစ်နှင့် ခွဲမရအောင် တူနေသည့်အပြင် ထူးဆန်းသည်မှာ ပိုးကောင်များတွင် အားလုံး၏ အရှိန်အဝါများ ရှိနေခြင်းဖြစ်သည်။ သူတို့က ဝိညာဉ်များနှင့် မူလဝိညာဉ်များကိုပင် တုပထားရာ မည်သူမျှ အစစ်နှင့်ခွဲခြားတတ်မည် မဟုတ်ပေ။

ပို၍ပင် ထူးဆန်းသည်က ‘ဆေးဆရာ’ နှင့် ‘ကျန်ရှိသူများသည်’ လျင်မြန်စွာ အသက်ကြီးလာပြီး တမုဟုတ်ချင်း ဆံပင်များဖြူလာ၏။ မျက်တစ်မှိတ်အတွင်း သူတို့က သက်လတ်ပိုင်းအရွယ်မှ နှောင်းပိုင်းအရွယ်သို့ ရောက်သွားပြီး အိုမင်းချည့်နဲ့လာကြသည်။

တခဏကြာသော် အားလုံး သက်တမ်းကုန်သွားကြ၏။ သူတို့က အသက်မဲ့နေသော အလောင်းများအဖြစ် မြေကြီးပေါ် လဲကျသွားကြသည်။

ချင်မူ ဝိညာဉ်လမ်းညွှန်အစီအရင်ကို ရုပ်သိမ်းလိုက်သည့်အချိန်တွင် ထူးဆန်းသောအရှိန်အဝါများက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသည်။ ဟင်းလင်ပြင်၏ အတွင်းထဲမှ အမှောင်ကမ္ဘာက အလိပ်လိပ် ထလာပြီး စက္ကူလှေများ၏ မီးအိမ်အလင်းရောင်က အမှောင်ထုကို ထိုးခွင်းလျက် ရွေ့လျားကြသည်။ အဘိုးအိုများက စက္ကူလှေများအပေါ်တွင် ရပ်နေကြပြီး ဆေးဆရာနှင့် ကျန်ရှိသူများ၏ အလောင်းများဆီသို့ မီးအိမ်များ မြှောက်လိုက်ကြ၏။ သူတို့၏ ‘ဝိညာဉ်များ’က ငေးကြောင်ကြောင်အမူအရာများဖြင့် ထလာကြကာ အဘိုးအိုတို့၏  မီးအိမ်အလင်းရောင်အတိုင်း စက္ကူလှေများအပေါ် တက်သွားကြသည်။

စက္ကူလှေများက နောက်ပြန်လှည့်သွားကြပြီး မရဏတမန်တော်များက မီးအိမ်များကို လှေပေါ်တွင် ပြန်ချိတ်ဆွဲလိုက်ကြသည်။ သူတို့ အမှောင်ကမ္ဘာထဲ ပြန်လည်မျောလွင့်သွားသည့်အခါ ထူးဆန်းသောအရှိန်အဝါများလည်း ပျောက်ကွယ်သွား၏။

“ကောင်းတယ် မရဏတမန်တော်တွေ လှည့်စားခံလိုက်ရပြီ”

ဆေးဆရာ၏အသံက မြေကြီးအောက်မှ ထွက်လာပြီး မြေကြီးက ရုတ်တရက် ဖောင်းတက်လာသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ် ပိုးကောင်အိတ်များ ပေါ်လာပြီး ဆေးဆရာ၊ ထော့ကျိုးနှင့် ကျန်ရှိသူများက တစ်ကိုယ်လုံး ချွဲကျိကျိအရည်များ ဖုံးလွှမ်းနေလျက် ထွက်လာကြသည်။

ဆေးဆရာက အားလုံးဆီမှ ငွေအပ်များကို ပြန်နှုတ်လိုက်သည်။ သူတို့အားလုံး အလွန်အားနည်းနေကြသေးသည့်အပြင် မူလဝိညာဉ်များလည်း မတည်ငြိမ်ကြသေးပေ။ ဆေးဆရာ စစ်ဆေးကြည့်ကာ ပြောလိုက်သည်။ “ဝိညာဉ်ခြရဲ့တစ်ပိုင်းက ဝိညာဉ်ထဲမှာ၊ ကျန်တစ်ပိုင်းက ရုပ်ခန္ဓာထဲမှာ ရှိနေတယ်။ ငါ အရင်ဆုံး မင်းတို့ရဲ့ ရုပ်ခန္ဓာတွေကို ကုသပြီး ဝိညာဉ်ခြကို လှုံ့ဆော်ပေးရလိမ့်မယ်။ အဲ့ဒါမှ မင်းတို့တွေကို အသက်ပြန်သွင်းပေးနိုင်မှာ။ ဒါပေမဲ့ ငါ့မှာ ပရဆေးပင်တွေ ကုန်နေပြီ....”

“နေသင်္ဘောပေါ်မှ အသက်ဓာတ်မြန်မြန် ဖြည့်တင်းပေးနိုင်တဲ့ သန့်စင်ယန်ကန် ရှိတယ် ဘိုးဘိုး” ချင်မူ ကမန်းကတန်း ပြောလိုက်သည်။

“ဒါဆို တော်သေးတယ်” ဆေးဆရာ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။ “သန့်စင်ယန်ကန်ထဲ သွားစိမ်ပြီး ခန္ဓာကိုယ်ကို အားပြန်ဖြည့်ကြစို့။ အဲဒီအသက်အစားထိုးပိုးကောင်တွေက မရဏတမန်တော်ကို ကြာကြာလှည့်စားနိုင်မှာ မဟုတ်ဘူး”

အားလုံး နေသင်္ဘောပေါ် ကမျောသောပါး သွားလိုက်ကြသည်။ ချင်မူက နေရာသိ၍ သန့်စင်ယန်ကန်ဆီ မြန်မြန်ဆန်ဆန် ခေါ်သွားလိုက်၏။ လူတိုင်း ကန်ထဲ ဝင်လိုက်ကြသည့်အခါ ရုပ်ခန္ဓာများ တစတစ သက်သာလာကြသည်။ သို့သော် ကန်ရေလည်း တဖြည်းဖြည်း လျော့နည်းသွားသည်။

အားလုံး အန္တရာယ်မရှိတော့သည်ကို မြင်မှ ချင်မူ မေးလိုက်သည်။ “ဘိုးဘိုးတို့ရဲ့ မူလဝိညာဉ်တွေ ဘယ်ရောက်သွားတာလဲ”

ကြွက်နတ်မင်းက ဟင်းခနဲ သက်ပြင်းချကာ ပြောလာသည်။ “နေစောင့်ရှောက်သူက ငါတို့ကို ကူညီဖို့ နေသင်္ဘောနဲ့ ရောက်လာပေမယ့် အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေက အမှန်တကယ် အင်အားကြီးလွန်းတယ်။ သူတို့မှာ ကောင်းကင်နတ်သိုင်းမျိုးစုံနဲ့ အစွမ်းထက်နတ်ရတနာတွေ ရှိကြတယ်လေ။ ပထမဆုံး မမကြီး တိုက်ပွဲကျတယ်။ မကြာလိုက်ဘူး အစ်ကိုနှစ်လည်း ကျသွားတယ်။ နေစောင့်ရှောက်သူလည်း ရှေ့မတိုးနိုင်တော့ အားလုံး သေရတော့မယ့်ဆဲဆဲ ဖြစ်သွားကြတယ်။ အဲဒီအချိန်မှာ ဧကရာဇ်အတိုင်ပင်ခံ ‌ငလျင်ဒယ်အိုးကို အသက်သွင်းပြီး အားလုံးကို သေရွာခေါ်သွားဖို့ ရွေးချယ်လိုက်တာပဲ။ ငလျင်လှိုင်းကြောင့် နတ်ဘုရားအားလုံး ထိခိုက်သွားပေမယ့် ထူးဆန်းတာတစ်ခု ဖြစ်သွားတယ်...”

ချင်မူ သူ့ကို ဇဝေဇဝါ ကြည့်လိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။ သူက အော်လိုက်မိ၏။ “ငလျင်ဒယ်အိုးက ကမ္ဘာခြားတစ်ခုနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားက စည်းကို ဖောက်လိုက်တာမလား”

“မဟုတ်ဘူး” ‌ထော့ကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငလျင်ဒယ်အိုးရဲ့ စွမ်းအားကို နတ်သက်ကြွေတောင်ကြောက စုပ်ယူပစ်လိုက်တာပဲ”

ချင်မူ မှင်သက်သွား၏။

“အဲဒီခွေးမသား ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုးထုတ်လိုက်တာ တွေ့တာနဲ့ အခြေအနေမဟန်တော့မှန်း ငါ ချက်ချင်း သိလိုက်လို့ ဆေးဆရာကို ခေါ်ပြီး ပြေးတာပဲ။ အဲ့ဒါကြောင့် ငါတို့က သူတို့နဲ့ နည်းနည်းလှမ်းတယ်။ နားကန်း၊ မင်းက ပိုနီးတယ်၊ ပြောပြလိုက်ဦး”

နားကန်းက သံနားရွက်နှစ်ဖက်ကို ချွတ်၍ သန့်စင်ယန်ကန်ထဲတွင် ဆေးကြောပြီးနောက် သူ့နားတွင်းပေါက်ထဲ ပြန်ထည့်လိုက်သည်။ “ငလျင်ဒယ်အိုးရဲ့ စွမ်းအား ပေါက်ကွဲလာတော့ ငါလည်း မဟန်တော့တာ သိပြီး ပန်းချီကမ္ဘာထဲမှာ ပုန်းဖို့ ကြံခဲ့တယ်။ ဒါပေမဲ့ ငလျင်လှိုင်းက အဲဒီလောက် ကြောက်စရာကောင်းလိမ့်မယ် မထင်ထားခဲ့ဘူး။ ပန်းချီကမ္ဘာလည်း ပျက်စီးသွားတယ်

“အဲဒီအခိုက်အတန့်မှာ နတ်သက်ကြွေတောင်ကြောက‌နေ အံ့ဖွယ်စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ငလျင်ဒယ်အိုးရဲ့ စွမ်းအားကို စုပ်ယူလိုက်တယ်။ အဲဒီနောက်မှာပဲ အပေါက်ကြီးတစ်ပေါက် ပွင့်လာပြီး တစ်ဖက်ခြမ်းက ကမ္ဘာခြား ပေါ်လာတာ”

ထိုစဉ်တုန်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နောက်ဆက်တွဲအကျိုးဆက်များကို ဂရုမစိုက်ဘဲ ငလျင်ဒယ်အိုးကို အသက်သွင်းလိုက်၍ အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့ကြသည်။ သို့ရာတွင် နတ်သက်ကြွေတောင်ကြော၏ ပြောင်းလဲမှုက အားလုံးကို ကယ်တင်ပေးလိုက်၏။

သူတို့မှာ ကမ္ဘာခြားပေါ်လာသည်ကို မကြည့်အားဘဲ အပြင်းအထန် ပြန်တိုက်ခိုက်ကြရသည်။ ပန်းဧကရီနှင့် ကြယ်ဧကရာဇ်ယန်က အလွန်အားကောင်းလွန်း၏။ တစ်ယောက်မှ သူတို့ကို မယှဉ်နိုင်သဖြင့် ပန်းဧကရီက နေသင်္ဘောဆီ သွားပြီး ယန်ကျင့်ကျင့်ကို သတ်မည်လုပ်မည်။

အဘွားစစ်က အခြေအနေမဟန်သည်ကို မြင်လျှင် လူစုပြီး မဟာကြယ်လွှမ်းခြုံလက်ဝါးသိုင်းကို တည်ခင်းကာ အားလုံး၏ မူလဝိညာဉ်များအား ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည်။ သူမက မူလဝိညာဉ်တိုက်ပွဲဆင်နွှဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

“အဲဒါနဲ့ ငါတို့အားလုံး ထူးဆန်းတဲ့ကမ္ဘာထဲ ရောက်သွားတယ်” နားကန်းက ငေးငေးငိုင်ငိုင်ဖြင့် ပြောပြနေသည်။ “နတ်သက်ကြွေတောင်ကြောအောက်မှ ထူးဆန်းတဲ့ကမ္ဘာတစ်ခု ရှိနေတယ်။ အဲ့ဒါက ... အဲ့ဒါက ....”

ဘုရင်ခွန်က အတွေ့အကြုံပိုရှိသူ ဖြစ်၍ ရှင်းပြလိုက်သည်။ “နတ်ဘုရားတစ်ပါးရဲ့ ရတနာအတွင်းထဲက ကမ္ဘာပဲ”

နားကန်း‌ ခေါင်းညိတ်လိုက်၏။ “အဲဒီကမ္ဘာထဲမှာ ငါတို့ ပိတ်မိသွားပြီး အဆက်မပြတ် တိုက်ခိုက်ခဲ့ကြရတယ်။ နောက်တော့ ငါတို့ အသတ်ခံလိုက်ရတာပဲ။ သေသွားတဲ့အချိန်မှာ အဲဒီကမ္ဘာကို ကျူးကျော်လာတဲ့ ထူးဆန်းတဲ့စွမ်းအားကို သတိထားမိလိုက်ပြီး ငှက်ခေါင်းနဲ့နတ်ဘုရားတစ်ပါး ပျံသန်းလာတာကို တွေ့လိုက်ရတယ်။ သူက ငါတို့ကို ဖုန်းတုဆီ ခေါ်သွားပြီး မိတ်ဆွေကြီးတစ်ယောက်နဲ့ တွေ့ရလိမ့်မယ်ပြောတယ်။ ဒါပေမဲ့ ရွာလူကြီးကို လှမ်းမြင်ရုံရှိသေးတယ် မင်းက ငါတို့ကို ပြန်ခေါ်လိုက်တာပဲ မူအာ”

“ရွာလူကြီးက ဖုန်းတုမှာလား”

ချင်မူ အံ့အားသင့်သွားပြီး ရင်ထဲတွင် စူးအောင့်နာကျင်သွားသည်။ သူ လက်သီးတင်းတင်း ဆုပ်လိုက်မိ၏။ ‘ရွာလူကြီး၊ ကျွန်တော် ရွာလူကြီးကို ဖုန်းတုကနေ သေချာပေါက် ကယ်တင်ပေးမယ်’

သို့သော် အမှန်တကယ် အံအားသင့်ဖွယ်ကောင်းသည်မှာ နတ်သက်ကြွေတောင်ကြောအောက်တွင် ငလျင်ဒယ်အိုး၏ စွမ်းအားကို ဟန့်တားပေးလိုက်သည့် အမည်မသိစွမ်းအင်တစ်ရပ် ရှိနေခြင်းဖြစ်သည်။ ထိုစွမ်းအင်ကြောင့် အားလုံး၏ မူလဝိညာဉ်များပင် ဆွဲထုတ်ခံခဲ့ရ၏။

ထိုရတနာက မည်သည့်အရာနည်း။ အဘယ်ကြောင့် ထိုနေရာတွင် မြှုပ်နှံခံထားရသနည်း။ မည်သူက သွန်းလုပ်ခဲ့ပြီး မည်သူက မြှုပ်နှံခဲ့သနည်း။

‘ကမ္ဘာခြားက မိစ္ဆာနတ်ဘုရားရုပ်တုတွေ လိုက်ရှာနေတာ အဲဒီရတနာ ဖြစ်လောက်တယ်။ အဘွားစစ်တို့ရဲ့ မူလဝိညာဉ်တွေလည်း အဲဒီရတနာထဲမှာ ဖြစ်လောက်တယ်’

ချင်မူ တွေးနေသည့်အချိန်တွင် မြေကြီးက သိမ့်ခနဲ လှုပ်ခတ်သွားပြီး အဝေးမှ ကျောက်ခဲများ မြောက်တက်သွားသည်။ ကျောက်ရုပ်တုကြီးတစ်ရုပ်က မြေကြီးကို ထိုးဖောက်ကာ ထလာ၏။ စောစောက မြေကြီးထဲ ဝင်သွားခဲ့သော မိစ္ဆာနတ်ဘုရားကား သူတို့ကို ရှာတွေ့သွားချေပြီ။

တစ်ချိန်တည်းမှာပင် အမှောင်ထုထဲမှ တုန်ခါလှိုင်းများ ဖြာဆင်းလာ၍ ချင်မူ လှမ်းကြည့်လိုက်မိသည်။ မြူခိုးထဲတွင် သူတို့ရှိရာဘက်သို့ လျှောက်လာနေသော ကျောက်ရုပ်တုများကို မြင်လိုက်ရ၏။

‘သူတို့ အဲဒီရတနာကို ရှာတွေ့သွားကြပြီ’

ချင်မူ၏အမူအရာ အကြီးကျယ် ပြောင်းလဲသွားသည်။

All Chapters