← Chapters

ဧရာမ ဓားမကြီး

Vol. 32 Ch. 437

ဧရာမ ဓားမကြီး

Vol. 32 Ch. 437

ကျောက်ရုပ်တုကြီးများသည် မြေကြီးအောက်မှ ထွက်လာသော ကျောက်ရုပ်တုရှိရာသို့ ရောက်လာကြပြီး အသည်းအသန် တူးနေကြ၏။ သူတို့၏လက်မောင်းများက လွန်သွားများသဖွယ် မြေကြီးကို ထိုးကော်နေသဖြင့် ဧရာမကျောက်တုံးကြီးများပင် မှုန့်မှုန့်ညက်ညက် ကြေကုန်သည်။

ချင်မူနှင့် နေသင်္ဘောရှိလူများ အံ့အားသင့်သွားကြသည်။ မိစ္ဆာနတ်ဘုရားကျောက်ရုပ်တုများ မြေတူးနေသော အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ရာကောင်းသည်။ များစွာမကြာလိုက်ဘဲ သူတို့က ကျင်းကြီးတစ်ကျင်း တူးကာ မြေအောက်ထဲ တဖြည်းဖြည်း ဝင်သွားကြသည်။ သို့သော် ကျောက်ခဲများမှာ ကျင်းအပြင်သို့ တဖွားဖွား လွင့်ထွက်လာနေဆဲ ဖြစ်၏။

“ဒီကောင်တွေ တူးတာက ခွေးထက်တောင် မြန်သေးတယ်” ထော့ကျိုး ရေရွတ်လိုက်မိသည်။

ဘုရင်ခွန်က ကြွက်နတ်မင်းကို ကြည့်ကာ မေးလိုက်၏။ “မြေတူးတဲ့နေရာမှာ ထုရှင်းဖုန်းက လွဲရင် ကြွက်နတ်မင်းလည်း ကျွမ်းတယ်မဟုတ်လား”

ကြွက်နတ်မင်းက ထရပ်၍ ပြောလိုက်သည်။ “သူတို့ ဘာလုပ်နေတာလဲ ကြည့်ရ‌သေးတာပေါ့” သူက ပြောပြီးသည်နှင့် ခန္ဓာကိုယ်ကို လှုပ်ခါကာ မီးခိုရောင်ကြွက်ကြီးတစ်ကောင် အသွင်ပြောင်းလိုက်၏။ ထို့နောက် လေပေါ်သို့ လွှားခနဲ ပျံတက်ကာ နေသင်္ဘောအပေါ်မှ ဆင်းသွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်း အောက်ရောက်သွားပြီး မြေကြီးကို တူးဖောက်ကာ ပျောက်ချင်းမလှ ပျောက်သွားတော့သည်။

“ကြွက်နတ်မင်းက ရတနာရှာတဲ့ နေရာမှာ ကျွမ်းလို့ ရတနာဦးလေးကြွက်လို့တောင် ခေါ်ကြတယ်။ မြေကြီးအောက်ထဲ အတားအဆီးမရှိ သွားနိုင်တော့ သူ သေချာပေါက် တစ်ခုခု‌တော့ ရှာတွေ့မှာပါ” ဘုရင်ခွန်က ရှင်းပြလိုက်သည်။

ချင်မူ ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံရှိ ပန်းခင်းကြီးကို ကြည့်လိုက်သည်။ ပန်းပွင့်များက နေသင်္ဘောကို အုပ်မိုးကာ ဖူးပွင့်နေကြ၏။ ပန်းဧကရီက ပန်းပွင့်တစ်ပွင့်၏ အလယ်တွင် ရပ်နေပြီး ပန်းပွင့်ထဲမှ ထွက်လာသကဲ့သို့ ရှိနေသည်။

“ကျွန်တော်တို့ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေကို ရှင်းပစ်ဖို့ လိုတယ်”

ချင်မူက ဆေးဆရာနှင့် ကျန်ရှိသူများကို ကြည့်လိုက်သည်။ “ဘိုးဘိုးတို့ တွေးမိတာများ ရှိလား”

ဆေးဆရာက ပြုံးလိုက်၏။ “စောစောကတော့ ဘာမှမတွေးမိဘူး။ ဒါပေမဲ့ အခု တွေးမိထားတယ်”

ဘုရင်ခွန်က ရွှေရောင်ချိုကြီးကို ဆွဲနုတ်ကာ ပြောလိုက်သည်။ “ငါ လုပ်ပေးမယ်” ကန်ထဲမှ သူ ထလိုက်ပြီး ရွှေရောင်ချိုကြီးကို အရိုအသေပေးလိုက်၏။

ရွှေချိုသည် ရွှေလှံအသွင် ဖွဲ့တည်နိုင်သော သူ၏အထွတ်အမြတ်လက်နက် ဖြစ်သည်။ အရိုအသေပေးပြီး‌နောက်တွင် ရွှေချိုက ဝှစ်ခနဲ ပျံထွက်သွားပြီး ကောင်းကင်ယံတွင် ရွှေရောင်အတန်းတစ်တန်း ရွှီးခနဲ ခွင်းသွားသည်ကို ကြားလိုက်ရသည်။

ရွှေရောင်အလင်းတန်းက ပန်းဧကရီ၏ မျက်ခုံးနှစ်ဖက်ကြားနေရာကို ထိုးဖောက်ကာ နောက်စေ့မှ ထွက်လာ၏။ ထို့နောက် နတ်ဘုရားနောက်တစ်ပါးဆီသို့ တရှိန်ထိုး ပြေးဝင်၍ ထိုအတိုင်း ထိုး‌‌ဖောက်လိုက်သည်။

ရွှေချိုက ချာခနဲ လှည့်ကာ အရှိန်တင်သည်။ တခဏကြာသော် ကြယ်ဧကရာဇ်ယန်အပါအဝင် နတ်ဘုရားအားလုံး ရွှေချို၏ ထိုးဖောက်ခြင်းခံလိုက်ရတော့သည်။

သာယာနာပျော်ဖွယ်ကောင်းသော လေတိုးသံတစ်သံနှင့်အတူ ရွှေချိုသည် ဘုရင်ခွန်၏ လက်ထဲသို့ ပြန်လည်ဆင်းသက်လာ၏။

ကောင်းကင်ယံရှိ ရွှေရောင်အတန်းလည်း တစတစ မှေးမှိန်ကွယ်ပျောက်သွားသည်။

ချင်မူ ရင်ထဲတွင် အတန်ငယ် တုန်လှုပ်သွားပြီး ရွှေချိုကို လှမ်းကြည့်လိုက်မိသည်။ အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်လေးပါးအနက်မှ ပန်းဧကရီနှင့် ကြယ်ဧကရာဇ်ယန်ကဲ့သို့ နတ်ဘုရားများစွာကို သတ်ခဲ့သည့်တိုင်အောင် ချိုပေါ်တွင် သွေးတစ်စက်ပင် စွန်းထင်းမနေပေ။ ပျက်စီးခြင်းလည်း မရှိ။

အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများ၏ ရုပ်ခန္ဓာသည် ပြိုင်ဘက်ကင်းလောက်အောင် လေးလံပြီး ဂိုဏ်းအမွေအနှစ်ရတနာများပင် မထိုးဖောက်နိုင်ပေ။ သူတို့၏ရုပ်ခန္ဓာကို အားဖြင့် တိုက်ခိုက်ရန် ကြိုးစားခြင်းကို ပမာနှိုင်းပြရလျှင် တောင်တစ်လုံးကို ကြက်ဥနှင့် ပစ်ပေါက်နေသကဲ့သို့ ဖြစ်လိမ့်မည်။

သို့ရာတွင် အရှေ့ပင်လယ်ဘုရင်ခွန်၏ အထွတ်အမြတ်လက်နက်ကား ယောင်ယောင်လေးမျှပင် ပွန်းပဲ့သွားခြင်းမရှိ။ ၎င်း မည်မျှမာကြောကြောင်း သက်သေဖြစ်သည်။

အထွတ်အမြတ်လက်နက်က မာကြောသည်ဆိုသော်ငြား ပိုင်ရှင်အပေါ်လည်း မူတည်သေးသည်။ ဘုရင်ခွန် အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများဖြင့် တိုက်ခိုက်ခဲ့တုန်းက အနိုင်မရခဲ့ခြင်းမှာ သူ၏သိုင်းစွမ်းရည်က အားကောင်းမပြင်းထန်သေး၍ ဖြစ်လိမ့်မည်။

“ဘုရင်ခွန်၊ ကောင်းကင်တံတားပြန်ဆက်ပေးတဲ့ တံတားသုံးစင်းကျင့်စဉ်ကို လူသိထင်ရှား ကြေညာထားပါတယ်။ ကုန်းပေါ်တက်ပြီး မလေ့လာဘူးလား” ချင်မူ မေးလိုက်မိသည်။

ဘုရင်ခွန်က အံ့ဩတကြီး ဆိုလာသည်။ “ကောင်းကင်တံတားပြန်ဆက်နည်းတွေကို လူသားဧကရာဇ် ဖြန့်ပေးခဲ့တာလား။ အဲဒီကျင့်စဉ်ကို ကျုပ် ရထားပြီးသားပါ။ အမှန်တိုင်းပြောရရင် ခွန်မျိုးနွယ်တွေက မကြာခဏ ကုန်းပေါ်တက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကုန်ဖလှယ်လေ့ရှိပါတယ်”

ထိုစကားကြောင့် ချင်မူ စိတ်အေးသွားသည်။ “အဲဒီလိုလား”

ရုတ်တရက် ကြွက်နတ်မင်းက နေသင်္ဘောပေါ် ခုန်တက်လာပြီး မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုအသွင် ပြောင်းသွားသည်။ သူက အားလုံး၏ဘေးသို့ လျှောက်လာကာ ဟောဟဲလှိုက်နေ၏။ “မြေအောက်မှာ တကယ်ကြီး တစ်ခုခုရှိနေတာပဲ။ ယာယီနန်းတော်နဲ့ နေရာကွက်လပ်ကြီးတစ်ခု တွေ့ခဲ့တယ်။ အဲဒီနေရာမှာ ကြောက်စရာကောင်းလောက်အောက် ကြီးမားတဲ့ နတ်ဘုရားရုပ်တုတစ်ရုပ်နဲ့ ဧရာမဓားမကြီးတစ်လက် ရှိနေတယ်”

ဆေးဆရာက သူ့ကို သန့်စင်ယန်ကန်ထဲသို့ ကပျာကယာ ဆွဲချကာ ပြောလိုက်သည်။ “ခင်ဗျားဒဏ်ရာတွေက သက်သာသေးတာ မဟုတ်ဘူး။ ဖြည်းဖြည်း ပြော”

ကြွက်နတ်မင်းက အသက်ဝအောင် ရှူလိုက်သည်။ “မြေအောက်ထဲမှာ ဥမင်လမ်းတစ်လမ်း ရှိနေတယ်။ ကျောက်ရုပ်တုတွေက အဲဒီအထိ တူးပြီးသွားပြီ။ လမ်းအတိုင်း ဆက်လျှောက်သွားလိုက်ရင် မြေကမ္ဘာအမြုတေဖြစ်တဲ့ မြေပြင်ကျယ်ကြီး ရှိတယ်။ အဲဒီနေရာရဲ့ အလယ်တည့်တည့် မြေကြီးထဲကနေ နတ်ဘုရားရုပ်တုတစ်ရုပ် ထိုးထွက်နေတယ်။ နန်းဆောင်အမျိုးမျိုးနဲ့ ချိတ်ဆက်နေတဲ့ သံကြိုးတွေလည်း အများကြီးပဲ။ အဲဒီနတ်ဘုရား သံကြိုးတွေကြားထဲ ဘယ်လိုရောက်နေလဲ မသိပေမယ့် သံကြိုးတွေက နေသင်္ဘောရဲ့ နေလုံးကြီးကို ဆွဲနေတဲ့ သံကြိုးတွေထက်တောင် ကြီးသေးတယ်”

အားလုံး တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်လိုက်မိကြသည်။

နေသင်္ဘောကို ဆွဲထားသည့် သံကြိုးများကို ခိုင်ဧကရာဇ်ခေတ်တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ကောင်းကင်ရတနာမျိုးအား ဤခေတ်တွင် မသွန်းလုပ်နိုင်တော့ပေ။

သို့တိုင်အောင် နတ်သက်ကြွေတောင်ကြောအောက်ရှိ သံကြိုးများက ယင်းတို့ထက် ကြီးမားသည်တဲ့လော။ ၎င်းတို့လည်း ခိုင်ဧကရာဇ်ခေတ်မှ အကြွင်းအကျန်များ ဖြစ်နေသည်လား။

“နေသင်္ဘောရဲ့ သံကြိုးတွေက နေလုံးကြီးကို ချည်နှောင်ဖို့ ဆိုရင် မြေအောက်က သံကြိုးတွေက နတ်ဘုရားရုပ်တုကို ချည်နှောင်ထားဖို့များ ဖြစ်နေမလား” နားကန်းက ကောက်ခါငင်ခါ ထပြောလိုက်သည်။

လူတိုင်း ရင်ထဲတွင် လှုပ်ခါသွားကြ၏။ အဘယ်ကြောင့် နတ်ဘုရားရုပ်တုတစ်ရုပ်အား သံကြိုးများဖြင့် ချည်နှောင်ထားစရာ လိုအပ်သနည်း။

ကြွက်နတ်မင်းက ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး၊ မှားနေပြီ။ သံကြိုးတွေက နန်းဆောင်တွေအချင်းအချင်း ဆက်နေတာ။ မြေတူးနေတဲ့ ကျောက်ရုပ်တုနဲ့ လိုက်သွားတုန်းက နတ်ဘုရားရုပ်တုရဲ့ ပတ်ပတ်လည်မှာ နန်းဆောင်တွေ ပျံဝဲနေတာ မြင်ခဲ့ရတယ်။ အစတုန်းကတည်းက ရှိနေတဲ့ပုံမပေါ်ဘူး။ အခုလေးတင်မှ ထွက်လာသလိုပဲ

“အဲဒီနတ်ဘုရားရုပ်တုက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက နတ်ဘုရားရုပ်တုတွေနဲ့လည်း အတော်ဆင်တယ်။ ကြည့်ရတာ သူတို့နဲ့ အတူပေါ်လာပေမယ့် ကံဆိုးပြီး နတ်သက်ကြွေတောင်ကြောအောက် ရောက်သွားတာပဲ ဖြစ်မယ်။ သံကြိုးတွေနဲ့ တိုက်မိသွားလို့ မြေပေါ်အထိ ထိုးထွက်မလာနိုင်တော့တာပဲ”

“နန်းတော်ထဲမှာ သေချာ‌ပေါက် ရတနာတွေ ပုံအောနေမှာပဲ။ သွားခိုးကြစို့.... လာ လာ သွားကြမယ်” ထော့ကျိုးက စိတ်လှုပ်ရှားနေသည်။

“အခုလေးတင်မှ သေရွာက ပြန်ရောက်လာတာ မဟုတ်ဘူးလား။ လျှောက်လုပ်ဖို့ မကြိုးစားဘဲ ကိုယ့်အသက်ကိုယ် ဖက်နဲ့ ထုတ်ထားဦး။ ကြွက်နတ်မင်း၊ တခြား ဘာတွေ မြင်ခဲ့သေးလဲ” ဆေးဆရာ မှုန်ကုပ်စွာ မေးလိုက်သည်။

“လေထဲ ပျံနေတဲ့ တံတားတစ်စင်းလည်း ရှိတယ်။ အဲ့တံတားက နတ်ဘုရားရုပ်တုရဲ့ ပတ်ပတ်လည်က နန်းဆောင်တွေကို ဆက်သွယ်ပေးထားတာ”

“သံကြိုးတွေ ရှိနေပြီးသားကို တံတားပျံက ဘာအတွက်များလဲ။ သူတို့က ဘာလုပ်ပေးတာလဲ” ဘုရင်ခွန်က စိတ်ရှုပ်ထွေးစွာ မေးလာသည်။

ကြွက်နတ်မင်း၏ အမူအရာက တစ်ခုခုပြောချင်သော်လည်း မပြောရဲဖြစ်နေသကဲ့သို့ ထူးဆန်းနေသည်။ “နတ်ဘုရားရုပ်တုရဲ့ ခေါင်းပေါ်မှာလည်း ဧရာမဓားမကြီးတစ်လက် ရှိသေးတယ်။ သံကြိုးတွေက အဲဒီဓားမကြီးကို ချည်နှောင်ထားတာ... နတ်ဘုရားရုပ်တု မြေကြီးထဲက ထွက်လာတော့ ဓားမကြီးနဲ့ တိုက်မိသွားလို့ ထင်တယ်။ သူ့ခေါင်းက နှစ်ခြမ်းကွဲနေတယ်...”

“ဘာ ဓားမလဲ” ‌‌ဆေးဆရာ ဇဝေဇဝါ မေးလိုက်သည်။

“ဓားမကြီး ဧရာမဓားမကြီး” ကြွက်နတ်မင်း၏ ရှေ့သွားနှစ်ချောင်း ပေါ်လာပြီး သူ၏နှုတ်ခမ်းမွှေးများ လှုပ်နေသည်။ “ကောင်းကင်ဓားမရဲ့ ဓားမက မသေးပေမယ့် အဲဒီဓားမကြီးရဲ့ ရှေ့ရောက်ရင် သေးသေးလေး ဖြစ်သွားလိမ့်မယ်။ ဓားမကြီးက မြောက်ကနေ တောင်ကို ဆန့်တန်းနေတာ။ အခုတော့ နတ်ဘုရားရုပ်တုကို ခေါင်းထဲ နစ်နေတယ်။ အရှည်လည်း အရှည်ကြီးပဲ။ ဒါပေမဲ့ အဲဒီဓားမကို မြင်လိုက်တုန်းက ထူးဆန်းတာတစ်ခုကို ငါ သတိထားမိလိုက်တယ်...”

သူက စိတ်ပြန်ထိန်းကာ ပြောလိုက်သည်။ “အဘွားစစ်၊ ဧကရာဇ်အတိုင်ပင်ခံနဲ့ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေ အဲဒီဓားမထဲ ရောက်နေတဲ့ပုံပဲ။ မှန်တစ်ချက်လို ပြောင်လက်နေတဲ့ ဓားသွားထဲမှာ သူတို့မူလဝိညာဉ်တွေက ပုံမှန်အတိုင်း တိုက်ခိုက်နေကြတယ်”

ချင်မူနှင့် ကျန်ရှိသူများ ထိုမြင်ကွင်းကို မြင်ယောင်မိပြီး ကျောချမ်းသွားကြသည်။ အဘွားစစ်တို့က မဟာကြယ်ခြုံလွှမ်းဝင်္ကပါဖြင့် အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများ၏ မူလဝိညာဉ်များကို ဆွဲထုတ်ခဲ့သည် ဆိုစေဦးတော့ အဘယ်သို့ပြု၍ ဓားမတစ်လက်၏ အတွင်းနေရာထဲ ရောက်သွားခဲ့ကြသနည်း။

ထာဝရငြိမ်းချမ်းရေးအင်ပါယာက အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့်အတူ သေရန် ပြင်ခဲ့သော်လည်း ငလျင်ဒယ်အိုး၏ စွမ်းအားကို မြေကြီးအောက်မှ ကြောက်မက်ဖွယ်ရာစွမ်းအင်တစ်ရပ်က စုပ်ယူလိုက်သည်။ ထိုဖြစ်ရပ်သည်လည်း ဓားမကြီး၏ လက်ချက်လော။

ဘုရင်ခွန်က ကြွက်နတ်မင်းကို ငေးငိုင်စွာ ကြည့်နေသည်။ “ငါတို့ မူလဝိညာဉ်တွေ ထွက်သွားတုန်းက ရှင်းလင်းနေတဲ့ အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုထဲ ရောက်သွားကြပေမယ့် ဓားမတစ်လက်ရဲ့ အသွားထဲ ရောက်နေမယ် မထင်ထားခဲ့ဘူး။ ငါတို့ အကြာကြီး တိုက်ခိုက်ခဲ့ကြတာ။ ဒါတောင် ဘာကိုမှ သတိမထားမိခဲ့ဘူး” သူ မယုံနိုင်ဖြစ်နေသည်။

ကြွက်နတ်မင်းက ဆက်ပြောလိုက်၏။ “ကျောက်ရုပ်တုတွေက အဲဒီနေရာကို ငါ့ထက် ခြေတစ်လှမ်းကြို ရောက်သွားတယ်။ ယဇ်ပလ္လင်ကြီးတစ်ခု တည်ဆောက်နေကြသလိုပဲ။ ဘာအတွက် သုံးဖို့လဲတော့ ငါလည်း မပြောတတ်ဘူး”

ချင်မူ ရင်ထဲ လှုပ်ခါသွား၍ မေးလိုက်မိသည်။ “ကြွက်နတ်မင်း အဲဒီယဇ်ပလ္လင်ကို ဆွဲပြပေးလို့ရလား”

ကြွက်နတ်မင်းက ချီစွမ်းအင်ဖြင့် စုတ်တံတစ်ချောင်း ဖွဲ့တည်ကာ လေထဲတွင် ဆွဲပြသည်။ တခဏကြာသော် ယဇ်ပလ္လင်တစ်ခု ရုပ်လုံးပေါ်လာ၏။ ယဇ်ပလ္လင်က အပေါက်ကြီး၏ အခြားတစ်ဖက်ရှိ ကမ္ဘာခြားထဲမှ မိစ္ဆာစစ်တပ် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်လာရန် အသုံးပြုမည့် ယဇ်ပလ္လင်နှင့် ဆင်နေသည်။

ကြွက်နတ်မင်း ဆွဲပြသော ယဇ်ပလ္လင်တွင် ထိုယဇ်ပလ္လင်နှင့် ဆင်တူသော သင်္ကေတအမှတ်အသာများ ရှိသော်လည်း မဆိုသလောက် ကွဲပြားနေ၏။

ချင်မူ အတန်ငယ် အံ့အားသင့်သွားပြီး သိချင်စိတ်များ ပြင်းပြလာသည်။ သူ မေးလိုက်သည်။ “ဘယ်သူ့မှာ မှန်ရှိလဲ”

ထော့ကျိုးက ပြုံးကာ ပြောလိုက်သည်။ “နားကန်းက သူ ဘယ်လောက်ချောကြောင်း အရှက်မရှိ ကြွားတတ်တယ်လေ။ တခြားသူတွေမှ မရှိလောက်ပေမယ့် သူ့မှာတော့ သေချာပေါက် ရှိလိမ့်မယ်”

နားကန်းက နှာခေါင်းရှုံ၍ မှန်တစ်ချပ် ထုတ်လိုက်သည်။ ချင်မူ ကမန်းကတန်း ပြောလိုက်၏။ “နှစ်ချပ်လိုတာ ဘယ်သူ့မှာ ရှိသေးလဲ”

“ငါ့မှာ ရှိတယ်” ဆေးဆရာ၏အသံက ခပ်တိုးတိုး ထွက်လာသည်။

နားကန်း သူ့ကို စိုက်ကြည့်လိုက်သည်။ “မင်းက မျက်နှာတောင် မရှိဘဲ ဘာလို့ မှန်ဆောင်ထားတာလဲ”

“အဝတ်အစား သပ်သပ်ရပ်ရပ် လုပ်ဖို့ပေါ့” ဆေးဆရာက ခပ်တည်တည် ပြန်ဖြေသည်။

ချင်မူ မှန်နှစ်ချပ်ကို ယူ၍ ကြွက်နတ်မင်း ဆွဲထားသည့် ယဇ်ပလ္လင်၏ ဘယ်နှင့် ညာတွင် ထားလိုက်သည်။ “ကြွက်နတ်မင်း၊ ဒီယဇ်ပလ္လင်ကို မှန်ထဲ ထည့်လို့ရလား”

ကြွက်နတ်မင်း၏ ရင်ထဲတွင် အတန်ငယ် တုန်လှုပ်သွားသော် ချီစွမ်းအင်မှ ဖွဲ့တည်လာသည့် ယဇ်ပလ္လင်က မှန်ထဲ ဝင်သွားသည်။ ချင်မူ မှန်ကို ကြည့်ပြီး နားလည်သွား၏။

“ဒီယဇ်ပလ္လင်နှစ်ခုက တစ်ခုနဲ့တစ်ခု ရောင်ပြန်ဟပ်နေတယ်။ ဒီကျောက်ရုပ်တုတွေက ကမ္ဘာခြားမိစ္ဆာတပ်ကို မြေကြီးအောက်က ယဇ်ပလ္လင်ဆီ ကူးပြောင်းပေးဖို့ လုပ်နေတာပဲ။ ယဇ်ပလ္လင်က နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခုခု ဖြစ်ရမယ်။ ဒါပေမဲ့ ကျွန်တော့် နတ်ဂိုဏ်းရဲ့ ဝင်္ကပါနဲ့မတူဘူး။ သူတို့ဝင်္ကပါက အများကြီးရှေးကျလို့ သွေးယဇ်ပူဇော်ပေးဖို့ လိုတယ်”

ထော့ကျိုးက ရယ်လိုက်သည်။ “အဲဒီကောင်တွေ ဘာလို့ သူတို့စစ်တပ်ကြီးကို လွှတ်ဖို့ လုပ်နေတာလဲ။ မြေအောက်က နတ်ဘုရားကို နိုးဖို့ ယဇ်ပူဇော်မလို့လား”

မည်သူမှ သူနှင့် လိုက်မရယ်ပေ။ မကြာခင် ထော့ကျိုးလည်း မရယ်နိုင်တော့။

မိစ္ဆာစစ်တပ်ကြီး ရောက်လာပြီး သူတို့ကိုယ်သူတို့ စတေး၍ နတ်ဘုရားရုပ်တုအတွက် ယဇ်ပူဇော်လိုက်လျှင် မည်သည့်အရာများ ဖြစ်လာမည်ကို မည်သူ သိနိုင်မည်နည်း။

“အဲဒီနတ်ဘုရားရုပ်တုက နတ်ဘုရားမဟုတ်လောက်ဘူး။ မိစ္ဆာမျိုးနွယ်ရဲ့ ဘိုးဘေးကြီး ဖြစ်လောက်တယ်။ ကျောက်ရုပ်တုတွေက သူတို့ဘိုးဘေးကြီးကို ကယ်တင်ဖို့ ရောက်လာတာပဲ” နားကန်းက ပြောလိုက်သည်။ “စစ်တပ်ကြီးကို စတေးပြီးရင် နတ်ဘုရားရုပ်တု အသက်ရှင်လာလိမ့်မယ်။ ငါတို့ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် အကုန် သဲထဲရေသွန် ဖြစ်မှာပဲ။ နတ်ဘုရားရုပ်တုရဲ့ သားတွေ ၊ မြေးတွေက သူ့ကို အသက်သွင်းနိုင်သွားလိမ့်မယ်”

အားလုံး တိတ်ဆိတ်သွားကြသည်။

ရွာလူကြီး သေပြီ။ တထာဂတ သေပြီ။ တာအိုသခင် သေပြီ။ ရွှမ့်ရှန်းဝူ၊ အဖြူနတ်မင်း၊ အဝါနတ်မင်းနှင့် ကျန်ရှိသူများလည်း သေပြီ။

သို့တိုင်အောင် နတ်ဘုရားအစစ်များ၊ မိစ္ဆာအစစ်များ ဆင်းမလာနိုင်အောင် သူတို့ မတားနိုင်သေးပေ။

သူတို့ ဆက်လက်တိုက်ခိုက်ရန်လည်း အင်အားမရှိတော့။ မိစ္ဆာအစစ် နိုးထလာလျှင် အကုန်လုံး သေရလိမ့်မည်။

ချင်မူက မှန်နှစ်ချပ်ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ “တစ်ယောက်ယောက်မှာ မှန်ရှိသေးလား။ နှစ်ချပ်လောက် ထပ်ပေးပါဦး”

ဆေးဆရာက ဆေးခြင်းကို လှန်ပြီး မှန်နှစ်ချပ် ထုတ်ကာ သူ့ဆီ ပစ်ပေးလိုက်သည်။ နားကန်းက မျက်ခုံးပင့်၍ အေးစက်စက် နှာမှုတ်လိုက်၏။ “ငပွေကောင်”

ချင်မူက မှန်တစ်ချပ်ကို ပထမနှစ်ချပ်၏ ကြားတွင် ထားကာ ပထမနှစ်ချပ်ဆီမှ ပုံရိပ်ကို ဖမ်းလိုက်သည်။ ထို့နောက် လေးချပ်မြောက်သုံး၍ အရှေ့သုံးချပ်မှ ပုံရိပ်ကို ထင်ဟပ်စေလိုက်သည်။ ချင်မူ ပုံရိပ်ကို ကြည့်ကာ ပြောလိုက်၏။ “မိစ္ဆာစစ်တပ်ကို မလွှတ်နိုင်ရင် ဘာဖြစ်မှာလဲ။ ကျောက်ရုပ်တုတွေ မြေကြီးအောက်က အဲဒီနတ်ဘုရားကို သူတို့ဘာသာ နှိုးရမှာလား”

“လူသားဧကရာဇ်လေးမှာ ဘယ်လိုအကြံတွေများ ရှိနေလို့လဲ” ဆေးဆရာက သိချင်စိတ်ဖြင့် ‌မေးလိုက်သည်။

ချင်မူ ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိ၏။ “ဘိုးဘိုးဆေးဆရာကလည်း ကျွန်တော့်ကို မစပါနဲ့.... သူတို့နေရာရွှေ့ပြောင်းတာကို နှောင့်ယှက်ဖို့ နေရာရွှေ့ပြောင်းယဇ်ပလ္လင် နောက်နှစ်ခု တည်ဆောက်မလို့ပဲ ကြံနေတာပါ။ ဒါဆို မိစ္ဆာစစ်တပ် ဒီကို မလာနိုင်တော့ဘူး။ ဒီမှန်နှစ်ချပ်လိုပေါ့။ အလယ်က မှန် မျက်နှာမူနေတဲ့ဘက်ကို နည်းနည်းပါးပါး ရွှေ့ပြောင်းလိုက်ရင် နောက်ဆုံးမှန်ပေါ်ကို ပုံရိပ်ရောက်မလာတော့တဲ့ သဘောပါပဲ”

All Chapters