သံရိုင်းငှက်ခန္ဓာကိုယ်နှင့် ကြေးနီရောင်တိုက်ပွဲဝင်ခန္ဓာကိုယ်
Vol. 5 Ch. 64
အထူးပြုလုပ်ထားတဲ့ ကြိုးတစ်မျိုးနဲ့ ချည်လိုက်ပြီး လီဖူချန်းက သတ္တုရိုင်းတုံးကြီးကို သယ်ပြီး မိုင်းတွင်းထဲက ထွက်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ သူက ထန်းလျူတောင်ကနေ ထွက်သွားဖို့ ဆုံးဖြတ် လိုက်ပါပြီ။
" အဲဒါလီဖူချန်း မဟုတ်ဘူးလားဟ။ ဒီကောင် ဘာသတ္တုရိုင်းတွေ သယ်လာပြန်ပြီလဲ မသိဘူးနော်။ နည်းတဲ့ဟာကြီးတော့ မဟုတ်ဘူး"
လမ်းမှာတွေ့တဲ့ တပည့်တိုင်းက လီဖူချန်းကို တအံ့တသြ ငေးကြည့်နေကျပါတယ်။ ရုတ်တရက် အရိပ်တစ်ခုက လီဖူချန်းရဲ့ လမ်းကို ပိတ်ပြီး ဝင်တားလိုက်ပါတယ်။
" လီဖူချန်း မင်းကျောပေါ်က သတ္တုရိုင်း ငါ့ကိုပြစမ်း"
ထိုအရိပ်ပိုင်ရှင်က အသက်၁၉နှစ်လောက်ရှိတဲ့ လူငယ်တစ်ယောက်ပါ။ အရပ်က တော်တော်လေးမြင့်ပြီး ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း ရှိပါတယ်။ အထူးသဖြင့် သူ့ရဲ့ လက်မောင်းတွေက သာမန်လူတွေရဲ့ ပေါင်လုံးတွေ ထက်ကို တုတ်ခိုင်ပါတယ်။
လီဖူချန်းက ထိုလူငယ်ကို လှမ်းကြည့်ပြီးတော့
" မင်းကဘယ်သူလည်း" လို့လှမ်းမေးလိုက်တယ်
"ငါက ချူတိုင်း ။ မင်းအတွက် အကောင်းဆုံးက မင်းနောက်ကျောက ပစ္စည်းကိုချပြီး
အမြန်ဆုံး ထွက်သွားဖို့ပဲ"
လီဖူချန်းက သတ္တုရိုင်းကို ဘယ်လိုပဲ ဖုံးအုပ်ထားပါစေ။ အရွယ်အစားကို ကြည့်လိုက်တာနဲ့ ဒါက ရမှတ် တော်တော်များများ တန်မယ့် ပစ္စည်း ဆိုတာကို သူက ခန့်မှန်းနိုင်ပါတယ်။
'ချူတိုင်း' ...
လီဖူချန်းက အနည်းငယ်လောက် စဉ်းစားလိုက် အပြီးမှာတော့ ချူတိုင်းအကြောင်းကို သူကြားခဲ့ဖူးတာကို မှတ်မိလိုက်ပါတယ်။
ချူတိုင်းက ဖန်ဟိုင်လီ လက်အောက်က လက်ရွေးစင်၇ယောက်ရဲ့ ခေါင်းဆောင်ပါ။
ဆင်းရဲဒုက္ခ မျှော်စင်မှာတော့ အဆင့်၄၈ ချိတ်ထားပါတယ်။ ကောလဟာလတွေ အရတော့ သူက ဖန်လီဟိုင်လို ရွှေသံမဏိ အရိုး တည်ဆောက်ပုံရှိပါတယ်။ ဒါပေမဲ့ ဖန်လီဟိုင်က ကြယ်လေးပွင့် ရွှေသံမဏိအရိုး တည်ဆောက်ပုံရှိပြီး ချူတိုင်းကတော့ ကြယ်သုံးပွင့် ရွှေသံမဏိအရိုး တည်ဆောက်ပုံပဲရှိတာပါ။
လီဖူချန်းက အေးစက်စက်ဖြင့် သတိပေးလိုက်ပါတယ်။
" မင်းအဆင့်က ငါ့ကို မမီနိုင်သေးဘူး။ မင်းရဲ့သခင်ကို သွားခေါ်လိုက်ပါလား။
သူက ငါတိုက်ခိုက်တာကို အချိန်တော်တော် ကြာကြာ ခုခံနိုင်လိမ့်မယ်"
" စိတ်ကြီးဝင်နေတဲ့ ကောင်ပဲ။ မင်းလို ကောင်စုတ်လေးက ဘယ်လိုလုပ် အစ်ကိုဖန်နဲ့ တိုက်ခိုက်ဖို့ ထိုက်တန်မှာလဲ။ ငါနဲ့တင်မင်းက ကိစ္စပြတ်တယ်”
ပြောပြီးတာနဲ့ ချူတိုင်းက ကျွဲရိုင်း တစ်ကောင်လိုအားနဲ့ လီဖူချန်းဆီကို ပြေးဝင်သွားပါတယ်။
ဖုန်း ...
သူတို့ရဲ့လက်သီးတွေ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ ချူတိုင်းက အနောက်ကို ခြေ၈လမ်းလောက် ဆုတ်လိုက်ရပြီး သူ့လက်သီး တစ်ခုလုံးဟာလည်း သွေးတွေ ရဲနေပါတယ်။ လီဖူချန်းကတော့ တစ်လက်မတောင် မလှုပ်သွားပါဘူး။ ချူတိုင်းကတော့ အသက်ကို ခဲယဉ်းစွာ ရှုနေရပြီး
နာကျင်မှုကို အံကျိတ်ပြီး ခံနေပါတယ်။ သူ့လက်ချောင်း တွေကတော့ လုံးဝကျိုးသွားသလိုပါပဲ။
သူကခေါင်းကိုမော့ပြီး လီဖူချန်းကို မယုံကြည်နိုင်သလို ကြည့်နေပါတယ်။ ဆင်းရဲဒုက္ခမျှော်စင်မှာ လီဖူချန်းက အဆင့်၆၀ဖြစ်ပြီး သူက ၄၈လေ။ တကယ်ဆိုရင် လီဖူချန်းကို သူက သာသာယာယာ လေးပဲ အနိုင်ယူလိုက်ရမှာလေ။
ဒါအပြင် သူကကြယ်၃ပွင့် ရွှေသံမဏိအရိုး တည်ဆောက်ပုံပိုင်ရှင်ပါ။
ဒီအရိုးတည်ဆောက်ပုံက ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်တွေနဲ့ အရမ်း သင့်တော်ပါတယ်။
ပြီးတော့သူက သံမဏိ ချပ်ဝတ်တန်ဆာသိုင်းနဲ့ ရွှေခေါင်းလောင်း ပညာရပ်ကိုလည်း အောင်မြင်ပြီးပါပြီ။
ဒီကျင့်စဉ်နှစ်ခုက တစ်ခုနဲ့တစ်ခု ဖြည့်ပေးပါတယ်။ ဒီကျင့်စဉ်တစ်ခုတည်းကို အောင်မြင်ရင် အပြင်အား ၂၀၀၀ ကီလိုဂရမ်အားကို ရရှိမှာဖြစ်ပြီး နှစ်ခုစလုံး အောင်မြင်ရင်တော့ အပြင်အား၃၅၀၀ ကီလိုဂရမ် ရရှိစေတဲ့အထိ ပေးစွမ်းနိုင်ပါတယ်။ အကြမ်းခံနိုင်မှုကလည်း နှစ်ဆအထိ မြင့်တက် သွားစေပါသေးတယ်။ ပြောရမယ်ဆိုရင် ကြေးနီရောင် အရေပြားနဲ့ သံမဏိအရိုးလို ဖြစ်နေပါပြီ။
ဒါပေမဲ့ ဒါတွေက ဒီဖူချန်းရဲ့ လက်သီး တစ်ချက်အောက်မှာ စုတ်ပြတ်သတ် သွားခဲ့ပြီ။
" မဟုတ်မှလွဲရော ဒီကောင်က ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားတာ များလား"
ချူတိုင်းက ရုတ်တရက်စဉ်းစားမိလိုက်ပါတယ်။
***
အပြင်စည်း တပည့်တွေထဲမှာတော့ ယုဝူရှန်းက အငြင်းပွားဖွယ်မရှိ နံပါတ်၁ ပါပဲ။
ဖန်လီဟိုင်လို လူမျိုးကတောင် ယုဝူရှန်းနဲ့တွေ့ရင် သူရဲ့မာနတွေကို ခဝါချထားပြီး ဆက်ဆံရတာပါ။
အပြင်စည်းတပည့် ၃၀၀၀၀ ကျော်မှာ ယုဝူရှန်း တစ်ယောက်တည်းကသာ ဒီကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်ကို လေ့ကျင့်အောင်မြင်ထားပြီး အပြင်အား ၅၀၀၀ကီလိုဂရမ် ရရှိထားတာလေ။
မနှစ်တုန်းကဆိုရင် ဆင်းရဲဒုက္ခမျှော်စင်မှာ အဆင့်၁၀အတွင်း ဝင်ထားတဲ့
တပည့်နှစ်ယောက် ပေါင်းပြီး ယုဝူရှန်းကို တိုက်ခိုက်ခဲ့ကျပါတယ်။ ဒါပေမဲ့ ယုဝူရှန်းက သက်သက်သာသာပဲ ထိုနှစ်ယောက်ကို အနိုင်ယူလိုက်ပါတယ်။ အဲသည်နောက်မှာတော့ ယုဝူရှန်းက ရေခဲခေတ် မူလကျားခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်ဖို့ ထပ်မံ ရွေးချယ်သွားတယ် လို့တော့ သတင်း ထွက်လာပါတယ်။ အခုချိန်ဆိုရင် ယုဝူရှန်းရဲ့ အပြင်အားက ဘယ်လောက်ရှိနေမလဲဆိုတာ မတွေးဝံ့စရာပါပဲ။
***
" ဒီကောင် လေ့ကျင့်ထားတာ ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်ပဲ ဖြစ်ရမယ်။
တခြား ခန္ဓာကိုယ် သန့်စင်တဲ့ ပညာရပ်တွေက ငါ့ရဲ့ သံမဏိချပ်ဝတ် တန်ဆာသိုင်းနဲ့ ရွှေခေါင်းလောင်း ပညာရပ်နှစ်ခု ပေါင်းထားတာကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
ချူတိုင်းရဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေပါတယ်။
"ဝုန်း" သွေးနီရောင် ကြေးနီသတ္တုရိုင်းကို ပစ်ချလိုက်ပြီး လီဖူချန်းက ချူတိုင်းဆီကို ကပ်လာပါတယ်။
" မင်းကတော့ ငါ့ကို ထိုးပြီးသွားပြီ။ အခုတော့ ငါ့အလှည့်ပဲ"
ဒီစကားကို ကြားပြီး နောက်မှာတော့ ချူတိုင်းက အလျင်အမြန်ပဲ သူ့ရဲ့ဓားကို ဆွဲထုတ် လိုက်ပါတယ်။ သူဆွဲထုတ် လိုက်တဲ့ဓားက သစ်သားဓား မဟုတ်ပဲ သံမဏိဓား ဖြစ်နေပါတယ်။
(အပြင်စည်း ဂိုဏ်းသားတွေက ဓားနှစ်ချောင်း ဆောင်လေ့ရှိတယ်။ တစ်လက်က အပြင်စည်း တပည့်အချင်းချင်း သိုင်းလေ့ကျင့်ရင် သုံးဖို့ဖြစ်ပြီး နောက်တစ်လက်က မိစ္ဆာသားရဲတွေနဲ့ တွေ့ရင် တိုက်ခိုက်ဖို့ပါ။)
ကြေးနီရောင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို လေ့ကျင့် အောင်မြင်ထားတဲ့ သူတစ်ယောက်ကို သစ်သားဓားနဲ့ တိုက်ခိုက်တာဟာ ပန်းနဲ့ ပေါက်သလိုပဲလေ။ ဒါကြောင့် ချူတိုင်းက သံမဏိဓားကို ဆွဲထုတ် လိုက်ရတာပါ။
ထို့နောက် အေးစက်စက် ရယ်မောလိုက်ပြီး
" လီဖူချန်း သိုင်းစစ်သည်တော်တွေ ကြားမှာ ခံနိုင်ရည် ပိုကောင်းတဲ့လူက ပိုတော်တယ်လို့ သတ်မှတ်လို့ မရဘူးကွ"
သူရဲ့လက်ကောက်ဝတ် တစ်ချက်အလှုပ်မှာပဲ မဟာရေလှိုင်း ဓားကွက်က ပေါ်လာပြီး
ဓားရိပ်လှိုင်းလုံးကြီး တစ်လုံးက လီဖူချန်းကို ဖုံးလွှမ်းသွားပါတယ်။
" အရမ်းနှေးတယ်"
လီဖူချန်းက ကိုယ်ကိုတစ်ချက် ယို့လိုက်ပြီး ဓားချက်ကို လှလှပပ ရှောင်တိမ်း လိုက်ပါတယ်။
ထို့နောက်မှာတော့ သူ့လက်သီးက ချူတိုင်းရဲ့ ရင်ဘတ်ကို ထိမှန်သွားပါတယ်။
" ဝေါ့ "
သွေးစိမ်းရှင်ရှင် တစ်လုတ်ကို အန်လိုက်ပြီး ချူတိုင်းက ဖင်ထိုင် ကျသွားပါတယ်။ လီဖူချန်းရဲ့လက်သီးက အနည်းဆုံးတော့ နံရိုး၂ချောင်းလောက် ကျိုးသွားစေပါပြီ။
လီဖူချန်းက တာအိုလမ်းခွဲ ပညာရပ်ကို လေ့ကျင့်ထားတယ် ဆိုတာ ချူတိုင်းက မသိထားခဲ့ဘူးလေ။ လီဖူချန်းကတော့ သူ့ရဲ့ကြေးနီ သတ္တုရိုင်းကို သယ်ပြီး အဝေးကို ထွက်သွားဖို့ ပြင်နေပါပြီ။
"လီဖူချန်း ... မင်းက ငါ့လူတစ်ယောက်ကို တိုက်ခိုက်ပြီး ဒီလိုပဲ ထွက်သွားတော့မယ် ပေါ့လေ ။
မင်းမျက်စိထဲမှာ ငါဆိုတဲ့ ဖန်လီဟိုင်ကိုကော ထည့်တွက် ထားသေးရဲ့လား"
ဘယ်နေရာကမှန်း မသိတဲ့ အသံတစ်ခုက လီဖူချန်းနားထဲကို ဝင်လာခဲ့
ပါတယ်။ သိပ်မကြာခင်မှာတော့ ဖန်လီဟိုင်က သူ့ရဲ့မြင်ကွင်းရှေ့ကို ရောက်လာခဲ့ပါပြီ။
တကယ်တော့ ဖန်လီဟိုင်နဲ့ ချူတိုင်းတို့က ဒီထျန်းလျူတောင်ကို အတူတူ လာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့က ဒီတောင်ပေါ် ရောက်ရောက်ချင်းမှာပဲ သတ္တုရိုင်းတွေကို ရှာဖွေဖို့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
" ဖန်လီဟိုင်"
သတ္တုရိုင်းတုံးကြီးကို မြေပေါ်ချလိုက်ပြီး တိုက်ပွဲကို ဆာလောင်နေသည့် ပုံဖြင့် လီဖူချန်းက စောင့်ကြိုနေပါတယ်။ ဂေါင်ချန်းရှန်နဲ့ စကားပြောပြီးကတည်းက သူက ဖန်လီဟိုင်ကို အထင်သေးလို့ မရမှန်း သဘောပေါက်ထားခဲ့တာပါ။ ဖန်လီဟိုင်က ရွှေခေါင်းလောင်းပညာရပ်၊ သံမဏိချပ်ဝတ်တန်ဆာအပြင် သံရိုင်းငှက်ခန္ဓာကိုယ် ကျင့်စဉ်ကိုပါ လေ့ကျင့်ထားတယ် ဆိုတာကို သူက သိထားပြီးပါပြီ။
ရှင်းရှင်းပြောရရင် ဖန်လီဟိုင်က ချူတိုင်းကို အဆင့်တစ်ဆင့် မြှင့်ထားသလိုပါပဲ။ ချုတိုင်းကို စစ်ဆေးလိုက်တဲ့အခါမှာတော့ ဖန်လီဟိုင် ထင်ထားတာ ထင်တောင်ပိုပြီး အခြေအနေဆိုးနေတာကို သိလိုက်ရပါတယ်။
"မင်းကတကယ်ပဲ ချူတိုင်းရဲ့ ခံစစ်ကို ချိုးဖောက်နိုင်တယ် ပေါ့လေ။
ကြည့်ရတာ ငါတကယ်ပဲ မင်းရဲ့အရည်အချင်းကို အထင်သေးခဲ့မိတယ် ထင်တယ်။ ဒါပေမဲ့ နှမြောစရာပဲ။
ဒီတစ်ခါတော့ မင်းကို ဘယ်သူမှ ကူညီနိုင်တော့မှာ မဟုတ်ဘူး”
အရင် တစ်ခေါက်ကသာ ဂေါင်ချန်းရှန်က ဝင်မရှုပ်ခဲ့ရင် လီဖူချန်းက အိပ်ယာထဲမှာ လပေါင်း အနည်းငယ်လောက် နေနေရမှာလေ။
လီဖူချန်းက
"ငါဆိုတဲ့ လီဖူချန်းက ဘယ်တုန်းကမှ သူများအပေါ် အားကိုးခဲ့တာ မဟုတ်ဘူးကွ။
မင်းအစွမ်းအစ ရှိသလောက် တိုက်စမ်း ဖန်လီဟိုင်။ ငါကမင်း သံရိုင်းငှက်ခန္ဓာကိုယ် ကျင့်စဉ် ကျင့်ထားတယ်ဆိုတာ သိပြီးပြီ။ မင်းရဲ့ပညာ စွမ်းမစွမ်း ကြည့်ကျတာပေါ့"
လီဖူချန်းက ယုံကြည်မှုအပြည့်နဲ့ ဖန်လီဟိုင်ကို စိန်ခေါ်လိုက်ပါတယ်။
ဖန်လီဟိုင်က အံ့သြသွားပါတယ်။
" မင်းကို ဒီကိစ္စ ဂေါင်ချန်းရှန် ပြောပြထားတာလား။ မထင်ရဘူးပဲ ။ ဒီကောင်က ပါးစပ်တော်တော် ဖွာမယ်ဆိုတာ။ ထားပါတော့။ မင်းက ချူတိုင်းရဲ့ နံရိုးနှစ်ချောင်း ချိုးလိုက်တဲ့အတွက်
ငါကမင်းရဲ့ နံရိုးလေးချောင်း ပြန်ချိုးပစ်မယ်”
ဖန်လီဟိုင်က တစ်လှမ်းချင်း လီဖူချန်းဆီကို ချည်းကပ်လာခဲ့တယ်။ လီဖူချန်းကလည်း ပြုံးပြီး စောင့်ကြိုနေပါတယ်။ သူတို့နှစ်ယောက် ထိပ်တိုက် တွေ့ဆုံတဲ့ အချိန်မှာတော့
နှစ်ယောက်စလုံးက လက်သီးဖြင့် ပြိုင်တူ ထိုးလိုက်ကျတယ်။
" ဒေါင်"
သူတို့နှစ်ယောက်ရဲ့ လက်သီးတွေ ဆုံမိတဲ့အခါမှာတော့ သတ္တုချောင်းကြီး နှစ်ချောင်း ရိုက်မိသလို အသံထွက်လာပြီး မီးတွေလည်း ပွင့်သွားပါတယ်။ ဖန်လီဟိုင်ရဲ့ လက်သီးက ရွှေရောင်နဲ့အနက်ရောင် ရောစပ်နေပြီး ဘယ်လိုမှ လူတစ်ယောက်ရဲ့ လက်သီးနဲ့ မတူတော့ပါဘူး။ ကြည့်ရတာ သံမဏိနဲ့ သွန်းလုပ်ထားတဲ့ လက်သီးလိုပါပဲ။ လက်သီးရဲ့ ပတ်ပတ်လည်မှာတော့ အနက်ရောင် အခိုးအငွေ့တွေက ရစ်သိုင်းလျက် ရှိနေပါတယ်။
လီဖူချန်းရဲ့ လက်သီးကတော့ ပုံမှန် လူတစ်ယောက်ရဲ့ လက်သီးလိုပါပဲ။
ဘာမှ ထွေထွေထူးထူး ပြောင်းသွားတဲ့ပုံတော့ မရှိပါဘူး။ ဒါပေမဲ့ ကြက်သွေးရောင် မီးစွမ်းအားကို ထုတ်သုံးထားတာ ဖြစ်တဲ့အတွက် သူ့လက်သီးက မိစ္ဆာသားရဲတွေရဲ့ အရေပြားထက်တောင် ပိုပြီး မာကျော နေပါသေးတယ်။ သူ့လက်သီးကိုတော့ အနီဖျော့ဖျော့ မီးတောက်တွေက ဝန်းရံထားပါတယ်။
သူတို့ နှစ်ယောက်ရဲ့ လက်သီးချက်ကြောင့် စွမ်းအင်လှိုင်းတွေက ထွက်ပေါ်လာပါတယ်။
ထို့နောက်မှာတော့ ငလျင်လုပ်သလို ဖြစ်သွားပြီး နှစ်ယောက်စလုံးကို အပေါ်ကို ပျံတက်သွားစေပါတယ်။
ဖန်လီဟိုင်က မနာလို မုန်းထားသည့် လေသံဖြင့်
" ကြေးနီရောင်တိုက်ပွဲဝင်ခန္ဓာကိုယ် ပါလား"
သူ့ရဲ့အတွင်းအားက လီဖူချန်းထက် သာပေမဲ့လည်း သူရဲ့လက်သီးနဲ့ အပြင်အားကတော့ လီဖူလျန်းကို မယှဉ်နိုင်ခဲ့ဘူးလေ။ သံရိုင်းငှက်ခန္ဓာကိုယ်ကို လေ့ကျင့်ထားတဲ့ သူရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက
၄၀၀၀ ကီလိုထက်ကို များနေတာ တောင်မှပေါ့။
" တကယ်အစွမ်းထက်တယ်"
တစ်ကွက်လောက် ဖလှယ်လိုက်တာနဲ့ လီဖူချန်းကလည်း ဖန်လီဟိုင်ကို လျော့တွက် ထားမိတာတွေ ပျောက်ကွယ် သွားပါတော့တယ်။
" ဒီကောင်က တကယ်ပဲ အစ်ကိုဖန်နဲ့ လက်ရည်တူ ယှဉ်နိုင်တယ်ပေါ့"
ဒဏ်ရာရပြီး ဘေးမှာလဲကျနေတဲ့ ချူတိုင်းကလည်း လီဖူချန်းကိုကြည့်ပြီး အံ့အားသင့် နေပါတယ်။ ဖန်လီဟိုင်ရဲ့ အစွမ်းကို သူ့လောက် သိထားတဲ့ လူမရှိဘူးလေ။
ဖန်လီဟိုင်က အလျော့မပေးပဲ အစွမ်းကုန် တိုက်ခိုက် လိုက်တာကို
သူသိပါတယ်။ ဒါပေမဲ့ ဒါက လီဖူချန်းကို အသာမရခဲ့ပါဘူး။
***