တိုက်ပွဲအမျိုးအစားများ
Vol. 55 Ch. 759
ဝမ်ဝေ့နှင့် အဖွဲ့က အလယ်ပိုင်းကုန်းမြေ၏ အရှေ့ဘက်အခြမ်းရှိ ကောင်းကင်ပြာနယ်မြေဆီ ဦးတည်ထွက်လာကြသည်။ သူတို့၏ ဦးတည်ရာက သွေးငါးမြစ်ဖြစ်ပြီး သွေးငါးဟု ခေါ်ဆိုသည့် ထူးခြားသည့် ငါးကြောင့် ကျော်ကြားသည့် မြစ်တစ်စင်း ဖြစ်ပေသည်။
ထိုငါးက ခန္ဓာကိုယ်လေ့ကျင့်ဖို့အတွက် ကောင်းမွန်သည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့် ကျင့်ကြံသူများစွာက အသုံးပြုကြသည်။ ထို့အပြင် ဒဏ်ရာများကို ကုစားဖို့အတွက်လည်း အကျိုးကျေးဇူးရှိ၏။
မြစ်အနီးတွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာကာ ဝမ်ဝေ့တို့အဖွဲ့က ရုတ်ချည်း ပေါ်ထွက်လာကြသည်။ ထိုစဉ် လေထုက လေးလံလာကြ၏။ ဝမ်ဝေ့၏ ဂုဏ်သတင်းနှင့် ကျော်စောမှုကြောင့် ကျင့်ကြံသူအများစုက သူ့အား ဤတိုက်ပွဲ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားကြသည်။
ထို့ကြောင့် သူ ရောက်ရှိလာသည်နှင့် မျက်လုံးပေါင်းထောင်ချီက သူ့အပေါ် ကျရောက်လာကြသည်။ တချို့သတ္တိကောင်းသည့်သူများက သူ့စွမ်းအားကို သူတို့၏ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးဖို့ ကြိုးစားနေကြသည်။ ကံဆိုးစွာဖြင့် ထိုတုံးအအလူများက လီကျွင်းသည် သူတို့၏ အံ့ဖွယ်အသိစိတ်ကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လိုက်သည့်အတွက် အကျိုးဆက်ကို ခံစားသွားရသည်။
သတိထားမိလား…
ယန်းလီလင်းက အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။
အဆိပ်ပဲ…
ထျဲ့ကန်က ပြန်ဖြေလိုက်၏။ ကောင်းကင်ရွေးချယ်ခံအများစုက ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိစေတဲ့ အဆိပ်များကို တိတ်တဆိတ် ထုတ်လွှတ်ထားကြသည်။
ဒီလိုမျိုး အဆင့်နိမ့် ဗျူဟာမျိုးကို အသုံးပြုတာ ဆွံ့အမိတယ်…
လီကျွင်းက ပြောလိုက်သည်။ နောက်ဆုံးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲမည့် အတွေ့အကြုံရှိသည့် အင်အားစုတိုင်းက အဝင်ဝတွင် သတိထားရမည်ကို သိထားကြသည်။ ထို့ကြောင့် အဆိပ်နှင့် ဝိညာဉ်အရိပ်အမြွက်ကဲ့သို့ အရာများကို သတိထားသည်က ပုံမှန်သာ ဖြစ်၏။
ဒီနည်းဗျူဟာက ငါတို့အတွက် အသုံးမဝင်ဘူးဆိုပေမဲ့ တချို့အထွတ်အထိပ် မျိုးနွယ်တွေအတွက်တော့ အလုပ်ဖြစ်နိုင်တယ်။ အထူးသဖြင့် ဒီမျိုးဆက်မှာမှ ဧကရာဇ်တစ်ပိုင်းအဆင့်ကို ပြုစုပျိုးထောင်ထားနိုင်တယ်ပေါ့…
ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
အထွတ်အထိပ်မျိုးဆက်အားလုံးက နောက်ဆုံးတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲကြခြင်း မဟုတ်ပေ။ အင်အားစုတစ်ခုက အစစ်အမှန် အုပ်ချုပ်သူ ရှိနေသရွေ့ သူတို့က အထွတ်အထိပ် မျိုးဆက် ဖြစ်ပေသည်။ ထို့ကြောင့် အများစုက ထိုသို့ နည်းဗျူဟာကို သတိကြီးကြီးထားပြီး ရင်ဆိုင်ဖို့ အတွေ့အကြုံ မရှိကြပေ။
အမှန်ပဲ…
ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်ကာ ပါဝင်ယှဉ်ပြိုင်သူတချို့ကို မှတ်မိသွားသည်။ အထူးသဖြင့် သူ ဖြေရှင်းထားသည့် လူတချို့ကို ဖြစ်၏။ သို့သော်လည်း သူက သူ သတင်းအချက်အလက် မရရှိထားသည့် လူတချို့ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။
သခင်လေး ကျွန်မ တာဝန်လစ်ဟင်းတဲ့အတွက် တောင်းပန်ပါတယ်…
ဝမ်ကျူက ရုတ်တရက်ပြောလိုက်၏။
ကိစ္စမရှိဘူး။ ဘယ်အရာမှ အကြွင်းမဲ့ မဟုတ်ဘူး။ တချို့လူတွေရဲ့ သတင်းအချက်အလက်ကို မသိတာ ပုံမှန်ပါပဲ…
ဝမ်ဝေ့က နောက်ဆုံးသော တိုက်ပွဲသည် မရေရာမှုများဖြင့် ပြည့်နှက်နေကြောင်း သိထားသည်။ တချို့သော အင်အားစုများက နောက်ကွယ်တွင် ပုန်းအောင်းကာ နောက်ဆုံးမိနစ်မှ ပေါ်ထွက်လာကြမည် ဖြစ်၏။ ထို့ကြောင့် သူက ဝမ်ကျူအား သူမ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည့်အရာအပေါ် အပြစ်မတင်နိုင်ပေ။
ဝမ်ဝေ့က မိုရှင်းယွင်နှင့် ယွီကျူးတို့အပေါ် အာရုံစိုက်ထားလိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့အစစ်အမှန်ပုံစံနှင့် ထွက်ပေါ်လာပြီး ရုပ်သေးရုပ်ကိုပင် အသုံးပြုထားသည်။ ယွီကျူးကမူ ခန္ဓာကိုယ်အသစ် ရယူထားသော်လည်း သူ့ဝိညာဉ်အငွေ့အသက်က အလွယ်တကူ သတိထားမိနိုင်၏။
ထိုသူများက သူ့ရှေ့တွင် ထွက်လာဖို့ အဘယ်ကြောင့် ယုံကြည်ချက်ရှိနေမှန်း သိထားသည်။ သူတို့က ကာကွယ်ပေးခံထားရ၏။ နောက်ဆုံးသောတိုက်ပွဲ၏ နေ့ရက်ကျရောက်လာသည်နှင့် ပါဝင်ဆင်နွှဲသူများ၏ ဝင်ခွင့်အမှတ်အသားပြားက အသင်္ချေအင်ပါယာကမ္ဘာ တစ်လျှောက်တွင် အကောင်းဆုံးသော ခုခံရေးရတနာအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ထာဝရအထွတ်အထိပ်များ တိုက်ခိုက်လာလျှင်ပင် ပါဝင်ယှဉ်နွှဲသူများကို ကောင်းကင်တာအိုက ကာကွယ်ပေးထားသည့်အတွက် အောင်မြင်မည် မဟုတ်ပေ။ ထို့အချိန်အတွင်း ကောင်းကင်တာအို၏ စွမ်းအားက အမြင့်ဆုံး ဖြစ်နေမည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုတိုက်ပွဲ၏ အောင်မြင်မှုကို ခြိမ်းခြောက်ရဲပါက ကောင်းကင်တာအိုက အစစ်အမှန် ကောင်းကင်တာအိုဆီမှ စွမ်းအားကို ငှားယူပြီး ခြိမ်းခြောက်မှုကို သုတ်သင်ပစ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် တိုက်ပွဲနေရာအတွင်း မဝင်ရောက်ခင် ပါဝင်ယှဉ်ပြိုင်သူများက တစ်ယောက်နှင့် တစ်ယောက် အကွက်ချနိုင်သော်လည်း မသတ်နိုင်ကြပေ။
မေတ္တယျနဲ့ အန္တိမသဟဇာတတို့က တိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်နိုင်မလား မသိဘူး။ ကောင်းကင်တာအိုက သူတို့ကို မတားဆီးနိုင်လောက်ဘူး ဒါပေမဲ့ သူတို့ ကြိုးစားမယ်ဆိုရင် မဟာတာအို ပေါ်ထွက်လာမလား…
ဝမ်ဝေ့က ခေါင်းဆောင်း ဆောင်းထားသည့် နောက်ထပ် ထူးထူးဆန်းဆန်း လူတစ်ယောက်ကို အာရုံစိုက်ကာ တွေးလိုက်မိသည်။
ဒီအရှိန်အဝါက အတော်လေး ရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ ဘယ်သူမှန်း မမှတ်မိဘူး…
ထိုသူက တစ်ယောက်တည်း ရပ်နေသည်ဖြစ်ကာ သူတို့၏ စစ်သူကြီးများမှတဆင့်လည်း ကောက်ချက်ချမပြောနိုင်ပေ။ ထို့နောက် ဝမ်ဝေ့၏ အကြည့်က ရုတ်ချည်း ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို မြင်လိုက်ရသည်။
သူလား။ သူက ဘာလို့ အဲ့လောက်တောင် ပြောင်းလဲသွားတာလဲ…
သူက သူ ပေါ်ထွက်လာဖို့ ထည့်မတွက်ထားသည့် နောက်ထပ် ပြောင်းလဲနိုင်ချေတစ်ခုကို မြင်လိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။ သူက စိုးရိမ်ခြင်း မရှိသော်လည်း ဤကဲ့သို့ အရေးကြီးလှသည့် ဖြစ်ရပ်အတွင်း သတိလက်လွတ် မဖြစ်သင့်ကြောင်း သိထားသည်။
သူ့ကို စောင့်ကြည့်ထား…
ဝမ်ဝေ့က ဝမ်ကျူအား သတိပေးလိုက်သည်။
ဟုတ်ကဲ့ပါ…
အက်ကြောင်းတစ်ခု ပေါ်ထွက်လာကာ တိထျန်းတို့ ထွက်လာသည်။ သူ့နောက်တွင် လူလေးယောက် လိုက်ပါလာ၏။
ဝမ်ဝေ့က သူ့အား အမုန်းတရား သိုဝှက်လျက် ကြည့်လိုက်သည်။ သူ့တစ်စိတ်တစ်ပိုင်းက ဝူဟုန်၏ ထွက်ခွာသွားမှုအတွက် ထိုသူအပေါ် အပြစ်တင်နေမိသည်။ အကယ်၍ သူသာ အား ဒီလောက်မကောင်းဘဲ ခြိမ်းခြောက်မှု မဖြစ်ပါက သူမသည် သူ့အတွက် ဧကရာဇ်စွမ်းအားကို နှစ်ကြိမ်တိုင်တိုင်သုံးဖို့ ဖိအားပေးခံရမည် မဟုတ်ပေ။
သူက သူ့ကိုယ်သူ ပိုအပြစ်တင်မိ၏။ အကယ်၍ သူသာ အားနည်းမနေဘဲ အကြိမ်များစွာ ဆိုးဆိုးရွားရွား အခြေအနေကျရောက်မနေခဲ့လျှင် သူမက သူနှင့်အတူ ရှိနေလိမ့်မည်။ အကယ်၍ သူမက တစ်ရက် ပျောက်ကွယ်သွားရမည်ဆိုလျှင်ပင် သူ ဒိုင်မေးရှင်းအမြင့်ကို မတက်လှမ်းခင်အချိန်အထိ ဆွဲဆန့်ထားနိုင်လိမ့်မည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်၏။ သူက တိုက်ပွဲမတိုင်ခင် စိတ်အခြေအနေ အကောင်းဆုံးဖြစ်နေဖို့ လိုကြောင်း သိထားသည်။ သူက အနှောင့်အယှက်မဲ့ အခြေနေသို့ ဝင်ရောက်လိုက်၏။
နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်အထက် တိုက်ပွဲနှင့် ပတ်သက်ပြီး စာလိပ်တစ်ခု ထွက်ပေါ်လာသည်။
“နောက်ဆုံးလူတစ်ယောက် ကျန်တဲ့အထိ တိုက်ပွဲပဲ။” ယန်းလီလင်းက ပြောလိုက်သည်။
“ဒီလိုဖြစ်နိုင်ချေရှိမှန်း အရင်ကတည်းက တွက်ထားပြီးသားလေ” လီကျွင်းက ပြောလိုက်၏။
“ဒီနည်းနဲ့ဆိုရင် ဒီမျိုးဆက်မှာ ဘယ်သူ တာအိုသက်သေပြနိုင်မယ်ဆိုတာကို ကံကောင်းမှုက သက်ရောက်မှုရှိမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ ဂိုဏ်း၏ မှတ်တမ်းများအရ ကောင်းကင်အလိုဆန္ဒတိုက်ပွဲနှင့် ပတ်သက်ပြီး အမျိုးအစားများစွာ ရှိလေသည်။ အတွေ့ရအများဆုံးက အားလုံးက တိုက်ခိုက်ပြီး အချိန်တစ်ခုကြာလျှင် ကောင်းကင်အလိုဆန္ဒ ပေါ်ထွက်လာမည်ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်သူများက ထိုအရာကို ရယူဖို့ ကြိုးစားကြရမည်။ ဤနည်းလမ်းဖြင့် ကံကောင်းသူတချို့က ကောင်းကင်အလိုဆန္ဒနှင့် နီးကပ်နိုင်ပြီး နောက်ဆုံးသော အနိုင်ရရှိသူဖြစ်ဖို့ ကံကောင်းလာနိုင်သည်။ သို့သော်လည်း သူတို့က မပေါ်ထွက်လာခင်အချိန်အထိ အသက်ရှင်ရမည်။
ဤသည်က ဝမ်ချန်၏ မျိုးဆက်အတွင်း ဖြစ်ပျက်ခဲ့သလိုမျိုး ဖြစ်၏။ နောက်ဆုံးသော လူငါးယောက် ကျန်ရှိသည့်အခါ ကောင်းကင်အလိုဆန္ဒက ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သေချင်ယောင်ဆောင်နေသည့် နေမင်းကိုးစင်းဧကရာဇ်က ရုတ်ချည်း ပေါ်ထွက်လာကာ ကျန်ရှိနေသည့် ပြိုင်ပွဲဝင်များအပေါ် အားကောင်းသည့် ပုံရိပ်ယောင်ကို ထုတ်လွှတ်ခဲ့ပြီး ကောင်းကင်အလိုဆန္ဒကို ရယူသွားခဲ့သည်။
နောက်ထပ် အမျိုးအစားကမူ နောက်ဆုံးတစ်ယောက် ကျန်ရှိသည်အထိ တိုက်ခိုက်ခြင်း ဖြစ်၏။ နာမည်အတိုင်း ကောင်းကင်အလိုဆန္ဒက ပြိုင်ပွဲဝင်များ သေဆုံးခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်း မဖြစ်သည်အထိ ပေါ်ထွက်လာမည် မဟုတ်ပေ။ ကောင်းကင်အလိုဆန္ဒက နောက်ဆုံးသူ၏ လက်ထဲတွင် ပေါ်ထွက်လာလိမ့်မည်။
ဤသို့သော အမျိုးအစားအတွက် ကံကောင်းမှုက အသုံးမဝင်ဘဲ နည်းဗျူဟာနှင့် အင်အားကသာ အဓိက ဖြစ်သည်။ ဤသို့သော တိုက်ပွဲအမျိုးအစားက အရက်စက်ဆုံးဖြစ်ကာ အမြင့်ဆုံးအရည်အသွေးရှိသည့် မဟာဧကရာဇ်ကို မွေးထုတ်ပေးနိုင်သည်။
“စည်းမျဉ်းတွေက ပိုပြီးရက်စက်လိမ့်မယ်လို့ ထင်ထားတာ” ထျဲ့ကန်က ပြိုင်ပွဲဝင်များသည် လက်လျှော့ကာ ကာကွယ်မှုကို ရယူနိုင်ကြောင်း စည်းမျဉ်းကို ကြည့်ကာ ပြောလိုက်သည်။ သို့သော်လည်း သူတို့က တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်သလို ကောင်းကင်အလိုဆန္ဒကိုလည်း ရယူနိုင်မည် မဟုတ်ပေ။ ထို့အပြင် ပြိုင်ပွဲဝင်များက မသေဆုံးခင် တိုက်ပွဲအလယ်တွင် လက်လျှော့၍ မရပေ။
ဝမ်ဝေ့က ထိုစည်းမျဉ်း၏ အကြောင်းအရင်းကို နားလည်ထား၏။ ကောင်းကင်တာအိုက ကောင်းကင်ရွေးချယ်ခံအများစုကို တတ်နိုင်သမျှ ကယ်တင်လိုသည်။ ပြောရလျှင် အများစုက ထာဝရဧကရာဇ်ဖြစ်လာဖို့ အလားအလာရှိနေသည် မဟုတ်ပါလော။
“သခင်လေး ဝူမင်က ကျွန်မတို့ကို လျှို့ဝှက်အချက်ပြ ပို့လာတယ်” ဝမ်ကျူက အံ့ဖွယ်အသိစိတ်မှတဆင့် ပြောလိုက်သည်။
“အခု သူ့ကို လျစ်လျူရှုထားလိုက်။ အခု ငါတို့ကို ကြည့်နေတဲ့ မျက်လုံးတွေများတယ်”
“ကျွန်မတို့ဝင်ပြီးတဲ့နောက်မှာ သူ့ကို တိတ်တဆိတ် ဆက်သွယ်လိုက်ပါ့မယ်”
“ကောင်းပြီ။ ဒါပေမဲ့ သူ သစ္စာဖောက်နိုင်ချေရှိတော့ သတိထားဦး”
ဝမ်ဝေ့က ဝူမင်၏ ရည်ရွယ်ချက်သည် သူ့စွမ်းအားကို ဌားကာ မူလသင်္ကေတနန်းဆောင်ကို ဖျက်ဆီးပြီး သူ့ဘိုးဘေးအတွက် လက်စားချေပေးဖို့ ဖြစ်ကြောင်း သိထားသည်။ သူက ထိုသူကို ကူညီပေးဖို့ စိတ်ထဲ မထားပေ။ လက်ရှိမူလသင်္ကေတနန်းတော်က မည်မျှပင် အားနည်းစေကာမူ ရှေးဟောင်းဧကရာဇ်ခေတ်ကာလမှ ဘိုးဘေးတစ်ယောက် တည်ထောင်ထားခဲ့သည့် ဧကရာဇ်မျိုးနွယ် ဖြစ်နေဆဲဖြစ်၏။
အသင်္ချေအင်ပါယာကမ္ဘာ၏ အစီအရင်တာအိုကို ပြန်လည်ဖန်တီးခဲ့သည့် ကံကြမ္မာက ဂိုဏ်းအပေါ် အမြောက်အများ အကျိုးကျေးဇူး ရှိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဖြစ်နိုင်ချေရှိသည့် သစ္စာဖောက်မှုအတွက် သတိကြီးကြီးထားဖို့ လိုအပ်နေသည်။
ဘန်း
အဖွဲ့ရှေ့တွင် ဧရာမအဖြူရောင် အာကာပြင်မုခ်ပေါက်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူတို့၏ ဝင်ခွင့်အမှတ်အသားပြားက အားလုံးရှေ့မှောက် ပေါ်ထွက်လာပြီး တောက်ပသည့် အလင်းတန်းများ ထုတ်လွှတ်လာသည်။
နောက်ဆုံးတော့…
ပြိုင်ပွဲဝင်များက တစ်ယောက်ပြီးတစ်ယောက် ထိုမုခ်ပေါက်အတွင်း ဝင်ရောက်သွားကြသည်။ ဝမ်ဝေ့တို့အဖွဲ့လည်း အပါအဝင် ဖြစ်၏။
“ဒါက တိုက်ပွဲကွင်းပြင်လား” ဝမ်ဝေ့နှင့် တခြားသူများက ရေရွတ်လိုက်ကြသည် သူတို့က မည်သူ့ကိုမှ မမြင်နိုင်သည့် လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ သူတို့က ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုဂြိုလ်လေထု၏ အပြင်ဘက်တွင် ပေါ်ထွက်လာကြသည်။
“အာကာပြင်ကမ္ဘာပုံစံလား။ ရှားလိုက်တာ” ယန်းလီလင်းက ဂိုဏ်း၏ မှတ်တမ်းများအရ နောက်ဆုံးသောတိုက်ပွဲ၏ ပုံစံသည် ရှားပါးကြောင်း သိလိုက်သည်။
“ဒီနေရာက ကုန်းမြေသုံးခုလောက် ကြီးမားတယ်” လီကျွင်းက ပြောလိုက်ပြီး သူက အံ့ဖွယ်အသိစိတ်ဖြင့် ဘေးပတ်လည်ရှိ ဂလက်ဆီ ထရီလီယံများစွာကို စစ်ဆေးကြည့်လိုက်သည်။
“ပြီးတော့ တခြားအရာတွေလည်း ရှိနေတဲ့ပုံပဲ”
လီကျွင်းက အာကာပြင်သည် သာမန်ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ကူးသန်းမသွားလာနိုင်လောက်အောင်အထိ ခိုင်မာကျစ်လစ်ကြောင်း ခံစားမိနေသည်။ ထို့အပြင် သူ့အံ့ဖွယ်အသိစိတ်က ဖြန့်ကျက်လို့ရသည့်အရွယ်အစားကို ကန့်သတ်ခံထားရ၏။
“ဒီနေရာက တိုက်ပွဲတစ်ခုအတွက် နည်းနည်းလွန်လွန်းမနေဘူးလား” ထျဲ့ကန်က မေးလိုက်သည်။
“အစ်ကိုကြီးနဲ့ တိထျန်းတို့ရဲ့ အင်အားကို ထည့်စဉ်းစားမယ်ဆိုရင်တော့ မလွန်လွန်းပါဘူး” လီကျွင်းက ပြောလိုက်သည်။
“ကောင်းကင်တာအိုက အရင်မျိုးဆက်ရဲ့ တိုက်ပွဲကို ပယ်ဖျက်ပြီးတော့ သူတို့ရဲ့ အထွတ်အထိပ်လမ်းစဉ်ကို ဖြတ်တောက်ခဲ့တာက ဒီမျိုးဆက်အတွက် ကံကြမ္မာကို ပိုစုဆောင်းပြီး ကမ္ဘာ့အရင်းအမြစ်များများ ထိန်းသိမ်းထားချင်လို့ပဲ” ယန်းလီလင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဒါပေမဲ့ အစ်ကိုကြီးနဲ့ တိထျန်းလိုမျိုး မူမမှန်မှုနှစ်ခုကိုတော့ ထည့်စဉ်းစားခဲ့ပုံမပေါ်ဘူး။ ဒီတိုက်ပွဲကွင်းပြင်ကို ဖန်တီးဖို့ အပိုကမ္ဘာ့အရင်းအမြစ်ကို သုံးခဲ့ရလောက်တယ်”
“အချိန်ဖြုန်းမနေဘဲ ဒီပုံစံအတွက် ပြင်ဆင်ရအောင်။ စလိုက်ကြစို့” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ တခြားသူများကလည်း သဘောတူကာ စတင်လှုပ်ရှားလိုက်ကြသည်။
ထိုဂြိုလ်ပေါ်တွင် အဖွဲ့သား သန်းရာချီ ပေါ်ထွက်လာပြီး ချိုက်စုန့်လိုမျိုး ကျွမ်းကျင်အတတ်ပညာရှင်လိုမျိုးလည်း ပါဝင်၏။
***