တိုက်ပွဲစတင်ခြင်း *
Vol. 55 Ch. 760
တာအိုအခွင့်အလမ်းဂိုဏ်း
တပည့်များနှင့် အကြီးအကဲများအားလုံးက တောင်ထိပ်တစ်ခုပေါ်တွင် စုဝေးလျက် သူတို့ရှေ့တွင် အစီအရင်တစ်ခု ရှိနေသည်။ ထိုအစီအရင်က ပိတ်ကားချပ်ကြီးတစ်ခုကို ၅ပိုင်းအဖြစ် ခွဲပြီး ပြသထား၏။ တပည့်များက တွေ့ချင်သည့်အရာကို အမြန်အဆန် ရှာလိုက်ကြသည်။
“ဒီမှာ ဒီမှာ ဂိုဏ်းချုပ်က ဒီမှာပဲ” လူတစ်ယောက်က အော်ပြောလိုက်သည်။ အကြီးအကဲများက သူ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ကြ၏။ ထိုစဉ် တခြားပိတ်ကားချပ် လေးခုက သေးငယ်သွားလေသည်။
“လင်းလက်ကြယ် စင်မြင့်ပဲ လှတယ်” တိုက်ပွဲကို ဂိုဏ်းအတွင်းရှိ တစ်နေရာမှ ကြည့်နေသည့် ဝမ်ချန်က ပြောလိုက်သည်။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ ဘိုးဘေးများကလည်း တိုက်ပွဲကို စောင့်ကြည့်နေကြ၏။
“ဟုတ်တယ်” ဝမ်ထျန်းက ပြောလိုက်သည်။ သူက တိုက်ပွဲတွင် တစ်ခါမှ မပါဝင်ဖူးသော်လည်း ဂိုဏ်း၏ မှတ်တမ်းများကို ဖတ်ရှုခဲ့ဖူးသည်။
“အရာအားလုံး အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရမှာပဲ” ယုယန်က ပြောလိုက်သည်။
အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် အင်အားစုများ သို့မဟုတ် မျိုးနွယ်စုများက တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ တချို့နေရာများတွင် အစီအရင်က ရုတ်ချည်းပေါ်ထွက်လာပြီး လေလွင့်ကျင့်ကြံသူများ သို့မဟုတ် အားနည်းသည့် ကျင့်ကြံသူများအား တစ်မျိုးဆက်လျှင် တစ်ခါသာ ရှိသည့် ဖြစ်ရပ်ကို ကြည့်ခွင့်ပေးထားသည်။
ထို့ကြောင့် ကျင့်ကြံရေးကမ္ဘာက ဤမျိုးဆက်၏ အထွတ်အထိပ်သက်ရှိရောက်ရှိလာမှုကို စောင့်ဆိုင်းရင်း တိတ်ဆိတ်နေကြသည်။
……………………………………………………………………….
ကောင်းကင်အလိုဆန္ဒတိုက်ပွဲကွင်းပြင်
လီကျွင်းနှင့် ထျဲ့ကန်တို့က သူတို့၏ လူများကို ဆင့်ခေါ်ကာ အခြေခံလေ့ကျင့်ရေးများကို ပြုလုပ်လိုက်ကြပြီး သူတို့တွင် အကောင်းဆုံးအခြေအနေရှိကြောင်း သေချာအောင် လုပ်ဆောင်လိုက်သည်။ ထိုစဉ် ယန်းလီလင်းကမူ လေထဲပျံသန်းသွားပြီး အနီးအနားရှိ ဂြိုလ်များနှင့် ကြယ်တာရာများကို စတင်ရွေ့လျားစေလိုက်သည်။ သူမက ဂြိုလ်များ၊ ကြယ်များနှင့် ကြယ်တာရာ ဖွဲ့စည်းပုံများကို အလွန်ရှုပ်ထွေးသည့်ပုံစံအဖြစ် ပြောင်းရွှေ့လိုက်သည်။ မိနစ်ပိုင်းအတွင်း သူမက ဂလက်ဆီထဲရှိ အရာအားလုံးကို ရှုပ်ထွေးသည့်ပုံစံအဖြစ် ဖွဲ့စည်းပြီး အားကောင်းသည့် အစီအရင်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။ သို့သော်လည်း သူမက မပြီးဆုံးသေးပေ။
သူမက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ ဂလက်ဆီထောင်ချီအတွက်လည်း အတူတူ လုပ်ဆောင်ခဲ့ပြီး ဆက်နွယ်နေသည့် အစီအရင်တစ်ခုအဖြစ် ဖန်တီးခဲ့သည်။
ဝမ်ဝေ့က ဖြစ်စဉ်များကို အသေအချာကြီးကြပ်နေရင်း ဝမ်ကျူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူမ၏ တကယ့်ခန္ဓာကိုယ်နှင့် ခွဲခြားမရနိုင်သည့် အရိပ်ကိုယ်ပွားကိုသာ ချန်ထားခဲ့သည်။ လီကျွင်းနှင့် ထျဲ့ကန်တို့က အစီအရင်၏ အဆုံးသတ်ဆီ သွားကာ ရန်သူကို စောင့်ဆိုင်းနေကြ၏။
နောက်ဆုံးတွင် ဝမ်ဝေ့က ဤဂြိုလ်ပေါ်ရှိ အမြင့်ဆုံးတောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။ သူက ဤတိုက်ပွဲအတွက် အကောင်းဆုံး အခြေအနေဖြစ်ဖို့ လိုအပ်နေသည်။
ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အပိုင်းလေးပိုင်းခွဲခြားထားပြီး မြောက်၊ တောင်၊ အရှေ့၊ အနောက်နှင့် အလယ်ပိုင်းဟူ၍ ဖြစ်သည်။ ဝမ်ဝေ့၏ အဖွဲ့က အရှေ့ဘက်ခြမ်းတွင် ရှိစဉ် တိထျန်းတို့က အနောက်ဘက်ခြမ်းတွင် ရှိ၏။
သူက သူ့ဦးတည်ချက်သို့ ရောက်ရှိလာပြီးသည့်နောက်တွင် ဝမ်ဝေ့ကို စောင့်ကြည့်နေခဲ့သည်။ တိကျားယင်နှင့် အစားကြူးသူတို့က တပ်ဖွဲ့ကို ဆင့်ခေါ်စဉ် ကောင်းပေါ်ချင်းက အစီအရင်ကို ခင်းကျင်းလိုက်သည်။ တစ်ခုတည်းသော ကွဲပြားချက်က သူ့အစီအရင်သည် သူ့လက်နက်၏ စွမ်းအားကို တိုးမြှင့်ပေးဖို့ ပတ်ဝန်းကျင်ရှိ ကြယ်တာရာနှင့် ဂလက်ဆီများကို စွမ်းအားအရင်းအမြစ်အဖြစ် အသုံးပြုထားလေသည်။
တိထျန်းက အကောင်းဆုံးအခြေအနေရောက်ရှိဖို့အတွက် တရားထိုင်နေသည်။
နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က သူတို့၏ နေရာသို့ ရောက်ရှိလာ၏။
တိကျားယင်က ရောက်ရှိလာသည့်သူအား ကြည့်လိုက်စဉ် ထိုသူက မီးတောက်နီဆံပင်နှင့် မျက်ဝန်းပြာရှိသည့် ရုပ်ချောချောအမျိုးသားတစ်ဦးဖြစ်ကာ သူ့ကျောပေါ်တွင် ဓားနှစ်လက် သယ်ဆောင်ထားသည်။
“မင်းက ဘယ်သူလဲ” သူမက ထိုသူသည် အိပ်စက်သူများ သတင်းအချက်အလက် မရရှိထားသည့်သူများထဲမှ တစ်ယောက်ဖြစ်သည့်အတွက် မေးလိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာ အရေးပါသေးလို့လား” နဂါးအမျက်ဒေါသဟု ခေါ်သည့် လူငယ်လေးက ပြန်ဖြေလိုက်သည်။
“အင်း ဘာပဲဖြစ်ဖြစ် မင်းက သေမှာဆိုတော့ အရေးတော့ မပါဘူးပဲ”
“ဘယ်သူ ရှံးမလဲ နိုင်မလဲ ကြည့်ကြသေးတာပေါ့” သူက မီးတောက်ပုံစံ ဖော်ထွင်းထားသည့် အနီရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
နေမင်းသန်းထောင်ချီ အမျက်ဒေါသ…
ထိုသူ၏ ဓားမှ တောက်ပနေသည့် အနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထိုတိုက်ကွက်၏ အပူချိန်က ပတ်ဝန်းကျင်ရှိ ဂလက်ဆီဒါဇင်ချီကိုပင် ပြာကျသွားစေနိုင်သည်။ သို့သော်လည်း တိကျားယင်က တည်တည်ငြိမ်ငြိမ် ကျန်ရှိနေဆဲ ဖြစ်၏။
“ဖိနှိပ်စမ်း” သူမက ပြောလိုက်စဉ် ပြင်းထန်သည့် အပူချိန်က သူမ၏ လက်ဝါးအတွင်း အနီရောင် ကျောက်မျက်ရတနာတစ်ခုအဖြစ် ဖိနှိပ်ခံလိုက်ရသည်။
“ဒါပဲလား” သူမက မေးလိုက်စဉ် နဂါးအမျက်ဒေါသက အေးအေးလူလူ အပြုအမူကို ချက်ချင်းဖယ်ရှားလိုက်သည်။
ဒီကမ္ဘာရဲ့ ကောင်းကင်ရွေးချယ်ခံတွေက အတော်လေး ထူးချွန်တဲ့ပုံပဲ…
သူက အလေးအနက် လုပ်ဖို့ မဆုံးဖြတ်ခင် တွေးလိုက်သည်။
ဘန်း
သူ့ခန္ဓာကိုယ်မှ အနီရောင် အငွေ့အသက်ထွက်ပေါ်လာပြီး သူ့စွမ်းအားကို တိုးမြှင့်ပေးလိုက်၏။
“ကျုပ်ရဲ့ ခက်ထန်ဒေါသရုပ်ခန္ဓာကို အသက်သွင်းလိုက်တာ ဂုဏ်ယူသင့်တယ်” နဂါးအမျက်ဒေါသက အသံဩဩဖြင့် ပြောလိုက်သည်။ သူက သူ့စိတ်ထဲ ဒေါသများစွာ ပေါ်ထွက်လာပြီး သူ့စွမ်းအားကို ကြောက်မက်ဖွယ် အလျင်မျိုးဖြင့် တိုးမြှင့်ပေးနေသလို ခံစားလိုက်ရသည်။ ထို့နောက် သူက ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်၏။
မီးနဂါးရဲ့ အမျက်ဒေါသ
ဧရာမမီးနဂါးတစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ထက် ဝဲပျံသွားသည်။ ထိုအရာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သဘာဝအပူချိန်က လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို မီးလောင်ပြာကျသွားစေ၏။ နဂါးက တိကျားယင်ကို ပုရွက်ဆိတ်တစ်ကောင်အလား စိုက်ကြည့်နေသည်။
“ကြီးထွားလွန်နေတဲ့ မြွေတစ်ကောင်ပဲ။ အဲဒီမျက်လုံးတွေနဲ့ ဘယ်သူ့ကို ကြည့်နေတာလဲ” တိကျားယင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလေ၏။ ထို့နောက် ထိုနဂါးသည် အာဏာရှင်တစ်ယောက်က သူ့အား ကြည့်နေပြီး သူ့ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အထိ ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။
စက္ကန့်ပိုင်းလေးအတွင်း ထိုမီးနဂါး၏ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်၏ မီးတောက်များက ပြန့်ကျဲသွားသည်။
ထို့နောက် တိကျားယင်က လူငယ်လေးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက တစ်ဖက်သူသည် အတော်လေး အားနည်းနေကြောင်း ခံစားမိ၏။ သို့သော်လည်း သူမက သတင်းအချက်အလက် လိုအပ်နေ၍ အပြောင်းအလဲများကို ကာကွယ်နိုင်ဖို့အတွက် သတိကြီးကြီးထားထားလိုက်သည်။ ထို့ကြောင့် သူမက စောင့်ဆိုင်းလိုက်၏။
နဂါးအမျက်ဒေါသက သူ့ကျင့်ကြံရေးခရီးလမ်း စတင်ကတည်းက အကြီးမားဆုံးစိန်ခေါ်မှုနှင့် တွေ့ဆုံခဲ့ရကြောင်း ချက်ချင်းသိလိုက်သည်။ သူက တုံ့ဆိုင်းမနေတော့ဘဲ မီးနဂါးနှလုံးသားကို အသက်သွင်းလိုက်သည်။
သူ့ဆံပင်များက မီးတောက်အဖြစ် ပြောင်းလဲသွားကာ သူ့မျက်ဝန်းက သွေးနီရောင်ဖြစ်လာပြီး လည်ပင်းမှ သွေးကြောများ ထောင်တက်လာသည်။ သူ မြင့်တက်လာရသည့် တစ်ခုတည်းသော အကြောင်းအရင်းက မီးနဂါးနှလုံးသားကို ရယူကာ စုပ်ယူနိုင်ခဲ့၍ ဖြစ်သည်။
မီးတောက်က ထိုနှလုံးသားက မီးတာအိုနှင့် သူ့ဆက်နွယ်မှုကို တိုးမြှင့်ပေးပြီး သူ့ကောင်းကင်ရုပ်ခန္ဓာ အသက်သွင်းနိုင်သည့် စွမ်းအားကိုပါ မြင့်တက်လာစေသည်။ ကံဆိုးစွာဖြင့် ဆိုးကျိုးကမူ သူ့အနေဖြင့် သူ့စိတ်ကို မထိန်းချုပ်နိုင်ဘဲ ကြမ်းတမ်းခက်ထန်သည့် အနေအထားသို့ ဝင်ရောက်သွားလေ့ရှိသည်။
နဂါးအမျက်ဒေါသက ဘယ်ညာနှစ်ဖက်လုံးသန်ကာ မွေးဖွားလာသူဖြစ်သည့်အတွက် ဓားနှစ်လက်ကို လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် သူက ရေခဲ သို့မဟုတ် ယင်တာအိုကို သူ့မီးတောက်တာအိုနှင့် မျှခြေညီဖို့ ရွေးချယ်ခဲ့သည်။
ထို့ကြောင့် သူက ဒုတိယဓားကို ထုတ်ယူလိုက်သည်နှင့် သူ့စိတ်က ချက်ချင်းဆိုသလို အေးချမ်းသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။ ထို့နောက် သူက တိုက်ခိုက်လိုက်သည်။
တိကျားယင်က ကမ္ဘာကြီးသည် နှစ်ပိုင်းပြောင်းလဲသွားပြီး တစ်ဖက်က အနက်ဖြစ်ကာ တစ်ဖက်က အဖြူ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ အနက်ဘက်အခြမ်းက အေးစက်နေပြီး အဖြူဘက်အခြမ်းကမူ အင်မတန် ပူလောင်နေသည်။
“မီးတောက်နဲ့ ရေခဲတာအိုလား။ အင်း အဲ့လောက် မရိုးရှင်းဘူးပဲ။ အအေးဓာတ်က အမှောင်ထုကို အထူးပြုထားပြီးတော့ အပူက အလင်းကို ထွေးပွေ့ထားတယ်ဆိုတော့ ယင်ယန် တာအိုလား” သူမက ရေရွတ်လိုက်သည်။ သို့သော်လည်း သူမ၏ ကောက်ချက်ချမှုက အပြည့်အဝ မမှန်ကန်ကြောင်း ခံစားမိ၏။
တိကျားယင်က အလေးအနက် မလုပ်ခင် ခေတ္တမျှစောင့်ကြည့်လိုက်သည်။
အာဏာရှင်၏ လွှမ်းမိုးမှု
သူမ၏ လက်တစ်ချက်အဝှေ့တွင် ရေခဲ၊ မီး၊ အလင်းနှင့် အမှောင်ထု၏ စွမ်းအားက သူမ အလိုရှိသလို ပြောင်းလဲသွားကာ သူမထံ အညံ့ခံလာကြသည်။ ထို့နောက် သူမက နဂါးအမျက်ဒေါသ၏ ပိုင်နက်နည်းစနစ်ကို ချေမွပစ်လိုက်၏။
ဝုန်း
တန်ပြန်သက်ရောက်မှုက လူငယ်လေးအား သွေးတစ်ပွက်အန်သွားစေပြီး သူ့မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။ ထူးဆန်းသည်က သူ့အရှိန်အဝါ တိုးမြင့်လာပြီး သူ့မျက်ဝန်းမှ အနီရောင်ကလည်း ပို၍နက်ရှိုင်းလာသည်။
နဂါးအမျက်ဒေါသ၏ ဒေါသပုန်ထမှုက သူ့ဒဏ်ရာများကြောင့် ပိုမိုတိုးမြင့်သွားကာ သူ့ရုပ်ခန္ဓာကို ပိုမိုအားကောင်းသွားစေသည်။ သို့သော်လည်း သူက အကျိုးသင့်၊ အကြောင်းသင့် ဆင်ခြင်နိုင်စွမ်း စတင်ဆုံးရှုံးလာရသည်။
မဟုတ်သေးဘူး။ ငါ တည်ငြိမ်အောင် ထိန်းထားရမယ်…
သူ့အသိစိတ်ပင်လယ်အတွင်း အေးစက်စက် ခံစားချက်တစ်ခု ဝင်ရောက်လာကာ ချက်ချင်းဆိုသလို ပြန်လည်ထိန်းနိုင်လိုက်သည်။
“မင်းက ထူးခြားတယ်လို့ ထင်နေတာ။ ဒါပေမဲ့ အဲ့လိုမဟုတ်တဲ့ပုံပဲ။ ကဲ ဒီကလေး ကစားပွဲကို အဆုံးသတ်လိုက်ရအောင်” တိကျားယင်က ပြောလိုက်သည်။
အာဏာရှင်လွှမ်းမိုးရေး ကောင်းကင်လက်သီးချက်
သူမက လက်သီးဖြင့် ထိုးချလိုက်စဉ် နဂါးအမျက်ဒေါသကို အသားစိုင်အရည်အဖြစ် ပြောင်းလဲပစ်နိုင်သည့် ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာသည်။ သူ့မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ သူ့ရင်ဘတ်ရှေ့တွင် ဓားကို ကာလျက် တားဆီးလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းနှင့် အမှောင် စွမ်းအားထွက်ပေါ်လာပြီး တိုက်ကွက်ကို တားဆီးလိုက်၏။
ဘန်း
တိုက်ကွက်၏ အင်အားက ဖျက်ဆီးခံလိုက်ရသည့် ဂလက်ဆီများမှ အပြိုအပျက်များကို တွန်းလွှတ်လိုက်သည်။
“မင်းက မသေသေးဘူးလား” တိကျားယင်က သွေးများ ပေပွနေသည့် လူငယ်လေးကို ကြည့်ကာ မေးလိုက်သည်။
“မင်းက ခုခံဖို့ ယင်ယန်တာအိုကို အသုံးပြုခဲ့တာလား” သူမက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာ၏။
“မဟုတ်သေးဘူး။ မင်းရဲ့ အဓိကတာအိုက မျှခြေညီမှုပဲ။ မင်းက မီးတောက်နဲ့ ရေခဲပေါင်းစပ်ပြီးတော့ ပြောင်းလဲတာကို ကျင့်ကြံမဲ့အစား ဒီဆန့်ကျင်ဘက်စွမ်းအားနှစ်ခု တည်တည်ငြိမ်ငြိမ် ကျန်ရှိစေမဲ့ မျှခြေညီစွမ်းအားအပေါ် အာရုံစိုက်ထားတယ်။ အဲဒါအပြင် မင်းရဲ့ မျှခြေတာအိုကိုပါ ဆင့်ကဲပြောင်းလဲထားတယ်”
တိကျားယင်က ထိုထူးကဲလှသည့် တာအိုကြောင့် အံ့အားသင့်သွားမိသည်။ ကျင့်ကြံသူအများစုက ဆန့်ကျင်ဘက် အင်အားနှစ်ခုကိုပေါင်းစည်းခြင်းပါဝင်သည့် ယင်ယန်တာအိုကိုသာ အလေးထားလေ့ ရှိသည်။ သို့သော်လည်း ထိုသူက မျှခြေတာအိုကို ရွေးချယ်ခဲ့ပြီး ယင်ယန်တာအိုထက် ကျော်လွန်သည့် ကိစ္စများစွာကို ထိန်းချုပ်နိုင်ခွင့် ပြုထားလေသည်။ အလင်းနှင့် အမှောင်ထုလိုမျိုး ဖြစ်၏။
နဂါးအမျက်ဒေါသက အမူအရာ ပျက်ယွင်းနေလေသည်။ နောက်ဆုံးမိနစ်တွင် သူက မျှခြေညီတာအိုကို အသုံးပြုကာ သူ့ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပြီး တစ်ဖက်သူ၏ တိုက်ကွက်ကို လျှော့ချခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူက သေဆုံးလုနီးပါး ဖြစ်ခဲ့ရ၏။
“မင်းရဲ့ တာအိုက စိတ်ဝင်စားဖို့ ကောင်းပေမဲ့ မင်းက အားနည်းလွန်းတယ်”
တိကျားယင်က အချိန်မဖြုန်းဘဲ လက်သီးဖြင့် ထပ်မံ ထိုးချလိုက်သည်။
နဂါးအမျက်ဒေါသက လက်သီးချက် သူ့ဆီ ကျရောက်လာသည်ကို မြင်သည့်အခါ အမူအရာ ပိုမိုပျက်ယွင်းသွား၏။ ထိုအရာ ထိမှန်လိုက်သည်နှင့် သူ့ကံကြမ္မာမည်သို့ ဖြစ်သွားမည်ကို ကောင်းကောင်းသိနေသည်။
ငါ အလိမ်ခံလိုက်ရပြီ…
သူက သူ့မျက်စိအတွင်း သူ့ဘဝအကြောင်း ပြန်လည်တွေးတောမိသွားသည်။ သူက တခြားကမ္ဘာ့အသိုက်အဝန်းမှ ဖြစ်၏။ သူ့ကောင်းကင်ရုပ်ခန္ဓာ၊ နဂါးနှလုံးသား၊ ဓားနှစ်လက်နှင့် မျှခြေညီတာအိုတို့ဖြင့် သူ့မျိုးဆက်ကို ဖိနှိပ်ထားပြီး တာအိုကို သက်သေပြနိုင်ချေ အမြင့်ဆုံးသူ ဖြစ်ခဲ့သည်။ သူက လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း အားကောင်းသည့် ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံအားလုံးကို အနိုင်ပိုင်းနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့၏။ သို့သော်လည်း သိပ်မကြာခင် သူက ကမ္ဘာ၏ နာမည်အကျော်ကြားဆုံး ဂမ္ဘီရပညာရှင်နှင့် တွေ့ကာ သူက ထာဝရဧကရာဇ် ဖြစ်လာနိုင်လားဟု မေးခဲ့သည်။ သူက အဖြေ မရရှိနိုင်မှန်း သိထားသော်လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။
ဂမ္ဘီရပညာရှင်က သူတို့ကမ္ဘာသည် ထာဝရဧကရာဇ်၏ ကံကြမ္မာ မရှိသည့်အပြင် သူ့ပါရမီက ထာဝရဧကရာဇ်ဖြစ်လာဖို့ မလုံလောက်ကြောင်း ပြောပြခဲ့သည်။
နဂါးအမျက်ဒေါသက မပျော်ရွှင်သော်လည်း ထာဝရဧကရာဇ်ဖြစ်လာဖို့ မည်မျှခက်ခဲကြောင်း သိထားလေသည်။ ထို့ကြောင့် သူက ထာဝရဧကရာဇ် မည်သို့ ဖြစ်လာနိုင်ကြောင်း ထပ်မံမေးမြန်းခဲ့၏။
အဖြေက ကံကြမ္မာပြည့်နှက်နေသည့် တခြားကမ္ဘာအသိုက်အဝန်းသို့ သွားဖို့ရာ ဖြစ်သည်။ ဂမ္ဘီရပညာရှင်က သူ့အား အသင်္ချေအင်ပါယာကမ္ဘာ၏ တည်နေရာကို ပေးကာ အားနည်းကာ ပြိုလဲလုနီးပါးဖြစ်နေသည့် ဧကရာဇ်မျိုးနွယ်မှ အမှတ်အသားပြားကို ရယူဖို့ ပြောခဲ့သည်။
ဤနေရာသို့ ရောက်ရှိလာပြီးသည့်နောက်တွင် သူက အမှတ်အသားပြားနှင့် ပုန်းအောင်းနေသည့် ကောင်းကင်ရွေးချယ်ခံကို ရှာဖွေတွေ့ရှိလောက်အောင် ကံကောင်းခဲ့၏။ သူက ထိုသူကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည့်အတွက် ယုံကြည်ချက် ပိုမိုမြင့်မားလာရသည်။
အမှတ်အသားပြားနှင့် ဝင်ခွင့်အမှတ်အသားပြားကို ရယူပြီးသည့်နောက်တွင် သူက တိုက်ပွဲအတွက် ပြင်ဆင်ဖို့ သီးသန့်ကျင့်ကြံခဲ့သည်။
သို့သော် ယခုတွင် သူက သေခြင်းတရား သူ့ဆီ ချဉ်းကပ်လာသည်ကိုသာ ကြည့်နေရ၏။ ထိုဂမ္ဘီရပညာရှင်က သူ့အား လိမ်လည်လိုက်သည်ကို သိလိုက်သည်။ ထိုသူက တခြားသူများ တာအိုကို သက်သေပြနိုင်ခွင့်ပေးဖို့ သူ့အား အဝေးသို့ စေလွှတ်ခဲ့သည် ဖြစ်ကြောင်း သိလိုက်သည်။
“ငါ မသေချင်ဘူး။ ငါ မုန်းတယ်”
ဘန်း
နဂါးအမျက်ဒေါသက သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားကာ သူ့ဝိညာဉ်က ပြန့်ကျဲသွားပြီး ကမ္ဘာကြီးမှ ပျောက်ကွယ်သွားသည်။
“ဒီလူက အလကားနေရင်း အချိန်ဖြုန်းနေတာပဲ” တိကျားယင်က ပြောလိုက်သည်။ ထိုသူက စစ်သူကြီး သို့မဟုတ် တပ်မဟာ မရှိဘဲ ဤနေရာသို့ တစ်ယောက်ထဲ ရောက်လာသည့်အတွက် ဝှက်ဖဲတချို့ ရှိထားလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း ထိုသူက စိတ်ကြီးဝင်လွန်းနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။
အဲဒါဆိုရင် မူလနည်းစနစ် ကျင့်ကြံတဲ့သူတိုင်းတော့ မဖြစ်နိုင်ဘူး။ တခြားကမ္ဘာ့အသိုက်အဝန်းကများလား။ အဲဒါဆိုရင် ဒီကမ္ဘာကို ဘယ်လိုလုပ် ဝင်လာတာလဲ…
သူမက ဤကမ္ဘာကြီးသည် တစ်ဖက်ပိတ်အခြေအနေ ဖြစ်နေသည့်အတွက် တွေးလိုက်မိသည်။ ကြည့်ရတာ ကောင်းကင်တာအိုလက်ချက်ပဲ နေမယ်။ တခြားကမ္ဘာ့အသိုက်အဝန်းက ပါရမီရှင်တွေကို ခိုးဖို့ ကြိုးစားနေတာ…
သူမက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ဂရုမစိုက်တော့ပေ။
***