ရက်စက်သည့် တိုက်ပွဲကွင်းပြင် *
Vol. 55 Ch. 761
အလယ်ပိုင်းနေရာ
ယွီကျူးက ကိုယ်ဖျောက်ထားလျက် လူနှစ်ယောက်တိုက်ခိုက်နေသည်ကို ကြည့်နေလေသည်။ ထိုလူနှစ်ယောက်က အမျိုးသမီးနှင့် အမျိုးသားတစ်ယောက် ဖြစ်၏။ အစီအရင်များ၏ ထောက်ပံ့ပေးမှုကြောင့် ထိုသူနှစ်ဦးက ထိပ်တိုက်တွေ့ဆုံရင်း သူတို့၏ အဖွဲ့သားများက တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နေကြသည်။
အမျိုးသမီးက ဓားသမားတစ်ယောက် ဖြစ်သော်လည်း သူမက သန့်စင်သည့် ဓားလမ်းစဉ်ကို မလိုက်ဘဲ လေတာအိုဖြင့် ပေါင်းစပ်ထားသည့် ဓားရေးကိုသာ အသုံးပြုလေသည်။ ထို့ကြောင့် ဓားချက် တစ်ချက်ချင်းစီတွင် လေဓားချက်က သူမလမ်းတွင် ရှိသမျှ အရာအားလုံးကို ပိုင်းဖြတ်ပစ်၏။
ထိုစဉ် အမျိုးသားကမူ သမာသမတ်တာအိုကို ကျင့်ကြံပြီး သူ့ဝန်းကျင်တွင် ပညာရှင်ဆန်ဆန် အငွေ့အသက်မျိုး ရှိနေလေသည်။ သူက စုတ်တံကို တာအိုသက်သေပြပစ္စည်းအဖြစ် အသုံးပြုပြီး ဝှေ့ယမ်းလိုက်စဉ်တိုင်းတွင် သမာသမတ်ချီက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကိုပင် ရွှေရောင်ပြောင်းလဲသွားစေသည်။
အမျိုးသမီးအနေဖြင့် သူမ၏ ဓားချက်များက မြန်ဆန်ကာ ကြမ်းတမ်းလှသည့်အတွက် အရေးသာချက် ရနေသည်။ ထိုစဉ် ပညာရှင်၏ အဓိကအရေးသာချက်ကမူ သူ့သမာသမတ်ချီကို အသုံးပြုကာ စိတ် သို့မဟုတ် ဝိညာဉ်ကို ဖိနှိပ်ထားဖို့ ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုသို့သော တိုက်ကွက်မျိုးက မိစ္ဆာကျင့်ကြံသူများ၊ နတ်ဆိုးမျိုးနွယ် သို့မဟုတ် ကံကြွေးများပြားသည့်သူများအပေါ်သာ သိသိသာသာ သက်ရောက်မှုရှိ၏။
ထိုအမျိုးသမီးက အပြစ်ကင်းသည့်သူ မဟုတ်သော်လည်း ပညာရှင်၏ စွမ်းရည်အလုပ်ဖြစ်နိုင်သည့်သူများအတွင်း မပါပေ။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အမျိုးသမီးက အရေးသာချက် များလာကာ ပညာရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖြစ်တည်လာသည်။
ပညာရှင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအပြုအမူက သူ့ဟန်ပန်နှင့် မကိုက်ညီလှပေ။ သူက လက်ချောင်းများက ကြယ်တာရာလောက် ကြီးမားပြီး လက်ဝါးချက်က ဂလက်ဆီကိုပင် ကိုင်စွဲထားနိုင်လောက်သည့် ဧရာမလူသားကြီးအသွင် ပြောင်းလဲသွားသည်။ သူ့လက်နက်ကလည်း သူနှင့် လိုက်ဖက်ညီအောင် အရွယ်အစား ပြောင်းလဲလာ၏။
“ဧကရာဇ်ခန္ဓာလား။ ငါ့မှာလည်း ရှိတယ်” အမျိုးသမီးက ဧရာမလူသားအဖြစ် ပြောင်းလဲပြီး ပြောလိုက်သည်။ ထို့နောက် ပညာရှင်ကဲ့သို့ သူမ၏ စွမ်းအားကလည်း သိသိသာသာ တိုးမြှင့်လာသည်။
အမျိုးသမီးက ဓားကို ဝှေ့ယမ်းလိုက်ပြီး လေတာအို၏ အရှိန်ကဏ္ဍကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ပညာရှင်က မတုံ့ပြန်နိုင်ခင် သူ့ ဘယ်ဖက်လက်က ဖြတ်တောက်ခံလိုက်ရသည်။
“မင်း” ပညာရှင်က ပြောလိုက်သည့်အခါ စကြဝဠာအနှံ့ပင် အသံက ပဲ့တင်ထွက်သွားဟန်ပေါ်သည်။
“ရှင့်ရဲ့ ဧကရာဇ်လမ်းကြောင်းက ဒီမှာ အဆုံးသတ်ပြီ” အမျိုးသမီးက ဓားကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
သို့သော်လည်း ပညာရှင်၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည့်အတွက် သူမက နှလုံးခုန်မြန်လာမိသည်။ သူမက သေခြင်းတရား အငွေ့အသက်ကို ခံစားမိလိုက်၏။ သို့သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။
ပညာရှင်၏ အနောက်ဖက်မှ ခရမ်းရောင်မီးခိုးငွေ့တစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီးကို လွှမ်းခြုံသွားလေသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်အနှံ့ စက္ကန့်ပိုင်းလေးအတွင်း ခရမ်းရောင် အစက်အပြောက်များစွာ ပေါ်ထွက်လာသည်။
“ငါ့ကို အဆိပ်ခတ်တယ်လား။ ရှင်တို့ပညာရှင်တွေက သမာသမတ်ကျမှာ မဟုတ်ဘူးလား” သူမက အံကြိတ်ကာ ပြောလေသည်။
“သမာသမတ်ကျဖို့လား။ မသေနိုင်စွမ်းနဲ့ ယှဉ်လိုက်ရင် အဲဒါတွေက ဘာအရေးပါမှာလဲ” ပညာရှင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ငါ မဟာဧကရာဇ် ဖြစ်လာပြီးရင် ဘယ်သူကများ ငါ့ကို လှောင်ပြောင်ရဲဦးမှာလဲ”
အမျိုးသမီးက အံကြိတ်လိုက်ပြီး သူမ၏ အသက်ဓာတ်ဖြည်းဖြည်းချင်း လွင့်ပြယ်နေသည်ကို ခံစားမိလိုက်သည်။ အဆိပ်က ပြင်းထန်လွန်းလှသည့်အတွက် သူမ၏ ဝိညာဉ်၊ အံ့ဖွယ်ပင်လယ်နှင့် တာအိုသစ်ပင်အထိ ပျံ့နှံ့လာသည်။ သူမက နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကာ ဖယ်ရှားခဲ့သော်လည်း ဖြစ်စဉ်ကိုသာ ပိုမို တိုးမြှင့်သွားစေသည်။ ထို့ကြောင့် သူမက အသက်မရှင်နိုင်တော့မှန်း သိလိုက်၏။
ဓားသမားက မလိုလားပေ။ ထိပ်ဆုံးကို ရောက်ဖို့ ထပ်ခါထပ်ခါ ရုန်းကန်ကျင့်ကြံပြီးသည့်နောက်တွင် သူမက တခြားသူ၏ လမ်းအတွက် ခြေနင်းတုံး ဖြစ်လာရသည်။
ထိုအရာကို တွေးမိကာ သူမက ပညာရှင်အပေါ် အမုန်းတရားက ကြီးမားလာပြီး သူမ၏ မျက်ဝန်းအထက် ရက်စက်သည့်အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
ဝုန်း
အမျိုးသမီးက သူမ၏ အစီအရင်များနှင့်အတူ ဖောက်ခွဲပစ်လိုက်ပြီး ဧရာမတွင်းနက်ကြီးများ ပြိုလဲသွားသည်နှင့်ပင် ယှဉ်နိုင်သည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
“မဖြစ်ဘူး” ပညာရှင်က အော်ပြောလိုက်သော်လည်း အသုံးမဝင်ပေ။ ထိုအမျိုးသမီးက ရက်စက်လွန်းလှသည့်အတွက် သူမ၏ တပ်မဟာနှင့် စစ်သူကြီးများကိုပင် ပေါက်ကွဲစေခဲ့ပြီး ပညာရှင်ကို အသေသတ်ခဲ့သည်။
ထို့ကြောင့် ထိုသူနှစ်ဦးက ရက်စက်လှသည့် တိုက်ပွဲကွင်းပြင်အတွင်း သေဆုံးသွားကြပြီး သူတို့၏ဇာတ်ကြောင်းက တခြားတစ်ယောက်၏ ဒဏ္ဍာရီတွင် နောက်ခံ ဖြစ်လာလိမ့်မည်။
“ခရမ်းရောင်ဖားရဲ့ အဆိပ်လား။ ဒီလိုအရာမျိုးက ဒိုင်မေးရှင်းအနိမ့်မှာ ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး” ယွီကျူးက ရေရွတ်လိုက်သည်။ သူက ထိုသူများ၏ ကံကြမ္မာကို ဂရုမစိုက်ဘဲ ပညာရှင် အသုံးပြုသွားသည့် အဆိပ်ကိုသာ စိတ်ဝင်စားနေသည်။
ခရမ်းရောင်ဖားက ဒိုင်မေးရှင်းအမြင့်တွင် မွေးဖွားသည့် ပင်ကိုသက်ရှိတစ်မျိုး ဖြစ်ပေသည်။ သူတို့၏ အဆိပ်စည်းမျဉ်းက အားကောင်းကာ နာမည်ကျော်ကြားလှ၏။ သူတို့အထွတ်အထိပ်တွင် ရှိစဉ်အခါက သူတို့သည် ကောင်းကင် ယွမ်ထီ(အဆင့် ၁၂)နှင့် စံပြများစွာပင် ရှိခဲ့ဖူးသည်။
ကံဆိုးစွာဖြင့် သူတို့က ကျိန်စာကို ကျင့်ကြံသည့် အဆုံးစွန်မဲ့ စံပြတစ်ယောက်ကို ရန်စခဲ့မိ၏။ ထိုသူက တစ်မျိုးနွယ်စုလုံး၏ သွေးမျိုးဆက်အပေါ် ကျိန်စာထားပြီး သူတို့အား ပင်ကိုသက်ရှိမှ ဟော်သဲ့သက်ရှိအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
လက်ရှိ ထိုခရမ်းရောင်ဖားမျိုးနွယ်၏ အမြင့်ဆုံးကျင့်ကြံသူက သူတို့၏ မျိုးဆက်ကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့်သာ ဖြစ်၏။ သို့သော်လည်း သူတို့၏ အဆိပ်က နာမည်ကျော်ကြားနေဆဲဖြစ်ကာ ထိုအဆိပ်ကို မြင့်မားသည့်အဆင့်အဖြစ် ပြုစုပျိုးထောင်နိုင်သည့်အတွက် ရှားပါးအရင်းအမြစ်အဖြစ် သတ်မှတ်ခံထားရသည်။
ခရမ်းရောင်ဖားမျိုးနွယ်က လမင်းခုနစ်စင်း၏ အမိန့်အရ တားမြစ်ခံပစ္စည်းတစ်ခု ဖြစ်ပေသည်။ ပြောရလျှင် တစ်စုံတစ်ယောက်က သူတို့၏ အဆိပ်ကို အဆင့်၁၂ အထိ ပြုစုပျိုးထောင်ပြီး စံပြတစ်ယောက်အပေါ် အသုံးပြုခဲ့ပါက အင်မတန် အန္တရာယ်များပေသည်။
ယွီကျူးက ကျန်ရှိနေသည့် အဆိပ်ကို ကြည့်ကာ မယူရဲပေ။ ခရမ်းရောင်ဖားက ထိုအဆိပ်ကြောင့် သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့၏ ခေါင်းဆောင်တစ်ယောက်က သွေးနဂါးစံပြ၏ အစေခံဖြစ်လာဖို့ရာအထိ ဉာဏ်ကောင်းခဲ့သည်။
ရလဒ်အနေဖြင့် သူတို့က ထိုစံပြအတွက် အဆိပ်ထုတ်လုပ်ပေးသည်။ ထိုသို့ဆိုလျှင်ပင် သူတို့က သူတို့၏ မျိုးနွယ်ထဲ ဧကရာဇ်တစ်ယောက်ရှိဖို့ ခွင့်ပြုထားခြင်း မခံရပေ။
ထိုတိုက်ပွဲကွင်းပြင်ကို ကြည့်ကာ ယွီကျူးက တခြားသူများကို ကြည့်လိုက်သည်။ အချိန်တိုအတွင်း တိုက်ပွဲကွင်းပြင်တွင် ကိစ္စများစွာ ဖြစ်ပွားသွားပြီး ပါရမီရှင်များစွာ သေဆုံးသွားလေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက တခြားနေရာများဆီ သွားပြီးသည့်နောက် မြောက်ပိုင်းဆီ ပြန်လာလိုက်သည်။
“ဘယ်လိုလဲ” ကပ်ပါးက မေးလိုက်သည်။
“ငါတို့ရဲ့ အစီအစဉ်အရ မြောက်ဖက်၊ တောင်ဖက်နဲ့ အလယ်ပိုင်းမှာ စီစဉ်ပြီးသွားပြီ။ အရှေ့နဲ့ အနောက်ကိုတော့ ဖယ်ထားတယ်”
ကပ်ပါးက ခေါင်းညိတ်လိုက်၏။
“အဲဒီနှစ်ယောက်က ငါတို့ရဲ့ နည်းလမ်းတွေကို သတိထားမိဖို့ မဖြစ်နိုင်ပေမဲ့ ကြိုတင်သတိထားတာတော့ အကောင်းဆုံးပဲ။”
ထိုနေရာများတွင် သူတို့စီစဉ်ထားသည့် နည်းလမ်းက စံပြများက ဒိုင်မေးရှင်းအနိမ့်ရှိ တာဝန်အတွက် ပေးထားသည့် ဝှက်ဖဲထဲမှတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က ဝမ်ဝေ့နှင့်တိထျန်းပင် အာရုံခံနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်ချက် ရှိနေ၏။ စံပြများက အနာဂတ်ကို ကောက်ချက်ချဖို့ အရင်းအမြစ်များစွာ အသုံးပြုခဲ့ပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၏ စည်းမျဉ်းတချို့ကို မှန်းဆနိုင်ခဲ့ကာ သူတို့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် မည်သည့်အရာကို ပြောင်းလဲရမည်မှန်း သိထားခဲ့သည်။
ယွီကျူးက ရေးဆွဲသူ အစီအရင် ထိန်းချုပ်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။
“သေဆုံးမှုများပြားလာတာနဲ့ ငါတို့တွေက စွမ်းအားအများကြီး စုဆောင်းနိုင်လိမ့်မယ်”
“အခု မေးခွန်းက ငါတို့တွေ ဘယ်သူ့ကို တိုက်ခိုက်ရမလဲဆိုတာပဲ”
“ဝမ်ဝေ့က စံပြတွေ ကြောက်တဲ့သူဆိုတော့ သိသာနေတယ် မဟုတ်ဘူးလား” ယွီကျူးက ပြောလိုက်သည်။
“မင်းစကားကို ကြည့်ပြော” ကပ်ပါးက ပြောလိုက်သည်။
“လမင်းခုနစ်စင်းက ဘယ်သူ့ကိုမှ မကြောက်ဖူး။ ဒိုင်မေးရှင်းအနိမ့်က ဒီလိုပါမွှားလေးဆိုရင် ထည့်ပြောဖို့တောင် မလိုဘူး”
“အာ စကားမှားသွားတယ်။ သူတို့ရှာနေတဲ့လူလို့ ပြောတာပါ”
သူက စကားအလျင်အမြန် ပြောင်းပြောလိုက်သည်။
“မင်း သိရင်ပြီးတာပဲ”
ယွီကျူး၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူတို့၏ တာဝန်က အဆုံးသတ်တော့မည် ဖြစ်ကြောင်း သိနေ၏။ ထို့ကြောင့် သူ့ယခင်အပေါင်းအပါများက အကျိုးအမြတ်များအတွက် စတင်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။ လမင်းခုနစ်စင်းက သူတို့အောင်မြင်ပြီးသည့်နောက်တွင် ရက်ရက်ရောရော ဆုချီးမြှင့်မည်ဖြစ်ကာ သူတို့သည် စံပြဖြစ်လာဖို့ ထောက်ပံ့မှုနှင့် ခွင့်ပြုချက်ကိုပင် ရရှိနိုင်ပြီး လမင်းတစ်စင်း ဖြစ်လာနိုင်သည်။
“ငါ ပြောတာက ဝမ်ဝေ့က ဒီခေတ်သစ်ကို ဖွင့်လှစ်ဖို့ ကံကြမ္မာဖန်လာတဲ့သူပဲ။ အဲဒါကြောင့် သူက ထိန်းချုပ်လို့ မရသလို ခန့်မှန်းလို့မရတဲ့ အပြောင်းအလဲတစ်ခုပဲ။ တိထျန်းကတော့ ငါတို့တိုက်ခိုက်မှုအတွက် ရွေးချယ်မှုကောင်း တစ်ခုပဲ။ တကယ်လို့ ငါတို့သာ သူ့ကို အားနည်းအောင် လုပ်နိုင်ပြီး မင်းရဲ့ စွမ်းရည်နဲ့ သူ့ကို ထိန်းချုပ်ရင် ငါတို့ အင်အားတစ်ခု ဖြစ်လာလိမ့်မယ်”
ကပ်ပါးက စဉ်းစားလိုက်သည်။
“ရွေးချယ်မှုလုပ်ဖို့ အချိန် မဟုတ်သေးဘူး။ အချိန်တွေကို ဆက်စောင့်ကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ် အခြေအနေက ဖရိုဖရဲ ဖြစ်လေလေ လူတွေများများ သေဆုံးလေလေပဲ။ အဲဒါဆိုရင် ငါတို့တွေ စွမ်းအားကို များများစုဆောင်းနိုင်လေလေ ဖြစ်လိမ့်မယ်”
“အမှန်ပဲ။ ဒါနဲ့ ငါတို့နဲ့ ပူးပေါင်းထားတဲ့သူတွေကရော”
“သူတို့တွေ ဘယ်သူ့ကိုမှ ယုံလို့ မဖြစ်ဘူး။ ဒါပေမဲ့ သူတို့တွေကို အသုံးချလို့တော့ ရသေးတယ်” ကပ်ပါးက သုံးသပ်လိုက်၏။
“ဘာပဲဖြစ်ဖြစ်ငါတို့တွေ ဒီတာဝန်ကို ကျရှုံးလို့ မဖြစ်ဘူး”
ယွီကျူ သဘောတူ၏။ သူတို့ ရရှိထားသည့် သတင်းအချက်အလက်မှ တခြားကမ္ဘာ့အသိုက်အဝန်းမှ တခြားအပေါင်းအပါများသည် တာအိုသက်သေပြနိုင်ချေ ရှိကြောင်း သိထားလေသည်။ သို့သော်လည်း ထိုသူများက သူတို့ကျရှုံးခဲ့သည့်အချိန်တွင် အရန်အစီအစဉ်အနေဖြင့် ထားရှိခြင်းသာ ဖြစ်၏။
အကယ်၍ သူတို့ကျရှုံးသွားခဲ့လျှင် သူတို့က မျက်နှာပျက်မည်ဖြစ်ကာ အသက်ပင် ဆုံးရှုံးရနိုင်ချေရှိသည်။ သူတို့အသက်ရှင်လျှင်ပင် သူတို့က ကျင့်ကြံရေးလမ်းစဉ်တွင် အောင်မြင်မှုရဖို့ လှေကားကို တက်နိုင်စွမ်းရှိမည် မဟုတ်ပေ။
အရန်အစီအစဉ်မှ လူများအတွက်ကမူ သူတို့ထက် အဆင့်နိမ့်သည့် သူများဖြစ်သော်လည်း ထိုအခါ သူတို့ထက် အဆင့်မြင့်သွားလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ကျရှုံး၍ မဖြစ်ပေ။
“အဲဒါဆို ငါတို့ ဘာလုပ်ကြမှာလဲ” ယွီကျူးက မေးလိုက်သည်။
“ငါတို့တွေ စောင့်ကြည့်ပြီးတော့ ရေးဆွဲသူကို ကာကွယ်ပေးရမယ်”
“သူတို့ထဲက တစ်ယောက်ယောက်က ငါတို့ကို တိုက်ခိုက်လာနိုင်တယ်လို့ ထင်လား”
“သူတို့က သတိကြီးတဲ့သူတွေဆိုတော့ အဲ့လိုဖြစ်နိုင်ချေတော့ သိပ်မရှိဘူး။ ဒါပေမဲ့ အခွင့်အရေး ထားပေးလို့တော့ မဖြစ်ဘူး”
တိထျန်း၏ လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် ကပ်ပါးက မည်သည့်အရာကိုမှ အခွင့်အရေး မပေးလိုပေ။
“ကောင်းပြီ”
မြောက်ဖက်ပိုင်းရှိ တခြားနေရာတစ်ခု ကပ်ပါးအဖွဲ့နှင့် ၂.၃ထရီလီယံအလင်းနှစ်အကွာတွင် နောက်ထပ် တွေ့ဆုံမှုတစ်ခု ရှိနေလေ၏။
မိုရှင်းယွင်က သူမရှေ့တွင် မြောလွင့်နေသည့် ပိတ်ကားချပ်နှစ်ခုကို ကြည့်နေသည်။
“တစ်ခုခု မှားနေလို့လား” သူမက ချန်းချန်ကို မေးလိုက်သည်။
“ဘာမှစိုးရိမ်စရာ မလိုဘူး” သူက ထူးထူးဆန်းဆန်း အသံဖြင့် ပြန်ဖြေလိုက်လေသည်။
“ဘာဖြစ်ဖြစ်ပေါ့” သူမက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဟွမ်ယွမ်ကို ကြည့်လိုက်သည်။
“ဘယ်လိုလဲ … ကျွန်မရဲ့ အပေးအယူကို စဉ်းစားပြီးသွားပြီလား”
***