← Chapters

တာဝန်ရှိသော

Vol. 68 Ch. 939

တာဝန်ရှိသော

Vol. 68 Ch. 939

သူ ခန့်မှန်းထားခဲ့သည့်အတိုင်း ထို လူပုံစံစက္ကူရုပ်မှာ သူ၏ ဘေးနား၌ ရှိနေခဲ့သည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွားရသလို တစ်ချိန်ထဲမှာပင် သတိကြီးကြီး ထားမိသွား၏။

သို့သော် သူသည် ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ရာ အမူအရာ ပျက်သွားခြင်းမရှိဘဲ ညာလက်သီးပေါ်သို့ ဘယ်လက်ဝါးတင်ကာ သူ၏ရှေ့ရှိ လူပုံစံစက္ကူရုပ်အား နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ် အရိုအသေပေးလိုက်ပြန်သည်။

လူပုံစံစက္ကူရုပ်မှာမူ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား သေသေချာချာ အကဲခတ် စောင့်ကြည့်နေသည့်တိုင်အောင် ၎င်း၏ အတွေးများကို ခန့်မှန်းနိုင်စွမ်း မရှိပေ။ သို့သော် ထို လူပုံစံစက္ကူရုပ်ကြီး သူ၏နောက်သို့ လိုက်လာပြီး သူခေါ်လိုက်သည့်အချိန်တွင် ပေါ်ပေါက်လာခဲ့သည်ကိုကြည့်လျှင် ၎င်းမှာ သူ့အား အဖြေတစ်ခုပေးမည်ဖြစ်ကြောင်း သိနိုင်ပေည်။

ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ထို လူပုံစံစက္ကူရုပ်မှာ မျက်ဝန်းများတောက်ပသွားပြီးနောက် အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ နှုတ်ဆိတ်နေလိုက်ပြီးမှ ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။

"ကြည့်ရတာ မင်းက ဟို ရှန်လင်းကျစ်ဆိုတဲ့ကောင်ထက် ပိုပြီးတော့ ဉာဏ်ပြေးတဲ့ပုံပါပဲ... ငါ မင်းကို ကူညီပေးမယ်။ ဒါပေမဲ့ မင်းဘက်က ငါ့ကို တစ်ခုခု ပြန်ပေးဖို့လိုတယ် " ၎င်း၏ အသံမှာ အနည်းငယ်ခန့် စူးရှနေပြီး ဝမ်ပေါင်လဲ့၏ နားထဲ၌ ပဲ့တင်ထပ်သွားသောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အနည်းငယ်ခန့် မတည်မငြိမ်ဖြစ်သွားရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်ပြီး မေးလိုက်သည်။

" လူကြီးမင်း ဘာလိုတာလဲပြောပါ "

လူပုံစံစက္ကူရုပ်မှာမူ သူ၏ မေးခွန်းအား ချက်ချင်းပြန်ဖြေခဲ့ခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား သေသေချာချာ အကဲခတ်လိုက်ပြီးနောက် အတွေးများထဲတွင် နစ်မျောသွား၏။ တစ်‌အောင့်ခန့်ကြာပြီးနောက် ၎င်းမှာ ‌အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး စကားဆက်ပြောလိုက်သည်။ သို့သော် သူသည် သူလိုအပ်သည့်အရာအကြောင်း မပြောခဲ့ဘဲ အရည်အချင်းစမ်းသပ်ပွဲအကြောင်းကိုသာ ပြောလိုက်ခြင်းဖြစ်သည်။

" အခု မင်းက ကြယ်သုဿာန် အရည်အချင်းစမ်းသပ်ပွဲရဲ့ အစမှာပဲ ရှိသေးတယ်။ ဒီ အရည်အချင်း စမ်းသပ်ပွဲရဲ့ ရည်ရွယ်ချက်က ပုံရိပ်ယောင် သလင်းကျောက်တုံးတွေကို ရှာပြီး နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ပဲ "

" တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းက တခြားလူတွေနဲ့ ကြယ်လမ်းညွှန် လက်ရိုက်တံ ဆယ်ချောင်းကို ပြိုင်လုရမှာ "

" ကြယ်လမ်းညွှန် လက်ရိုက်တံ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ပြန်မေးလိုက်၏။

" ကြယ်သုဿာန်ထဲမှာ ရှိတဲ့ အခွင့်အလမ်းက ပြင်ပနယ်မြေတွေထဲက ကျင့်ကြံသူတွေကို အဆင့်မြင့်ဂြိုဟ်တွေ ရရှိနိုင်အောင် ကူညီပေးနိုင်တာပဲ။ ကြယ်သုဿာန်ထဲမှာ အထူးဂြိုဟ်တွေ ရှိနေတာမလို့ ပိုပြီးတော့ မြင့်မားတဲ့ အဆင့်တွေအထိရောက်အောင် တက်လှမ်းနိုင်တယ်လေ။ အဲဒီလို တက်လှမ်းရမယ့် နည်းလမ်းက စည်တီးပြီးတော့ ဂြိုဟ်တွေကို ဆွဲငင်ဖို့ပဲ "

" ကြယ်လမ်းညွှန် လက်ရိုက်တံကိုသုံးပြီး မိုးကောင်းကင်စည်ကြီးကို အစွမ်းကုန်သွားတဲ့အထိ တီးလိုက်မယ်ဆိုရင် ဂြိုဟ်တွေကို အသွင်ပြောင်းလဲနိုင်စွမ်း ရှိပြီးတော့ ကိုယ်နဲ့ သင့်တော်မှုအရှိဆုံး ဂြိုဟ်တွေကို ရှာဖွေနိုင်စွမ်းရှိသွားမှာ "

" ဒါပေမဲ့ အဲဒီ လက်ရိုက်တံ အရေအတွက်က အကန့်အသတ်နဲ့ ရှိတာ။ နှစ်ပေါင်း နှစ်ရာသုံးရာလောက်နေမှ ကြယ်သုဿာန်က ကြယ်လမ်းညွှန် လက်ရိုက်တံ ဆယ်ချောင်းကို ဖန်တီးနိုင်တာလေ။ အဲဒီ လက်ရိုက်တံတွေ ပေါ်လာတဲ့အချိန်တိုင်း ကြယ်သုဿာန်ကြီးကလည်း သူ့အလိုလို ပွင့်လာတာမလို့လို့ ပြင်ပနယ်မြေထဲက ဝင်ခွင့်ရှိတဲ့လူတွေကလည်း ဝင်လာနိုင်တာပေါ့။ အဲဒီလို ဝင်ခွင့်ရတဲ့ လူတွေထဲက ဆယ်ယောက်ပဲ ကြယ်သုဿာန်ရဲ့ အထူးအခွင့်အရေးတွေကို ခံစားခွင့်ရှိမှာ "

" အဲတာကြောင့်မလို့... အရည်အချင်းစမ်းသပ်ပွဲတွေ အဆင့်ဆင့် ရှိနေရတာပဲ။ ပထမအဆင့် အရည်အချင်းစမ်းသပ်ပွဲဖြစ်တဲ့ ပင်လယ်ကြီးကို ကျော်ဖြတ်ခဲ့ရတဲ့ စမ်းသပ်ပွဲက ရှုံးထွက်ပွဲစဉ်ပဲ။ ဒုတိယအဆင့် ဖြစ်တဲ့ ပုံရိပ်ယောင်ဂြိုဟ်ပေါ်က အရည်အချင်း စမ်းသပ်ပွဲကလည်း တူတူပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ လူ အယောက်သုံးဆယ်ပဲ နောက်ဆုံး တတိယအဆင့်အထိ တက်လှမ်းခွင့်ရှိမှာ " လူပုံစံစက္ကူရုပ်၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာတော့သည်။ သူသည် ကြယ်သုဿာန်အင်ပါယာထဲသို့ ရောက်ရလာရသည့် သူ၏ ခရီးစဉ်၏ ရည်ရွယ်ချက်အား အသေးစိတ် နားလည်စပြုလာပြီဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်ပေါက်လာရဆဲပင်။

" လူကြီးမင်း။ ကြယ်သုဿာန်အင်ပါယာက ဘာလို့ အခုလို လုပ်နေရဟာလဲ။ သူတို့က တခြားလူတွေကို အခွင့်အရေးတွေ ပေးနေသလို ဖြစ်နေတာလေ။ ပြင်ပနယ်‌မြေနဲ့ သဘောတူထားတာကြောင့်လား။ ဒါမှမဟုတ်... တခြားအကြောင်းရင်း တစ်ခုခုရှိလို့လား " လူပုံစံစက္ကူရုပ်မှာ ထိုအကြောင်းများကို ပြောပြနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း သူသိချင်သည့် အရာများကို မေးမြန်းလိုက်၏။

ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ မျက်ဝန်းများ အရောင်လက်သွားပြီး ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကာ သူ့အား စိုက်ကြည့်နေလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးမှ လူပုံစံစက္ကူရုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ထူးဆန်းစွာ ရယ်မောကာ ဆိုလိုက်တော့သည်။

" မင်း ကြယ်သုဿာန်ထဲကို ရောက်လာပြီးတဲ့နောက် တစ်ခုခု လွဲနေတယ်လို့ မခံစားရဘူးလား "

" တစ်ခုခု လွဲနေတယ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားပြီး သူ ကြယ်သုဿာန်ထဲသို့ ဝင်ရောက်လာခဲ့စဉ်တုန်းက သူ မြင်ခဲ့ရသည့် အရာများကို ပြန်တွေးကြည့်လိုက်၏။ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် မျက်လုံးများ မှေးသွားတော့သည်။ သူသည် ဤကမ္ဘာကြီးထဲရှိ ဆန့်ကျင်ဘက်နှစ်ခုကဲ့သို့ ဖြစ်နေသော အဖြူရောင်နှင့် အနက်ရောင်များကို တွေးမိလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

" အနက်ရောင်ပင်လယ်ကြီးနဲ့ အဖြူရောင်စက္ကူတွေလား "

" ဟုတ်တယ် " လူပုံစံစက္ကူရုပ်မှာမူ လေသံပြတ်ပြတ်ဖြင့်သာ ပြန်ဖြေလိုက်သည်။

" မင်းတို့တွေရနိုင်မယ့် အထူး အခွင့်အရေးတွေဆိုတာ မင်းတို့အတွက် အခွင့်အရေးတွေ ဆိုပေမယ့် ကြယ်သုဿာန်အင်ပါယာအတွက်ကတော့ သူတို့ရဲ့ အင်ပါယာ ဆက်လက်တည်မြဲနိုင်အောင် ကြိုးစားနေတဲ့ လုပ်ရပ်တစ်ခုပဲ "

" ကြယ်သုဿာန်အင်ပါယာက ဒီ ကြယ်သုဿာန်ရဲ့ စောင့်ရှောက်အုပ်ထိန်းသူပဲ။ သူတို့ရဲ့ ရန်သူကတော့.... အနက်ရောင်စက္ကူပင်လယ်ကြီးပေါ့ "

" အစတုန်းက အနက်ရောင်စက္ကူပင်လယ်ကြီးက အနက်ရောင် မဟုတ်ဘူး။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်လာပြီးတော့ အဲဒီ ပင်လယ်ကြီးကလည်း တဖြည်းဖြည်းနဲ့ အနက်ရောင် ပြောင်းသွားခဲ့တာ။ ပုံမှန်အတိုင်းသာဆိုရင် နောက်ဆုံးမှာ အဲဒီ အနက်ရောင်ပင်လယ်ကြီးက ကြယ်သုဿာန်အင်ပါယာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့မှာ အသေအချာပဲ "

" ကြယ်သုဿာန်အင်ပါယာက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးမှာ အထွတ်အထိပ် ဧကရာဇ်ကြီးက နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တာမလို့ သူ့ရဲ့ခန္ဓာကိုယ်ကို စတေးပစ်ခဲ့ပြီးတော့ ဒီ ကမ္ဘာကြီးရဲ့ စည်းမျဉ်းဥပဒေသတွေကို အသုံးချပြီး မိုးကောင်းကင်စည်ကြီးကို ဖန်တီးခဲ့တာပဲ။ သူက သူ့ရဲ့ ဝိညာဉ်ကိုလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ခွဲခဲ့ရသေးတာ။ ဒါပေမဲ့ သူ အဲဒီလို အစွမ်းကုန် ကြိုးစားခဲ့တာတောင် သူ့ရဲ့ ဝိညာဉ်အမျှင်အတန်းဆယ်ခုကို နှစ်ပေါင်း နှစ်ရာသုံးရာလောက်နေမှ တစ်ကြိမ် ကြယ်လမ်းညွှန် လက်ရိုက်တံတွေအဖြစ် ပြောင်းလဲသွားအောင် လုပ်နိုင်ခဲ့တာလေ "

" အဲဒီ ကြယ်လမ်းညွှန် လက်ရိုက်တံနဲ့ မိုးကောင်းကင်စည်ကြီးကို တီးလိုက်မယ်ဆိုရင် ဂြိုဟ်တွေကို ပြောင်းလဲသွားအောင် လုပ်နိုင်တယ်။ အဲဒီအချိန်ကျရင် အနက်ရောင်စက္ကူပင်လယ်ကြီးရဲ့ ပျံ့နှံ့မှုနှုန်းကို လျှော့ချနိုင်တဲ့ ဖိနှိပ်ချုပ်တည်းအားတစ်မျိုး ထွက်ပေါ်လာတာ "

" ဒါပေမဲ့ ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းဥပဒေသတွေကြောင့် ကြယ်သုဿာန်အင်ပါယာထဲက ကျင့်ကြံသူတွေက အသွေးအသားတွေကို မပိုင်ဆိုင်ထားဘူးလေ။ အဲတာမလို့ သူတို့က မိုးကောင်းကင်စည်ကြီးကို တီးခတ်ခွင့်မရှိဘူး။ အဲတာကြောင့်မလို့လည်း ကြယ်သုဿာန်အင်ပါယာက ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ် လုပ်ခဲ့ပြီးတော့ ကြယ်သုဿာန်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖွင့်ပေးခဲ့တာပဲ " လူပုံစံစက္ကူရုပ်ကြီး၏ စကားသံမှာ တည်ကြည်မှုအပြည့် ရှိနေသည်။ ၎င်းမှာ ကြယ်သုဿာန်အင်ပါယာ၏ ဧကရာဇ်ဟောင်းကြီးနှင့် ဝိညာဉ်အမျှင်အတန်း ဆယ်ခုအကြောင်း ပြောလိုက်သည့် အချိန်တွင် မျက်ဝန်းများထဲ၌ အတိတ်ကိုပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

သို့သော် ထို အရိပ်အယောင်များမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အာရုံအပြည့်စိုက်ကာ အကဲခတ်နေခဲ့ခြင်း မရှိပါက သတိထားမိလိုက်မည် မဟုတ်ပေ။

" ဒီ လူပုံစံစက္ကူရုပ်ကြီးက ကြယ်သုဿာန်အင်ပါယာရဲ့ ဧကရာဇ်ကြီးနဲ့ ဆက်နွယ်နေတာများ ဖြစ်မလား " ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကို ချက်ချင်း မေ့ပျောက်ထားလိုက်၏။ သူသည် လူပုံစံစက္ကူရုပ်ကြီး ပြောခဲ့သည့် စကားများကို အကဲဖြတ်စိစစ်ကြည့်လိုက်ပြီးနောက် သူ၏ ပြောစကားများမှာ ယုတ္တိရှိကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ကြယ်သုဿာန်အကြောင်း ပို၍ပင် နားလည်လာရတော့သည်။

သို့သော် လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းသွားသည်ကို အထင်အရှား မြင်နိုင်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီမှ အကူအညီတောင်းရမည့် ကိစ္စနှင့် ပတ်သတ်၍ သံသယဝင်နေသည့် ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း မယုံသင်္ကာ ဖြစ်သွားရ၏။ သို့သော် သူသည် စကားတစ်ခွန်းမှ ဆက်မပြောဘဲ လူပုံစံစက္ကူရုပ်အား စဉ်းစားချိန် ပေးလိုက်သည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။ ၎င်းမှာ သူ့အကြောင်း ခေါင်းအစခြေအဆုံး သိလိုသည့်ပုံဖြင့် သူ့အား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးမှ နောက်ဆုံးတွင် လေသံအောအောကြီးဖြင့် ဆိုလိုက်တော့သည်။

"' မင်းက... တော်တော်ထူးဆန်းတာပဲ "

" ဗျာ " ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။

" မင်းက အဆုံးမဲ့တာအိုနယ်မြေထဲက ကျင့်ကြံသူတစ်ယောက်ဆိုတာ သေချာတယ်။ မင်းရဲ့ ဝိညာဉ်သက်တမ်းကလည်း အနှစ်ခြောက်ဆယ်တောင် မရှိသေးဘူး။ အဲတာကို မင်းက အချိန်အငွေ့အသက်တွေ ပိုင်ဆိုင်ထားတာ။ အဲလောက်ပဲဆိုရင် ကိစ္စမရှိပါဘူး။ မင်းဆီမှာ အဆုံးမဲ့တာအို နယ်မြေရဲ့ အငွေ့အသက်တွေ ရှိနေတုန်းပဲ။ ပုံမှန်ဆိုရင် အဲဒီလို အငွေ့အသက်‌တွေ ရှိနေရတဲ့ အကြောင်းရင်းက အဲဒီနယ်မြေထဲက ပစ္စည်းတွေနဲ့ အထိအတွေ့များလိုပဲ။ ဒါပေမဲ့ မင်းက အဲလို မဟုတ်ဘူးကွ "

" ငါ မင်းကို စောင့်ကြည့်နေတာ ကြာလှပြီ။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အဆုံးမဲ့တာအိုနယ်မြေ အငွေ့အသက်တွေက ပစ္စည်းတစ်ခုခုကြောင့် ပေါ်ပေါက်လာတာမျိုး မဟုတ်ဘူး။ မင်း တတ်မြောက်ထားတဲ့ ‌တာအိုပညာရပ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုခုကြောင့် ပေါ်ပေါက်လာတာမျိုး ဖြစ်နေတာ... အဲဒီ တာအိုပညာရပ်ရဲ့ နောက်ကြောင်းရာဇဝင်က တော်တော်လေးကို ကြီးတယ်။ မင်း ခဏခဏ ရွတ်ဖတ််ခဲ့ဖူးတဲ့ ဂါထာကို ငါ မကြားနိုင်ပေမဲ့ မင်း အဲဒီဂါထာကို ရွတ်ဖတ်လိုက်တဲ့ အချိန်တိုင်း နိုးထလာပြီးတော့ စကြဝဠာကြီးရဲ့ အတွင်းပိုင်းတစ်နေရာကနေ ဆင်းသက်လာတဲ့ စိတ်ဆန္ဒကြီးက ငါ့ရဲ့ ဘဝတစ်လျှောက်လုံး ကြုံဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲ "

လူပုံစံစက္ကူရုပ်ကြီး ထိုသို့ဆိုလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အပေါ်ယံတွင် တည်ကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း နှလုံးသားထဲတွင်မူ ဗြောင်းဆန်သွားရ၏။ သူသည် ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏ တာအိုဂါထာတော်အကြောင်း ပြောနေခြင်းဖြစ်ကြောင်း သိထားသည်။

မမလေး သူ့အား ပေးခဲ့သည့် ထို နတ်ဘုရားစွမ်းရည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတွင် သူ့အား အသက်အန္တရာယ်များထဲမှ အကြိမ်ကြိမ် ကယ်ထုတ်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။ သို့သော် ထို စိတ်ဆန္ဒကြီး တစ်ကြိမ်ပြီးတစ်ကြိမ် ဆင်းသက်လာသည်နှင့်အမျှ ၎င်းထဲ၌ ခံစားချက်များ ပို၍ပါဝင်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ ရပ်တန့်သွားရမည့်အလား ခံစားခဲ့ရ၏။ ထို့အပြင် သူသည် ထို ဂါထာတော်အား မကြာခဏဆိုသလို အသုံးပြုလေ့ရှိပါသော်လည်း ၎င်းအား အဆုံးထိ ရွတ်ဖတ်ရန် တစ်ခါမှ မကြိုးစားကြည့်ခဲ့ဖူးပေ။

သူသည် အချိန်အများစုတွင် စကားလုံးအနည်းငယ်ခန့် ရွတ်ဖတ်ပြီးရုံနှင့် ချက်ချင်း ရပ်တန့်ပစ်လိုက်သည်သာ ဖြစ်သည်။

" အဲတာမလို့ ငါ မင်းကို နေရာတစ်ခုဆီ ခေါ်သွားမယ်။ အဲဒီနေရာမှာ မင်းရဲ့ တာအိုပညာရပ်ကြီးကို အစွမ်းကုန်ထုတ်သုံးလိုက် " လူပုံစံစက္ကူရုပ်မှာ ထိုသို့ဆိုကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆက်ပြောလိုက်၏။

" အဲတာဆိုရင် ငါ မင်းကို ကြယ်လမ်းညွှန် လက်ရိုက်တံတစ်ချောင်း ရရှိပိုင်ဆိုင်သွားနိုင်အောင် ကူညီပေးမယ်။ မင်း မိုးကောင်းကင်စည်ကို တီးခတ်တဲ့ အချိန်မှာပါ ကူညီပေးမယ်ကွာ။ မင်း အနည်းဆုံး ဥပဒေသတွေပါတဲ့ အထူးဂြိုဟ်တစ်လုံးနဲ့ ပေါင်းစည်းသွားနိုင်ဖို့ ငါ အာမခံတယ် "

" မင်း... သဘောတူလား " လူပုံစံစက္ကူရုပ်မှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်ကာ မေးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ အဖြေအား စောင့်ဆိုင်းနေသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ၎င်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ရှုံ့မဲ့မဲ့နှင့် ပြုံးပြလိုက်၏။ သူသည် တစ်ခေါင်းလုံး ထူပူနေရပြီဖြစ်သည်။ လူပုံစံစက္ကူရုပ်ကြီးမှာ အများကြီးတောင်းဆိုနေခြင်း မဟုတ်ပါသော်လည်း သူသည် ထိုသို့လုပ်ရန် မဝံ့ရဲဘဲ ဖြစ်နေရ၏။

" ငါ ဂါထာတော်ကို အဆုံးထိ ရွတ်လိုက်လို့ အဲဒီ စိတ်ဆန္ဒကြီး နိုးလာတဲ့အထိ နှောင့်ယှက်မိသွားမယ်ဆိုရင် ငါ့ကို ခြင်ရိုက်သတ်သလို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူ ထို လူပုံစံစက္ကူရုပ်ကြီးအား အခြားအရာတစ်ခုခု ပြောင်း၍ တောင်းဆိုရန် ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းရန်ပြင်လိုက်စဉ်မှာပင် ထို လူပုံစံစက္ကူရုပ်ကြီးမှာ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

" မင်း သဘောမတူဘူးဆိုရင်တော့ ငါ မင်းကို အခုချက်ချင်း တစ်စစီ ချေမှုန်းပစ်ရလိမ့်မယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်သွားပြီး မျက်ဝန်းများထဲ၌ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် သူ၏ ဂုဏ်သိက္ခာ ထိပါးစော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်သည်။

" လူကြီးမင်းက ရှဲ့တလုဆိုတဲ့ ကျွန်တော့်ကို လျှော့တွက်တာပဲ။ ကျွန်တော်က ခြိမ်းခြောက်ခံရရုံနဲ့ ကြောက်တတ်တဲ့ လူစားမျိုး မဟုတ်ဘူးဗျ။ ကျွန်တော် မလုပ်ချင်ဘူးဆိုရင် အသတ်ခံရမယ်ဆိုရင်တောင် လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ လူကြီးမင်းက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တာဆိုတော့ ကျွန်တော် လူကြီးမင်းရဲ့ ကျေးဇူးတွေကို မမေ့ပါဘူး။ အဲတာမလို့ ကျွန်တော် ဒီကိစ္စကို ငြင်းလို့ ဘယ်ဖြစ်ပါ့မလဲ "

All Chapters