ကျေးဇူးတင်ပါတယ် လူကြီးမင်း
Vol. 68 Ch. 940
ဝမ်ပေါင်လဲ့၏ စကားလုံးများမှာ ပြတ်သားမှုအပြည့် ရှိသလို သူသည် မည်သည့်အရာကိုမှ ကြောက်ရွံ့နေခြင်းမရှိသည့် လေသံ ပေါက်နေသည်။ သို့ဖြစ်ရာ သူသည် အသက်သေသည့် အချိန်အထိ ဒူးထောက်အညံ့ခံမည် မဟုတ်ဘဲ အစွမ်းကုန် ကြိုးစားမည့်ပုံ ပေါက်နေတော့သည်။ သို့သော် သူသည် ခြိမ်းခြောက်ခံလိုက်ရသောကြောင့်မဟုတ်ဘဲ အမှန်တကယ် စိတ်ရင်းအမှန်ဖြင့်သာ ကူညီပေးလိုခြင်း ဖြစ်သည်။
သူသည် ကျေးဇူးတရား သိတတ်သည့် လူတစ်ယောက်ဖြစ်သလို ရိုးသားမှု အပြည့်ရှိသည့် လူတစ်ယောက်လည်း ဖြစ်ကြောင်း သူ့ကိုယ်သူ အမြဲတမ်း မှတ်ယူထား၏။ ထို့ကြောင့် သူသည် မေးငေါ့ကာ မားမားမတ်မတ်ရပ်၍ လူပုံစံစက္ကူရုပ်ကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် တည်ကြည်စွာ ဆိုလိုက်တော့သည်။
" လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို မခြိမ်းခြောက်ပါနဲ့။ အဲလိုမှ မဟုတ်ရင် ကျွန်တော်က ကြောက်လို့ အကူအညီပေးရသလို ဖြစ်သွားမှာလေ "
" အဲတာမလို့ ကျေးဇူးပြုပြီးတော့ လူကြီးမင်းရဲ့ စကားကို ပြန်လည်ရုပ်သိမ်းပေးပါ " ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် ထိုသို့ဆိုလိုက်ပြီးနောက် အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၏။ သူ၏ မျက်နှာပေါ်တွင်မူ ဒေါသထွက်နေသည့် အရိပ်အယောင်များ အလိုလို ပေါက်လာသည်။
ထို့ကြောင့် လူပုံစံစက္ကူရုပ်ကြီးမှာ ဆွံ့အသွားရ၏။
သူသည် ဝမ်ပေါင်လဲ့အား စောင့်ကြည့်နေခဲ့သည်မှာ အချိန်အတော်အတန်ကြာပြီဖြစ်ရာ သူ၏ အကျင့်စရိုက်အား အနည်းငယ်ခန့် နားလည်ထားပြီးသား ဖြစ်ပါသော်လည်း ထိုစကားများကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရဆဲပင်။ ထို့အပြင် ၎င်း၏ မျက်နှာပေါ်၌ လေးစားမှု အရိပ်အယောင်များပင် ပေါ်ပေါက်လာ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ အပြုအမူများမှာ သူ နားလည်ထားသည့် ပုံစံနှင့် ကိုက်ညီမှုမရှိကြောင်း ချက်ချင်းဆိုသလိုပင် သတိထားမိလိုက်သည်။
သို့သော်လည်း သူသည် ဝမ်ပေါင်လဲ့၏ ဘေး၌ ရှိနေခဲ့သည်မှာ အချိန်သိပ်မကြာသေးသောကြောင့် ယတိပြတ် ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သူ၏အတွေးများကို မေ့ပျောက်ထားလိုက်ပြီး ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်၏။
" ငါ စကားမှားသွားတာပါ။ နောက်ကျရင် အကြောင်းရင်း အစုံအလင်ကို ရှင်းပြပါ့မယ်။ ငါ့ကို ကူညီပေးဖို့ သဘောတူတဲ့အတွက် တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ် "
ဝမ်ပေါင်လဲ့မှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါမှ မျက်နှာထား ပြန်လည်တည်ကြည်သွား၏။ ထို့နောက် သူသည် လူပုံစံစက္ကူရုပ်ကြီးအား ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်တော့သည်။
" ထားပါတော့။ လူကြီးမင်းက အများပြည်သူအတွက် စိတ်ပူပေးနေရတာလေ။ လူကြီးမင်း ကျွန်တော့်ဆီကနေ တောင်းတဲ့ အကူအညီက ကြယ်သုဿာန်အင်ပါယာရဲ့ ဘေးကင်လုံခြုံမှုနဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်။ တကယ်လို့ လူကြီးမင်းဘက်က သင့်တော်မယ်လို့ ယူဆတဲ့ အချိန်ရောက်ရင် ကျွန်တော့်ကို အကူအညီတောင်းနိုင်ပါတယ်။ ကျွန်တော်က ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးပေမဲ့ ရေကုန်ရေခန်း ကြိုးစားပေးမှာပါ "
" ဒါပေမဲ့ အခုလောလောဆယ် အဲဒီအကြောင်း ဆွေးနွေးဖို့ အချိန်မကျသေးပါဘူး။ ကျွန်တော်လည်း လူကြီးမင်းဆီက အကူအညီတောင်းစရာ ရှိပါတယ်... ပုံရိပ်ယောင်သလင်းကျောက်တွေက ဘယ်နေရာမှာ ရှိနေတာလဲဗျ " ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ မေးလိုက်၏။
သူသည် စိတ်ထဲတွင်မူ သူ၏ ဟန်ဆောင်မှုများအား ကျေနပ်အားရနေ၏။ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှု ရှိမှသာလျှင် ပူးပေါင်းဆောင်ရွက်ရာ၌ နှစ်ဖက်စလုံး ကျေနပ်အားရမှု ရှိနိုင်လိမ့်မည်ဟု ရေးသားဖော်ပြထားသည် မဟုတ်ပါလော။
ဥပမာပြရလျှင် အကယ်၍ ဝမ်ပေါင်လဲ့မှာ သူသည် ခြိမ်းခြောက်ခံလိုက်ရသောကြောင့်သာ ပူးပေါင်းဆောင်ရွက်ရသည့်ပုံ ပေါက်နေမည်ဆိုပါက ကျဉ်းထဲကျပ်ထဲသို့ သေချာပေါက် ရောက်သွားမည်သာ ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူသည် မည်သည့် အကူအညီကိုမှ ရရှိနိုင်တော့မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူတော့ပေ။
သူ တွေးထားသည့်အတိုင်းပင်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ကူညီပေးရန် သဘောတူခဲ့ခြင်းမရှိပါက ရေးကြီးခွင်ကျယ် မဟုတ်ပေ။ လူပုံစံစက္ကူရုပ်ကြီးမှာ အခြားနည်းလမ်းများ သုံးကာ သူ့အား အတင်းအကျပ် ဖိအားပေးလိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင် ဝမ်ပေါင်လဲ့မှာ ရိုးသားမှုအပြည့်ရှိသည့်ပုံစံ ဟန်ဆောင်ကာ စိတ်ရင်းအမှန်ဖြင့် ကူညီပေးချင်နေသည့်ပုံ ပေါက်နေသည်ဖြစ်ရာ လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား အတင်းအကျပ် ဖိအားပေး၍ မဖြစ်တော့ပေ။ ထိုကဲ့သို့ ဖိအားပေးစရာ အကြောင်းရင်းလည်း မရှိတော့ပေ။
သို့သော် သူတို့နှစ်ယောက်၏ ကြားမှ ဆက်ဆံရေးမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မှ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကူညီပေးသည့် အဆင့်သို့ ပြောင်းသွားရပြီ ဖြစ်သည်။ ထို့ကြောင့် လူပုံစံစက္ကူရုပ်ကြီးမှာ စိတ်ထဲ၌ အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရ၏။
" စကားလေး တစ်ခွန်းနှစ်ခွန်းကြောင့်နဲ့ ဒီအခြေအနေအထိ ရောက်သွားရတယ်လို့ " လူပုံစံစက္ကူရုပ်ကြီးမှာ မျက်မှောင်ကြုတ်မိသွား၏။ သူသည် ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ချက် အမြောက်အမြား ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဖြစ်သည်ဟု ယခင်ကတည်းက မှတ်ယူထားပြီးဖြစ်သည်။ သို့သော် အမှန်အတိုင်း ဆိုရလျှင် သူသည် ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်ကိုသာ စိတ်ဝင်စားနေခဲ့သည် ဖြစ်ပြီး သူ၏ ပြောဆိုပြုမူပုံများကို အထူးတလည် ဂရုစိုက်နေခဲ့ခြင်းမရှိပေ။
သို့သော် ယခုတွင်မူ ထိုကဲ့သို့ မဟုတ်တော့ပေ။ လူပုံစံစက္ကူရုပ်ကြီးသည် အသိစိတ် ပြန်ကပ်သွားသည်နှင့် ထို တိုင်းတစ်ပါးသား ကျင့်ကြံသူမှာ တမူထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်သည့် နောက်ကြောင်းရာဇဝင်များကို ပိုင်ဆိုင်ထားရုံသာမက အင်မတန်မှ ဉာဏ်ပြေးသည့် လူတစ်ယောက်လည်းဖြစ်ကြောင်း ရိပ်မိသွားတော့သည်။ ထိုကဲ့သို့သော လူမျိုးမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားနေခြင်း မရှိလျှင်တောင် အချိန်နှင့်အမျှ တိုးတက်လာမည်ဆိုပါက အနာဂတ်တွင် ကျယ်ပြောလှသော စကြဝဠာကြီး၌ နာမည်တစ်ခု ရလာမည်မှာ မလွဲဧကန်ပင်။
လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ တွေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် သူ၏ အကြံအစည်များကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်တော့သည်။ အစတုန်းက သူသည် ဝမ်ပေါင်လဲ့အား ပုံရိပ်ယောင်သလင်းကျောက်နှင့် ပတ်သတ်သည့် သဲလွန်စအချို့ ပေးရန်သာ တွေးထားခဲ့ခြင်း ဖြစ်သည်။ ထို သဲလွန်စများနှင့်သာဆိုပါက သူသည် နောက်ဆုံးတွင် ထိုသလင်းကျောက်အား ရှာတွေ့သွားမည်သာ ဖြစ်သည်။
သို့သော် ယခုတွင်မူ သူသည် သွယ်ဝိုက်မနေတော့ဘဲ တည့်တိုးပြောရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ ရိုးသားမှုများနှင့် စိတ်အားထက်သန်မှုများ လျော့ကျသွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။
" မိတ်ဆွေလေး။ ငါ့မှာ မင်းကို ပြောပြလို့မရတဲ့ အကြောင်းပြချက်တွေ ရှိနေသေးတယ်။ ငါက အပြင်ဘက်မှာ အချိန်အကြာကြီး ရှိနေလို့ မရဘူး။ ဒါပေမဲ့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေကို အသုံးပြုပြီးတော့ မင်းအတွက် ပုံရိပ်ယောင်သလင်းကျောက်တွေ ကူရှာပေးလို့ ရတယ်။ မင်းကိုယ်တိုင်တော့ သွားယူရမှာပေါ့ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် သဘောတူညီချက် ရသွားပြီဖြစ်ရာ မျက်လုံးများမှိတ်လိုက်၏။ ထိုအခါ ၎င်း၏ ပတ်ပတ်လည်တွင် တုန်ခါမှုလှိုင်းများ စတင်ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ နားမလည်သည့် ပညာရပ်တစ်ခုကို အသုံးပြုကာ ပုံရိပ်ယောင်ဂြိုဟ်ကြီး တစ်ခုလုံးအား အာရုံခံနေသည့်ပုံပင်။ ထိုသို့ဖြင့် အသက်ရှူကြိမ်ဆယ်ကြိမ် ဝန်းကျင်ခန့် ကုန်ဆုံးသွားပြီးနောက် လူပုံစံစက္ကူရုပ်ကြီးမှာ မျက်လုံးများပွင့်လာတော့သည်။ ထို့နောက် ၎င်းမှာ ညာဘက်လက်ကိုမြှောက်ကာ အလင်းရောင် အစက်အပြောက်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးလိုက်၏။
" ဒီပစ္စည်းကို အာရုံခံကြည့်လိုက်။ အတွင်းပိုင်းထဲမှာ ပုံရိပ်ယောင်သလင်းကျောက်တုံး တစ်တုံးရဲ့ တည်နေရာရှိတယ် "
" ကျေးဇူးတင်ပါတယ် လူကြီးမင်း " ဝမ်ပေါင်လဲ့မှာလည်း စိတ်လှုပ်တရှား ဖြစ်သွား၏။ သူသည် အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်ကြည့်လိုက်ပြီးနောက် ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား အန္တရာယ်ပြုရန် ကြိုးစားနေစရာ အကြောင်းမရှိဟု ကောက်ချက်ချလိုက်၏။ ထို့ကြောင့် သူသည် စိတ်ဓာတ်ပြတ်သားမှုအပြည့်ဖြင့် ထို အလင်းရောင်အစက်အပြောက်လေးအား လှမ်းယူလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်တော့သည်။ ထိုအခါ သူ၏ အသိစိတ်ထဲ၌ ပေါက်ကွဲသံကြီးတစ်သံ မြည်ဟည်းသွားပြီး လမ်းညွှန်စွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။
သူသည် သူနှင့် သိပ်မဝေးသည့်နေရာတွင် တုန်ခါမှုလှိုင်းတစ်မျိုး ရှိနေသည်ကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လူပုံစံစက္ကူရုပ်ကြီးအား အရိုအသေပေးလိုက်ပြီးနောက် အချိန်ဖြုန်းမနေတော့ပဲ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ထို တုန်ခါမှုလှိုင်းရှိနေသည့် အရပ်မျက်နှာဘက်သို့ ဦးတည်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် နှစ်နာရီအကြာတွင် ထို နေရာသို့ ရောက်ရှိသွား၏။ ၎င်းမှာ ချိုင့်ဝှမ်းတစ်ခု ဖြစ်ပေသည်။ ထို ချိုင့်ဝှမ်းကြီးတစ်ခုလုံးနီးပါးမှာ ပြောင်သလင်းခါနေပြီး ဦးတည်ရာမဲ့စွာ မျောလွင့်နေကြသည့် ပုံရိပ်ယောင်အချို့သာ ရှိနေသည်။
ဝမ်ပေါင်လဲ့မှာ ထို ပုံရိပ်ယောင်များကို မမြင်ဖူးပေ။ သို့ဖြစ်ရာ သူသည် ၎င်းတို့အား သတ်ဖြတ်ခဲ့သည့်သူမှာ သူမဟုတ်ကြောင်း သိလိုက်၏။ ၎င်းတို့မှာ အခြား ပါရမီရှင်များ၏ လက်ချက်များဖြင့် သေဆုံးသွားခဲ့ကြသည့်လူများ ဖြစ်ရပေမည်။ သူသည် ထိုနေရာကြီး တစ်ခုလုံးအား သူ၏ နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ဘေးနားတစ်ဝိုက်တွင် အခြားမည်သည့်သက်ရှိမှ ရှိမနေကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ချိုင့်ဝှမ်းကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်တော့သည်။
ထိုနေရာတွင် ရှိနေကြသည့် ပုံရိပ်ယောင်များမှာ သူ၏ လှုပ်ရှားမှုများကို ချက်ချင်း သတိထားမိသွားကြ၏။ ထို့ကြောင့် ၎င်းတို့မှာ ရုတ်ခြည်းဆိုသလို ခေါင်းမော့လာကြပြီး ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အသံကုန်အော်ဟစ်ကာ သူ့ဆီသို့ သွေးရူးသွေးတန်းနှင့် ပြေးလာကြတော့သည်။
သို့သော် ထို ပုံရိပ်ယောင်များထဲမှ အများစုမှာ ယွမ်ယင်အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ပြီး အစွမ်းအထက်ဆုံး ပုံရိပ်ယောင်မှာဆိုလျှင် ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေသေးသည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့အတွက်မူ သူတို့၏ တိုက်ကွက်များမှာ ခြင်ကိုက်သလောက်ပင် မနာပေ။ သို့ဖြစ်ရာ သူသည် ၎င်းတို့အား အာရုံစိုက်နေရန်ပင် မလိုပေ။ သူသည် ထို ပုံရိပ်ယောင်များ၏ ဘေးမှ လျင်မြန်စွာ ဖြတ်ပြေးသွားလိုက်သဖြင့် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာ၏။ သူ၏ အမြန်နှုန်းကြောင့် ပေါ်ပေါက်လာသည့် လေပြင်းမုန်တိုင်းကြီးမှာဆိုလျှင် ထို ပုံရိပ်ယောင်များအား တစ်စစီ ဆုတ်ဖြဲပစ်နိုင်လောက်သည့်အထိ အားကောင်းနေသည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မျက်စိတစ်မှိတ်အတွင်းတွင် ချိုင့်ဝှမ်းကြီး၏ အတွင်းပိုင်းထဲသို့ အတားအဆီးမရှိ ဝင်ရောက်သွားတော့သည်။
တစ်အောင့်ခန့်အကြာတွင် သူသည် စိတ်လှုပ်တရှားဖြစ်နေသည့် အမူအရာဖြင့် အပြင်ဘက်သို့ ပြန်ပြေးထွက်လာ၏။ သူ၏လက်ထဲတွင်မူ လက်သီးဆုပ် အရွယ်အစားရှိသော အဖြူရောင် သလင်းကျောက်တုံးတစ်တုံး ရှိနေသည်။
ထို သလင်းကျောက်မှာ ကြည်လင်ပြတ်သားမှု အပြည့်ရှိပြီး ထူးခြားသောစွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်မိလိုက်ပါက အာရုံများ ထွေပြားလာရမည်ဖြစ်သည်။
၎င်းမှာ... ပုံရိပ်ယောင်သလင်းကျောက် ဖြစ်ပေသည်။
" မိတ်ဆွေလေး။ အခု ဒီ သလင်းကျောက်ကို ရသွားပြီဆိုတော့ ပုန်းကွယ်နိုင်မယ့် နေရာကောင်းတစ်ခုကို ရှာလိုက်တော့။ ဒီ အရည်အချင်း စမ်းသပ်ပွဲ ပြီးသွားရင် မင်းအဲဒီ သလင်းကျောက်ကိုသုံးပြီးတော့ နောက်ထပ်တစ်ဆင့် ထပ်တက်ပြီး ကြယ်လမ်းညွှန် လက်ရိုက်တံ အတွက် တခြားသူတွေနဲ့ ယှဉ်ပြိုင်ရမှာ " လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ဘေးတွင်ပေါ်ပေါက်လာပြီးနောက် ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
" အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း " ဝမ်ပေါင်လဲ့မှာ သူ၏ စကားများကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျေးဇူးတင်စကားဆိုလိုက်၏။ ပုံမှန်အတိုင်းသာဆိုပါက ဤ အရည်အချင်း စမ်းသပ်ပွဲကြီးမှာ အလွန်အင်အတန်မှ ခဲယဉ်းနေမည်ဖြစ်ပါသော်လည်း ယခုတွင်မူ သူသည် ပုံရိပ်ယောင်သလင်းကျောက်အား အလွယ်တကူ ရရှိပိုင်ဆိုင်သွားခဲ့သည်ဖြစ်ရာ အပျော်လွန်ကာ စိတ်လှုပ်တရှား ဖြစ်နေရတော့သည်။ ထို့နောက် သူသည် မျက်စိပေကလပ်ပေကလပ် လုပ်ကာ ကျေးဇူးတင်နေသည့် မျက်နှာအမူအရာဖြင့် ဆက်ပြောလိုက်၏။
" လူကြီးမင်း။ ကျွန်တော့်ကို တခြား ပုံရိပ်ယောင် သလင်းကျောက်တွေအားလုံးရဲ့ တည်နေရာတွေကိုပါ ရှာပေးနိုင်မလား "
" အကုန်လုံးလား " ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။
" ရှာပေးလို့က ရပါတယ်။ ဒါပေမဲ့ ဘာမှအကျိုးရှိမှမဟုတ်ဘူး။ ပိုင်ရှင်အယောက်သုံးဆယ် ပြည့်မှ ပုံရိပ်ယောင်သလင်းကျောက်တွေ အကုန်လုံးက အသက်ဝင်လာမှာ။ အဲတာမလို့ တစ်ယောက်ကို ပုံရိပ်ယောင်သလင်းကျောက်တစ်တုံးပဲ ပိုင်ဆိုင်ထားခွင့်ရှိတယ်။ တကယ်လို့ မင်း တခြား ပုံရိပ်ယောင်သလင်းကျောက်တွေကိုပါ ပိုင်ဆိုင်ထားမယ်ဆိုရင်တောင် နာရီပိုင်းအတွင်းမှာ ကျန်တဲ့ နှစ်ဆယ့်ကိုးတုံးက အလိုလို ပျောက်ကွယ်သွားပြီးတော့ သူတို့ရဲ့ နဂိုမူလ နေရာတွေမှာ ပြန်ပေါ်လာမှာ "
" အဲလိုလား... " ဝမ်ပေါင်လဲ့မှာ စကားများကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် နောင်တရသွား၏။ အကယ်၍ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဆိုပါက သူသည် ဤ အရည်အချင်းစမ်းသပ်ပွဲ၏ ရလဒ်အား လိုသလို ထိန်းချုပ်နိုင်စွမ်းရှိသွားမည် ဖြစ်သည်။ သူသည် သူ သဘောတွေ့သည့် ပါရမီရှင်တစ်ယောက်
ယောက်နှင့် ကြုံလိုက်ရမည်ဆိုပါက ပုံရိပ်ယောင် သလင်းကျောက်တုံးတစ်တုံးအား ထိုပါရမီရှင်ဆီသို့ ဈေးသက်သက်သာသာနှင့် ရောင်းချပေးလိုက်မည် ဖြစ်သည်။ စုစုပေါင်း ပုံရိပ်ယောင်သလင်းကျောက်တုံး အတုံးသုံးဆယ်တိတိ ရှိနေသည်ဖြစ်ရာ သူသည် ထိုနည်းလမ်းဖြင့် ငွေအများကြီး ရှာနိုင်လောက်ပေသည်။
" ငါ ကျောက်တုံးတွေရဲ့ တည်နေရာတွေကို ရောင်းလို့ရသေးပေမယ့်.... ရောင်းဈေးကိုတော့ မြှင့်လို့ရမှာ မဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိလိုက်ပြီး ငွေရှာရသည်မှာ အလွန်အင်မတန်မှ ခဲယဉ်းသည်ဟု ခံစားနေရတော့သည်။ သူသည် ထိုအကြံအစည်အား မေ့ထားရန် ပြင်လိုက်ပါသော်လည်း တစ်အောင့်ခန့်အကြာတွင် ခေါင်းထဲ၌ နောက်ထပ် အကြံအစည်တစ်ခု ပေါ်ပေါက်လာသဖြင့် လူပုံစံစက္ကူရုပ်ကြီးအား စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်တော့သည်။
" လူကြီးမင်း။ အဲဒီ ပုံရိပ်ယောင်သလင်းကျောက်တွေကို ချုပ်နှောင်ထားနိုင်မယ့် နည်းလမ်းတစ်ခုခုများ ရှိမလား။ အရည်အချင်းစမ်းသပ်ပွဲ အချိန်ပြည့်သွားတဲ့အချိန် အဲဒီ အချုပ်အနှောင်ကို မချိုးဖျက်နိုင်သရွေ့ ဘယ်သူမှ နောက်တစ်ဆင့်ကို မတက်နိုင်မယ့် အချုပ်အနှောင်မျိုးပေါ့ "