အကွက်ချထားမှုနှင့် တာအိုသက်သေပြပစ္စည်း
Vol. 55 Ch. 765
အဖွဲ့က ဟွမ်ယွမ်၏ ဓားစွမ်းအားသည် တာအိုဘိုးဘေးစွမ်းအားနှင့် ယှဉ်နိုင်ပြီး ပိုင်ရှင် သေဆုံးသွားပြီးသည့်နောက်တွင် မပျောက်ကွယ်သွားသည့်အတွက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်ကြသည်။ အချုပ်အားဖြင့် ပြောရလျှင် ထိုအရာမှ ထွက်ပေါ်နေသည့် ရွှေရောင်အလင်းက ပိုမိုပင် တောက်ပလာ၏။
ထိုအရာမှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင် အာကာပြင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ မည်သူမှ ထိန်းချုပ်မှု မရှိဘဲ ဓားက ရှေ့သို့ ပျံသန်းထွက်လာ၏။
ဝှစ်
ထိုအရာက ထျဲ့ကန်နှင့် ယန်းလီလင်းတို့ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ ထို့နောက် ဓားက သူတို့၏ အစီအရင်ကို အလွယ်တကူ ထိုးဖောက်သွားပြီး ပစ်မှတ်ဆီ ပြေးဝင်သွား၏။ အရှိန်က အဆုံးမဲ့ဟုပင် ဖော်ညွှန်းနိုင်လေသည်။
မြန်ဆန်လွန်းလှသည့်အတွက် အစီအရင်၏ အဆုံးသတ်တွင်ရှိသည့် ဂလက်ဆီထောင်ချီ၏ မရေတွက်နိုင်လောက်ဖွယ် အကွာအဝေးကိုပင် လျစ်လျူရှုသွားသည်။ ဓားက အစီအရင်၏ ဗဟိုချက်ရှိရာ ဂြိုလ်ဆီ တိုက်ရိုက်ပျံသန်းသွား၏။
ဝမ်ဝေ့က ဓား ချဉ်းကပ်လာသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူက အချိန်မှီ မလှုပ်ရှားနိုင်သည့်အလား နည်းနည်းလေးမှ မလှုပ်ပေ။
ဤတိုက်ပွဲကို ကြည့်နေသည့် လူများစွာက တာအိုလက်နက် ထွက်ပေါ်လာမှုကြောင့် အံ့အားသင့်နေကြပြီး ဤမျိုးဆက်၏ နံပါတ်တစ် ကောင်းကင်ရွေးချယ်ခံက ကျဆုံးတော့မည်ဟု တွေးလိုက်ကြသည်။
ထိုဓားကို တုံ့ပြန်နိုင်သည့်သူများအတွက်မူ ဤသို့သော ပါရမီရှင်က တာအိုလက်နက် တိတ်တဆိတ် ဖန်တီးထားသော အသုံးအဆောင်ပစ္စည်း ပြုလုပ်သူကြောင့် ကျဆုံးတော့မည်ဟု တိတ်တဆိတ်သာ သက်ပြင်းချလိုက်ကြ၏။
………………….
ထိုစဉ် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်ဆီမှ အရိပ်လက်တံများ ထွက်ပေါ်လာကာ ဓား၏ တိုက်ကွက်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် ဝမ်ဝေ့ရှေ့မှောက် မိန်းမလှတစ်ဦး ပေါ်ထွက်လာပြီး သူ့အား ကာကွယ်ပေးထား၏။ ထိုသူက ဝမ်ကျူ ဖြစ်ပေသည်။
သူမက တာဝန်အရ ထွက်သွားသော်လည်း သူမ ချန်ထားခဲ့သည့် ကိုယ်ပွားက တစ်စုံတစ်ခုကို ခံစားမိ၍ အရိပ်လဲလှယ်ခြင်း နည်းစနစ်ကို အသုံးပြုကာ ကိုယ်ပွားနှင့် နေရာလဲပြီး တိုက်ကွက်ကို တားဆီးလိုက်ခြင်း ဖြစ်သည်။
သူမ၏ အရိပ်လက်တံက ဓားကို တားဆီးလိုက်ပြီးသည့်နောက်တွင် ဓားက တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ အလျင်အမြန် ပျောက်ကွယ်သွား၏။
အဲဒါဆိုတော့ ဟွမ်ယွမ်က နယ်ရုပ်တစ်ရုပ်ပဲ…
ဝမ်ဝေ့က မျက်လုံးပြန်မှိတ်ပြီးသည့်နောက်တွင် အကောင်းဆုံးအခြေအနေ ဆက်လက် ထိန်းထားလိုက်သည်။
ဝှစ်
လီကျွင်းက အဖွဲ့ရှေ့မှောက် ပေါ်ထွက်လာ၏။
“အဆင်ပြေလို့ တော်သေးတာပေါ့။ ဘာဖြစ်သွားတာလဲ” ယန်းလီလင်းက မေးလိုက်သည်။
“သူက ထူးထူးဆန်းဆန်း ဒိုင်မေးရှင်းတစ်ခုမှာ ပိတ်ထားတာလေ။ ဒါပေမဲ့ ကိုယ့်အင်အားကို သူက လျှော့တွက်ထားတာပဲ” လီကျွင်းက ရှင်းပြလိုက်သည်။ သူက ထိုအကျဉ်းချမှု လွတ်မြောက်ဖို့ သိပ်မကြာဘဲ ထျဲ့ကန်၏ တိုက်ပွဲကိုပါ မြင်လိုက်ရသည်။ သူက အံ့ဖွယ်အသိစိတ် ဆက်သွယ်မှုမှတဆင့် ထိုသူကို စိတ်အေးစေခဲ့သူ ဖြစ်၏။
သို့သော်လည်း လီကျွင်းက မတော်တဆ ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့လျှင်ဆိုပြီး နောက်ကွယ်၌သာ နေဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ဟွမ်ယွမ်၏ ဝှက်ဖဲက တာအိုလက်နက် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“ရှင်က သတိလက်လွတ် ဖြစ်လွန်းတယ်” ယန်းလီလင်းက ပြောလိုက်သည်။
“ဟုတ်တယ် ကိုယ်က သတိကြီးကြီးထားတယ်လို့ ထင်ရပေမဲ့ ကိုယ့်စွမ်းအားကြောင့် မောက်မာနေခဲ့တာပဲ” လီကျွင်းက သဘောတူလေ၏။ သူက ဤသို့အလွယ်တကူ ဖမ်းဆီးမခံသင့်ပေ။
“အဲ့လိုတင် မကသေးဘူး။ ရှင်က ရှင့်တပ်သားတွေအပေါ်လည်း အရမ်းကို ဂရုစိုက်လွန်းတယ်။ သူတို့က လေ့ကျင့်ပေးထားတဲ့ တပ်သားတွေလေ။ သေဆုံးဖို့အထိ ပြင်ဆင်ထားပြီးသား။ ဒီတိုက်ပွဲမှာ အများစုက အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ရှင် ဒီအချက်ကို လက်ခံသင့်တယ်” သူ့ဇနီးက ထပ်ပြောလေသည်။
လီကျွင်းက ခေတ္တမျှရပ်တန့်သွားပြီးသည့်နောက်တွင် ခေါင်းညိတ်ကာ “မင်းပြောတာမှန်တယ်”
သူမက သူ့ပုခုံးကိုပုတ်ကာ “ဒီတိုက်ပွဲပြီးရင် ရှင်က သူတို့အများစုကို အလွယ်တကူ ပြန်ပြီးအသက်သွင်းနိုင်မှာပါ”
လီကျွင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ယန်းလီလင်းက လီကျွင်း၊ ထျဲ့ကန်နှင့် ဝမ်ကျူတို့အား ဆေးလုံး ပေးလိုက်သည်။ လီကျွင်းက အမှန်တကယ် မလိုအပ်သော်လည်း ထျဲ့ကန်နှင့် ဝမ်ကျူတို့ကမူ လိုအပ်လေ၏။ အထူးသဖြင့် ဝမ်ကျူ ဖြစ်ပေသည်။ ထိုဓားကို တားဆီးဖို့အတွက် သူမက ဝမ်ဝေ့၏ တာအိုဘိုးဘေးအဆင့် စွမ်းအားကို ငှားယူမည့် အခြေအနေသို့ ဝင်ရောက်ဖို့ လိုအပ်ခဲ့၏။
ထို့ကြောင့် ထိုအခြေအနေက သူမအတွက် ဝန်ထုပ်တစ်ခု ဖြစ်လာပြီး လက်ရှိအခြေအနေအတွက် ဆေးလုံးများ လိုအပ်လာသည်။ ယန်းလီလင်းက အစီအရင်ကို ပြန်လည်ပြုပြင်လိုက်၏။
…………………………………………………………………………
မြောက်ဖက်အခြမ်း
မိုရှင်းယွင်က အံ့အားသင့်စွာဖြင့် မျက်လုံးဖွင့်လာသည်။
သူမက ငါ့တိုက်ကွက်ကို တားဆီးလိုက်တာလား။ ဒါက အရိပ်အုပ်ချုပ်သူရဲ့ နည်းစနစ်ပဲ ဖြစ်ရမယ်…
သူမက စဉ်းစားလိုက်သည်။
ဒါပေမဲ့ ဒါ ငါ့ရည်မှန်းချက်က ပြီးမြောက်သွားပြီဆိုတော့ ကိစ္စမရှိတော့ဘူး…
မိုရှင်းယွင်က အရာအားလုံး စီစဉ်ထားပြီးပြီဖြစ်ကာ ဟွမ်ယွမ်အား သေခြင်းရှင်ခြင်းစာအုပ်အပေါ် မှီခိုမှုမှ လွတ်မြောက်လာစေဖို့ ကံအပြောင်းအလဲ အခွင့်အရေး ပြင်ဆင်ပေးခဲ့သူက သူမသာ ဖြစ်၏။ သူ့ကို ဝမ်ဝေ့၏ အဖွဲ့အား တိုက်ခိုက်ဖို့ သဘောတူရုံမှအပ ရွေးချယ်စရာမရှိဘဲ သူမ၏ အမြှောက်စာအဖြစ် အသုံးပြုနိုင်အောင် သေချာစွာ လုပ်ထားခဲ့သည်။ ထိုအရာများအပြင် စွမ်းအားနှင့်အာဏာ၏ ဆွဲဆောင်မှုကို မည်သူကများ ငြင်းဆန်နိုင်မည်နည်း။
ကောလဟာလများကြောင့် စာအုပ်က ဟွမ်ယွမ်၏ နှလုံးသားနတ်ဆိုး ဖြစ်လာသည့် အချက်ကိုပါ ပေါင်းလိုက်လျှင် အစီအစဉ်က ပြီးမြောက်ဖို့ လွယ်ကူလှသည်။
တာအိုလက်နက်အတွက်မူ …
ထိုအရာက သူမလက်ထဲတွင် ရှိထားသော အစစ်အမှန်လက်နက်၏ ပုံရိပ်ယောင်တစ်ခုမှလွဲ၍ ဘာမှမဟုတ်ပေ။ လက်နက်ပုံရိပ်ယောင်က မဟာဧကရာဇ်များ ဧကရာဇ်အသုံးအဆောင်ကို အသုံးပြုဖို့ ဖန်တီးလေ့ရှိသည့် နည်းစနစ်တစ်ခု ဖြစ်၏။
ဧကရာဇ်မျိုးနွယ်များ အသုံးပြုကြသည့် အသုံးအဆောင် ပစ္စည်းတချို့သည်လည်း နည်းလမ်းတချို့တော့ ရှိလေသည်။ ပထမတစ်ခုက မဟာဧကရာဇ်သည် သူတို့၏ တာအိုသက်သေပြပစ္စည်းကို ချန်ထားခဲ့ခြင်း ဖြစ်ပြီး ထိုနည်းလမ်းက ဧကရာဇ်အများစုသည် ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းသွားပြီးသည့်နောက်တွင် သူတို့လက်နက်ကို ပြန်လည်ဖန်တီးနိုင်သည့်အတွက် ဖြစ်သည်။ သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ပိုမိုကောင်းမွန်သည့် ပါဝင်ပစ္စည်းများနှင့် သန့်စင်ရေးနည်းစနစ်များကို အသုံးပြုနိုင်လေသည်။
သို့သော်လည်း အများစုကမူ ထိုနည်းလမ်းကို အသုံးမပြုကြပေ။ သူတို့၏ တာအိုသက်သေပြပစ္စည်းက သူတို့၏ ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် အဖော်ပြုပေးခဲ့သည်ဖြစ်ရာ လွယ်လွယ်ကူကူ ပြောင်းလဲလေ့မရှိပေ။ သူတို့က တက်လှမ်းသွားပြီးသည့်နောက်တွင် ပြန်လည်ထုဆစ်လိမ့်မည်။
ဒုတိယနည်းလမ်းကမူ လက်နက်ပုံရိပ်ယောင်ကို အသုံးပြုဖို့ ဖြစ်၏။ သူတို့က ပစ္စည်းမြောက်များစွာကို အသုံးမပြုခင် သူတို့၏တာအိုသက်သေပြပစ္စည်း၏ ပုံရိပ်ယောင်ကို ဖန်တီးကြသည်။ အထူးသဖြင့် ဧကရာဇ်ပစ္စည်းများ ဖြစ်ပြီး ပုံရိပ်ယောင်ကို အစစ်အမှန် လက်နက်အနေဖြင့် ဖွဲ့စည်းကြသည်။
ဤနည်းလမ်းအတွက် အပြောင်းအလဲများ ရှိ၏။ တချို့ဆင်းရဲသည့် မဟာဧကရာဇ်များက သူတို့၏ တာအိုသက်သေပြ လက်နက်၏ ဧကရာဇ်တစ်ပိုင်းအဆင့် ပုံပွားကိုသာ သန့်စင်ကြပြီး သူတို့၏ ပုံရိပ်ယောင်ကို ပုံပွားနှင့် ပေါင်းစပ်ကာ မဟာတာအိုအရင်းအမြစ်ဖြင့် ဖြည်းဖြည်းချင်း အားဖြည့်ပေးခဲ့သည်။
ထိုနည်းလမ်းက အချိန်များများလိုအပ်ပြီး အရင်းအမြစ် နည်းနည်းသာ လိုအပ်လေသည်။ သို့သော် ထိုနည်းလမ်းဖြင့် ဖန်တီးထားသည့် လက်နက်က ပုံမှန်အားဖြင့် အားနည်းလေ့ရှိ၏။
ဧကရာဇ်အသုံးအဆောင်များတွင်လည်း အမျိုးမျိုး ရှိလေသည်။ အားနည်းသည့် အရာများက ဧကရာဇ်တစ်ပိုင်းအဆင့် အသုံးအဆောင်များမှ အာဟာရဖြည့်ထားခြင်း ဖြစ်ပြီး အားကောင်းသည့် အရာများကမူ သန့်စင်ရေးတာအိုကို အသုံးပြု၍ တာအိုကို သက်သေပြခဲ့သည့် ဧကရာဇ်များ၏ သန့်စင်မှုကို ခံထားသည့်အရာများ ဖြစ်သည်။
မိုရှင်းယွင်က အဝေးတစ်နေရာကို လှမ်းကြည့်ကာ အတွေးနက်နေမိသည်။ သူမတွင် တာအိုလက်နက်ရှိသည်ဟု ဖော်ထုတ်လိုက်သည်က စွန့်စားဖွယ်လှုပ်ရှားမှုတစ်ခု ဖြစ်၏။ သို့သော်လည်း သူမက ဝမ်ဝေ့၏ နဝမအဆုံးစွန်အုတ်မြစ်သည် မည်သည့်အဆင့် ရောက်ရှိနေကြောင်း သိလိုသည်။
ကြည့်ရတာ သူက အဆင့် ၅ကို ရောက်ရှိသွားတဲ့ပုံပဲ…
အကယ်၍ ဤသတင်းအချက်အလက်သာ တိကျပါက သူမလက်နက်၏ စွမ်းအားသည် တတိယတန်းစားနှင့် မနီးကပ်သေးသော်လည်း အဆင့် ၅ ကို ကျော်လွန်နေသည့်အတွက် အောင်မြင်မှုအပေါ် ယုံကြည်ချက် ရှိလေသည်။ ထို့ကြောင့်သူမသာ အားကုန်သုံး၍ တိုက်ခိုက်ခဲ့လျှင် အောင်မြင်နိုင်ချေ မြင့်မား၏။
ဒါပေမဲ့ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကိုတော့ စိုးရိမ်ရဦးမယ်…
သူမ၏ အကြီးမားဆုံးစိုးရိမ်မှုက တာအိုအခွင့်အလမ်းဂိုဏ်းမှ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးနှင့် တိမျိုးနွယ်ဆီမှ ကောင်းချီးမင်္ဂလာ လက္ခဏာများ ဖြစ်ပေသည်။
ငါ့အလိုလို သိစိတ်က ဒီနှစ်ခုက အပြောင်းအလဲဖြစ်နိုင်တယ်လို့ ပြောနေတယ်…
မိုရှင်းယွင်၏ နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုရှိသည့် မျက်ဝန်းအထက် စိုးရိမ်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ ထိုအပြောင်းအလဲနှစ်ခု ပေါ်ထွက်မလာခင်အချိန်အထိ အရာအားလုံးက ချောမွေ့နေခဲ့၏။
အဲဒီလူတွေနဲ့ အတူတူ အလုပ်တွဲလုပ်လိုက်ရမှာလား…
မိုရှင်းယွင်က တွေးလိုက်မိသည်။
မဟုတ်သေးဘူး။ ငါ့အခြေအနေက နဂိုကတည်းက ဆိုးရွားနေပြီး တကယ်လို့ သစ္စာဖောက်အနေနဲ့သာ နာမည်တပ်ခံရမယ်ဆိုရင် ပိုပြီးဆိုးရွားသွားနိုင်တယ်…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ လုပ်ခဲ့သည့်အရာများကို အသင်္ချေအင်ပါယာကမ္ဘာမှ ဧကရာဇ်များစွာ သိပြီးသည့်နောက်တွင် သူတို့၏ အမဲလိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ သို့သော်လည်း သူက လမင်းခုနစ်စင်းနှင့် ပူးပေါင်းနေသည်ဟုသာ ရှာဖွေတွေ့ရှိသွားပါက ထိုကပ်ပါးများ၏ ခေတ် အဆုံးသတ်သွားသည်နှင့် အမှန်တကယ် သေဆုံးသွားလိမ့်မည်။
ငါ အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုဘူး။ အခု ဒီတိုက်ပွဲကို ဝင်ရောက်ဆင်နွှဲရတဲ့ အကြောင်းအရင်းက ငါ့ကိုယ်ငါ မြန်မြန်ဆန်ဆန် အသက်ရှင်လာပြီးတော့ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိနိုင်ဖို့ပဲ…
ငါက ကျရှုံးသွားလည်း ကိစ္စမရှိဘူး။ ငါ့အနေနဲ့ ပြန်လည်အသက်သွင်းဖို့ အချိန်နည်းနည်း ကြာမြင့်သွားရုံပဲ…
ဧကရာဇ်တစ်ယောက်အနေနှင့် သေဆုံးသွားပြီးသည့်နောက်တွင် သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းဖို့ မလွယ်ကူလှပေ။ ထိုဖြစ်စဉ်က အချိန်နှင့် အရင်းအမြစ်များစွာ လိုအပ်၏။ သို့သော်လည်း ကောင်းမွန်သည့် နည်းလမ်းနှင့် အရင်းအမြစ်များဖြင့် လိုအပ်သည့်အချိန်က သိသိသာသာ လျော့ကျသွားလိမ့်မည်။ ကောင်းကင်အလိုဆန္ဒက ထိုလုပ်ဆောင်ချက်အတွက် အကောင်းဆုံး အရင်းအမြစ်ထဲမှ တစ်ခု ဖြစ်၏။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုအရာကို သူ့လက်အတွင်း ရယူလာနိုင်သည်နှင့် ချက်ချင်းဆိုသလို အသက်ပြန်ရှင်ကာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။ သူက ဝါးမျိုခြင်း မဟာတာအို အရင်းအမြစ်၏ ရာခိုင်နှုန်းကိုပင် အနည်းငယ် တိုးမြှင့်နိုင်ချေရှိ၏။
ပိုပြီးအရေးကြီးတာက ငါက ဒိုင်မေးရှင်းအနိမ့်မှာ အသက်ပြန်ရှင်ပြီးတော့ အခွင့်အရေးရဖို့ပဲ…
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ဝါးမျိုရေးဇုန်အတွင်း ရှိသည့်အရာကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
ဒီတစ်ကြိမ် ငါက အဲဒါကို ရဖို့ အစွန်းရောက်နည်းလမ်းတွေ အသုံးပြုစရာ မလိုတော့ဘူး။ ပြီးမြောက်တဲ့အထိ စောင့်ဆိုင်းရုံပဲ။ ပိုပြီးကောင်းတာက ငါက မိစ္ဆာနတ်ဘုရား ၉ပါးကမ္ဘာရဲ့ ကမ္ဘာအရင်းအမြစ်နဲ့အတူ မဟာကမ္ဘာ၊ အလယ်အလတ်ကမ္ဘာနဲ့ အဆင့်နိမ့်ကမ္ဘာတွေကို စတေးနိုင်တယ်…
သူ့စိတ်အခြေအနေကို ပြန်လည်ထိန်းညှိပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူက အနောက်ဖက်အခြမ်းကို လှမ်းကြည့်လိုက်၏။
ချန်းချန်ကို တိထျန်းရဲ့ အခြေအနေကို စမ်းသပ်ခိုင်းဖို့ နယ်ရုပ်အဖြစ် သုံးဖို့က ခက်လိမ့်မယ်…
ဟွမ်ယွမ်ထံတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စနောက်တွင် ထိုသူက သတိကြီးကြီး ထားထားလိမ့်မည် ဖြစ်၏။ ထို့အပြင် ချန်းချန်က တိုက်ပွဲမတိုင်ခင် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှင်းလင်းရေးတွင်ပင် ပါဝင်ဆင်နွှဲခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ့ကို ကြံစည်ဖို့ အခွင့်အရေးမရပေ။
ဟွမ်ယွမ်က တကယ့်ကို အလကားကောင်ပဲ။ မူလအစီအစဉ်အရဆိုရင် သူက အသက်ရှင်နိုင်ချေ မြင့်မားတယ်။ ငါ ကိုယ်တိုင်တောင် ဖန်ချင်းဟန်ရဲ့ မူမမှန်မှုကို သတိမထားမိတာဆိုတော့ သူ့ကို အပြစ်တင်လို့တော့ မရဘူးပဲ…
သူ့လက်ရှိအခြေအနေတွင် မိုရှင်းယွင်၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံဆင့်ကြောင့် ကန့်သတ်ခံထားရသူက ထူးကဲသည့် အရာတချို့ကို လုပ်ဆောင်နိုင်သော်လည်း ကန့်သတ်ချက်များစွာ ရှိနေ၏။ ထို့အပြင် ကံကြမ္မာဖိနှိပ်ရေး မဟာမိတ်၏ အဖွဲ့သားများကြားတွင် ယုံကြည်မှု မရှိလေရာ ဖန်ချင်းဟန်နှင့် တစ်ခါမှ မဆက်သွယ်ခဲ့ဖူးပေ။
ချန်းချန်က ယုံကြည်လို့ မရဘူးဆိုတော့ တိထျန်းကို စမ်းသပ်ဖို့ နောက်ထပ် နယ်ရုပ်တစ်ခု ရှာသင့်လား…
ထိုသူက သူ့အကြောင်း မသိလျှင် တိထျန်းအပေါ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်ချေ ရှိနေသေး၏။ သို့သော်လည်း သူ့နဝမအဆုံးစွန်အုတ်မြစ်က ဝမ်ဝေ့နှင့် တူညီသည်လားဆိုသည့်အပေါ် မူတည်နေသည်။
သူက ဝမ်ဝေ့နှင့် တူညီနေမလား ဒါမှမဟုတ် အားနည်းနေမလား။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက အောင်မြင်နိုင်မလားဆိုတာ ကြည့်ရအောင်…
မိုရှင်းယွင်က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို ပြင်ဆင်လိုက်၏။
***