← Chapters

တောင်ဘက်အခြမ်း

Vol. 55 Ch. 766

တောင်ဘက်အခြမ်း

Vol. 55 Ch. 766

အောင်းရှန်းနှင့် နတ်ဆိုးများက ဤနယ်မြေတွင် အခြေစိုက်စခန်းတစ်ခု ပြုလုပ်ထားပြီး ရောက်လာနိုင်ချေရှိသည့် ရန်သူများကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြသည်။

“လူသားနှင့် တခြားမျိုးနွယ်တွေက ငါတို့နတ်ဆိုးမျိုးနွယ်အပေါ် အမုန်းတရားနဲ့ မကျေနပ်မှုတွေက ရှိနေတုန်းပဲ။ ငါတို့ရဲ့ အခြေအနေက လတ်တလောလေးမှာ တိုးတက်လာတယ်ဆိုပေမဲ့ မျိုးဆက်တစ်ခုနဲ့ အားလုံးကို လက်ခံစေဖို့ မလုံလောက်သေးဘူး” အောင်းရှန်က သူ့လူများအား ပြောလိုက်သည်။

“အဲဒါဆိုတော့ အဲဒီတခြားမျိုးနွယ်တွေက အခွင့်အရေး ရှိမယ်ဆိုရင် ပူးပေါင်းပြီး ငါတို့ကို တိုက်ခိုက်လာနိုင်တယ်။ အဲဒါကြောင့် အစောပိုင်း အခြေအနေအတွက် နည်းဗျူဟာက သိုသိုသိပ်သိပ်နေပြီးတော့ ကိုယ်ဖျောက်နေဖို့ပဲ”

“ခေါင်းဆောင် ကျုပ်တို့ ဘာမှ ပြန်မလုပ်တော့ဘူးလား” အောင်းရှန်၏ စစ်သူကြီးတစ်ယောက်က မေးလိုက်သည်။

“သိုသိုသိပ်သိပ်နေတာက မလှုပ်ရှားဘူးလို့ ပြောတာမဟုတ်ဘူး။ ငါတို့တွေ တခြားသူတွေ မဟာမိတ်ဖွဲ့ပြီး ရင်ဆိုင်တာကို ကာကွယ်ဖို့ တိတ်တဆိတ်နေရုံပဲ”

“ဟုတ်ကဲ့ပါ”

“ကဲ အစီအရင်တွေ ခင်းကျင်းရအောင်” အောင်းရှန်က ပြောလိုက်သည်။ နတ်ဆိုးအဖွဲ့အစည်း၏ တည်ဆောက်ပုံကြောင့် အစီအစဉ်ဆရာနှင့် ဆေးဝါးပညာရှင်ကဲ့သို့ ကျွမ်းကျင်အတတ်ပညာများက မဖွံ့ဖြိုးပဲ ထိုအတတ်ပညာရှင်များ၏ အရေအတွက်က တစ်ရာပင် မပြည့်ပေ။

သို့သော် အောင်းရှန်း လွှမ်းမိုးပြီးသည့်နောက်တွင် သူက ထိုနယ်ပယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးထားခဲ့၏။ လူသားများက နတ်ဆိုးမျိုးနွယ်၏ ကျွမ်းကျင်အတတ်ပညာတာအို၏ အမွေအနှစ်များကို ဖျက်ဆီးခဲ့ကြသော်လည်း သိုင်းပညာအုပ်စိုးသူကမ္ဘာမှ သူ့အတွေ့အကြုံများဖြင့် ကာမိခဲ့သည်။

ယခင်က နတ်ဆိုးများသည် အောင်းရှန် ပြုလုပ်သည့် အပြောင်းအလဲများကို ငြင်းဆန်ခဲ့ကြ၏။ သို့သော်လည်း သူ့အင်အား၊ ဂုဏ်သိက္ခာနှင့် ဧကရာဇ်မျိုးနွယ် အထောက်အပံနှင့် မြင့်မြတ်လှသည့် သွေးမျိုးဆက်ကြောင့် နတ်ဆိုးမျိုးနွယ်အား ဆင့်ကဲပြောင်းလဲဖို့ ဖိအားပေးနိုင်ခဲ့သည်။

သူ့လက်ရှိအောင်မြင်မှု အဓိကအကြောင်းအရင်းက တာအိုအခွင့်အလမ်းဂိုဏ်းသည် နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းထားသည့်အတွက် တခြားလူသားအင်အားစုများ သူတို့၏ အမွေအနှစ်၊ အုတ်မြစ်နှင့် တိုးတက်နှုန်းများကို ဖျက်ဆီးခြင်းမှ ကာကွယ်ပေးထားလေသည်။

တချို့အင်အားစုများက တိတ်တဆိတ် လုပ်ဖို့ ကြိုးစားခဲ့ကြသော်လည်း ဓားအရှင်ဆီမှ သတိပေးမှုအပြီးတွင် အားလုံးက ရိုးသားသွားကြသည်။

ထို့ကြောင့် အောင်းရှန်က နတ်ဆိုးမျိုးနွယ်၏ သိသိသာသာ အပြောင်းအလဲကို ယူဆောင်လာခဲ့သည်။ ထိုအပြောင်းအလဲက တခြားမျိုးနွယ်များနှင့် အမှီမလိုက်နိုင်သေးသော်လည်း အရာအားလုံးက အကောင်းဖက်သို့ ဦးတည်ပြောင်းလဲနေသည်။

လက်ရှိ အောင်းရှန်က ပြဿနာနှစ်ခု ရှိ၏။ ပထမတစ်ခုက နတ်ဆိုးမျိုးနွယ်သည် သူ ထွက်ခွာသွားသည်နှင့် ယခင်ပုံစံအတိုင်း ပြန်ပြောင်းသွားမည်ကို စိုးရိမ်မိသည်။ ဒုတိယအနေဖြင့် သူက နတ်ဆိုးမျိုးနွယ်သည် တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် ကံကြွေးမြောက်များစွာ တင်ရှိမည်ကို ခံစားမိသည်။

ကံဆိုးစွာဖြင့် ထိုပြဿနာနှစ်ခုလုံးက အချိန်နဲ့သာ ဖြေရှင်းနိုင်ခြင်း ဖြစ်၏။

အစီအရင်ကို ခင်းကျင်းနေရင်း အောင်းရှန်က တစ်စုံတစ်ခုကို ခံစားမိ၍ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ပင်လယ် မျိုးနွယ်ပဲ…

သူက အဖြစ်အပျက်ကို လှမ်းကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ ပင်လယ်မျိုးနွယ်မှ တစ်စုံတစ်ယောက်က ပတ်ဝန်းကျင်ရှိ ဂလက်ဆီရာချီကို ရေအောက်နစ်မြုပ်သွားစေသည့် အစီအရင်တစ်ခုကို ဖန်တီးခဲ့ပြီး ဧရာမပင်လယ်ကြီးက ဂြိုလ်၊ ကြယ်တာရာနှင့် ဂလက်ဆီများကို ဝါးမျိုသွားသလိုမျိုး ဖြစ်၏။

အောင်းရှန်က သူတို့၏ အစီအရင်ကို ကြည့်နေရင်း ခေါင်းကိုက်လာမိသည်။ သူက ယခုလေးမှ သိုသိုသိပ်သိပ်လေးနေဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ပင်လယ်မျိုးနွယ်၏ အစီအရင်က ဘေးပတ်ဝန်းကျင်ရှိ ဂလက်ဆီများကို လျင်မြန်စွာ စတင်ဝါးမျိုနေပြီ ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က တောင်ဘက်ခြမ်းတစ်ခုလုံးကို ရေအောက် နစ်မြုပ်ပြီး သူတို့အား ပတ်ဝန်းကျင် အရေးသာချက် ရရှိစေဖို့ ဖြစ်သည်။

သူတို့က တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို မြေအောက်မြှုပ်နှံပစ်ချင်လောက်တယ်…

အောင်းရှန်က ထိုအရာသည် မဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။ လူများစွာက ထိုအရာကို ခွင့်ပြုမည် မဟုတ်ပေ။

“ဟမ်” အောင်းရှန်က သူတို့၏ အစီအရင်နားရှိ အာကာပြင် တုန်ခါသွားသည်ကို ခံစားမိလိုက်ပြီး တစ်စုံတစ်ယောက် ပေါ်ထွက်လာသည်ကိုမြင်၍ ရေရွတ်လိုက်မိသည်။

“မင်းက … ရှောင်စုန့်ရှီလား …” အောင်းရှန်က ထိုသူနှင့် တစ်ခါမှ မတွေ့ဖူးပေ။ နတ်ဆိုးမျိုးနွယ်၏ သတင်းကွန်ယက်က နိမ့်ကျနေသေးသည့်အတွက် ထိုပင်လယ်မျိုးနွယ်၏ ကောင်းကင်ရွေးချယ်ခံကို သတိထားမိဖို့ အချိန်တစ်ခု ယူလိုက်ရသည်။

“ဟုတ်တယ်”

“မင်းက ဘာလို့ ဒီရောက်လာတာလဲတော့ မသိဘူး။ ငါတို့နတ်ဆိုးမျိုးနွယ်ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်များ ထင်နေလား။ ငါတို့က လွယ်ကူတဲ့ သားကောင်များ ထင်နေလား” အောင်းရှန်က နဂါးစွမ်းပကား ပင်ကိုစွမ်းရည်ကို အသုံးပြုကာ မေးလိုက်သည်။

နဂါးများက ပင်ကိုသက်ရှိများဖြစ်ကာ မြင့်မြတ်စွာ မွေးဖွားလာသူများ ဖြစ်၏။ ကမ္ဘာဦးခေတ်ကာလအတွင်း သူတို့က ပင်ကိုနတ်ဆိုးမျိုးနွယ်ကို ဦးဆောင်ခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့က နတ်ဆိုးစွမ်းပကားဟု ခေါ်သည့် သဘာဝစွမ်းရည်ရှိပြီး သူတို့ထက် သွေးမျိုးဆက် နိမ့်ကျသည့် သတ္တဝါအားလုံးကို လွှမ်းမိုးနိုင်သည်။ ထိုစွမ်းရည်က စိတ်စွမ်းအားနည်းသည့် လူသား သို့မဟုတ် ဟော်သဲ့သက်ရှိများအပေါ် အလုပ်ဖြစ်လေသည်။

ထို့ကြောင့် ထိုစွမ်းရည်ကို အသုံးပြုပြီးသည့်နောက်တွင် ရှောင်စုန့်ရှီက သူ့သွေးမှ အကြောက်တရားကို ခံစားမိလိုက်ပြီး ခန္ဓာကိုယ်က မလှုပ်မယှက် ဖြစ်သွားလေသည်။ ကံကောင်းစွာဖြင့် သူက သူ့သွေးမျိုးဆက်၏ အနှောင်အဖွဲ့မှ လွတ်မြောက်သွားပြီဖြစ်သလို စိတ်ဓာတ်ခိုင်မာသည့်သူလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူက ထိုအကြောက်တရားမှ ချိုးဖောက်ကာ အဓိကအချက်ကိုသာ အာရုံစိုက်ထားခဲ့သည်။

သွေးမျိုးဆက်ဝါစဉ်က နှစ်ဖက်ဓားသွားလိုပဲ…

ရှောင်စုန့်ရှီက တွေးလိုက်မိသည်။ သွေးမျိုးဆက်ကို အလေးထားသည့် သက်ရှိများ သို့မဟုတ် မျိုးနွယ်များက ထိုဝါစဉ်သဘောတရားကို မကျော်လွှားနိုင်ကြပေ။ သွေးမျိုးဆက် မြင့်မားသည့်သူများက သွေးမျိုးဆက်နိမ့်သည့်သူများကို ထိန်းချုပ်နိုင်ကြ၏။

“စိတ်အေးအေးထားပါ။ ငါက တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူး” သူက အလျင်အမြန် ရှင်းပြလိုက်သည်။

“အဲဒါဆိုရင် ဘာလာလုပ်တာလဲ”

“မဟာမိတ်အတွက် ရောက်လာတာပါ”

“ငါက မင်းကို ယုံမယ်များ ထင်နေလား” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ရှောင်စုန့်ရှီက မဟာမိတ်ဖွဲ့ဖို့ သူ့ကို ဆက်သွယ်ဖို့ နှစ်များစွာ ရှိခဲ့လေသည်။ ထိုအစား သူက တိုက်ပွဲ မတိုင်ခင်အထိ စောင့်ဆိုင်းခဲ့၏။

ဒါက ဘယ်လောက်တောင် သံသယဖြစ်ဖို့ ကောင်းလိုက်သလဲ…

“မင်း တွေးနေတာကို သိတယ်။ ဒါပေမဲ့ ငါ့မှာလည်း ငါ့အကြောင်းအရင်းနဲ့ငါ ရှိတယ်” ရှောင်စုန့်ရှီက ဤတိုက်ပွဲကို အနိုင်ရရှိဖို့ ဖြစ်နိုင်ချေအစီအစဉ်ကို တွေးရင်းဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ရပြီး ကြယ်တာရာဝိဇ္ဇာနှင့် ညီညီညာညာ ကြိုးပမ်းခဲ့ရသည်။

နှစ်များစွာ လေ့လာစမ်းသပ်ပြီး အမှားအယွင်းများစွာ ဖြတ်ကျော်ပြီးသည့်နောက်တွင် သူက အောင်မြင်နိုင်ချေ ၅ ရာခိုင်နှုန်းရှိသည့် အစီအစဉ်ကို ရရှိလာခြင်း ဖြစ်၏။ အဆိုးရွားဆုံးကိစ္စမှာ ဝမ်ဝေ့က သူတို့မျိုးနွယ်၏ ဂမ္ဘီရစွမ်းရည်ကို တန်ပြန်ကြိုတင်ကာကွယ်ထားသည့်အတွက် ကြယ်တာရာဝိဇ္ဇာက ဤအောင်မြင်နိုင်နှုန်းသည် ပို၍နိမ့်ကျသွားကြောင်း ပြောခဲ့သည်။

အောင်မြင်နှုန်းက ၅ ရာခိုင်နှုန်းအောက် နည်းနေပေမဲ့ လက်မလျှော့နိုင်ဘူး။ မျှော်လင့်ချက် ရှိနေသရွေ့ ရှေ့ဆက်ရမှာပဲ…

ရှောင်စုန့်ရှီက တွေးလိုက်မိသည်။ ထိုစဉ် အောင်းရှန်က သူ့အား သတ်ဖြတ်ငွေ့ဖြင့် ကြည့်လိုက်၏။

“မင်း ငါ့ကို မငြင်းခင် ဒီသတင်းကို ကြည့်လိုက်ပါဦး။ ဒါက မင်းရဲ့ အစီအစဉ်ကို ပြောင်းသွားစေနိုင်တယ်” သူက အောင်းရှန်ကို အဆောင်တစ်ခုပြလိုက်သည်။

မြင့်မြတ်သည့် နဂါးက တစ်စုံတစ်ခုမှားယွင်းနေသည် သို့မဟုတ် ထောင်ချောက် ဖြစ်နေသည်ကို အာရုံခံစားဖို့ နည်းလမ်းများစွာ ရှိလေသည်။ ထိုသို့ဆိုလျှင်ပင် သူက သူ့အံ့ဖွယ်အသိစိတ်ဖြင့် အဆောင်ကို ချက်ချင်း စစ်ဆေးမကြည့်ပေ။

ထိုအစား သူက ယုံကြည်ရသည့် စစ်သူကြီးတစ်ယောက်ကို ဆင့်ခေါ်ကာ သတင်းအချက်အလက်ကို ဖတ်ရှုခိုင်းလိုက်သည်။ ထို့နောက် အောင်းရှန်က ထိုသူ၏ မျက်နှာထားက အံ့အားသင့်ရာမှ အကြောက်တရား၊ မျှော်လင့်ချက်ကုန်ဆုံးသွားသည့်အရိပ်အယောင် ပြောင်းသွားသည်ကို ကြည့်နေလိုက်သည်။

သူက စစ်သူကြီး၏ မှတ်ဉာဏ်ကို ဖတ်ရှုပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။

“မဖြစ်နိုင်တာ” အောင်းရှန်က အော်ပြောလိုက်သည်။ လေဟာနယ်တစ်လျှောက် နဂါးအော်သံ ပဲ့တင်ထွက်သွားပြီး တောင်ဘက်အခြမ်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

“အမှန်ပဲ” ရှောင်စုန့်ရှီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“အဲဒါက အဓိပ္ပာယ်မရှိတာ။ သူတို့က ဒီလောက် အားမကောင်းနိုင်ဘူး”

“ကံဆိုးတာက ဒါက အမှန်ဖြစ်နေတာပဲ”

“မင်းက ဒီသတင်းအချက်အလက် ဘယ်ကရလာတာလဲ”

“ငါတို့မျိုးနွယ်ရဲ့ ကြယ်တာရာဝိဇ္ဇာဆီက”

အောင်းရှန်၏ အမူအရာက ပျက်ယွင်းသွားလေသည်။ သူ့စိတ်ခံစားချက် ဆုံးရှုံးမှုကြောင့် အရှိန်အဝါကို လွှတ်ထုတ်မိသွားကာ ကြယ်တာရာတချို့ကို ဖျက်ဆီးမိလိုက်သည်။

“နဝမအဆုံးစွန်အုတ်မြစ်။ ကမ္ဘာမှာ ဒီလိုအရာမျိုး ဘယ်လိုလုပ်ရှိနေနိုင်မှာလဲ”

သူက ဝမ်ဝေ့သည် အားကောင်းပြီး ဤတိုက်ပွဲ၏ အကြီးမားဆုံး အတားအဆီးအဖြစ် မှတ်ယူထားခဲ့သည်။ သို့သော် သူ တွက်ချက်ထားသလောက် ထိုသူ၏ အင်အားသည် ထိပ်သီးပွင့်ချပ်ခုနစ်လွှာအဆင့်သာ ဖြစ်လိမ့်မည်။ သူ့နည်းဗျူဟာနှင့် ဉာဏ်ရည်တို့ဖြင့် ထိုက်တန်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သင့်သည်။

သို့သော် ယခုတွင် တစ်ဖက်သူ၏ စွမ်းအားက သူ လိုက်မမှီနိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ ထို့အပြင် သူသာလျှင် မဟုတ်ဘဲ တိထျန်းပင် အပါအဝင် ဖြစ်၏။

ငါ့ရဲ့အိပ်မက်၊ မျှော်လင့်ချက်နဲ့ ရည်မှန်းချက်တွေက ဒီနေရာမှာ အဆုံးသတ်ပြီလား…

အောင်းရှန်က တွေးလိုက်မိသည်။ သူက ဤမျိုးဆက်အတွင်း ကောင်းကင်ဘုံသွေဖယ်နေသည့် ပါရမီရှင်များစွာ ရှိထားသည်ကို သိထားသည့်အတွက် သူက ကျရှုံးရသည်ကို စိတ်ထဲမထားပေ။

သို့သော်လည်း ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများက မည်မျှပင် ပါရမီထူးကဲစေကာမူ အောင်းရှန်က အကောင်းဆုံးထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် သူက နောက်ဆုံးအနိုင်ရရှိနိုင်ချေရှိဖို့ အခွင့်အရေး မြင့်မား၏။

သို့သော် ယခုတွင် ထိုအခွင့်အရေးက ၁ ရာခိုင်နှုန်းတောင် မရှိမှန်း သိလိုက်ရ၏။

တိုက်ပွဲကို လက်လျှော့ပြီးတော့ ကောင်းကင်လမ်းစဉ်ကိုပဲ လျှောက်လှမ်းရတော့မှာလား…

အောင်းရှန်က စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။

ဘန်း

သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ထိုအတွေးအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

မဟုတ်ဘူး။ ဒီကမ္ဘာကြီးမှာ အကြွင်းမဲ့ဆိုတာ မရှိဘူး။ ငါ မကြိုးစားကြည့်ခင် လက်မလျှော့နိုင်ဘူး…

သူ၏ ခိုင်မာလှသည့် တာအိုနှလုံးသားက စိတ်ပျက်ခွင့်မပြုပေ။ အခွင့်အရေးက ၀.၁ရာခိုင်နှုန်းရှိနေလျှင်ပင် သူက လက်လျှော့မည်မဟုတ်ဘဲ အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။ သူ့ဧကရာဇ်လမ်းစဉ်ကို မည်သည့်အရာမှ မတားဆီးနိုင်ပေ။ သေခြင်းတရား၊ စိတ်ပျက်မှုနှင့် ကျရှုံးနိုင်ချေလည်း အပါအဝင်ဖြစ်၏။

အောင်းရှန်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး ထိုသတင်းအချက်အလက်ကို မည်သို့အသုံးချနိုင်ကြောင်း တွေးနေမိသည်။ သူက အခြေအနေကို သုံးသပ်ကာ ရရှိထားသည့် သတင်းအချက်အလက်များအားလုံးကို အသုံးပြုလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွား၏။

ဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါက နမူနာများများ လိုနေတယ်…

အောင်းရှန်၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ စိတ်ထဲတွင် ရူးသွပ်လောက်သည့် အစီအစဉ်တစ်ခု ပေါ်ထွက်လာသည်။

တကယ်လို့ ငါ အောင်မြင်သွားရင် အခွင့်အရေး ရှိနိုင်တယ်။ တကယ်လို့ ကျရှုံးသွားမယ်ဆိုရင်တော့…

ကျရှုံးသွားတာကို တွေးနေဖို့ မလိုဘူး။ တကယ်လို့ ဒီတိုက်ပွဲမှာ ကျရှုံးပြီး အသက်ရှင်တယ်ဆိုရင်တောင် အကျိုးအမြတ်က အဆုံးမဲ့တယ်…

သူက ရူးသွပ်လောက်ဖွယ် အစီအစဉ်ကို စဉ်းစားရင်း အကြည့်များ တောက်ပလာသည်။ နောက်ဆုံးတွင် သူက ရှောင်စုန့်ရှီအား သတ်ဖြတ်ငွေ့ဖြင့် ကြည့်လိုက်ပြီး လျှပ်တစ်ပြက် ဖမ်းဆီးလိုက်သည်။

“မင်းက ငါ့စိတ်အပေါ် သက်ရောက်မှုရှိအောင် လာပြီး လိမ်ညာနေတာလား” အောင်းရှန်က ခက်ထန်စွာ ပြောလိုက်သည်။

“ဘာ” ရှောင်စုန့်ရှီက နားမလည်နိုင်ဖြစ်သွားမိ၏။ သူက ထိုနတ်ဆိုး၏ အမူအရာများ ပြောင်းလဲသွားသည်ကို ကြည့်နေမိပြီး သူသည်လည်း ထိုသတင်းကို ရရှိစဉ်အခါက တူညီသည့် အမူအရာမျိုး ရှိခဲ့၍ ထိုသူကို သနားနေမိသည်။

သို့သော်လည်း အောင်းရှန်၏ တုံ့ပြန်မှုက တည်ငြိမ်ပြီးသည့်နောက်တွင် ဤသို့ရန်လိုလာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ သူ တွက်ချက်ထားမှုအရ ထိုသူသည် သူတို့၏ မဟာမိတ်ကို ထည့်သွင်းစဉ်းစားကာ ညှိနှိုင်းလိမ့်မည်ဟူ၍ ဖြစ်သည်။

ကြည့်ရတာ တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူးပဲ…

ရှောင်စုန့်ရှီအနေနှင့် အောင်းရှန်သည် သူ့စကားကို မကြားချင်ကြောင်း ခံစားမိ၏။ ကံဆိုးစွာဖြင့် သူ့အစီအစဉ်က ထိုသူ၏ ပူးပေါင်းမှု လိုအပ်နေသည့်အတွက် သူ့ကို အနိုင်ယူကာ ဖမ်းဆီးပြီး သဘောတူဖို့ ဖိအားပေးရမည်။

***

All Chapters