နတ်ဆိုးနှင့် ပင်လယ်မျိုးနွယ် ပြိုင်ဆိုင်ခြင်း
Vol. 55 Ch. 767
“ငါတို့က တူညီတဲ့ ရန်သူရှိမှန်း သိသာပေမဲ့ ဘာလို့အချိန်ဖြုန်းပြီး အချင်းချင်း တိုက်ခိုက်နေမှာလဲ” ရှောင်စုန့်ရှီက နောက်ဆုံးတစ်ခေါက် ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။
“ငါက မင်းတို့ ပင်လယ်မျိုးနွယ်နဲ့ ဘာမှမတူဘူး” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းတို့က နတ်ဆိုးမျိုးနွယ်ဆိုပေမဲ့ ငါတို့ဆီကနေ သီးခြားခွဲထွက်ပြီးတော့ နောက်ထပ် နာမည်တစ်မျိုးကို ခေါ်ခဲ့တယ်”
ရှောင်စုန့်ရှီက မျက်မှောင်ကြုတ်လိုက်ပြီး “ငါတို့က တူညီတဲ့ အရင်းအမြစ်ဆိုပေမဲ့ ငါတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်အဖွဲ့အစည်းအနေနဲ့ မျိုးနွယ်ခွဲအဖြစ် ဆင့်ကဲပြောင်းလဲပြီးသား”
ပင်လယ်မျိုးနွယ်က နတ်ဆိုးမျိုးနွယ်နှင့် တူညီသည့် ဇစ်မြစ်ရှိပြီး သူတို့က ပင်ကိုနတ်ဆိုးမျိုးနွယ်ဆီမှ ဖန်တီးခံရခြင်း ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးမျိုးနွယ်များကဲ့သို့ သူတို့က သူတို့၏ ဖန်တီးသူများကို ဆန့်ကျင်ကာ ဗလာခေတ်ကာလရှိ တိုက်ပွဲအတွင်း ဟော်သဲ့သက်ရှိများနှင့် ပူးပေါင်းခဲ့သည်။
“မင်းတို့ပင်လယ်မျိုးနွယ်ရဲ့ အဆိုးရွားဆုံး လုပ်ရပ်က ငါတို့ကို စွန့်ပယ်ခဲ့တာပဲ။ နတ်ဆိုးမျိုးနွယ်တွေက ခေတ်ကာလများစွာ ဆိုးရွားတဲ့ကပ်ဘေးကို ရင်ဆိုင်တွေ့ရတဲ့အချိန်မှာ မင်းတို့မျိုးနွယ်က မင်းတို့ရဲ့ နယ်မြေထဲမှာပဲ ပုန်းအောင်းပြီးတော့ အကောင်းအတိုင်း ကျန်ရှိခဲ့တယ်။ ငါတို့ကို တစ်ခါမှ ကူညီဖို့ လက်မကမ်းဖူးဘူး”
ရှောင်စုန့်ရှီက တိတ်ဆိတ်သွား၏။ နတ်ဆိုးမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်တို့က တူညီသည့် ဇစ်မြစ်မှ ဖြစ်သော်လည်း ပင်လယ်မျိုးနွယ်က နတ်ဆိုးမျိုးနွယ်အဖြစ် သတ်မှတ်မခံရတော့ပေ။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးမျိုးနွယ်၏ အနေအထားက ပိုမိုဆိုးရွားလာခဲ့သည့်အတွက် ပင်လယ်မျိုးနွယ်က နတ်ဆိုးမျိုးနွယ်နှင့် ဝေးဝေးနေခဲ့သည်။
မျိုးနွယ်ဝင်အများစုက သူတို့သည် နတ်ဆိုးမျိုးနွယ်နှင့် တူညီသည့် အရင်းအမြစ်ဖြစ်ကြောင်းပင် ငြင်းဆန်ခဲ့ကြ၏။
“ပင်လယ်မျိုးနွယ်က အသက်ရှင်သန်ဖို့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့ရုံပဲ” ရှောင်စုန့်ရှီက ပြန်ဖြေသည်။
“ရွှေရောင်လူဝံဧကရာဇ်က ငါတို့ကို သူ့အပိုင်ဖြစ်လာစေချင်ပြီးတော့ ကမ္ဘာကို အုပ်ချုပ်ချင်နေတာ။ တကယ်လို့ သူ့ကိုသာ သဘောတူလိုက်မယ်ဆိုရင် ငါတို့ ကံကြမ္မာတွေက မင်းတို့နတ်ဆိုးမျိုးနွယ်နဲ့ အတူတူ ဖြစ်သွားလိမ့်မယ်”
“ရွှေရောင် လူဝံဧကရာဇ်” အောင်းရှန်က အံကြိတ်ကာ ပြောလိုက်သည်။ နတ်ဆိုးမျိုးနွယ်၏ လက်ရှိအနေအထားက ရွှေရောင်လူဝံဧကရာဇ်၏ အသင်္ချေအင်ပါယာကမ္ဘာကို လွှမ်းမိုးဖို့ ကြိုးစားခဲ့သည့် ရလဒ်သာ ဖြစ်ပေသည်။
လူသားများနှင့် တခြားမျိုးနွယ်များက နတ်ဆိုးမျိုးနွယ်ကို ရင်ဆိုင်ဖို့ သူ့လုပ်ရပ်ကို အကြောင်းပြချက်အနေနှင့် အသုံးချခဲ့ကြသည်။ သူသာ မရှိလျှင် အောင်းရှန်အနေဖြင့် နတ်ဆိုးမျိုးနွယ်သည် အသင်္ချေအင်ပါယာကမ္ဘာ၌ အားအကောင်းဆုံးမျိုးနွယ်ထဲမှ တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသည်။
“ဘာဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး” သူက ပြောရင်းဖြင့် အမှောင်ထုတာအိုကို ထုတ်လွှတ်လိုက်သည်။
အမှောင်ထု လက်သီးချက်
အောင်းရှန်က ကြောက်မက်ဖွယ်ခွန်အားဖြင့် ထိုးချလိုက်သည်။ ပင်ကိုနဂါးတစ်ကောင်အနေဖြင့် သူ့ခန္ဓာကိုယ်ခွန်အားက ကျင့်ကြံခြင်း မရှိဘဲ နဂါးဆင် ခွန်အားအထိ တိုးမြင့်လာနိုင်သည်။ သူသာ အရွယ်ရောက်လာသည်နှင့် ထိုအနေအထားသို့ ရောက်ရှိသွားလိမ့်မည်။ လုံလောက်သည့် အရင်းအမြစ်များနှင့် အောင်းရှန်က သူ့ကြီးထွားနှုန်းကို မြှင့်တင်နိုင်သေး၏။
သို့သော်လည်း သူ့အောင်မြင်မှုများက ကမ္ဘာဦးနဂါးများနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်ကြောင်း သိလေသည်။ ထိုကမ္ဘာဦးနဂါးများက သူတို့အရွယ် ရောက်လာသည်နှင့် ကမ္ဘာဦးနဂါးတစ်ကောင် ခွန်အားကို ရောက်ရှိထားသည့် ဟွင်သွမ်းသက်ရှိများ ဖြစ်ပေသည်။ ထို့ကြောင့် အောင်းရှန်က သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်၏ တတိယအဆင့်ကို ရောက်ရှိခဲ့သည်။
တိုက်ကွက်တစ်ခုတည်းဖြင့် သူက ကမ္ဘာဦးနဂါး၂၃ ကောင်နှင့် ညီမျှသည့် ခွန်အားကို ထုတ်ဖော်နိုင်သည်။ ထို့အပြင် သူ့အမှောင်ထုတာအိုက သူ့တိုက်ခိုက်စွမ်းရည်ကို တိုးမြှင့်ပေးထား၏။
အာကာပြင်ထက်ပင် မဲမှောင်နေသည့် တိမ်မဲက အောင်းရှန်၏ လက်သီးချက်မှ ထွက်ပေါ်လာသည်။ ထိုတိမ်မဲနှင့် ထိတွေ့သမျှ အရာအားလုံးက ဗလာနတ္ထိနှင့် တူညီသည့်အနေအထား ဖြစ်သည့် အမှောင်ထုသို့ ပြန်လည်ရောက်ရှိသွားသလိုမျိုး ပျောက်ကွယ်သွားကြသည်။
ဝါးမျိုရေး ဝဲဂယက်
ရှောင်စုန့်ရှီက ထိုတိုက်ကွက်၏ အပြောင်းအလဲကို ခံစားမိပြီးသည့်နောက်တွင် အမူအရာ ပျက်ယွင်းသွားသည်။ သူက အလျင်အမြန် လှုပ်ရှားကာ သူ့ဝါးမျိုရေးတာအိုဖြင့် ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်သည်။ သူက တိုက်ကွက်ကို စုပ်ယူပြီး သူ့အရှိန်အဝါကို တိုးမြှင့်လိုက်၏။
“မင်းက သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီးကို ချိုးဖောက်သွားပြီကိုး” အောင်းရှန်က အနည်းငယ် အံ့အားသင့်သွားမိသည်။
“ကြယ်တာရာဝိဇ္ဇာရှိနေမှတော့ ငါ မလုပ်နိုင်ဘူးဆိုတာမှ အံ့အားသင့်ဖို့ ကောင်းမှာမဟုတ်ဘူးလား” ရှောင်စုန့်ရှီက ပြန်ဖြေသည်။ သို့သော်လည်း သူက ထိုအရာနှင့် ပတ်သက်ပြီး ပျော်ရွှင်ခြင်း မရှိသလို ဂုဏ်ယူခြင်း မရှိပေ။ သူက ကြယ်တာရာဝိဇ္ဇာဆီမှ အကြံဉာဏ်အတိုင်း လိုက်လုပ်ပြီးသည့်နောက်တွင် သူ့ပါရမီ၏ ကန့်သတ်ချက်ကို မြင်တွေ့ခဲ့၍ ဖြစ်သည်။
အောင်းရှန်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် အချိန်ဖြုန်းမနေဘဲ အားကုန်တိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက တစ်ဖက်သူကို လွတ်မြောက်ဖို့ သို့မဟုတ် အရှုံးကို အနိုင်ပြောင်းလဲမည့် နည်းလမ်း ဖန်တီးမည့်အချိန်ကို မပေးလိုပေ။
အမှောင်ထု ရိုက်ချက်
အောင်းရှန်က ပိုင်းဖြတ်သည့် အမူအရာမျိုးလုပ်လိုက်ပြီးနောက် အမှောင်ထုစွမ်းအားပါဝင်သည့် ရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုတိုက်ကွက်တစ်ခုတည်းဖြင့် ဤတိုက်ပွဲကွင်းပြင်ရှိ အာကာပြင်က နှစ်ပိုင်း ကွဲသွားလေသည်။ အကယ်၍ သူသာ မတုံ့ပြန်နိုင်ခဲ့ပါက ရှောင်စုန့်ရှီသည် သူ့ကံကြမ္မာသည်လည်း အတူတူ ဖြစ်သွားမည်မှန်း သိလိုက်၏။
ထို့ကြောင့် သူက ဤတိုက်ကွက်ကို ထပ်မံ စုပ်ယူလိုက်သည်။ သို့သော်လည်း သူ့ကို ထိတ်လန့်သွားစေသည်က ထိုတိုက်ကွက်သည် ပွင့်ချပ် ၄လွှာအဆင့် ရောက်ရှိနေပြီး သူ့ထိပ်သီးပွင့်ချပ် ၂လွှာအဆင့်ထက် ကျော်လွန်နေလေ၏။ ထို့ကြောင့် သူက တတ်နိုင်သမျှ များများ စုပ်ယူလိုက်ပြီး ပွင့်ချပ် ၃ လွှာအဆင့်အထိ တိုးမြှင့်နိုင်လိုက်သည်။
ထို့နောက် သူက ကျန်ရှိနေသည့် စွမ်းအားများကို တစ်ဖက်လူဆီ ပြန်လည်ပို့ဆောင်လိုက်၏။
“ငါက အမှောင်ထုရဲ့ ပြယုဂ်ပဲ။ ငါ့ရဲ့ တိုက်ကွက်နဲ့ ပြန်ပြီးတော့ ဒုက္ခပေးနိုင်မယ်များ ထင်နေလား” အောင်းရှန်က အနက်ရောင်ဓားချက် သူ့ဆီဦးတည်လာသည်ကို ကြည့်နေရင်း ရေရွတ်လိုက်သည်။ ထိုတိုက်ကွက်က သူ့ကို မထိနိုင်ခင် ပျောက်ကွယ်သွား၏။
နှလုံးသား အမှောင်ထု
ရှောင်စုန့်ရှီ၏ နဖူးအထက် ချွေးများစီးကျလာပြီး အမူအရာက တောင့်တင်းလာသည်။ သူက အပြင်းအထန် ရုန်းကန်နေရသလိုမျိုး ဖြစ်လာ၏။ သူ့စိတ်ထဲ ကျူးကျော်လာသည့် အဆိုးမြင် စိတ်ခံစားချက်များစွာကို ခံစားမိနေပြီး သူ့ဝိညာဉ်ကို တိုက်စားနေလေ၏။
အဓိကအားဖြင့် သူ့အမေနှင့် ညီမကို စွန့်ပယ်ခဲ့သည့် သူ့အဖေအပေါ် အမုန်းတရားများ ဖြစ်ပေသည်။ သူက ထိုအမျိုးသားကို အလွန်တရာ မုန်းတီး၏။ ပိုင်ရှယ်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာပြီး သူ့အဖေကို သူ့အမေရှေ့ ဒူးထောက်ကာ တောင်းပန်စေပြီးသည့်နောက်တွင်ပင် ထိုအမုန်းတရားကို အပြည့်အဝ မဖယ်ရှားနိုင်သေးပေ။
ယခုတွင် အောင်းရှန်၏ နည်းစနစ်က သူ့စိတ်ထဲ ပုန်းအောင်းနေသည့် အမှောင်ထုကို ပြန်လည်ဖော်ထုတ်လာ၏။ ရှောင်စုန့်ရှီက သူ့ဝါးမျိုရေးစည်းမျဉ်းကို အသုံးပြုကာ သူ့အပေါ် သက်ရောက်မှုရှိနေသည့် စွမ်းအားကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သိပ်မကြာခင် ထိုဖြစ်စဉ်က အင်မတန် နှေးကွေးနေကြောင်း သိရှိသွား၏။
ဘန်း
အောင်းရှန်က သူ့စွမ်းအားအပြည့်ဖြင့် ထိုးချလိုက်ပြီး ရှောင်စုန့်ရှီကို ဒုက္ခိတဖြစ်သွားစေဖို့ ရည်ရွယ်ထားသည်။
ထိုသူကမူ သူ့ဝိညာဉ်၏ ပြဿနာကို ဖြေရှင်းနေရဆဲ ဖြစ်၏။ ကံဆိုးစွာဖြင့် ရှောင်စုန့်ရှီ၏ ပိုင်နက်က အသက်ဝင်လာကာ တိုက်ကွက်၏ စွမ်းအားအများစုကို စုပ်ယူသွားပြီး ကျန်ရှိနေသည့်အရာများကို နေရာအဘက်ဘက်သို့ ပျံ့နှံ့စေလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်စုန့်ရှီက ထိုတိုက်ကွက်နောက်ကွယ်မှ အင်အားအားလုံးကို ဖယ်ရှားဖို့ အပြည့်အဝ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူ မတုံ့ပြန်နိုင်သည့် ခန္ဓာကိုယ်က အလင်းနှစ်များစွာ လွင့်စင်ထွက်သွားပြီး တစ်ပိုင်းတစ်စ ပျက်စီးနေသည့် ဂြိုလ်ဆီ ဝင်တိုက်မိသွားသည်။
သူ့ခန္ဓာကိုယ်က ကျန်ရှိနေသည့် ဂြိုလ်တစ်ပိုင်းတစ်စကို ဖျက်ဆီးပစ်နိုင်သည့် တုန်ခါနှုန်းတစ်ခု ထွက်ပေါ်လာသည်။
အောင်းရှန်က ရှေ့တစ်လှမ်းတိုးကာ ထိုဂြိုလ်ဆီ ရောက်ရှိလာသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ရှောင်စုန့်ရှီက သူ့ခန္ဓာကိုယ် ပြန်လည်လှုပ်ရှားနိုင်သွားပြီး သူ့နည်းစနစ်ကို ရင်ဆိုင်နိုင်လိုက်သည်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
သူ့နည်းစနစ်က စိတ်ခံစားချက် အားလုံးကို ဝါးမျိုစေပြီးတော့ အကျိုးအကြောင်း ဆင်ခြင်နိုင်စိတ်ကိုပဲ ချန်ထားခဲ့တယ်…
ထိုအကျိုးအကြောင်း ဆင်ခြင်သည့် ဉာဏ်သာရှိသည့် တစ်စုံတစ်ယောက်ကမူ ကွဲပြားပေသည်။ သူတို့က သူတို့စိတ်ထဲရှိ အမှောင်ထု သို့မဟုတ် စိတ်ခံစားချက်များ၏ သက်ရောက်မှုကို ခံရမည် မဟုတ်ပေ။ အောင်းရှန်၏ တိုက်ကွက်ပြင်းထန်မှုကြောင့် ရှောင်စုန့်ရှီက အသိဝင်လာရုံမျှသာ ဖြစ်၏။
ထိုအရာကို သဘောပေါက်သွားပြီးသည့်နောက်တွင် အောင်းရှန်က နှာခေါင်းရှုံ့လိုက်သည်။
“သက်ရှိတွေအားလုံးက အမည်မသိတဲ့ အရာကို ကြောက်ကြတာပဲ။ အကြီးမားဆုံး အကြောက်တရားက အမှောင်ထုထဲမှာ တည်ရှိနေတဲ့အရာ”
အောင်းရှန်၏စကားက ကြောက်မက်ဖွယ်ဆွဲဆောင်မှု သို့မဟုတ် မှော်စွမ်းအားတချို့ ပါဝင်နေဟန်ပေါ်သည်။ ရှောင်စုန့်ရှီက ပိုမိုပြင်းထန်သည့် အကြောက်တရားကို ခံစားမိလိုက်သည်။ သူ့စိတ်ထဲတွင် သူက အမှောင်ထုမှ သူ့ကို ကြည့်နေသည့် မဖော်ပြနိုင်လောက်သည့် အကြောက်တရားကို ခံစားမိလိုက်သည်။
သူက မည်သို့ပင်လုပ်စေကာမူ ထိုအကြည့်ခံနေရသည့် ခံစားချက်ကို မဖယ်ရှားနိုင်ပေ။ ထို့ကြောင့် သူက ပိုမိုကြောက်ရွံ့လာပြီး မည်သူက သူ့ကို ကြည့်နေတာလဲ၊ သူတို့ရည်ရွယ်ချက်က ဘာလဲဟု စတင်စဉ်းစားမိလာသည်။
တကယ်တော့ သူက အကြည့်ခံနေရသည့် ခံစားချက်ကို မဖယ်ရှားနိုင်သည့်အတွက် သူ့ဝိညာဉ်က စတင်ပြိုလဲလုနီးပါးအထိ ရူးသွပ်လာသည်။
ဝုန်း
အောင်းရှန်က ထပ်မံတိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူ့တိုက်ကွက်က ဤတစ်ခါ မအောင်မြင်ပေ။ အကြောင်းအရင်းက ရှောင်စုန့်ရှီ၏ ရှေ့တွင် တောင်ဝှေး ပေါ်လာပြီး ကာကွယ်ပေးထား၏။
“ဧကရာဇ်အသုံးအဆောင် ပစ္စည်းလား” အောင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့ကိုယ်ပိုင်အသုံးအဆောင် ဖြစ်သည့် ရွှေရောင်လက်သည်းကို ထုတ်ယူလိုက်သည်။ ထိုတိုက်ပွဲအတွက် ကောင်းကင်တာအိုက ဧကရာဇ်အသုံးအဆောင် ပစ္စည်း သုံးခုကို ခွင့်ပြုပေးထားသည်။ ထိုအရာအပြင် ပါဝင်ယှဉ်ပြိုင်သူများက သူတို့၏ သိုလှောင်လက်စွပ် သို့မဟုတ် အသိစိတ်ပင်လယ်မှ ထုတ်ယူနိုင်မည် မဟုတ်ပေ။
ထိုလက်သည်းကို အသုံးပြုကာ အောင်းရှန်က တောင်ဝှေးကို စည်းပိတ်လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်လေးက ရှောင်စုန့်ရှီအတွက် တုံ့ပြန်ဖို့ လုံလောက်နေလေပြီ။ သူက တောင်ဘက်အခြမ်းရှိ ပင်လယ်မျိုးနွယ်၏ အစီအရင်နှင့် ဆက်သွယ်လိုက်ပြီး ပင်လယ်အသံ မန္တန်ကို အသုံးပြုလိုက်သည်။
ပင်လယ်က ကုသနိုင်စွမ်း ရှိ၏။ ဤသည်က သတ္တဝါများစွာအတွက် အသက်ဓာတ်အရင်းအမြစ် ဖြစ်ပေသည်။ ရှောင်စုန့်ရှီက အစီအရင်ကို အသုံးပြုကာ သူ့စိတ်က ပင်လယ်သံကို ကြားနိုင်သည့် ထူးကဲသည့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့ပြီး လွှမ်းမိုးမှုကြီးနေသည့် အကြောက်တရား၏ သက်ရောက်မှုကို ဖယ်ထုတ်ပစ်ခဲ့သည်။
ရှောင်စုန့်ရှီက အောင်းရှန်ကို မျက်လုံးအနီများဖြင့် ကြည့်လိုက်သည်။ သူက ထိုသူသည် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အဆိုးရွားဆုံးအချိန်က နတ်ဆိုးမျိုးနွယ်သည် သူ့အစစ်အမှန်ပုံစံကို တစ်ခါမှ မဖော်ထုတ်ခဲ့ဖူးခြင်း ဖြစ်၏။
အောင်းရှန်က သူ့ကို စိုက်ကြည့်ကာ
“မင်းရဲ့ အကြီးမားဆုံး အမှားက မင်းကိုယ်မင်း ကုသဖို့ ပင်လယ်ကို အသုံးပြုလိုက်တာပဲ။ ကမ္ဘာကြီးရဲ့ အကြီးမားဆုံး အမှောင်ထုထဲက တစ်ခုက ပင်လယ်ချောက်နက်ဆိုတာ မသိဘူးလား။ အဲဒါက အမည်မသိ အရင်းအမြစ်တွေရဲ့ နေရာတစ်ခုပဲလေ။ အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ အမည်မသိအရာပဲ”
ထိုစကားများပြောလိုက်သည်နှင့် ရှောင်စုန့်ရှီ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ပင်လယ်မျိုးနွယ်များသည် ပင်လယ်ထဲ နှစ်များစွာ စူးစမ်းရှာဖွေခဲ့ကြောင်း အမှတ်ရလိုက်သည်။ ထို့နောက် သူက သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးများသည် ပင်လယ်၏ အနက်ပိုင်းမှ ရောက်ရှိလာသည်ကို ခံစားမိလိုက်၏။ သူ့စိတ်ထဲမှ အကြောက်တရားသည် သိသိသာသာ တိုးမြှင့်လာသည်။ သူက သူ့စိတ်ထဲမှ အကြည့်ကို ဖယ်ရှားဖို့ အများကြီး ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။
သူ့စိတ်အပေါ် မထိန်းချုပ်နိုင်သည့် အကြောက်တရားက လွှမ်းမိုးသွားပြီး အဆုတ်ကွဲလုမတတ် အော်ဟစ်ကာ မေ့မြောသွားစေသည်။ သူ့ဝိညာဉ်က ပြိုလဲလုနီးပါး အခြေအနေ ဖြစ်နေ၏။
ထိုစဉ် အောင်းရှန်က မြေပြင်ပေါ်လဲနေသည့် ထိုသူကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ ထို့နောက် သူ့လျှာက ပါးစပ်မှထွက်လာပြီး သူ့အကြည့်က ပြောင်းသွားသည်။
ရှောင်စုန့်ရှီက တစ်စုံတစ်ခု ဆိုးဆိုးရွားရွားကို မြင်လိုက်ပြီး အကြောက်တရားကြောင့် မေ့မြောသွားသလိုမျိုး ဖြစ်၏။
“မင်းသာ အသုံးမဝင်ရင် သတ်ပစ်လိုက်ပြီ”
***