လီဖူချန်းနဲ့ကျင်းရှောင်ယုတို့ရန်ပွဲမှာ
Vol. 5 Ch. 68
လီဖူချန်းက ကျင်းရှောင်ယုကို လက်သီးတစ်ချက်နဲ့ပဲ အနိုင်ယူလိုက်တယ် ဆိုတဲ့ သတင်းက အပြင်စည်းဂိုဏ်း တစ်ခုလုံးကို တောမီးအလား ပျံ့နှံ့သွားပါပြီ ဒီသတင်းကို ကြားလိုက်ရတဲ့ လူတွေ အားလုံးကလည်း ပါးစပ်အဟောင်းသားနဲ့ ဖြစ်ကုန်ကြပါတယ်။ သူတို့ အားလုံး ထင်ထားကျတာက ပြိုင်ဘက်ကင်းတွေ ဆိုတာက မွေးလာကတည်းက ထူးခြားတဲ့ အရိုးတည်ဆောက်ပုံတွေနဲ့ မွေးလာကျသူတွေ ဖြစ်ပြီး ကျင့်ကြံမှုနှုန်းက သာမန်လူတွေ ထက်ကို အဆပေါင်းများစွာ သာပြီး အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလို့ပါ။ လီဖူချန်းက ပြိုင်ဘက်ကင်းတွေ ဟာလည်း လူတွေပါပဲဆိုတာကို သက်သေ ပြလိုက်ပါပြီ။ ( ထိုးခံရရင် သွေးအန်ပါတယ်)
ဒါပေမဲ့ သူတို့ မသိတာက လီဖူချန်းရဲ့ ကျင့်ကြံနှုန်းက ပြိုင်ဘက်ကင်းတွေ ထက်တောင် မြန်နေတယ် ဆိုတာပါပဲ။ ကျင်းရှောင်ယုကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ် ဆိုကတည်းက လီဖူချန်းရဲ့ အဆင့်က ဆင်းရဲဒုက္ခ မျှော်စင်မှာ ထိပ်ဆုံး၁၀ယောက် စာရင်းထဲဝင်နေပါပြီ။
***
လီဖူချန်းကတော့ ဒီကောလဟာလတွေနဲ့ သတင်းတွေကြောင့် ဘာမှပိုပြီး ထူးခြားမသွားပါဘူး။
သူအားတဲ့ အချိန်တွေဆိုရင် မိုးပြာရောင် ရေကန်ကိုသွားပြီး ငါးဖမ်းထွက်လိုက် သိုင်းတန်ခိုး ကျင့်လိုက်နဲ့ ဘဝကြီးကို သမားရိုးကျပဲ ဖြတ်သန်းနေပါတယ်။ ကျားနဂါး ဆေးလုံးအလုံး၆၀ ဝယ်ပြီး သွားကတည်းက သူရဲ့ရမှတ်တွေက ပြောင်ခါနီး ဖြစ်နေခဲ့ပါပြီ။ အမှတ်၂၉၅၀၀ပဲ ကျန်ပါတော့တယ်။
မိုးပြာရောင် ရေကန်မှာ ငါးဖမ်းလိုက် တာအိုလမ်းခွဲခန္ဓာကိုယ်ကို လေ့ကျင့်လိုက် လုပ်ရင်းနဲ့ ရမှတ်က ၉၀၀၀၀ ပြန်ဖြစ် သွားပါသေးတယ်။ ဒါပေမဲ့ ဒီရမှတ်ကလည်း ကြာကြာမခံပါဘူး။ နောက်ထပ် ကျားနဂါးဆေးလုံး အလုံး၆၀ ထပ်ဝယ် အပြီးမှာတော့ သူရဲ့ ရမှတ် အကုန်လုံးက ပြောင်သလင်း ခါသွားပါပြီ။
ဒါကြောင့် လီဖူချန်းက မိုးပြာရောင် ရေကန်ကို ထပ်လာခဲ့ပြီး ပြိုင်ပွဲ မစခင်အထိ ဒီမှာပဲ အချိန်ဖြုန်းဖို့ စဉ်းစားထားပါတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တယ်လို့ ဆိုရမလားပဲ။
ရမှတ်လည်းရှာ သိုင်းကျင့်စဉ်လည်း ကျင့်ပေါ့။ ၈၀၀၀ ကီလိုဂရမ် ၉၀၀၀ ... ၉၅၀၀ ... ၁၀၀၀၀ ကီလိုဂရမ်။ အပြင်စည်း ပြိုင်ပွဲ မကျင်းပမီ တစ်ပတ် အလိုမှာတော့ လီဖူချန်းက တာအိုလမ်းခွဲ ပညာရပ်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်သွားပါတယ်။
သူ့ရဲ့ အပြင်ခွန်အားကလည်း ၁၀၀၀၀ ကီလိုဂရမ်အထိ ရောက်သွားခဲ့ပါပြီ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် လီဖူချန်း ဒီတစ်ခေါက် ဝယ်လာတဲ့ ကျားနဂါးဆေးလုံး၆၀က တာအိုလမ်းခွဲ ခန္ဓာကိုယ်ကို အောင်မြင်အောင် လေ့ကျင့်ဖို့အတွက် မလုံလောက်ပါဘူး။
လီဖူချန်းဆီမှာလည်း ဆေးတွေကို ဝယ်ဖို့ ရမှတ်က တစ်မှတ်လေးတောင် မရှိတော့ပါဘူး။
ဖမ်းထားတဲ့ ငါးတွေကို ပြန်ရောင်းပြီး ရမှတ်တွေနဲ့ လဲဖို့လုပ်ရင်လည်း အချိန်က အတော်ကုန်မှာပါ။
ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံးမှာတော့ လီဖူချန်းက
" အကြံကုန် ဂဠုန်ဆားချက် "
ထုံးကိုနှလုံးမူရပါပြီ။ သူဖမ်းထားတဲ့ ငါးတွေကိုပဲ ပြန်စားပြီး ကျင့်စဉ်ကို ကျင့်ပါတော့တယ်။ ဒါကြောင့် ဒီနောက်ပိုင်း ရက်တွေမှာ လီဖူချန်းက ပထမတန်းစား ရတနာငါးတွေနဲ့ ဒုတိယတန်းစား ရတနာငါး အတော်များများကို စားခဲ့ပါတယ်။ ပထမတန်းစား ငါးတစ်ကောင်က တစ်ကီလိုကို အမှတ်၁၀၀ ရတာဖြစ်ပြီး ၁၀ကီလို ဆိုရင်တော့ ရမှတ်၁၀၀၀ ရှိပါတယ်။ ပထမတန်းစား ငါးတစ်ကောင်လုံးကို စားလိုက်တာက ကျားနဂါး ဆေးတစ်လုံးကို သောက်လိုက်တာနဲ့ အတူတူပါပဲ။
ဒုတိယတန်းစား ငါးတစ်ကောင်က တစ်ကီလိုကို အမှတ်၁၀၀၀ တန်တာဖြစ်တဲ့အတွက် ဒီငါးတစ်ကောင်ကို စားလိုက်တာက ကျားနဂါးဆေးလုံး အများကြီးကို တစ်ခါတည်း သောက်လိုက် သလိုပါပဲ။ သူရဲ့ ပြင်ပခန္ဓာကိုယ်အားက ၁၀၀၀၀ ကီလိုဂရမ် ရောက်လာတာနဲ့ လီဖူချန်ရဲ့ အလေးချိန်ကလည်း ၈၀ ကီလိုအထိ လေးလာပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကလည်း အဆီပိုတွေ မရှိတော့ပဲ ကျစ်လစ် မာကျောတဲ့ ကြွက်သားတွေနဲ့ပဲ ဖွဲ့စည်း ထားသလိုပါပဲ။ ( c.ronaldo အသေးစားလေးပေါ့)
အရပ် ၁.၇၅မီတာလောက်ပဲ ရှိသေးတဲ့ လီဖူချန်းကို ဒီအတိုင်း အဝတ်အစားတွေ မချွတ်ပဲ ကြည့်လိုက်မယ် ဆိုရင် ၆၅ ကီလိုဂရမ် လောက်ပဲရှိမည့် လူပျိုပေါက်လေးလို့ပဲ ထင်ကျမှာပါ။
"လခွီးပဲ။ ဒီခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်တွေက ငမွဲတွေ လေ့ကျင့်လို့ မရအောင်ရည်ရွယ်ပြီး ထွင်ထားတာလား။ ဒီလိုခွန်အားကိုရဖို့ ငါက ဆေးတွေကို ရွှေပြားခြောက်သိန်း ဖိုးတောင် သုံးလိုက်ရတယ်”
လီဖူချန်းက ဒေါခွီးနေပါတယ်။
( တကယ်တော့ သူ့မှာ အမှတ်ပြောင်သွားလို့ တင်းနေတာ)
ဒီပြင်ခွန်အား ၁၀၀၀၀ ကီလိုဂရမ်အားအထိ ရောက်ဖို့ ခန္ဓာကိုယ် သန့်စင်ဆေး အလုံး၅၀၀ နဲ့
ကျားနဂါးဆေးလုံး အလုံး၁၂၀တောင် သောက်ခဲ့ရတာပါ။ ဒါတောင် ရတနာငါးတွေ အများကြီးလည်း စားခဲ့ရပါသေးတယ်။ မိုးပြာရောင် ဂိုဏ်းထဲမှာမို့ တော်ပါသေးသည်။ အပြင်လောကမှာဆိုရင် ဒီရွှေပြား ၆သိန်းက ဘယ်လောက်မှ ရမှာ မဟုတ်ပါဘူး။ အပြင်ဘက်လောကမှာ ခန္ဓာကိုယ် သန့်စင်ဆေး တစ်လုံးကိုတောင် ပေးရတဲ့ ဈေးကနည်းတာ မဟုတ်ပါဘူး။ လီဖူချန်းလို ပြင်ပခွန်အား ၁၀၀၀၀ ကီလိုရအောင် လေ့ကျင့်ပေးဖို့ဆိုရင် ကလန်တစ်ခုလုံး ခွက်ဆွဲ သွားရနိုင်ပါတယ်။
ဒါတောင် ပြင်ပခွန်အား ၁၀၀၀၀ ပဲရှိပါသေးတယ်။ နောက်ထက်ထပ်ပြီး ၂သောင်း ၊၃သောင်း တွေဆိုရင် ဘယ်လောက် ကုန်ဦးမလဲ မသိပါဘူး။ ဒါပေမဲ့ တစ်ခု သတိပြုရမှာက ခန္ဓာကိုယ်ပြင်ပအား များလာတာနဲ့အမျှ တော်ရုံတန်ရုံ ဆေးတွေကလည်း တိုးလို့ပေါက်မှာ မဟုတ်တော့ပါဘူး။ လီဖူချန်းအခု အသုံးပြုနေတဲ့ ဆေးကတောင်မှ အဝါရောင် အဆင့်မြင့်ဆေးပါ။
တာအိုလမ်းခွဲ ခန္ဓာကိုယ်ပညာရပ်ကို အောင်မြင်ပြီးသွားရင်တော့ အဝါရောင် အထွတ်အထိပ် ဆေးတွေကမှ အကျိုး သက်ရောက်တော့မှာ ဖြစ်ပါတယ်။ အဝါရောင် အထွတ်အထိပ် ခန္ဓာကိုယ် အထောက်အကူပြု ဆေးလုံးတွေက တစ်လုံးကို ရမှတ် ၁၀၀၀၀ ပေးရမှာပါ။ လီဖူချန်းက ဒီအကြောင်းကို စဉ်းစား လိုက်တိုင်းမှာ ခေါင်းတစ်ခုလုံး ထူပူပြီး ကိုက်လာပါတယ်။
" ဂိုဏ်းတော်ရဲ့ ဈေးအကြီးဆုံး ဆေးဆိုရင် အမှတ် ဘယ်လောက်တောင် ပေးရမလဲကွာ"
ခန္ဓာကိုယ် သန့်စင်တဲ့လမ်းစဉ်က အရမ်း ခက်ခဲ ကြမ်းတမ်းပါတယ်။ ဒီလမ်းစဉ်ကို လိုက်စားသူ အယောက်တစ်သောင်းမှာ တစ်ယောက်လောက်ပဲ ပန်းတိုင်အထိ ရောက်အောင် လျှောက်လမ်း နိုင်တာပါ။
ဒါပေမဲ့လည်း လီဖူချန်းက ဒီလမ်းကနေ ဘယ်တော့မှ သွေဖည်သွားမှာ မဟုတ်ပါဘူး။
သူက ဒီလိုအပ်တဲ့ ရမှတ်တွေနဲ့ အထောက်အကူပြု ဆေးဝါးတွေကို သူ့ကိုယ်ပိုင်စွမ်းရည်နဲ့ ရအောင်ရှာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အထောက်အပံ့တွေ ရှိနေသရွေ့ကတော့ ခန္ဓာကိုယ်သန့်စင်တဲ့ နည်းလမ်းက အလုပ် ဖြစ်နေဦးမှာ ပါပဲလေ။
***
ရတနာငါးတွေ အများအပြား စားသုံးခဲ့ရတဲ့အတွက် ဒီတစ်ခေါက် လီဖူချန်း ဖမ်းမိတဲ့ငါးတွေက သိပ်များများစားစား မပါလာတော့ပါဘူး။ ထောက်ပံ့ရေးဌာနမှာ ငါးတွေကို အပ်ပြီးတဲ့ အခါမှာတော့
အမှတ်၄၀၀၀ ပဲရခဲ့ပါတယ်။ တာဝန်ကျ အကြီးအကဲကတော့ ဒီတစ်ခါ ပထမဦးဆုံး အနေနဲ့ လီဖူချန်း အမှတ်နည်းနည်းပဲ ရတာကို မြင်ဖူးသွားပါပြီလေ။ သူက စိတ်သက်သာ ရသွားပါတယ်။
" နောက်ဆုံးတော့ ဒီကလေးလည်း အခြေအနေ မကောင်းတာမျိုးကို ရှိလာခဲ့ပြီပဲ"
သူ့ရဲ့နေရာကို အပြန်လမ်းမှာတော့ လီဖူချန်းက အံ့သြစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်။ ရှန်ကောင်းဟောင်နဲ့ အရမ်း ရင်းနှီးပုံရတဲ့ ဝူကျင်မိန်က ဗလတောင့်တောင့် ခပ်ချောချော လူငယ် တစ်ယောက်နဲ့ အတူတူ လမ်းလျှောက်ပြီး ကြည်နူး နေကျတာကို တွေ့လိုက်ရတာပါ။ သူထင်တာသာ မှန်မယ် ဆိုရင်တော့ ဒီလူငယ်က အပြင်စည်းဂိုဏ်းရဲ့ နံပါတ်၁ဖြစ်တဲ့ ယုဝူရှန်းပါပဲ။
အပြင်စည်းဂိုဏ်းရဲ့ တစ်ဦးတည်းသော ကြယ်ငါးပွင့် ပါရမီရှင် ဖြစ်တဲ့သူပါ။ လီဖူချန်းရဲ့ အတွေးထဲမှာတော့ ဒီဝူကျင်မိန်က ရိုးသားတဲ့ သူတစ်ယောက် မဟုတ်ဘူးလို့
မှတ်ယူ လိုက်ပါတယ်။ သူကလူတွေနဲ့ စကားများများ ပြောရတာကို မကြိုက်တဲ့အတွက် အကြည့် လွှဲလိုက်ပြီး တခြား လမ်းကနေ သွားဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ပဲ ယုဝူရှန်းကလည်း လီဖူချန်းကို မြင်လိုက်ပါတယ်။ သူကလီဖူချန်းကို တားလိုက်ပါတယ်။
" လီဖူချန်း ခဏစောင့်ပါဦး"
လီဖူချန်းက မေးလိုက်ပါတယ်။
" ဘာကိစ္စရှိလို့လဲ"
ယုဝူရှန်းက သူတားရခြင်းကို ရှင်းပြလိုက်တယ်။
" ငါက ယုဝူရှန်းပါ။ မင်းင့ါနာမည်ကို ကြားဖူးမယ်လို့ ငါထင်တယ်။ မင်းငါ့ရဲ့ အဖွဲ့ထဲကို ဝင်ဖို့ စိတ်ဝင်စားလား ဆိုတာသိချင်လို့ပါ။ ဘာမှစိတ်မပူပါနဲ့။ ငါမင်းဆီက ဘာမှမတောင်းပါဘူး။ ငါကမင်းကို လေးစားလို့ အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်တာပါ”
လီဖူချန်းက လက်မခံပဲ ငြင်းလိုက်ပါတယ်။
" ငါက သူများပြောသလို သာမန်အရိုး တည်ဆောက်ပုံနဲ့ လူတစ်ယောက်ပါပဲ။ မင်းအတွက် ငါကဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး"
ယုဝူရှန်းက ရယ်လိုက်ပြီး
" အရိုးတည်ဆောက်ပုံနဲ့ အလားအလာက အရေးကြီးပါတယ်။ ဒါပေမဲ့ ငါကတော့ လက်ရှိစွမ်းရည်ကိုပဲ ကြည့်တယ်။ မင်းလိုမျိုး ပြိုင်ဘက်ကင်းတွေထဲက တစ်ယောက်ကိုတောင် အေးဆေး အနိုင်ယူနိုင်တဲ့ လူတစ်ယောက်က ဘာမှ အဖိုးမတန်ဘူး ဆိုတာကို ငါလက်မခံဘူး။
မင်းကလည်း မင်းတန်ဖိုးနဲ့ လူတစ်ယောက်ပဲ”
လီဖူချန်းကတော့ ခေါင်းခါနေဆဲပါပဲ။
" မင်းအခုလို ငါ့ကို တကယ် တန်ဖိုးထားပြီး ဖိတ်ခေါ်တဲ့အတွက်
ငါတကယ် အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ငါက ဘယ်သူ့ နောက်လိုက်မှ မလုပ်ချင်ဘူး"
ယုဝူရှန်းဘေးနားမှာရပ်နေတဲ့ ဝူကျင်မိနိကလည်း ဝင်ပြီးဖြောင်းဖျပါတယ်။
" လီဖူချန်း အစ်ကိုယုဝူက ကြယ်ငါးပွင့်အရိုး တည်ဆောက်ပုံနဲ့ဆိုတာ မင်းသိထားသင့်တယ်။
ဂိုဏ်းတော်က သူဝယ်တဲ့ အရာတိုင်းက ၃၀ရာခိုင်နှုန်းပဲ ပေးရတာနော်။ မင်းသာသူ့ရဲ့ အဖွဲ့ထဲကို ဝင်လိုက်ရင် အနာဂတ်မှာပိုပြီး ကောင်းလာမှာ အမှန်ပဲ။ မိုးပြာရောင်ဂိုဏ်းမှာ အဆင့်အတန်းက အရာရာပါပဲ။ အပြင်စည်းဂိုဏ်းမှာ တတိယအဆင့်တပည့်။
ဒုတိယအဆင့် တပည့်။
ပထမအဆင့် တပည့်ဆိုပြီး သုံးမျိုး ခွဲထားပါတယ်။ အဲအထက်မှာတော့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ရှိပါတယ်။ ပြိုင်ဘက်ကင်း ပါရမီရှင်တွေက ပထအဆင့် တပည့်တွေထဲမှာ ပါပေမဲ့
သူတို့က သူတို့ လိုချင်တဲ့ ဟာတွေကို ၅၀ရာခိုင်နှုန်းပဲ ပေးရပါတယ်။
ယုဝူရှန်းကတော့ ပြိုင်ဘက်ကင်း တွေထဲက နံပါတ်၁ ဖြစ်တဲ့အပြင် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ရှိတာ ဖြစ်တဲ့အတွက် ၃၀ရာခိုင်နှုန်းပဲ ပေးရပါတယ်။
လီဖူချန်းက ဒါကို သိသွားပြီးနောက်မှာ ယုဝူရှန်းကို မနာလိုတောင် ဖြစ်မိပါတယ်။
ဒါပေမဲ့သူက ဘယ်သူ့ရဲ့ နောက်လိုက်မှ မဖြစ်ချင်တဲ့ အတွက် ယုဝူရှန်းကို ငြင်းလိုက်ပါတယ်။
အဝေးကို ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ နောက်ကျောကို ကြည့်ရင်း ဝူကျင်မိန်က မှတ်ချက် ချလိုက်ပါတယ်။
" ဒီကောင်က တကယ် မာနကြီးတဲ့ ကောင်ပဲ"
ယုဝူရှန်းကတော့ စိတ်ထဲမရှိပါဘူး။
" ဒါကဘာမှ အရေးမကြီးပါဘူး။ ငါက ဒီအတိုင်း သူ့အကြောင်း သိချင်လို့ စမ်းကြည့်ရုံပါပဲ"
သူ့လိုအပြင်စည်း ဂိုဏ်းရဲ့ ဘုရင်တစ်ပါး အနေနဲ့ လီဖူချန်က သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်တဲ့ သူငယ် နှပ်စားလေးပါပဲ။ ဟိုးအဝေး တစ်နေရာကနေ လူရိပ်တစ်ရိပ်က ဝူကျင်မိန်ဆီကို ဦးတည်ပြီးပြေးလာနေပါတယ်။
" ညီမလေးဝူ ... ညီမရဲ့ နှလုံးသားကို အခုပြင်လိုက်မယ် ဆိုရင် အစ်ကိုက ညီမကို ခွင့်လွှတ် နိုင်ပါသေးတယ်"
ပြေးလာတဲ့ လူရိပ်က ရှန်ကောင်းဟောင် ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံက အလွန် ဝမ်းနည်း ကြေကွဲနေတဲ့ ပုံပါ။ ဝူကျင်မိန်က အေးစက်စက်နဲ့ ပြန်တုံ့ပြန် လိုက်ပါတယ်။
"အစ်ကိုရှန်ကောင်း ... ညီမက အစ်ကို့ကို တစ်ခါမှ မကြိုက်ခဲ့ဖူးဘူးနော်။ အခု ပြောနေတဲ့စကားက ဘယ်လို အဓိပ္ပာယ် ဖြစ်နေပြီလဲ"
" ညီမလေးဝူ ... အစ်ကို့ကို မလိမ်ပါနဲ့။ ညီမကသာ အစ်ကို့ကိုမကြိုက်ခဲ့ဘူးဆိုရင် အစတုန်းက ညီမက ဘာလို့အစ်ကိုနဲ့ အဲလောက်အထိ နီးနီးကပ်ကပ် နေခဲ့ရတာလဲ"
ရှန်ကောင်းဟောင်က ခေါင်းကို တွင်တွင်ခါအောင် ယမ်းနေပြီး ဝူကျင်မိန်ကို သွေးရူးသွေးတန်း ပြန်ပြောနေခဲ့တယ်။ သူ့ကို ကြည့်ရတာ လုံးဝ အသည်းကွဲနေသည့် ပုံပင်။ ဝူကျင်မိန်က
" ညီမက အစ်ကို့ကို မိတ်ဆွေ တစ်ယောက်လိုပဲ ဆက်ဆံခဲ့တာပါ။
ကျေးဇူးပြုပြီး အရမ်းကြီး အထင်မမှား လိုက်ပါနဲ့"
" ညီမဝူ ... မင်းက အသည်းနှလုံး မရှိတဲ့ မိန်းမတစ်ယောက်ပဲ။ မင်းငါ့ကို စွန့်ခွာသွားရတဲ့ အကြောင်းအရင်းက သူကငါ့ထက် ပိုသန်မာပြီး ငါ့ထက် ပိုတော်လို့ပဲ မဟုတ်လား"
ရှန်ကောင်းဟောင်က ယုဝူရှန်းကို လက်ညှိုးထိုးပြီး စွပ်စွဲ ပြောဆို လိုက်ပါတယ်။ ယုဝူရှန်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
" ရှန်ကောင်းဟောင် ... မင်းကိုမကြိုက်တဲ့ မိန်းကလေး တစ်ယောက်ကို စွပ်စွဲ ပြောဆိုနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အရာပဲနော်။ ညီမလေးဝူက မင်းကိုမကြိုက်ပါဘူးလို့ ပြောနေမှတော့
မင်းလက်လျော့ပြီး အခုထွက်သွားရင် ကောင်းမယ်"
" ယူဝူရှန်း … မင်းစောင့်ကြည့်နေလိုက်။ ငါမင်းကို တစ်နေ့ အနိုင်ယူပြမယ်"
ရှန်ကောင်းဟောင်က ကြိမ်းဝါးပြီး ဒေါသတွေနဲ့ လှည့်ပြန် သွားပါတယ်။ ယုဝူရှန်းကတော့ ခေါင်းခါလျက်
" ဒီလောကမှာ ယင်ကောင်လို တစ်ဝီဝီနဲ့ ဒုက္ခပေးတတ်တဲ့ ကောင်တွေက တယ်လည်း များလှပါလားကွာ"
***